အခန်း ၆၄ ရှောင်ယန် နောက်တစ်ကြိမ် အရိုက်ခံရပြန်ပြီ
"ဒီအစီအရင် က ခုလောလောဆယ်မှ လုပ်ထားတဲ့ပုံပဲ။"
လက်စွပ်အတွင်းရှိ ဆေးဆရာအိုကြီး၏ ဝိညာဉ်ပုံရိပ်မှာ မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အမြင်အာရုံမှာ ရှောင်ယန် ထက် များစွာ သာလွန်သည်မှာ သဘာဝပင်။
"ဒါဆိုရင် ဒါက..."
ရှောင်ယန် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် လှပသော ပုံရိပ်တစ်ခုမှာ ဂူဝမှ ဖြည်းညှင်းစွာ လမ်းလျှောက် ထွက်လာသည်။
ထိုပုံရိပ်မှာ ရင်းနှီးနေသလို သူ ခံစားလိုက်ရသည်။ တစ်နေရာရာတွင် တွေ့ဖူးသကဲ့သို့ပင်။ ရှောင်ယန် မျက်မှောင်ကြုတ်ကာ ခေါင်းငုံ့ပြီး သူ၏ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးလိုက်သည်။ နောက်ဆုံးတွင် သူ၏ ရှေ့မှ ပုံရိပ်မှာ မှတ်ဉာဏ်ထဲရှိ မျက်နှာတစ်ခုနှင့် တဖြည်းဖြည်း ထပ်တူကျသွားတော့သည်။
နောက်တစ်စက္ကန့်တွင် သူသည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူ၏ မျက်လုံးများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားကာ နာမည်တစ်ခုမှာ ချက်ချင်းပင် လွှတ်ခနဲ ထွက်လာတော့သည် "ရှောင်ယီရှန်း "
ဘုရားရေ... ဒါ တကယ့်ကို အံ့သြစရာပဲ
ဒါပေမဲ့ ရှောင်ယီရှန်းက ဘယ်လိုလုပ်ပြီး ဒီလိုပုံစံ ဖြစ်သွားရတာလဲ ရှောင်ယန်၏ မှတ်ဉာဏ်ထဲတွင် ရှောင်ယီရှန်းမှာ သာမန် ဆရာဝန်မလေးတစ်ဦးသာ ဖြစ်သည်။ သို့သော် သူမ၏ မျက်လုံးများတွင် အစဉ်အမြဲ တက်ကြွမှုများ ရှိနေတတ်ပြီး တစ်ကိုယ်လုံးတွင်လည်း နတ်သမီးဆန်သော ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ စင်ကြယ်သည့် အရှိန်အဝါများ ကိန်းအောင်းနေတတ်သည်။
ဒါပေမဲ့ အခုတော့ ရှောင်ယီရှန်း၏ တစ်ချိန်က တောက်ပလှပခဲ့သော မျက်လုံးများမှာ လေးလံသော သေခြင်းတရား အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ၎င်းတင်မကသေးဘဲ သူမ၏ ခန္ဓာကိုယ် တည်ဆောက်ပုံတစ်ခုလုံးမှာလည်း ကြီးမားသော ပြောင်းလဲမှုကြီး ဖြစ်ပေါ်နေခဲ့ပြီ။
ယခုအခိုက်အတန့်တွင် ရှောင်ယီရှန်းမှာ ရှောင်ယန်အား အလွန်အန္တရာယ်ရှိသော ခံစားချက်မျိုး ပေးနေသည်။ သူမ ပိုင်ဆိုင်ခဲ့ဖူးသော နတ်သမီးဆန်သည့် အရှိန်အဝါများမှာလည်း ဘယ်ဆီဘယ်ဝယ် ရောက်ကုန်သည်မသိတော့ချေ။
တစ်ဖက်ရှိ ရှောင်ယီရှန်းမှာမူ ဂူအပြင်သို့ လှမ်းထွက်လိုက်သည်နှင့် တစ်စုံတစ်ယောက်က သူမ၏ နာမည်ကို ခေါ်လိုက်သံအား ကြားလိုက်ရသည်။ သူမသည် မသိစိတ်ဖြင့် မော့ကြည့်လိုက်ရာ ဝတ်ရုံနက်ကို ဝတ်ဆင်ထားသော ရှောင်ယန်က သူမ၏ လမ်းကို ပိတ်ထားသည်ကို တွေ့လိုက်ရသည်။
ဤလူမှာ ယခင်က သူမနောက်သို့ တကောက်ကောက် လိုက်ခဲ့ဖူးသူ ဖြစ်ကြောင်း မှတ်မိသွားသဖြင့် ရှောင်ယီရှန်းသည် ရှောင်ယန်အပေါ် မည်သည့် ကြင်နာမှုမျှ မပြဘဲ သူမ၏ မျက်လုံးများထဲ၌ စက်ဆုပ်ရွံရှာမှုများသာ ပြည့်နှက်နေတော့သည်။
"လမ်းဖယ်စမ်း ခွေးကောင်းဆိုတာ လမ်းမပိတ်ဘူး"
ရှောင်ယီရှန်းသည် ဤယုတ်ညံ့သောသူကို သူမ၏ မျက်လုံးများ အညစ်အကြေး မစွန်းထရုံတမယ်သာ တစ်ချက် ကြည့်လိုက်သည်။
"ဘာလဲဟ"
ရှောင်ယန်မှာ သူတို့နှစ်ဦး ယခင်က အကြိမ်အနည်းငယ် ဆုံဖူးသဖြင့် နှုတ်ဆက်သင့်သလားဟု စဉ်းစားနေခြင်းဖြစ်သည်။ သို့သော် ရှောင်ယီရှန်းက အစကတည်းက ဤမျှ ကြမ်းတမ်းစွာ ဆက်ဆံလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ဖယ်ခိုင်းသည့်အပြင် သူ့ကိုယ်သူလည်း ခွေးဟု ခေါ်နေသေးသည်။
ရှောင်ယန်မှာ လင်းယွမ် ၏ ဆဲဆိုခြင်းကို ခံထားရသဖြင့် စိတ်အခြေအနေ မကောင်းလှပေ။ ယခုအခါ ရှောင်ယီရှန်းကပါ ဤကဲ့သို့ ဆဲဆိုလိုက်သဖြင့် သူ၏ ဒေါသမီးမှာ ပိုမို ဟုန်းခနဲ တောက်လောင်လာတော့သည်။
"လမ်းပိတ်ထားတော့ ဘာဖြစ်လဲ"
ရှောင်ယန်က ခေါင်းကို မြင့်မြင့်မော့လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည် ဘယ်သူက ခွေးကောင်း လုပ်ချင်လို့လဲ ခွေးဆိုးတစ်ကောင် ဖြစ်တာက ပိုမကောင်းဘူးလား။
လင်းယွမ်က အစွမ်းထက်လွန်းလို့ ငါ့ကို နှိပ်စက်တာ ထားလိုက်ပါတော့။ ငါက ယောကျ်ားကြီး တစ်ယောက်ပဲ မင်းလို မိန်းကလေးတစ်ယောက်ကို ငါက ကြောက်ရမှာလား ထိုသို့ ပြောပြီးနောက် ရှောင်ယန်သည် သူ၏ ခန္ဓာကိုယ်ကို တမင် ရွှေ့လိုက်ပြီး ရှောင်ယီရှန်း၏ လမ်းကို လုံးဝ ပိတ်ဆို့လိုက်ကာ ရန်စသော အမူအရာဖြင့် ကြည့်နေတော့သည်။
"ရွံစရာကောင်းတဲ့ ခွေး"
ဤသည်ကို မြင်သောအခါ ရှောင်ယီရှန်း၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာသည်။ နောက်တစ်စက္ကန့်တွင် သူမသည် ဘာမှမပြောဘဲ လက်ကို မြှောက်ကာ ရှောင်ယန်၏ ပါးကို ဖြတ်ခနဲ ရိုက်ချလိုက်တော့သည်။
"ဟက်..."
ရှောင်ယီရှန်း စတင် တိုက်ခိုက်သည်ကို မြင်သောအခါ ရှောင်ယန်က အထင်သေးသော အမူအရာဖြင့် ရှောင်ရန်ပင် မစဉ်းစားခဲ့ပေ။ နောက်ပြောင်နေတာလား ရှောင်ယီရှန်းက သာမန်လူတစ်ယောက်ဆိုတာ သူ သိသည်။ ငါက ဘယ်လောက်ပဲ ညံ့နေပါစေ ကျင့်ကြံသူတစ်ယောက်ပဲ။ သာမန်လူတစ်ယောက်က ငါ့ကို ရိုက်တာ ခံရမလား။
လက်ဝါးက ပိုမို နီးကပ်လာသည်နှင့်အမျှ ရှောင်ယန်သည် သူ၏လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ သူ၏ စိတ်ထဲတွင် ရှောင်ယီရှန်း၏ လက်ဝါးက ပါးကို ထိတော့မည့် အချိန်ကျမှ လျှပ်စစ်ကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆီးရန် ကြံရွယ်ထားသည်။
ဤနည်းဖြင့် မိမိ၏ လူကြီးလူကောင်းဆန်မှုကို ပြသနိုင်ရုံသာမက အနည်းငယ်လည်း ကြွားဝါနိုင်မည် မဟုတ်ပါလား။ ရှောင်ယန်သည် ရှောင်ယီရှန်းကို ဖမ်းဆီးပြီးနောက် မိမိ၏ ပုံရိပ်ကို မြှင့်တင်ရန်အတွက် မည်သို့ ပြောဆိုရမည်ကိုပင် ကြိုတင် စဉ်းစားထားပြီးဖြစ်သည်။ သို့သော် လက်တွေ့က စိတ်ကူးနှင့် များစွာ ကွာခြားလှသည်။ အခြေအနေများမှာ ရှောင်ယန် မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။
ဖြန်း
ကြည်လင်ပြတ်သားသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ နောက်တစ်စက္ကန့်တွင် ရှောင်ယန်၏ ဘယ်ဘက် ပါးပြင်ပေါ်၌ ထင်ရှားသော လက်ဝါးရာ ငါးခု ထင်ကျန်ရစ်ခဲ့သည်။ ယခင်က လင်းယွမ် ရိုက်ထားသော လက်ဝါးရာနှင့် ပေါင်းလိုက်လျှင် ရှောင်ယန်၏ မျက်နှာ တစ်ဖက်တစ်ချက်တွင် လက်ဝါးရာ ဆယ်ခု ရှိနေပြီဖြစ်သဖြင့် သူ၏ပုံစံမှာ အလွန်ပင် ဟာသဖြစ်နေတော့သည်။
ခဏမျှ ရှောင်ယန်မှာ လုံးဝ ဆွံ့အသွားသည်။ အဲဒီအသံက ဘယ်က ထွက်လာတာလဲ ပြီးတော့ ရှောင်ယီရှန်းရဲ့ လက်ကောက်ဝတ်ကရော ငါ ဘာလို့ ဖမ်းမမိတာလဲ နေဦး... တစ်ခုခုတော့ မှားနေပြီ ငါ့မျက်နှာက ဘာလို့ ဒီလောက် ပူထူပြီး နာနေတာလဲ
ရှောင်ယန်သည် သူ၏မျက်နှာမှ ပူလောင်သော နာကျင်မှုကြောင့် အခြေအနေကို သဘောပေါက်သွားတော့သည်။ သူသည် မိန်းကလေးတစ်ယောက်၏ ပါးရိုက်ခြင်းကို ခံလိုက်ရခြင်းပင်။
"မင်းကို နောက်ဆုံး အခွင့်အရေး တစ်ခါပဲ ပေးမယ် ဖယ်စမ်း"
ပါးကို ဖြတ်ရိုက်ပြီးနောက် ရှောင်ယီရှန်းမှာ မျက်တောင်တစ်ချက်ပင် မခတ်ချေ။ သူမသည် ထိုပါးရိုက်လိုက်ခြင်းကြောင့် သူမ၏ လက်များ ညစ်ပတ်သွားသကဲ့သို့ လက်ကိုပင် ခါထုတ်လိုက်သေးသည်။
"အား အား အား"
ရှောင်ယန်မှာ ရူးမတတ် ဖြစ်သွားရသည်။ တစ်ရက်တည်းမှာပင် ပါးနှစ်ကြိမ် ရိုက်ခံရခြင်းက သူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။
"ဒီမိန်းမယုတ်... မင်းကို ငါ သတ်ပစ်မယ်"
ဤအခိုက်အတန့်တွင် ရှောင်ယန်မှာ ခွေးရူးပြန်နေသကဲ့သို့ ဖြစ်နေပြီး သူ၏သိုင်းပညာ အားလုံးကို လက်ဖဝါးတွင် စုစည်းကာ အကျယ်ကြီး အော်ဟစ်လိုက်သည် "ရှစ်မျက်နှာ အစွန်းရောက် ပေါက်ကွဲခြင်း "
သူ၏ ပထမဆုံး လှုပ်ရှားမှုမှာပင် အသက်အန္တရာယ် ပေးနိုင်သော တိုက်ကွက် ဖြစ်နေသည်။ သူ၏ မျက်နှာမှာလည်း ဒေါသကြောင့် ရှုံ့မဲ့နေပြီး ရှောင်ယီရှန်းမှာ သူ၏ ဖခင်ကို သတ်သွားသော ရန်သူကဲ့သို့ပင်။
"တကယ့် ခွေးရူးပဲ"
အကယ်၍ ယခင်ကသာ ဖြစ်ခဲ့ပါက ရှောင်ယီရှန်းအနေဖြင့် ဤမျှ ပြင်းထန်သော တိုက်ကွက်မျိုးကို ရင်ဆိုင်ရန် လုံးဝ အခွင့်အရေး မရှိပေ။ သို့သော် ယခုအခါ အဆိပ်လုံးကို ပေါင်းစည်းပြီးနောက်တွင် သူမသည် တိုက်ပွဲဝင်ဆရာကြီး အဆင့်ရှိ အစွမ်းထက်သူတစ်ဦး ဖြစ်နေပြီဖြစ်သည်။
ရှောင်ယန်၏ ပြင်းထန်လှသည်ဟု ထင်ရသော တိုက်ခိုက်မှုများမှာ သူမအတွက်မူ ကလေးကစားစရာကဲ့သို့ ရယ်စရာ ကောင်းနေတော့သည်။
တိုက်ကွက်က သူမ၏ မျက်နှာသို့ ရောက်တော့မည့် အချိန်တွင် ရှောင်ယီရှန်းက လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူမ၏ လက်ဖဝါးဖြင့် ရိုက်ထုတ်လိုက်သည်။
ဘုန်း
လေးလံသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ရှောင်ယန်၏ ခန္ဓာကိုယ်မှာ အမြောက်ဆန်တစ်ခုကဲ့သို့ အဝေးသို့ လွင့်စင်သွားတော့သည်။
ဖွတ်
ရှောင်ယန် လွင့်ထွက်သွားသည့် ခဏတွင် သူ၏ လည်ချောင်းထဲ၌ ချိုအီသော အရသာတစ်ခုကို ခံစားလိုက်ရပြီး သွေးတစ်လုပ်ကို မအောင့်နိုင်ဘဲ အန်ထုတ်လိုက်ရသည်။ ၎င်းတွင် အမည်းရောင် အစက်အပြောက်များလည်း ပါဝင်နေသည်။
"ဒီဝဲစားခွေး... မင်းကတော့ အရိုက်ခံရဖို့ ထိုက်တန်တယ်"
လက်ဝါးတစ်ချက်ဖြင့် ရှောင်ယန်ကို လွင့်ထွက်အောင် လုပ်ပြီးနောက် ရှောင်ယီရှန်းက ရွံရှာစွာ ဆဲဆိုလိုက်သည်။ ထို့နောက် သူမသည် လှည့်ထွက်ကာ အဝေးသို့ လမ်းလျှောက်သွားတော့သည်။
ဂျွတ်
ရှောင်ယန်၏ ခန္ဓာကိုယ်မှာ သစ်ပင်ကြီးတစ်ပင်၏ သစ်ကိုင်းနှင့် တိုက်မိပြီး သစ်ကိုင်းအချို့ကို ဆက်တိုက် ချိုးဖျက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ဤအချိန်တွင် ရှောင်ယန်၏ မျက်နှာမှာ နာကျင်မှုများအပြင် အရှက်ရမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ သူသည် မတ်တတ်ရပ်ရန် ကြိုးစားသော်လည်း ရုတ်တရက် သူ၏ ခြေထောက်များမှာ အားမရှိတော့ဘဲ မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြန်လဲကျသွားတော့သည်။
"ဘာဖြစ်တာလဲ"
သူသည် မသိလိုက်ဘဲ သူ၏ ခြေထောက်များမှာ အာရုံခံစားမှု လုံးဝ မရှိတော့သည်ကို ထိတ်လန့်စွာ တွေ့ရှိလိုက်ရသည်။
"အို... ကလေးလေး မလှုပ်နဲ့တော့ မင်း အဆိပ်မိနေပြီ။"
ထိုအချိန်မှာပင် ဆေးဆရာအိုကြီး၏ မတတ်သာသော သက်ပြင်းချသံမှာ ရှောင်ယန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
"ဆရာ... ကျွန်တော် ဘာလို့ မိန်းကလေးတစ်ယောက်ကိုတောင် မနိုင်ရတာလဲ ပြီးတော့ ကျွန်တော်က ဘာလို့ အဆိပ်မိရတာလဲ"
ယခုအချိန်တွင် ရှောင်ယန်၏ စိတ်ပိုင်းဆိုင်ရာ ခုခံမှုမှာ ပြိုလဲတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီး သူ၏ အသံတွင်လည်း ငိုသံစွက်နေပြီဖြစ်သည်။
"ကလေးလေး... မင်း ခုနက တွေ့ခဲ့တဲ့ မိန်းကလေးက ဒဏ္ဍာရီလာ ဘေးဒုက္ခ အဆိပ်ခန္ဓာကိုယ် ပိုင်ရှင်ပဲ"
ထို့နောက်တွင် ဆေးဆရာအိုကြီးသည် ဘေးဒုက္ခ အဆိပ်ခန္ဓာကိုယ် ဆိုသည်မှာ အဘယ်နည်းဟူသည်ကို ရှောင်ယန်အား စတင် ရှင်းပြတော့သည်။ စကားမစပ်... သူသည် ရှောင်ယန်အား အားပေးစကား အချို့ကိုလည်း ထပ်မံ ပြောကြားပေးလိုက်သေးသည်။
…
နီရဲနေသော ဟင်းလင်းပြင်အတွင်း၌ ပြာလွင်သော စွမ်းအင်စက်လုံးတစ်ခုထဲတွင် ပုံရိပ်နှစ်ခုမှာ တစ်စုံတစ်ရာသော လှုပ်ရှားမှုကို ပြုလုပ်နေကြသည်။
တစ်နာရီခန့် ကြာပြီးနောက်တွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပုံရသည်။ နောက်တစ်စက္ကန့်တွင် အပေါ်မှ ပုံရိပ်မှာ အကြိမ်အနည်းငယ် တုန်ခါသွားပြီးနောက် ရုတ်တရက် ငြိမ်သက်သွားတော့သည်။