အခန်း ၆ ထူးဆန်းသောမီးလျှံကို ဝါးမြိုခြင်း စတင်ပြီ
"တကယ်လား အဲဒါ တကယ့်ကို ဝမ်းသာစရာပဲ" ဘုရင်မ မဒူဆာသည် စိတ်လှုပ်ရှားစွာဖြင့် အာမေဍိတ်သံ ထွက်ပေါ်လာသည်။
သူမ ဤမျှ စိတ်လှုပ်ရှားနေသည်မှာလည်း မဆန်းပေ။ တိုက်ပွဲဝင်ဘိုးဘေးအဆင့်သို့ တက်လှမ်းရန်မှာ သူမ၏ နှစ်ပေါင်းများစွာကတည်းက ရည်မှန်းချက် ဖြစ်ခဲ့သည်။
သို့သော် ကံကြမ္မာ၏ မျက်နှာသာမပေးမှုနှင့် မြွေလူသားမျိုးနွယ်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံ အားနည်းချက်များကြောင့် ဤအဆင့်သို့ တက်လှမ်းရန်မှာ သူမအတွက် အလွန်ခက်ခဲလွန်းလှသည်။
အကယ်၍ သူမတွင် အခြားရွေးချယ်စရာသာ ရှိခဲ့ပါက အပြာရောင်ကြာပန်း ကမ္ဘာမြေအမြုတေမီးလျှံကို အသုံးပြုရန် စိတ်ကူးမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သတိမထားမိပါက ခန္ဓာကိုယ်ပါ ပြာကျသွားနိုင်သည့် အန္တရာယ်ရှိသောကြောင့် ဖြစ်သည်။ သို့သော် မည်သူကများ ထိုအန္တရာယ်ကို လိုလားပါမည်နည်း။
"ဟဲဟဲ... ဒီမိန်းမကတော့"
ကလေးတစ်ယောက်လို ပျော်ရွှင်နေသော မဒူဆာကို ကြည့်ပြီး လင်းယွမ် ရယ်မောလိုက်သည်။
အခြေအနေအရသာ အတင်းအကျပ် မလုပ်ဆောင်ခဲ့ပါက မည်သည့်အမျိုးသမီးကများ အမြဲတမ်း သန်မာချင်ပါမည်နည်း။ အကယ်၍ မဒူဆာတွင်သာ အားကိုးရမည့် ယောကျ်ားတစ်ယောက် ရှိခဲ့ပါက သူမ၏ စရိုက်မှာ မူရင်းဇာတ်လမ်းထဲကကဲ့သို့ အေးစက်ခက်ထန်နေမည် မဟုတ်ပေ။
"အခုဆိုရင်တော့ အပြာရောင်ကြာပန်း ကမ္ဘာမြေအမြုတေမီးလျှံ က ငါ့အပိုင် ဖြစ်သွားပြီပေါ့ ဟုတ်လား"
လင်းယွမ်သည် ပြုံးလိုက်ပြီး မဒူဆာ၏ ဆံနွယ်များကို လက်ဖြင့် အသာအယာ ထိတွေ့လိုက်သည်။
"မုန်းလိုက်တာ"
သူမရှေ့တွင်ရှိသော အမျိုးသားအပေါ် ခုခံလိုစိတ် မရှိတော့သော်လည်း လင်းယွမ်၏ အပြုအမူကြောင့် မဒူဆာ ရှက်သွေးဖြာကာ နီမြန်းသွားရသည်။ သူမသည် ခေါင်းငုံ့လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည် "ဟွန်း... ငါက သဘောမတူဘူးဆိုရင်တောင် နင်က လက်လျှော့မှာမှ မဟုတ်တာ။"
မဒူဆာက အသံကို တမင်နှိမ့်ထားသော်လည်း လင်းယွမ်ကမူ ရှင်းလင်းစွာ ကြားလိုက်ရသည်။ လင်းယွမ်သည်လည်း အနည်းငယ် ရှက်သွားမိသည်။ မဒူဆာ ပြောသည်မှာ မှန်ပါသည်။ သူသည် အပြာရောင်ကြာပန်း ကမ္ဘာမြေအမြုတေမီးလျှံ ကို လုံးဝ လက်လွှတ်၍ မရပေ။
ဤမီးလျှံကို ဝါးမြိုမှသာ မီးလောင်မြိုက်ခြင်းကျင့်စဥ်သည် ဆင့်ကဲပြောင်းလဲနိုင်မည် ဖြစ်ပြီး သူ၏ အင်အားမှာလည်း ပိုမို တိုးတက်လာမည် ဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ ဤမီးလျှံသည် ဇာတ်လမ်းတစ်ခုလုံး၏ အဓိကသော့ချက် ဖြစ်နေခြင်းပင်။ အကယ်၍ ရှောင်ယန်သာ ၎င်းကို ရရှိသွားပါက အနာဂတ်ဇာတ်လမ်းမှာ မူရင်းအတိုင်း ဆက်သွားနေမည် ဖြစ်ပြီး ထိုသို့ဖြစ်လာပါက သူ၏ ကံကြမ္မာမှာ သေသည်ထက်ပင် ဆိုးဝါးပေလိမ့်မည်။
ယခုအခါ မဒူဆာမှာ အတားအဆီး မဟုတ်တော့သဖြင့် လင်းယွမ်သည် စိတ်အေးလက်အေးဖြင့် မီးလျှံကို ဝါးမြိုရန် ပြင်ဆင်နိုင်သည်။ သူသည် အပြာနုရောင် မီးတောက်ကို ကြည့်လိုက်ရာ အကြည့်များမှာ စိတ်အားထက်သန်မှုတို့ဖြင့် တောက်ပလာသည်။
"ငါ့ကို စောင့်ရှောက်ပေးပါ" ဟု လင်းယွမ်က ဆိုသည်။
"ကောင်းပြီ"
မဒူဆာသည် တွန့်ဆုတ်မနေဘဲ ထိုနေရာမှ အနည်းငယ် ခွာလိုက်ကာ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေတော့သည်။ ယခုအခါ သူမသည် မာနကြီးသော ဘုရင်မကြီးအသွင်သို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်သည်။
ထူးဆန်းသောမီးလျှံမှာ ကမ္ဘာပေါ်တွင် လူအများ လုယူလိုကြသည့် ရတနာတစ်ခု ဖြစ်သော်လည်း မြွေလူသားများအတွက်မူ အသုံးမဝင်ပေ။
အကယ်၍ မဒူဆာအနေဖြင့် ဆင့်ကဲပြောင်းလဲရန် ဤစွမ်းအားကို မလိုအပ်ပါက သူမ လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။
လင်းယွမ်နှင့် တွေ့ဆုံချိန်မှာ တိုတောင်းပြီး ဤအမျိုးသားမှာ အနည်းငယ် အရှက်မရှိသော်လည်း မဒူဆာသည် သူ့ကို အပြည့်အဝ ယုံကြည်မိနေသည်။ လင်းယွမ်က ဆေးလုံးဖော်စပ်ပေးမည်ဟု ပြောလျှင် သူ တကယ် လုပ်ပေးနိုင်လိမ့်မည်ဟု သူမ ယုံကြည်သည်။
ထိုယုံကြည်မှု ဘယ်က ရောက်လာမှန်း သူမကိုယ်တိုင်ပင် မသိသော်လည်း သူမ သူ့ကို ယုံကြည်သည်။ ထို့ကြောင့်ပင် မဒူဆာသည် လင်းယွမ်အတွက် အစောင့်အရှောက်အဖြစ် တာဝန်ယူလိုက်ခြင်း ဖြစ်သည်။
"ဟူး"
အားလုံး အဆင်သင့်ဖြစ်ပြီဆိုသည်နှင့် လင်းယွမ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မီးလျှံနှင့် မလှမ်းမကမ်းသို့ ပျံသန်းသွားသည်။ ထို့နောက် သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး မီးလျှံဆီသို့ ဦးတည်ကာ ပြင်းထန်သော စုပ်ယူမှုစွမ်းအားကို ထုတ်လွှတ်လိုက်သည်။
လင်းယွမ်၏ လှုပ်ရှားမှုနှင့်အတူ အပြာရောင်မီးတောက်လေးမှာ ရုတ်တရက် ထကြွလာသည်။ ခဏချင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးအားများမှာ နိုးထလာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ လင်းယွမ်၏ အကြည့်မှာ ကြီးထွားလာသော မီးတောက်ပေါ်တွင် တည်ရှိနေပြီး အမူအရာမှာလည်း တဖြည်းဖြည်း တည်ကြည်လာသည်။
အပြာရောင်ကြာပန်း ကမ္ဘာမြေအမြုတေမီးလျှံ မှာ ပင်လယ်နှလုံးသားမီးလျှံနှင့် မတူပေ။ နောက်ဆုံးတစ်ခုမှာ မူလကတည်းက ဟန်ဖုန်း၏ ခန္ဓာကိုယ်ထဲတွင် ရှိနေပြီးသား ဖြစ်သည်။ ထို့ကြောင့် ၎င်းကို ဟန်ဖုန်းက နှိမ်နင်းပြီးသားဟု ဆိုနိုင်သည်။
ယခင်က ဟန်ဖုန်း၏ ကျင့်စဉ်မှာ မပြည့်စုံသဖြင့်သာ ပေါင်းစပ်နိုင်ခြင်း မရှိခဲ့ခြင်း ဖြစ်သည်။ ယခုမူ လင်းယွမ်က ကျင့်စဉ်အပြည့်အစုံကို ရရှိထားသဖြင့် ပင်လယ်နှလုံးသားမီးလျှံ ၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်သည်။
သို့သော် ယခု အပြာရောင်ကြာပန်း ကမ္ဘာမြေအမြုတေမီးလျှံ မှာမူ ပိုင်ရှင်မဲ့ ဖြစ်နေသဖြင့် သတိမထားပါက ၎င်း၏ ဖျက်ဆီးအားက ပြန်လည် တိုက်ခိုက်နိုင်သည်။ ထို့ကြောင့် လင်းယွမ် အစွမ်းကုန် သတိထားနေရသည်။
အချိန်အတန်ကြာ လွန်မြောက်သွားသောအခါ မီးလျှံ၏ ကြောက်မက်ဖွယ် အပူချိန်ကြောင့် ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ပြာကျ ပျောက်ကွယ်ကုန်သည်။ လင်းယွမ်သည် မီးလျှံ၏ အလယ်ဗဟိုရှိ မီးမျိုးစေ့ကို လှမ်း၍ ဖမ်းယူလိုက်သည်။ သူ၏ လက်ရှိခွန်အားမှာ ကြယ်ကိုးပွင့် တိုက်ပွဲဝင်ဘုရင်အဆင့်တွင် ရှိသဖြင့် သွေးကြာပန်းဆေးလုံး၏ အကာအကွယ်ကိုပင် မလိုအပ်တော့ပေ။ သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့်ပင် ဤအပူချိန်ကို အောင့်အီးခံနိုင်ရည် ရှိသည်။
မီးမျိုးစေ့ကို ဖယ်ရှားလိုက်သည်နှင့် အပြာရောင်မီးလျှံ၏ အပူချိန်မှာ တဖြည်းဖြည်း လျော့နည်းလာသည်။ ခဏအကြာတွင် ၎င်းသည် စွမ်းအင်စီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး အောက်ဘက်ရှိ အပြာရောင်ကြာပန်းပလ္လင် ထဲသို့ စီးဝင်သွားသည်။
ဒါကို ငါဘယ်လိုမေ့သွားရတာလဲ မူရင်းဇာတ်လမ်းတွင် မဒူဆာသည် မီးလျှံကို ယူဆောင်သွားခဲ့သော်လည်း ဤအဖိုးတန် ကြာပန်းပလ္လင်ကိုမူ ချန်ထားခဲ့သည်။ ၎င်းအပေါ်တွင် ကျင့်ကြံပါက စွမ်းအင်စုပ်ယူမှုမှာ သာမန်ထက် ၃ ဆ၊ ၄ ဆ ပို၍ မြန်ဆန်သည်။ ထို့ကြောင့် လင်းယွမ်သည် တွန့်ဆုတ်မနေဘဲ ကြာပန်းပလ္လင်ပေါ်သို့ ခုန်တက်လိုက်သည်။
ထို့နောက် သူ၏ လက်ထဲမှ မီးမျိုးစေ့ကို စူးစိုက်ကြည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူသည် ပါးစပ်ကို ဟလိုက်ပြီး အပြာရောင်ကြာပန်း ကမ္ဘာမြေအမြုတေမီးလျှံ ၏ မျိုးစေ့ကို တစ်ကျိုက်တည်း မျိုချလိုက်လေသည်။
မီးမျိုးစေ့မှာ သူ၏ ပါးစပ်ထဲသို့ ရောက်သည်နှင့် အပြာရောင် မီးတောက်လေးများအဖြစ် ပြောင်းလဲသွားပြီး လင်းယွမ်၏ ကိုယ်တွင်း အစိတ်အပိုင်းများနှင့် အကြောများဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားတော့သည်။
ဤထူးဆန်းသောမီးလျှံ၏ စွမ်းအားမှာ မည်မျှ ကြောက်စရာကောင်းသနည်း ယခုအချိန်တွင် လင်းယွမ်၏ ကိုယ်တွင်းအင်္ဂါများနှင့် အဓိက အကြောအားလုံးမှာ အပြာရောင် မီးတောက်များ၏ လွှမ်းခြုံမှုကို ခံနေရသည်။ ထိုဖျက်ဆီးအားများမှာ သူ၏ ခန္ဓာကိုယ်ထဲတွင် သောင်းကျန်းနေတော့သည်။
"အား"
အလွန်အမင်း နာကျင်မှုကြောင့် လင်းယွမ်ထံမှ အော်ဟစ်သံ ထွက်ပေါ်လာပြီး နဖူးပေါ်တွင် ချွေးစက်များ ချက်ချင်း စို့လာသည်။ သူသည် အပြာရောင်ကြာပန်း ကမ္ဘာမြေအမြုတေမီးလျှံ ၏ ဖျက်ဆီးအားကို လျှော့တွက်ခဲ့မိသည်။
"နင် ဘာဖြစ်တာလဲ"
လင်းယွမ်၏ အော်သံကြောင့် မဒူဆာ၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ပေါ်လာသည်။ သူမသည် ဝေခွဲမနေဘဲ တိုက်ပွဲဝင်စွမ်းအင် တောင်ပံများကို ဖြန့်ကာ လင်းယွမ်ရှိရာသို့ ပျံသန်းသွားသည်။
"အနားမလာနဲ့"
လင်းယွမ် စကားဆုံးသည်နှင့် မဒူဆာသည် ပတ်ဝန်းကျင်မှ ကြောက်မက်ဖွယ် အပူရှိန်ကြောင့် နောက်သို့ အတော်ဝေးဝေးအထိ လွင့်ထွက်သွားရသည်။ သူမသည် လင်းယွမ်ကို အံ့သြတကြီး ကြည့်နေမိသည်။ ဤမီးလျှံက ဤမျှ စွမ်းအားကြီးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ဘေးပတ်ဝန်းကျင်မှ အပူရှိန်ကိုပင် သူမကဲ့သို့ ကိုးကြယ်ပွင့် တိုက်ပွဲဝင်ဘုရင် တစ်ဦးက မခံနိုင်လျှင်လင်းယွမ်မှာ မည်မျှအထိ နာကျင်နေရမည်နည်း
မေဒူဆာ၏ ရင်ထဲတွင် မွန်းကြပ်သွားရသည်။
သူမသည် လင်းယွမ်ကို စိုးရိမ်တကြီး ကြည့်နေသော်လည်း ဘာမှ ကူညီနိုင်စွမ်း မရှိပေ။
အခြားတစ်ဖက်တွင်မူ လင်းယွမ်၏ အကြောများမှာ မီးလျှံကြောင့် အကြီးအကျယ် ပျက်စီးနေပြီ ဖြစ်သည်။ သူသည် စိတ်ကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းထားရသည်။ ယခုအချိန်တွင် သူ စိတ်လှုပ်ရှား၍ မဖြစ်ပေ။ မဟုတ်ပါက သူသည် ဤကမ္ဘာကြီးကို တစ်ခါထပ်ပြီး နှုတ်ဆက်ရပေလိမ့်မည်။
နောက်တစ်စက္ကန့်တွင် လင်းယွမ်သည် ရေခဲဝိညာဉ်စိမ့်စမ်းရေကို သူ၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်သည်။ တုန်ရင်နေသော လက်များဖြင့် ၎င်းကို ပါးစပ်ထဲသို့ထည့်လိုက်သည်။
"ဟူး"
အေးစက်သော စိမ့်စမ်းရေများ စီးဝင်သွားသည်နှင့် လင်းယွမ်၏ လည်ချောင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းပိုင်းအထိ အေးမြသော ခံစားချက်ကို ရရှိလိုက်သည်။
ကြောက်မက်ဖွယ် အပူချိန်မှာ တဖြည်းဖြည်း လျော့ပါးသွားတော့သည်။ လင်းယွမ်သည် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်ပြီး မီးလောင်မြိုက်ခြင်းကျင့်စဥ်ကို အစွမ်းကုန် စတင် လည်ပတ်လိုက်တော့သည်။