အခန်း ၅၇ ရှောင်ယန်ကတော့ ခွေးရူးတစ်ကောင်လိုပါပဲ
"ဖူး"
ရှောင်ယန်၏ ပါးစပ်မှ ရုတ်တရက် ရဲရဲနီသော သွေးတစ်လုပ်သည် ရေပန်းတစ်ခုကဲ့သို့ အံ့ဩဖွယ်ကောင်းလောက်အောင် ပန်းထွက်လာသည်။
ထို့နောက် ရှောင်ယန်၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး ဖုန်မှုန့်များ ထသွားရသည်။ ယခုအချိန်တွင် ရှောင်ယန်သည် သူ၏ ခန္ဓာကိုယ်ရှိ အရိုးတိုင်းမှ နာကျင်မှုများ ဝေဒနာပေးနေသည်ကို ခံစားနေရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲတော့မည့်အလားပင်။
သူ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော်နေသော်လည်း လင်းယွမ်ကို ကြည့်နေသော အကြည့်များမှာမူ နာကျည်းမှုများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။
လက်ညှိုးတစ်ချောင်း
ဤလူသည် သူ့ကို လက်ညှိုးတစ်ချောင်းတည်းဖြင့် ခွေးသေတစ်ကောင်ဖြစ်အောင် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ရှောင်ယန်အတွက် ကြီးမားလှသော စော်ကားမှုဖြစ်ပြီး သူခံစားရသော နာကျည်းမှုမှာ သေရသည်ထက်ပင် ပို၍ ဆိုးရွားလှသည်။
သူသည် လူအတော့မဟုတ်ပေ လင်းယွမ်မှာ အလွန်အစွမ်းထက်မည်ကို ရှောင်ယန် အလိုအလျောက် သိရှိနေသည်။ သို့သော် သူ့ထက် အသက်သိပ်မကြီးလှသော ဤလူငယ်မှာ ထိုမျှအထိ သန်မာလိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ထားခဲ့ချေ။
လင်းယွမ်၏ မျက်နှာပေါ်မှ သူ့ကို အဖတ်ပင်မလုပ်သော အထင်သေးသည့်အကြည့်ကို မြင်လိုက်ရသောအခါ ရှောင်ယန်တစ်ယောက် ရူးမတတ် ခံစားလိုက်ရသည်။
ခဏအကြာတွင် လင်းယွမ်လှုပ်ရှားလိုက်သည်။ သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရှောင်ယန်ဆီသို့ တစ်လှမ်းချင်း ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။
နီးကပ်လာသောအခါ လင်းယွမ်သည် သူ့ကို အပေါ်စီးမှ ငုံ့ကြည့်လိုက်ပြီး နှုတ်ခမ်းထက်တွင် အထင်သေးသော အပြုံးတစ်ခု ထပ်မံပေါ်လာပြန်သည်။ ထို့နောက် သူ၏ ခြေဖျားဖြင့် ရှောင်ယန်၏ မေးစေ့ကို တွန်းတင်လိုက်ရာ ရှောင်ယန်၏ ခေါင်းမှာ သူ့ကို တည့်တည့်ရင်ဆိုင်လိုက်ရသလို ဖြစ်သွားသည်။
မျက်လုံးချင်း ဆုံလိုက်သည့်အခါ လင်းယွမ် သည် သူ့အပေါ်ထားရှိသော ရှောင်ယန်၏ မုန်းတီးမှုကို သိသိသာသာ ခံစားလိုက်ရသည်။
"ဟဲဟဲ... ကောင်လေး မင်း ငါ့ကို သိပ်မကျေနပ်ဖြစ်နေပုံပဲနော်" လင်းယွမ်က ခပ်တိုးတိုးရယ်လိုက်သည်။ သူ၏ အမူအရာမှာ အလွန်ပင် မောက်မာဝင့်ကြွားနေသည်။
လင်းယွမ်တစ်ယောက် ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်းကို ကြည့်ခဲ့စဉ်က ထိုအောက်တန်းစား ရှောင်ယန်ကို စိတ်ထဲတွင် အကြိမ်ကြိမ် ကျိန်ဆဲခဲ့ဖူးသည်။ ဤကောင်လေးသည် အသက်သုံးနှစ်အရွယ်ကတည်းက သန်းခေါင်ယံအချိန်တွင် မိန်းကလေးငယ်တစ်ဦး၏ ကုတင်ပေါ်သို့ ခိုးတက်ကာ သူမ၏ ခန္ဓာကိုယ်အနှံ့ကို လျှောက်ထိခဲ့သူဖြစ်သည်။
အကယ်၍ ကလေးက ငယ်ရွယ်နုနယ်ပြီး ဘာမှနားမလည်သော အခြေအနေမျိုးဆိုလျှင် ထားပါတော့။ သို့သော် မမေ့ပါနှင့် ဤအောက်တန်းစား၏ ခန္ဓာကိုယ်ထဲတွင် လူကြီးတစ်ယောက်၏ ဝိညာဉ်က ကိန်းအောင်းနေခြင်းဖြစ်သည်။ လူကြီးတစ်ယောက်က မိန်းကလေးငယ်တစ်ဦးကို ကာမနှောင့်ယှက်ခဲ့သည်လား။
တောက်... အကယ်၍ ဒါက ၂၁ ရာစုသာဆိုလျှင် ဤကဲ့သို့သော လူမျိုးကို ပစ်သတ်လိုက်လျှင်တောင် အပိုမဖြစ်ပေ။
နန်လန် ရန်ရန်ဘက်က ကြည့်ပြန်လျှင်လည်း သူမသည် စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရန် လာခဲ့ခြင်းမှာ သူမ မသိသောသူနှင့် လက်မထပ်လိုဘဲ သူမ၏ ကိုယ်ပိုင်ဘဝကို သူမ ကိုယ်တိုင် ဖန်တီးလို၍သာဖြစ်သည်။
နာလန် ရန်ရန် ဘာမှားခဲ့သလဲ အကယ်၍ မင်းသာ မင်းရဲ့ မိသားစုက တစ်ခါမှ မတွေ့ဖူးတဲ့လူနဲ့ လက်ထပ်ဖို့ အတင်းအကျပ် ခိုင်းစေမယ်ဆိုရင် မင်းကော သဘောတူပါ့မလား? လူတွေက သူတို့ရဲ့ ကံကြမ္မာကို တော်လှန်တာက မှားယွင်းတဲ့ လုပ်ရပ်လား။
ထို့အပြင် နန်လန် ရန်ရန်သည် သူတစ်ပါးကို အနိုင်ကျင့်ခဲ့ခြင်းလည်း မဟုတ်ဘဲ ရှောင်မိသားစုအတွက် လျော်ကြေးများကိုလည်း ပေးအပ်ခဲ့သည်။ ဤအရာက သူ့အတွက် စော်ကားမှုဟု ယူဆရမည်လား မင်းကိုယ်တိုင်က အသုံးမကျတာကို ဘာကြောင့် တခြားအမျိုးသမီးကို အပြစ်တင်နေရတာလဲ။
အကယ်၍ နန်လန် ရန်ရန်က မင်းကို တကယ်စော်ကားချင်တာ (သို့မဟုတ်) သူမရဲ့ အာဏာကို သုံးပြီး ခြိမ်းခြောက်ချင်တာဆိုလျှင် မင်းရဲ့ ရှောင်မိသားစုတစ်ခုလုံးကို အမြစ်ပြတ်အောင် သုတ်သင်လိုက်တာက ပိုမကောင်းဘူးလား။ ယွမ်လန်ဂိုဏ်း၏ ဝင်ရောက်စွက်ဖက်မှု မရှိဘဲနှင့်ပင် နန်လန်မိသားစု တစ်ခုတည်းနှင့်တင် ရှောင် မိသားစု၏ အခြေအနေမှန်ကို အလွယ်တကူ ဖော်ထုတ်နိုင်ပေသည်။
ထို့အပြင် မူလဇာတ်လမ်းထဲမှ အမျိုးသမီးဇာတ်ဆောင်အားလုံးမှာ အလွန်လှပကြသူများ ဖြစ်ကြသည်။ မင်းသာ သူမကို မကြိုက်ဘူးဆိုလျှင် ဘာကြောင့် သူမကို လိုက်ပြီး မျက်စိပစ်နေရတာလဲ သူက ပရောပရည်လုပ်သော်လည်း လက်မထပ်ခဲ့ပေ သူသည် အမှန်တကယ်ပင် အောက်တန်းစားတစ်ယောက်ဖြစ်သည်။
နောင်တွင် ယွမ်ယွမ်သည် သူ့အတွက်ကြောင့် ဝေးရာသို့ ထွက်ခွာသွားခဲ့ရပြီး မည်သည့်အခါမျှ လက်ထပ်ခြင်း မပြုတော့ပေ။ သို့သော် ရှောင်ယန်ကမူ သူမတို့၏ ဂိုဏ်းကို ဖျက်ဆီးခဲ့သည်။ ထို့အပြင် ယွမ်ယွမ်သည် ယွမ်လန်ဂိုဏ်းကို သူ အောင်နိုင်ခဲ့ခြင်း၏ အဓိကသော့ချက်လည်း ဖြစ်ခဲ့သည်။
အကယ်၍ သူမကသာ သူ့အပေါ် သံယောဇဉ်မရှိခဲ့လျှင် သူ ပထမဆုံးအကြိမ် လာရောက်ကြွားဝါစဉ်ကတည်းကပင် အရိုက်ခံရ၍ သေသွားလောက်ပြီဖြစ်ပြီး နောက်ပိုင်းဖြစ်ရပ်များလည်း ရှိလာမည်မဟုတ်ချေ။
သို့သော် ထိုအသုံးမကျသော ရှောင်ယန်က ဘာလုပ်ခဲ့သလဲ သူတို့၏ ဂိုဏ်းကို ဖျက်ဆီးပြီးနောက် သူသည် ယွမ်ယွမ်ကို လုံးဝ လျစ်လျူရှုခဲ့ပြီး သူမကို အမြန်ဆုံး မေ့ပစ်ခဲ့သည်။ နောက်ပိုင်း ကျုံးကျိုးတွင် သူမနှင့် မတော်တဆ ပြန်မဆုံခဲ့လျှင် ဤအောက်တန်းစားက ယွမ်ယွမ်ရှိနေခဲ့သည်ကိုပင် မှတ်မိလိမ့်မည် မဟုတ်ပေ။
အထက်ပါ အကြောင်းပြချက်အားလုံးကြောင့် လင်းယွမ်သည် ရှောင်ယန်ကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ရွံရှာမိခြင်းဖြစ်သည်။ အကယ်၍ လင်းယွမ်သာ သူ့ကို သတ်လိုက်လျှင် ဤတိုက်ကြီး၏ ဇာတ်လမ်းလမ်းကြောင်း ပျက်စီးသွားမည်ကို မစိုးရိမ်လျှင် သူ့ကို ရိုက်သတ်လိုက်ချင်နေပြီဖြစ်သည်။
ရှောင်ယန်မှာမူ လင်းယွမ်၏ အတွေးများကို မသိပေ၊ သူသိသည်မှာ ရှေ့မှလူက သူ့ကို စော်ကားခဲ့ပြီး သူက ကလဲ့စားချေလိုသည်ဟူသော အချက်သာဖြစ်သည်။
"ငါ မင်းကို သေချာပေါက် သတ်မယ် ငါ မင်းကို သေချာပေါက် သတ်မယ်"
ရှောင်ယန်သည် ဝိညာဉ်လွင့်ထွက်သွားသကဲ့သို့ ဖြစ်နေပြီး ဤစကားကိုသာ ထပ်ခါတလဲလဲ ပြောနေတော့သည်။ ယခုအချိန်တွင် ရှောင်ယန်၏ ဝတ်ရုံနက်မှာ ဖုန်မှုန့်များနှင့် ပေပွနေပြီး သူ၏ ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေသဖြင့် ကြက်အိမ်နှင့်ပင် တူနေတော့သည်။ သူ၏ ကြမ်းကြုတ်သော အမူအရာနှင့်ဆိုလျှင် သူသည် ခွေးအ ရူးတစ်ကောင်နှင့်ပင် တူနေတော့သည်။
"မင်းက ငါ့ကို သတ်ချင်တာလား မင်းမှာ ငါ့ကို ဆန့်ကျင်နိုင်တဲ့ အင်အားရှိတယ်လို့ ထင်နေတာလား"
လင်းယွမ်သည် ရှောင်ယန်ကို မျက်စောင်းဖြင့် အထင်သေးစွာ ကြည့်လိုက်ပြီး သူ့ကို တည့်တည့်ပင် မကြည့်ချေ။ နောက်တစ်စက္ကန့်တွင် လင်းယွမ်သည် သူ၏ ခြေထောက်ကို လှုပ်ရှားလိုက်ပြီး အင်အားအနည်းငယ် ထည့်လိုက်သည်။ ချက်ချင်းပင် ရှောင်ယန်၏ ခန္ဓာကိုယ်မှာ ဘောလုံးကြီးတစ်ခုကဲ့သို့ မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် လိမ့်သွားတော့သည်။
"အားးးးး"
ရှောင်ယန်သည် ဤကဲ့သို့ ဆက်ဆံခံရခြင်းကို ထပ်မံ သည်းမခံနိုင်တော့ပေ။ သူသည် စိတ်ထဲမှ ဆေးဆရာအိုကြီးကို အော်ဟစ်လိုက်သည် "ဆရာ... ကျွန်တော့်ကို ကူညီပါဦး သူ့ကို သေစေချင်တယ် သူ့ကို သေစေချင်တယ်"
သူသည် မိမိဘာသာ ကလဲ့စားမချေနိုင်သည်ကို သိသဖြင့် ဆေးဆရာအိုကြီး၏ အကူအညီကိုသာ တောင်းခံနိုင်တော့သည်။
"ဟူး"
မိမိ၏ တပည့်ကို ဤအခြေအနေတွင် မြင်လိုက်ရသဖြင့် ယောင်လောင်ရင်ထဲ၌ နာကျင်မှုကို ခံစားလိုက်ရသည်။ ဤကလေး၏ စိတ်ဓာတ်မှာ ထိုမျှအထိ နုနယ်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
လူကြီးလူကောင်းတစ်ယောက်၏ ကလဲ့စားချေမှုသည် ဆယ်နှစ်ကြာသော်လည်း မနောက်ကျသေးဟူသော အချက်ကို သူ နားမလည်ပါလား
သူနှင့် ပြိုင်ဘက်ကြားရှိ ကြီးမားလှသော ကွာခြားချက်ကို သိရှိထားပါလျက် သူ့ကို သတ်ရန်မှာ ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေသကဲ့သို့ လွယ်ကူနေပါလျက်နှင့်... ဤအခိုက်အတန့်တွင် သူ၏ သတ်ဖြတ်လိုစိတ်ကို မထိန်းချုပ်ဘဲ သည်းမခံနိုင်ဘဲ တစ်ဖက်လူကို ရန်စနေသေးသည်လား။
ဤလူသည် တကယ်ပင် အသက်မရှင်ချင်တော့တာလား အကယ်၍ ငါသာ ဤနေရာ၌ ရှိမနေလျှင် အခြေအနေတွေက ဆိုးရွားသွားပေလိမ့်မည်။ ယောင်လောင်တွင် ဤတပည့်တစ်ဦးတည်းသာ ရှိသဖြင့် သူသည် သေချာပေါက် ကာကွယ်ပေးမည်ဖြစ်သည်။
သို့သော် တစ်နေ့တွင် ငါသာ မရှိတော့လျှင်ကော ရှောင်ယန်၏ လက်ရှိပင်ကိုယ်စရိုက်နှင့်ဆိုလျှင် အစွမ်းထက်သူများ ပေါများလှသော တိုက်ပွဲဝင်စွမ်းအင်တိုက်ကြီးပေါ်တွင် သူ မည်သို့ အသက်ရှင်နိုင်ပါ့မည်နည်း။
"ဆရာ... သူ့ကို သတ်ဖို့ ကျွန်တော့်ကို ကူညီပါ မြန်မြန်... သူ့ကို သတ်ပေးပါ" ရှောင်ယန်က ထပ်မံ တိုက်တွန်းနေပြန်သည်။
"ကောင်လေး... စိတ်အေးအေးထားစမ်း"
မူလက ယောင်လောင်သည် ဆန်းကြယ်မီးတောက်ကို မြင်သည့်အခါမှ ရုတ်တရက် တိုက်ခိုက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် ယခုအချိန်တွင် ရှောင်ယန်၏ ထပ်ခါတလဲလဲ တိုက်တွန်းမှုအောက်တွင် သူ လှုပ်ရှားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
နောက်တစ်စက္ကန့်တွင် ယောင်လောင်၏ ဝိညာဉ်စွမ်းအားများသည် လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ရှောင်ယန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။ မကြာမီမှာပင် ရှောင်ယန်၏ ပူးပေါင်းမှုနှင့်အတူ ယောင်လောင်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို လျင်မြန်စွာ ထိန်းချုပ်လိုက်သည်။
ချက်ချင်းပင် "ရှောင်ယန်" ၏ အရှိန်အဝါမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအားလှိုင်းများ ပန်းထွက်လာသည်။ မူလက မှောင်မည်းနေသော သူ၏ မျက်လုံးများမှာ တဖြည်းဖြည်းနှင့် နက်မှောင်သော အဖြူရောင် မီးတောက်များဖြင့် ပြည့်နှက်လာသည်။
လင်းယွမ်ကို ကြည့်နေသော သူ၏ အကြည့်များမှာလည်း ကြမ်းကြုတ်ရန်လိုသော အကြည့်မှ လောကကြီးကို ငြီးငွေ့နေသည့် အကြည့်သို့ ပြောင်းလဲသွားသည်။ ရှောင်ယန်သည် မြေပြင်မှ ဖြည်းညင်းစွာ ထရပ်ကာ လင်းယွမ်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။ ခဏချင်းအတွင်းမှာပင် သူတို့နှစ်ဦးကြား၌ ထူးဆန်းသော လေထုတစ်ခု စတင်ပျံ့နှံ့လာတော့သည်။
"ဩော်..."
ဤသည်ကို မြင်သောအခါ လင်းယွမ်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ အကြည့်မှာ "ရှောင်ယန်" ပေါ်တွင် ခေတ္တရပ်တန့်နေပြီး စိတ်ထဲမှလည်း အံ့ဩမိနေသည်။ ဤအခြေအနေတွင် ယောင်လောင်လှုပ်ရှားတော့မည်ကို သူ မည်သို့ မသိဘဲ နေပါ့မည်နည်း။
ဝိညာဉ်စွမ်းအားကို သုံးပြီး သူတစ်ပါး၏ ခန္ဓာကိုယ်ကို ထိန်းချုပ်သည့် ဤနည်းလမ်းမှာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပေသည်။