အခန်း ၅၆ အမှိုက်ကောင်တွေကသာ အသုံးမကျတဲ့အရာကို ရတနာလို့ မှတ်ထင်ကြတာ
"တောက် တောက်... ဒီ ခရမ်းရောင်သလင်းကျောက် အနှစ်သာရ ကတော့ တကယ့် ရတနာပဲဟေ့..."
ရှောင်ယန် ၏ အမေးကို ကြားသောအခါ ဆေးဆရာအိုကြီးက စိတ်ရှည်လက်ရှည် ရှင်းပြတော့သည် "ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင် ဆိုတာ ထူးခြားတဲ့ ပါရမီရှိတဲ့ သားရဲတစ်ကောင်ပဲ ဒါကြောင့်လည်း အဆင့် ၆ မိစ္ဆာသားရဲ ဖြစ်လာနိုင်တာပေါ့။"
"ပြီးတော့ ဒီမိစ္ဆာသားရဲက ပေါက်ဖွားလာတဲ့အခါတိုင်း သားရဲငယ်လေးနဲ့အတူ ခရမ်းရောင်သလင်းကျောက် အနှစ်သာရ ကိုပါ ဖြစ်ပေါ်စေဖို့ အခွင့်အလမ်း အလွန်နည်းပါးတယ်။"
"ဒီ အနှစ်သာရဟာ ခြင်္သေ့ဘုရင်ရဲ့ ဗိုက်ထဲမှာ အချိန်အတော်ကြာအောင် ရှိနေခဲ့တာမို့ အထဲမှာ အလွန်စစ်မှန်ပြီး ကြီးမားလှတဲ့ စွမ်းအင်တွေ ပါဝင်နေတယ်။"
"သားရဲငယ်လေးက အဆင့် ၄ မိစ္ဆာသားရဲအထိ ကြီးထွားလာတဲ့အခါ ဒီအနှစ်သာရကို စားသုံးလိုက်ရုံနဲ့ အဆင့် ၅ မိစ္ဆာသားရဲအဖြစ် တိုက်ရိုက် တက်လှမ်းနိုင်တယ်။ ဒါတင်မကဘူး သူ့ခန္ဓာကိုယ်ထဲက ခရမ်းရောင်မီးတောက်ဟာ ဒီအနှစ်သာရကို မစားသုံးရသေးတဲ့ တခြား ခရမ်းရောင်သလင်းခြင်္သေ့တွေထက် ပိုပြီး အစွမ်းထက်နေလိမ့်မယ်"
"ငါ ခုနကခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင် ကို အကဲခတ်နေတုန်းမှာ သူ သားပေါက်ထားတာ မကြာသေးဘူးဆိုတာကို တွေ့လိုက်ရတယ်"
ဆေးဆရာအိုကြီး စကားဆုံးသည်နှင့် ရှောင်ယန် ၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု လက်ခနဲ ဖြတ်ပြေးသွားသည်။
ခရမ်းရောင်သလင်းကျောက် အနှစ်သာရ က မိစ္ဆာသားရဲတစ်ကောင်ကို အဆင့် ၄ မှ ၅ သို့ တိုက်ရိုက် တိုးတက်စေနိုင်သည်ဆိုလျှင် ၎င်းထဲ၌ ပါဝင်မည့် စွမ်းအင်မှာ မည်မျှပင် ကြီးမားလိုက်မည်နည်း။
ငါသာ အဲဒါကို ရခဲ့မယ်ဆိုရင် ဤသို့တွေးလိုက်မိရုံဖြင့် ရှောင်ယန် သည် ဆာလောင်မွတ်သိပ်စွာ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိသည်။ သူသည် ဆန်းကြယ်မီးတောက် ရော ထိုအနှစ်သာရကိုပါ ရရှိသွားသည့် မြင်ကွင်းကို မြင်ယောင်နေပုံရသည်။
"အဲဒီလောက်လည်း အရမ်းဝမ်းမသာနေနဲ့ဦး။ မင်း အဲဒီ အနှစ်သာရကို တွေ့ရပါ့မလားဆိုတာ မရေရာသေးဘူး။ ဆန်းကြယ်မီးတောက်ကလည်း မင်းလက်ထဲ ရောက်လာခဲ့ရင်တောင် မင်းရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ခေတ္တခဏတော့ ဝါးမြိုနိုင်မှာ မဟုတ်ဘူး။"
ရှောင်ယန် ၏ အမူအရာကို ကြည့်ပြီး ယောင်လောင် က သူ ဘာတွေးနေသည်ကို သိသဖြင့် ရေအေးနှင့် ပက်လိုက်ခြင်းပင်။
"အာ..."
ဆေးဆရာအိုကြီးက သူ၏ရင်ထဲမှ ပြင်းပြသောဆန္ဒများကို ငြိမ်းသတ်လိုက်သောအခါ ရှောင်ယန် ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။ အရာအားလုံးက အင်အားပေါ်မှာပဲ မူတည်နေတာပဲ
"ကဲ... အချိန်ဖြုန်းမနေနဲ့တော့။ အခုပဲ ခိုးဝင်ကြစို့။"
ထိုသို့ပြောပြီးနောက် အဘိုးကြီး၏ ဝိညာဉ်စွမ်းအား များ ပန်းထွက်လာကာ ရှောင်ယန် ကို ဖုံးအုပ်လိုက်ပြီး သူ၏ အသက်ရှူသံနှင့် အရှိန်အဝါအားလုံးကို ဖျောက်ကွယ်ပေးလိုက်သည်။
ရှောင်ယန် က ခေါင်းညိတ်ပြကာ ကောင်းကင်ယံကို တစ်ချက်လှမ်းကြည့်ပြီးနောက် ကြွက်တစ်ကောင်ကဲ့သို့ ကျင့်ကြံရာဂူ ထဲသို့ တိုးဝင်သွားတော့သည်။
"ဒါက..."
ကျင့်ကြံရာဂူထဲသို့ ဝင်လိုက်သည်နှင့် ရှောင်ယန် မှာ ချက်ချင်းပင် ကြောင်အမ်းအမ်း ဖြစ်သွားရသည်
သူသည် ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မှင်သက်နေမိပြီး နှုတ်ခမ်းများ တုန်ရီလျက် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်မိသည် "ဒါကခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင် ရဲ့ ဂူ ဟုတ်ရဲ့လား ဒဏ္ဍာရီထဲက ရတနာတွေ ဘယ်မှာလဲ"
သို့သော် ရှောင်ယန် စိတ်ကူးယဉ်ထားသကဲ့သို့ ကြမ်းပြင်တစ်ခုလုံး ပြန့်ကျဲနေမည့် ရတနာများကို မတွေ့ရပေ။ သူ၏ရှေ့တွင် မြင်တွေ့နေရသည်မှာ ဘာမျှမရှိသော မြေကွက်လပ်ကြီးသာ ဖြစ်သည်။ အချို့နေရာများတွင် မြေကြီးမှာ ကျင်းတူးခံထားရသကဲ့သို့ ချိုင့်ခွက်များ ဖြစ်နေသည်။
"ဒီဂူက ဓားပြတိုက်ခံထားရတာလား"
ရှောင်ယန် တစ်ယောက် မယုံနိုင်စွာ ရေရွတ်လိုက်မိသည်။ သူ သေချာစွာ ထပ်မံစစ်ဆေးကြည့်သောအခါ ထောင့်စွန်းတစ်ခုတွင် ကျန်ရစ်နေသော မြက်မြစ်အနည်းငယ်ကိုသာ တွေ့လိုက်ရသည်။
တောက်... ဘယ်သူက ဒီလိုလုပ်သွားတာလဲ မြက်ပင်ကိုတောင် ချန်မထားခဲ့ဘူးလား တစ်ဂူလုံးမှာ သက်ရှိအရိပ်အယောင်တောင် မကျန်တော့ဘူး။
"သတိထား... ဂူထဲမှာ တခြားလူရှိနေတယ်"
ဆေးဆရာအိုကြီးမှာလည်း ဂူထဲမှ မြင်ကွင်းကြောင့် အံ့အားသင့်သွားသော်လည်း သူ၏ ပင်ကိုယ်သတိရှိမှုကြောင့် ပတ်ဝန်းကျင်ကို မေ့မထားဘဲ နိုးနိုးကြားကြား ရှိနေခဲ့သည်။ ထို့ကြောင့် ခဏမျှ မှင်သက်သွားပြီးနောက် ကျင့်ကြံရာဂူ၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိနေသော လင်းယွမ် ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားသည်။
သို့သော် လက်စွပ်ထဲတွင် ပုန်းကွယ်နေသော ဆေးဆရာအိုကြီးမှာ တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား မျက်မှောင်ကြုတ်ထားမိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ရှေ့မှ လူသားမှာ တစ်ခါမှ မခံစားဖူးသည့် ရင်းနှီးမှုမျိုးကို ပေးစွမ်းနေသောကြောင့်ပင် ထိုခံစားချက်မှာ အလွန်ပြင်းထန်ပြီး မေ့ဖျောက်ရန် ခက်ခဲလှသည်။
သို့သော် အဘိုးကြီး မည်မျှပင် ကြိုးစားစဉ်းစားစေကာမူ သူ၏ မှတ်ဉာဏ်ထဲတွင် ဤလူနှင့်ပတ်သက်သည့် အချက်အလက်ကို ရှာမတွေ့ချေ။ ဤသည်မှာလည်း နားလည်ပေးနိုင်ပါသည်။ ထိုစဉ်က လင်းယွမ် မှာ ဟန်ဖုန်းအဖြစ် ရှိနေခဲ့သော်လည်း သူ ဤကမ္ဘာသို့ ကူးပြောင်း လာချိန်တွင် ဟန်ဖုန်း ၏ ဖြစ်တည်မှုအားလုံးကို တိုက်ရိုက် ပေါင်းစပ် လိုက်ခြင်း ဖြစ်သည်။
သူ၏ ရုပ်ရည်မှာ လင်းယွမ် ၏ ယခင်ဘဝအတိုင်း ပြန်လည်ဖြစ်တည်လာရုံသာမက သူ၏ အရှိန်အဝါ များမှာလည်း အလွန်အမင်း ပြောင်းလဲသွားခဲ့သည်။ ယောင်လောင် ဝိညာဉ်ခန္ဓာအဖြစ် ပြောင်းလဲကာ လက်စွပ်ထဲတွင် ပုန်းကွယ်နေချိန်၌ ဟန်ဖုန်း မှာ ယခုကဲ့သို့ စွမ်းအားမျိုး မရှိသေးသလို ဆန်းကြယ်မီးတောက်များကိုလည်း ဝါးမြိုနိုင်ခြင်း မရှိသေးပေ။
ယခုမူ ဟန်ဖုန်း ပိုင်ဆိုင်သမျှ အရာအားလုံးကို အပြည့်အဝ ပေါင်းစပ်ပြီးနောက် လင်းယွမ် မှာ ပင်လယ်ရေလှိုင်း ဝိညာဉ်မီးတောက ကို ဝါးမြိုထားရုံသာမက ကြာပန်းစိမ်း မြေကမ္ဘာအနှစ်သာရ မီးတောက်ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည်။ ထို့ကြောင့် လက်ရှိ လင်းယွမ် မှာ ယခင် ဟန်ဖုန်း နှင့် လုံးဝခြားနားသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသဖြင့် ယောင်လောင် မှတ်မိနိုင်ခြင်း မရှိသည်မှာ သဘာဝကျပါသည်။
အမှန်စင်စစ် လင်းယွမ် သည် ရှောင်ယန် ဂူဝသို့ ချဉ်းကပ်လာကတည်းကပင် အာရုံခံမိပြီးဖြစ်သည်။ သို့သော် သူသည် "ဝိညာဉ်ဖျက်ဆီးရေး လှံတော် " ကို ကျင့်ကြံနေသည့် အရေးကြီးသော အဆင့်သို့ ရောက်နေသဖြင့် အာရုံမလွှဲခဲ့ခြင်းပင်။
လင်းယွမ် အနေဖြင့် ထိုသိုင်းကွက်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီး စွမ်းအင်အနည်းငယ် ယိုစိမ့်ထွက်လာချိန်မှသာ ယောင်လောင် က သူ့ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည် သို့မဟုတ်ပါက ရှောင်ယန် မှာ ဂူထဲတွင် အရူးတစ်ယောက်လို လျှောက်ပြေးနေဦးမည်သာ။
"ဟူး"
လင်းယွမ် သည် လေပူတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ပြီးနောက် မြေပြင်မှ ထရပ်ကာ ရှောင်ယန် ဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်။ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင် ၏ သားငယ်လေးမှာလည်း ရုတ်တရက် ပေါ်လာပြီး လင်းယွမ် နောက်သို့ ယိမ်းယိုင်ကာ လိုက်ပါလာသည်။
"မင်းက ဘယ်သူလဲ ဒီဂူထဲက ရတနာတွေကို မင်းခိုးသွားတာလား"
လင်းယွမ် အနားသို့ ရောက်လာသည်နှင့် ရှောင်ယန် မှာ ချက်ချင်းပင် နိုးနိုးကြားကြား ရှိသွားသည်။ လင်းယွမ် ကို ကြည့်သော သူ၏အကြည့်များတွင် ပြင်းထန်သော ရန်လိုမှုများ ပြည့်နှက်နေပြီး အခွင့်သာလျှင် ကိုက်စားပစ်မည့်အလား ဖြစ်နေသည်။ ယခုအချိန်တွင် ဤဂူထဲမှ ရတနာများကို ရှေ့မှလူသားက ခိုးယူသွားကြောင်း သူ အလွယ်တကူ သိလိုက်ရပြီဖြစ်သည်။
"ဟက်... ခိုးတယ် ဟုတ်လား"
လင်းယွမ် က ပြုံးလိုက်သည်။ သူ၏ ခန့်ညားလှသော မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ရှိနေသည်။
"ခရမ်းရောင်သလင်းတောင်ပံခြင်္သေ့ဘုရင် က မူလကတည်းက ငါ့ရဲ့ လက်အောက်ငယ်သားပဲ ဒါကြောင့် သူ့ရဲ့အရာတွေက ငါ့အပိုင်ပဲလေ ဘာကိစ္စနဲ့ ငါက ခိုးနေရဦးမှာလဲ ပြီးတော့ ဒါတွေက အသုံးမကျတဲ့ အရာတွေပါ ဘယ်တုန်းက ရတနာတွေ ဖြစ်သွားလို့လဲ"
လင်းယွမ် က ရှောင်ယန် ကို လှောင်ပြောင်သည့်အကြည့်ဖြင့် ကြည့်ကာ "မင်းလို အမှိုက်ကောင်ကမှ ဒီလို အသုံးမကျတဲ့အရာတွေကို ရတနာလို့ မှတ်ထင်နေတာ မဟုတ်လား"
လင်းယွမ် က ရှောင်ယန် ကို ကြည့်သည့်အခါ သူ၏မျက်နှာမှာ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေပြီး ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသည့်နှယ် ဖြစ်သည်။
"အမှိုက်ကောင်"
လင်းယွမ် စကားအဆုံးတွင် ရှောင်ယန် ၏ မျက်လုံးများထဲ၌ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ လက်ခနဲ ပေါ်လာပြီး သူ၏နဖူးမှ သွေးကြောများမှာ ထောင်ထွက်လာသည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း "အမှိုက်ကောင်" ဟူသော စကားလုံးကို အံကြိတ်ကာ ရေရွတ်လိုက်မိသည်။ သူ၏ရင်ထဲတွင် အတိုင်းအဆမရှိသော ဒေါသများမှာ လောင်မြိုက်နေပြီဖြစ်သည်။
သူသည် ဤဘဝတွင် သူ့အား မည်သူ့ကိုမျှ အသုံးမကျသူဟု ခေါ်ခွင့်မပေးတော့ရန် တိတ်တဆိတ် ကျိန်ဆိုထားပြီးသား ဖြစ်သည်။ ကျင့်စဉ်အဆင့်များ နိမ့်ကျသွားခဲ့ရသော ထိုသုံးနှစ်တာ ကာလမှာ သူ့အား ထူးကဲသော သည်းခံနိုင်စွမ်းကို ပေးခဲ့သလို သူ၏ပင်ကိုယ်စရိုက်ကိုလည်း ပုံပျက်ပန်းပျက် ဖြစ်စေခဲ့သည်။
လင်းယွမ် က သူ့ကို "အမှိုက်ကောင်" ဟု တံဆိပ်ကပ်လိုက်ခြင်းမှာ ရှောင်ယန် အတွက် ကြီးမားလှသော စော်ကားမှုပင်။
"မင်း သေသင့်တယ်..."
ရှောင်ယန် ၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေပြီး သူ၏ပါးစပ်မှလည်း တဂျိဂျိအသံများ ထွက်ပေါ်နေသည်။ ၎င်းမှာ အံကြိတ်ထားသဖြင့် ထွက်ပေါ်လာသော အသံပင် ဖြစ်သည်။
"ဟက်... ငါလည်း ငါ့ကိုယ်ငါ သေသင့်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ငါ့ကို မသတ်နိုင်တော့ ငါ ဘာလုပ်ရမလဲ မင်းလို အမှိုက်ကောင်ကများ ငါ့ကို ကူညီပေးမလား"
လင်းယွမ် က လက်ပိုက်ထားရင်း လူရွှင်တော်တစ်ယောက် ကပြနေသည်ကို ကြည့်နေသည့်အလား ရှိနေသည်။ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ရှောင်ယန် ၏ လက်ရှိအခြေအနေကို မြင်ရခြင်းက သူ့အား ဖော်ပြ၍မရသော ပျော်ရွှင်မှုမျိုးကို ပေးစွမ်းနေသည်။
"အားးးး မင်းကို သတ်ပစ်မယ်"
ဤအခိုက်အတန့်တွင် ရှောင်ယန် မှာ ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ လင်းယွမ် ဆီသို့ စိတ်လွတ်နေသော ခွေးရူးတစ်ကောင်ကဲ့သို့ ပြေးဝင်သွားတော့သည်။
"ကောင်လေး... မလုပ်နဲ့..."
ရှောင်ယန် စိတ်လွတ်သွားသည်ကို မြင်သောအခါ ယောင်လောင် က အမြန်တားဆီးရန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။
"ရှစ်မျက်နှာပြိုလဲခြင်း"
သူ၏ လှုပ်ရှားမှု စတင်သည်နှင့် ရှောင်ယန် သည် သူ၏ အစွမ်းထက်ဆုံး သိုင်းကို ထုတ်ဖော်လိုက်တော့သည်
"ဟင်း... အမှိုက်ပဲ"
လင်းယွမ် မှာ ရှောင်ယန် ၏ တိုက်ခိုက်မှုရှေ့တွင် မျက်တောင်တစ်ချက်ပင် မခတ်ချေ။ သူသည် လက်ညှိုးတစ်ချောင်းကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပြီး ရှေ့သို့ ညွှန်လိုက်သည်။
ဘုန်း
ရှောင်ယန် ၏ ခန္ဓာကိုယ်မှာ အမြောက်ဆန်တစ်ခုကဲ့သို့ နောက်သို့ ချက်ချင်းပင် လွင့်ထွက်သွားတော့သည်။