အခန်း ၅၀ လောဘဇောတိုက်နေသော ရှောင်ယန်
မှော်သားရဲတောင်တန်း။
"လင်းယွမ်... အပြင်မှာ ဘာတွေဖြစ်နေတာလဲ"
ဂူအတွင်း၌ ရှောင်ယီရှန်း ၏ လှပသောမျက်လုံးများသည် ဂူအပေါက်ဝဆီသို့ ဝေ့ဝဲကြည့်ရှုနေပြီး သူမသည် လင်းယွမ် ၏ အင်္ကျီလက်ကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားသည်။
သူမသည် ယခုအချိန်တွင် သာမန်ဆေးဆရာမတစ်ဦးမျှသာ ဖြစ်သဖြင့် ပြင်ပလောကရှိ အပြောင်းအလဲများကို ဗီဇအရ အာရုံမခံနိုင်ချေ။
အကြိမ်ကြိမ် အတည်ပြုပြီးနောက်တွင် မှော်သားရဲတောင်တန်း အတွင်းရှိ အပြောင်းအလဲများသည် ဆန်းကြယ်မီးတောက် နှင့် သေချာပေါက် ဆက်စပ်နေကြောင်း လင်းယွမ် အကြွင်းမဲ့ ယုံကြည်သွားသည်။
ထို့ကြောင့် သေချာစွာ စဉ်းစားပြီးနောက် လင်းယွမ် က ရှောင်ယီရှန်း ကို ကြည့်ကာ ဆိုလိုက်သည် "ရပါတယ်... မကြောက်နဲ့နော်"
ထို့နောက် ချက်ချင်းပင် သူက ရှောင်ယီရှန်း ၏ ပုခုံးနှစ်ဖက်ကို ကိုင်ကာ မျက်နှာကို တည်ကြည်အောင် ထားလိုက်ပြီး "ငါ အပြင်ထွက်ပြီး ကိစ္စတချို့ သွားရှင်းရမယ်။ မင်း ဒီဂူထဲမှာပဲ နေပြီး ငါပြန်လာတာကို စောင့်နေနော်... ဟုတ်ပြီလား ဘယ်မှ လျှောက်မသွားနဲ့ဦး။"
ရှောင်ယီရှန်း က လင်းယွမ် ကို သူမ၏ ဝိုင်းစက်တောက်ပသော မျက်လုံးများဖြင့် တည့်တည့်စိုက်ကြည့်ရင်း "ဒါဆိုရင်... ရှင် ဘယ်တော့ ပြန်လာမှာလဲ" ဟု မေးလိုက်သည်။
အရင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများအပြီးတွင် ရှောင်ယီရှန်း မှာ သူမကိုယ်သူမ မသိလိုက်ဘဲ လင်းယွမ် အပေါ် အလွန်အမင်း မှီခိုတွယ်တာမိနေပြီဖြစ်သည်။ လင်းယွမ် ထွက်သွားတော့မည်ကို သိလိုက်ရချိန်တွင် သူမ၏ရင်ထဲ၌ ကြောက်ရွံ့မှုကြောင့်လား သို့မဟုတ် ခွဲခွာရမည်ကို နှမြောခြင်းကြောင့်လား မသိဘဲ အလွန်ပင် နေရခက်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
"ဟဲဟဲ... စိတ်မပူပါနဲ့ ခဏလေးပါပဲ။"
လင်းယွမ် သည် အမှန်စင်စစ် ရှောင်ယီရှန်း ကိုပါ ခေါ်သွားရန် စဉ်းစားခဲ့သော်လည်း ထိုအတွေးကို ချက်ချင်းပင် လက်လျှော့လိုက်သည်။
သူမအနေဖြင့် ဆန်းကြယ်မီးတောက် ပေါ်ထွက်လာခြင်းမှ ထွက်ပေါ်လာသည့် ဖျက်ဆီးအားပြင်းသော အငွေ့အသက်များကို တောင့်ခံနိုင်မည်လား ဆိုသည်ကို ထည့်မတွက်ထားဦးတော့။
မှော်သားရဲတောင်တန်း မှ ဖြစ်ပေါ်လာသော လှုပ်ခတ်မှုများမှာ ဂါမားအင်ပါယာ တစ်ခုလုံးရှိ အစွမ်းထက် ပုဂ္ဂိုလ်များ၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်သည်။
အခြေအနေများ ရှုပ်ထွေးလာပါက သူ၏ ထူးကဲသော စွမ်းဆောင်ရည်နှင့်ပင် ရှောင်ယီရှန်း ကို အပြည့်အဝ ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။ အရင်တစ်ခါ သူ၏ ပေါ့ဆမှုကြောင့် ရှောင်ယီရှန်း တစ်ယောက် အသက်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် သူ မည်သည့်စွန့်စားမှုကိုမျှ ထပ်မလုပ်ရဲတော့ပေ။
"ဒါနဲ့... မင်း ပျင်းနေရင် အရင်တစ်ခါ ရခဲ့တဲ့ ပစ္စည်းတွေကို ကြည့်ထားလို့ ရတယ်နော်။"
နောက်တစ်စက္ကန့်တွင် လင်းယွမ် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ရှောင်ယီရှန်း ကို လမ်းညွှန်ချက်အချို့ ပေးလိုက်သည်။
"ကောင်းပါပြီ... ဒါဆို ကျွန်မ ရှင်ပြန်လာတာကို စောင့်နေပါ့မယ်"
ရှောင်ယီရှန်း က လိမ္မာစွာ ခေါင်းညိတ်ပြလိုက်သည်။ လင်းယွမ် ဘာကို ဆိုလိုသည်ကို သူမ နားလည်ပါသည်။ သူမ၏ အဖိုးတန်ပစ္စည်းများကိုပင် မစစ်ဆေးရသေးခင်မှာပင် သူမသည် ဝံပုလွေခေါင်းကြေးစားအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည် မဟုတ်ပါလား။ ထို့ကြောင့် ယခုအချိန်အထိ ရှောင်ယီရှန်း သည် ခုနစ်ရောင်ခြယ် အဆိပ်ကျမ်းကို မကြည့်ရသေးပေ။
"အင်း... ဒါဆို ငါသွားပြီနော်"
လင်းယွမ် က စကားပြောရင်း ရှောင်ယီရှန်း ၏ ဆံပင်များကို အသာအယာ ပွတ်သပ်ပေးကာ သိုလှောင်လက်စွပ်ထဲမှ ရေ အစားအစာနှင့် ရှောင်ယီရှန်း ၏ ကိုယ်ပိုင်ပစ္စည်းအချို့ကို ထုတ်ပေးလိုက်သည်။
သူမကို ကယ်တင်စဉ်က သူသည် ဝမ်ယောင် ဆေးဆိုင်သို့ တစ်ခေါက်သွားခဲ့ပြီး ရှောင်ယီရှန်း ၏ အဖိုးတန် ပိုင်ဆိုင်မှုအချို့ကို ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် တမင်တကာလား သို့မဟုတ် မရည်ရွယ်ဘဲလား မသိသော်လည်း လင်းယွမ် သည် ရှောင်ယီရှန်း ၏ အဝတ်အစားများကိုမူ တစ်ထည်မျှ ယူမလာခဲ့ချေ။
မထွက်ခွာမီ လင်းယွမ် သည် မည်သည့် မတော်တဆမှုမျှ မဖြစ်စေရန် ဂူအပေါက်ဝတွင် ကန့်သတ်ချက်တစ်ခုကို အထူးတလည် တပ်ဆင်ခဲ့သည်။ လိုအပ်သော ပြင်ဆင်မှုများအားလုံး ပြုလုပ်ပြီးနောက်တွင်မှ လင်းယွမ် စိတ်အေးသွားရသည်။ ထို့နောက် သူက ရှောင်ယီရှန်း ကို နှုတ်ဆက်ကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
သူ တပ်ဆင်ထားသော ကန့်သတ်ချက်မှာ တိုက်ပွဲဝင်ဘိုးဘေးအဆင့် အောက် အဆင့်ရှိသူ မည်သူမျှ ဖောက်ထွင်း၍မရနိုင်သဖြင့် လောလောဆယ်တွင် ရှောင်ယီရှန်း ၏ လုံခြုံရေးအတွက် စိုးရိမ်စရာ မလိုတော့ပေ။
လင်းယွမ် ပျောက်ကွယ်သွားသည့် ဦးတည်ချက်ကို ငေးကြည့်ရင်း ရှောင်ယီရှန်း ၏ ရင်ထဲတွင် ဟာတာတာ ဖြစ်ကျန်ရစ်သည်။ သို့သော် သူမသည် ချက်ချင်းပင် စိတ်ကိုပြန်စုစည်းကာ လင်းယွမ် ၏ လမ်းညွှန်ချက်ကို သတိရလိုက်သဖြင့် "ခုနစ်ရောင်ခြယ် အဆိပ်ကျမ်း" ကို ထုတ်ယူလိုက်သည်။ သူမ ထိုအဆိပ်ကျမ်းကို ဖွင့်လိုက်သည့် အခိုက်အတန့်တွင် ရှောင်ယီရှန်း ၏ လှပသော မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
…
မှော်သားရဲတောင်တန်း ၏ အစွန်အဖျားတစ်နေရာ။
ဤနေရာတွင် ကြီးမားသော ရေတံခွန်ကြီးတစ်ခု ရှိသည်။ အဝေးမှ ကြည့်မည်ဆိုလျှင် လင်းယွမ် သာ ဤနေရာတွင် ရှိနေပါက သူ၏ အရင်ဘဝမှ ရှေးဟောင်းကဗျာတစ်ပုဒ်ကို သေချာပေါက် သတိရပေလိမ့်မည်။
"ရေတံခွန်က ပေသုံးထောင်အမြင့်ကနေ ဒေါင်လိုက်စီးကျနေတယ်... နဂါးငွေ့တန်းကြီး ကိုးခုမြောက် ကောင်းကင်ယံကနေ ပြုတ်ကျလာသလား ထင်ရတယ်"
ရေတံခွန်၏ အောက်ခြေတွင် အသက် တစ်ဆယ့်ငါးနှစ် သို့မဟုတ် တစ်ဆယ့်ခြောက်နှစ်ခန့်ရှိသော ကောင်လေးတစ်ဦးမှာ အပေါ်ပိုင်း ဗလာကျင်းဖြင့် ရပ်နေသည်။ ထိုကောင်လေးသည် ပြင်းထန်သော ရေစီးကြောင်းများက သူ၏ ခန္ဓာကိုယ်ကို ထုရိုက်နေသည့် ဒဏ်ကို အံကြိတ်ခံနေရသည်။
ကမ်းစပ်တွင်မူ သက်ကြီးရွယ်အိုတစ်ဦး၏ ပုံရိပ်က အဝေးသို့ ငေးကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော အမူအရာများ ဖြတ်ပြေးနေသည်။
"မထင်မှတ်ဘဲ... မှော်သားရဲတောင်တန်း ထဲမှာ ဆန်းကြယ်မီးတောက် တစ်ခု ပုန်းကွယ်နေတာပဲ။"
ထိုအဘိုးကြီး (ယောင်လောင်) က သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။ ဆန်းကြယ်မီးတောက် အဆင့်သတ်မှတ်ချက်တွင် မတူညီသော ဆန်းကြယ်မီးတောက် (၂၃) မျိုး ရှိပြီး တစ်ခုချင်းစီမှာ ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရများမှ မွေးဖွားလာကာ လောကကြီးကို ဖျက်ဆီးနိုင်သော စွမ်းအားများ ရှိကြသည်။ မည်သည့် အမျိုးအစားဖြစ်စေ ဆန်းကြယ်မီးတောက် ဆိုသည်မှာ ဆေးဖော်စပ်သူတိုင်း၏ တစ်သက်တာ အိပ်မက်ပင် ဖြစ်သည်။
မူလက ဆန်းကြယ်မီးတောက် ရှိသည့်နေရာကို သိလိုက်ရသဖြင့် ယောင်လောင် သည် အလွန် ပျော်ရွှင်သင့်သည်။ သို့သော် ယခုကဲ့သို့ လှုပ်ခတ်မှုကြီးမားနေသဖြင့် အစွမ်းထက် ပုဂ္ဂိုလ်များစွာမှာလည်း ယခုအချိန်တွင် ရောက်ရှိလာကြပေလိမ့်မည်။ သူ၏ အစွမ်းမှာ အများကြီး ပြန်မကောင်းသေးသလို ရှောင်ယန် မှာလည်း ကြီးပြင်းမလာသေးချေ။
ယခုအချိန်တွင် သွားရောက်လုယူမည်ဆိုပါက အောင်မြင်နိုင်ခြေမှာ အလွန်ပင် နည်းပါးလှသည်။ ထို့ကြောင့် ယခုအခါ အဘိုးကြီးမှာ စတင်၍ စိုးရိမ်လာရသည်။
"ဆရာ... ဘာတွေ တွေးနေတာလဲ"
ယောင်လောင် ငေးငိုင်နေစဉ်မှာပင် ရှောင်ယန် ၏ ကျင့်ကြံခြင်း (Cultivate) ပြီးဆုံးသွားကာ သူ၏ အနားသို့ ရောက်ရှိလာသည်။ ရှောင်ယန် ၏ အသံက ယောင်လောင် ကို အတွေးများထဲမှ လက်တွေ့လောကသို့ ပြန်ခေါ်လာခဲ့သည်။
ချက်ချင်းပင် အဘိုးကြီးက ရှောင်ယန် ဘက်သို့ လှည့်ကာ တည်ကြည်စွာ ပြောလိုက်သည် "ငါ ဆန်းကြယ်မီးတောက်ရဲ့ အငွေ့အသက်ကို အာရုံခံမိတယ်"
"ဘာ ဆန်းကြယ်မီးတောက် ဟုတ်လား"
ရှောင်ယန် ၏ မျက်လုံးများမှာ ထိတ်လန့်မှုများဖြင့် ချက်ချင်း ပြည့်နှက်သွားသည်။ ဆန်းကြယ်မီးတောက်အကြောင်းကို ရုတ်တရက် ကြားလိုက်ရသဖြင့် သူ ခဏမျှ မှင်တက်သွားမိသည်။ သို့သော် နောက်တစ်စက္ကန့်တွင် ရှောင်ယန် ၏ မျက်လုံးများမှာ ဝမ်းသာအားရမှုများနှင့်အတူ လောဘအရိပ်အယောင်များပါ ပေါ်ပေါက်လာသည်။
အဘိုးကြီးထံမှ ဆန်းကြယ်မီးတောက်များအကြောင်း ကြားဖူးကတည်းက ရှောင်ယန် သည် တစ်ခုခုကို ထိန်းချုပ်နိုင်ရန် အိပ်မက်မက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ တိုက်ကြီးတစ်ခုလုံးရှိ ဆေးဖော်စပ်သူတိုင်း အိပ်မက်မက်ရသော ရတနာဖြစ်သောကြောင့် ဖြစ်သည်။ ထို့အပြင် သူ၏ လက်ရှိကျင့်စဉ်ဖြစ်သော မီးတောက်ကျင့်စဉ်မှာလည်း ဆန်းကြယ်မီးတောက်များကို ဝါးမြိုခြင်းဖြင့်သာ ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် သူ ဆန်းကြယ်မီးတောက်ကို ရရှိလိုက်သည်နှင့် သူ၏ အစွမ်းမှာ သိသိသာသာ တိုးတက်လာမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ဤသို့ တွေးမိသည်နှင့် ရှောင်ယန် သည် သူ၏ လောဘကို မဖုံးကွယ်နိုင်တော့ဘဲ နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ "ဆရာ... ကျွန်တော့်ကို ကူညီပါ" ဟု ဆိုလိုက်သည်။
ရှောင်ယန် သည် သူ၏ လက်ရှိအစွမ်းနှင့် မလုံလောက်သေးကြောင်း ကောင်းကောင်းသိသည်။ သူ ဆန်းကြယ်မီးတောက်ကို ရရှိလိုပါက အဘိုးကြီး၏ အစွမ်းကိုသာ အားကိုးရပေလိမ့်မည်။
"ဟူး... ငါ သိသားပဲ"
ရှောင်ယန် ၏ ဆုံးဖြတ်ချက်ကို ကြိုတင်ခန့်မှန်းထားသော်လည်း ယောင်လောင် သည် စိတ်ပျက်မှုကို ခံစားနေရဆဲဖြစ်သည်။ သူ၏ တပည့်မှာ ဆန်းကြယ်မီးတောက် သတင်းကို ကြားလိုက်ရုံနှင့် အသိစိတ် လွတ်သွားခဲ့ပြီ။ သူသည် နောက်ဆက်တွဲ အကျိုးဆက်များကို သေချာပင် မစဉ်းစားခဲ့ချေ။
ဘာကြောင့်လဲ... သူ၏ ဝိညာဉ် စွမ်းအားများ အပြည့်အဝ ပြန်မကောင်းသေးသည်ကို သူ ဘာကြောင့် မစဉ်းစားမိရတာလဲ သူသာ အလျင်စလို လုပ်ဆောင်မိပြီး အမှားအယွင်း အနည်းငယ်မျှ ဖြစ်သွားပါက သူသည် နောက်တစ်ကြိမ် နှစ်ခြိုက်စွာ အိပ်ပျော်သွားနိုင်သည် မဟုတ်ပါလား။
သို့သော်လည်း အဘိုးကြီးသည် ထိုစကားများကို ရှောင်ယန် ကို ထုတ်မပြောခဲ့ပေ။ ရှောင်ယန် မှာ သူ ပြန်လည်ရှင်သန်ရန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပြီး သူ့ကို တစ်ခါမျှ စိတ်မပျက်စေခဲ့ဖူးပေ။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် ရှောင်ယန် က ဆုံးဖြတ်ပြီးပြီ ဖြစ်ရာ သူ၏ တပည့်) နှင့်အတူ တစ်ကြိမ်လောက် ရူးသွပ်ပေးလိုက်လျှင် ဘာဖြစ်မည်နည်း
"စိတ်မပူပါနဲ့ ကောင်လေး... ငါ့အသက်နဲ့ လဲရရင်တောင် မင်းအတွက် ဒီဆန်းကြယ်မီးတောက်ကို ငါ သေချာပေါက် ရအောင် ယူပေးမယ်"
အဘိုးကြီးက ရှောင်ယန် ၏ နဖူးကို တို့ထိလိုက်ရာ သူ၏ ဝိုးတဝါးပုံရိပ်မှာ တုန်ခါသွားသည်။
"ကျေးဇူးတင်ပါတယ် ဆရာ"
ထိုအခိုက်အတန့်တွင် ရှောင်ယန် ၏ မျက်လုံးများမှာ စိုစွတ်လာရသည်။ အဘိုးကြီးက သူ့အပေါ် အလွန်ကောင်းသဖြင့် သူ အလွန်ပင် စိတ်လှုပ်ရှားမိသည်။
"စိတ်အေးအေးထားပါ ကောင်လေး... ကျန်တာတွေကို ဆရာ့လက်ထဲပဲ အပ်ထားလိုက်"
ထိုသို့ ပြောပြီးနောက် အဘိုးကြီးသည် လက်စွပ်ထဲသို့ ချက်ချင်း ဝင်သွားတော့သည်။ နောက်တစ်စက္ကန့်တွင် ရှောင်ယန် သည် အားကောင်းသော စွမ်းအားများ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူသည် ဗီဇအရ မျက်လုံးများကို မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သောအခါ အဖြူရောင် မီးတောက်နှစ်ခုသည် သူ၏ မျက်လုံးအိမ်ထဲတွင် ဝင်းခနဲ ဖြစ်သွားပြီး ပျောက်ကွယ်သွားတော့သည်။