အခန်း ၃၆ ရှောင်ယီရှန်း အန္တရာယ်နှင့် ကြုံတွေ့ရခြင်း
မူရှီ ၏ အကြားအာရုံ ဤမျှ စူးရှလိမ့်မည်ဟု ရှောင်ယန် လုံးဝ ထင်မထားခဲ့ပေ။
"ပြေးမှ"
မူရှီ သူ့ထံသို့ ပြေးဝင်လာတော့မည်ကို မြင်လိုက်ရသောအခါ ရှောင်ယန် ၏ နှလုံးသားမှာ ထိတ်ခနဲ ဖြစ်သွားပြီး လှည့်ပြေးတော့သည်။ လက်ရှိ ကြယ်နှစ်ပွင့် တိုက်ပွဲဝင်အလုပ်သင်အဆင့်မျှသာ ရှိသော သူသည် မူရှီ ၏ လက်ထဲသို့ ကျရောက်သွားပါက သေဘေးမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သူ ကောင်းကောင်း သိထားသည်။
လက်စွပ်ထဲရှိ ဆေးဆရာအိုကြီးသည် အခြေအနေအားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပြီး ရှောင်ယန် သည် တကယ့် အသုံးမကျသော ကောင်လေးဟု စိတ်ထဲမှ တောက်လျှောက် ဆဲဆိုနေမိသည်။
ပွဲကြည့်ချင်ရင်လည်း ငြိမ်ငြိမ်ကြည့်ပါလား။ ဘာလို့များ ပါးစပ်ယားပြီး အပိုတွေ လျှောက်ပြောနေရတာလဲ အခုတော့ ကြည့်စမ်း ရတနာလည်း မခိုးရတဲ့အပြင် အရူးတစ်ယောက်ရဲ့ ပစ်မှတ်ထားခြင်းကိုပါ ခံလိုက်ရပြီ။
"ကောင်လေး... ရပ်စမ်း"
ရှောင်ယန် ထွက်ပြေးသည်ကို မြင်သောအခါ မူရှီ မှာလည်း တွန့်ဆုတ်မနေဘဲ လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ချက်ချင်းပင် လိုက်လံဖမ်းဆီးတော့သည်။
"ပါးစပ်သရမ်းတာ ဒါပဲ"
မူရှီ နီးကပ်လာသည်နှင့်အမျှ ရှောင်ယန် သည် ထွက်ပြေးရင်း မိမိပါးကို မိမိ ပြန်ရိုက်နေမိသည်။ သူ၏ ပါးစပ်ကြောင့်သာ မဟုတ်လျှင် ဤကဲ့သို့သော ဘေးဒုက္ခမျိုး မိမိထံသို့ ဆိုက်ရောက်လာပါမည်လော
ယခုအချိန်တွင် ရှောင်ယန် အလွန်အမင်း စိတ်ပျက်အားငယ်နေရသည်။
ငါ အပြင်မထွက်ခင် နေ့ကောင်းရက်သာ မကြည့်ခဲ့မိလို့လား။လေ့ကျင့်ရေးထွက်လာတဲ့ ရက်အနည်းငယ်အတွင်းမှာ ဘာလို့ ကိစ္စတွေ ဒီလောက်အများကြီး ဖြစ်နေရတာလဲ
ပထမဆုံး မိစ္ဆာသားရဲတောင်တန်းမှာ လျှို့ဝှက်ဆန်းပြားတဲ့ လူတစ်ယောက်ကြောင့် ဝံပုလွေအုပ်ထဲ အပစ်ခံရပြီး ဗိုက်ဆာနေတဲ့ ဝံပုလွေတွေရဲ့ အစာဖြစ်လုနီးပါး ဖြစ်ခဲ့ရတယ်။
အခုမြို့မှာကျတော့လည်း သားဆုံးရှုံးထားတဲ့ မူရှီ က သူ့ကို ပစ်မှတ်ထားပြန်ပြီ။
သူ ဘာလို့ ဒီလောက်တောင် ကံဆိုးနေရတာလဲ
"ကောင်လေး... မင်း ဘယ်ပြေးမလို့လဲ"
မကြာမီမှာပင် ထိတ်လန့်တကြား ထွက်ပြေးနေသော ရှောင်ယန် ကို ဒေါသထွက်နေသော မူရှီ က အမီလိုက်မိသွားသည်။ ထို့နောက် မူရှီ သည် တွန့်ဆုတ်မနေဘဲ ရှောင်ယန် ၏ ဦးခေါင်းနောက်စေ့သို့ တိုက်ရိုက် လက်သီးဖြင့် ထိုးနှက်လိုက်သည်
ဗုန်း
လက်သီးချက်မှာ ရှောင်ယန် ၏ ဦးခေါင်းသို့ တည့်တည့်မတ်မတ် ကျရောက်သွားပြီး သူ၏ မျက်စိရှေ့တွင် မှောင်အတိ ဖြစ်သွားကာ မူးမေ့လဲကျလုနီးပါး ဖြစ်သွားရသည်။ နောက်တစ်စက္ကန့်တွင် ပြင်းထန်သော နာကျင်မှုလှိုင်းများမှာ ဦးနှောက်ဆီသို့ တိုက်ရိုက် ထိုးတက်လာသည်။
အကယ်၍ သူသည် နောက်ဆုံးမိနစ်တွင် သူ၏ချီစွမး်အားအားလုံးကို ဦးခေါင်းနောက်စေ့၌ စုစည်းကာ မကာကွယ်နိုင်ခဲ့ပါက သူ၏ ဦးနှောက်များမှာ မူရှီ ၏ လက်သီးချက်ကြောင့် အပြင်သို့ ပန်းထွက်သွားပေလိမ့်မည်။
"ဟင်"
မိမိ၏ လက်သီးချက်ကို ခံလိုက်ရပါလျက် ဦးနှောက်များ ပန်းထွက်ကာ သေဆုံးမသွားသော ရှေ့မှ ဝတ်ရုံနက်ဝတ် လူငယ်ကို ကြည့်ပြီး မူရှီ အံ့အားသင့်သွားသည်။ သူ အင်အားအပြည့် မသုံးခဲ့သော်လည်း ဤကောင်လေးမှာ တော်တော်လေး ခံနိုင်ရည်ရှိလှသည်။
"တောက်... ဒီခေါင်းက လိပ်ခွံအတိုင်းပဲ။" မူရှီ က နောက်မှနေ၍ ဆဲဆိုလိုက်သည်။
ထို့နောက် သူက လက်သီးကို နောက်တစ်ကြိမ် လွှဲလိုက်ပြန်သည်။ လက်သီးတစ်ချက်နှင့် မရလျှင် နောက်တစ်ချက် ထပ်ထိုးရုံသာ ရှိသည်။
"ဘုရားရေ"
ရှောင်ယန် သည် စူးရှသော နာကျင်မှုကို အောင့်ခံရင်း သူ၏ ချီစွမ်းအားများကို ခြေထောက်များဆီသို့ ရုတ်တရက် ပြောင်းလဲ စုစည်းလိုက်သည်။ အကယ်၍ ထိုလက်သီးချက်သာ သူ၏ ခေါင်းပေါ်သို့ ထပ်မံကျရောက်လာပါက သူ အသက်ရှင်ဖို့ လမ်းမရှိတော့ချေ
သို့သော် မူရှီ က ယခုတစ်ကြိမ်တွင် သူ့ကို အခွင့်အရေး မပေးတော့ပေ။ ယခင်သင်ခန်းစာကို ယူကာ မူရှီ သည် ယခုလက်သီးချက်တွင် သူ၏ အင်အား ၅၀ ရာခိုင်နှုန်းကို အသုံးပြုထားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုကြောက်မက်ဖွယ် လက်သီးချက်မှာ ရှောင်ယန် ၏ ဦးခေါင်းနှင့် လက်တစ်လုံးခြား အကွာအဝေးသို့ ရောက်ရှိလာသည်။
ဗုန်း
လေးလံသော ထိမှန်သံတစ်ခု ထွက်ပေါ်လာသည်။
"သွားပြီ။"
ရှောင်ယန် သည် မသိစိတ်ဖြင့် မျက်စိမှိတ်လိုက်မိပြီး ယခုတစ်ကြိမ်တွင်မူ သူ သေရတော့မည်ဟု အသေအချာ ယုံကြည်လိုက်သည်။
"ဟင်"
ရှောင်ယန် အံ့သြသွားသည်မှာ မူရှီ ၏ လက်သီးချက် သူ၏ ဦးခေါင်းသို့ နောက်တစ်ကြိမ် ကျရောက်လာသောအခါတွင် မည်သည့် နာကျင်မှုကိုမျှ မခံစားရခြင်းပင် ဖြစ်သည်။
"ဘာဖြစ်တာလဲ"
ဤထူးဆန်းသော မြင်ကွင်းကြောင့် ရှောင်ယန် ကြောင်သွားရသည်။
"အရူး... ဘာရပ်ကြည့်နေတာလဲ ပြေးတော့လေ"
ထိုစဉ်မှာပင် ယောင်လောင် ၏ စိုးရိမ်တကြီး အော်ဟစ်သံမှာ ရှောင်ယန် ၏ စိတ်ထဲတွင် မြည်ဟည်းသွားသည်။
"ဆရာ"
ဤအသံကို ကြားလိုက်ရသောအခါ ရှောင်ယန် ၏ မျက်ဝန်းများ ချက်ချင်း လင်းလက်သွားသည်။ နောက်ဆုံးမိနစ်တွင် ဆေးဆရာအိုကြီးက ဝင်ရောက်ကူညီပေးခဲ့ခြင်း ဖြစ်ကြောင်း သူ သိလိုက်ရသည်။ အချိန်ဆွဲမနေတော့ဘဲ ရှောင်ယန် သည် သူ၏ အင်အားအားလုံးကို အသုံးချကာ ဝေးရာသို့ အမြန်ဆုံး ထွက်ပြေးလွတ်မြောက်သွားတော့သည်။
"ဘာ"
ဤအခိုက်အတန့်တွင် မူရှီ သည် ရှောင်ယန် ၏ ပုံရိပ်မှာ ဝေးသထက် ဝေးသွားသည်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသော်လည်း လိုက်လံဖမ်းဆီးခြင်း မပြုတော့ပေ။ ခုနလေးတင်က သူသည် ရှောင်ယန် ကို ချက်ချင်း သတ်ပစ်နိုင်သော်လည်း နောက်ဆုံးမိနစ်တွင် အစွမ်းထက်သော အင်အားတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ တိုက်ခိုက်မှုကို ချေဖျက်သွားခဲ့သည်။
ထိုကောင်လေး၏ အနီးအနားတွင် သူ့ကို တိတ်တဆိတ် ကူညီပေးနေသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ရှိနေရမည်ဟု မူရှီ နားလည်လိုက်သည်။ ထို့ကြောင့် သူ ဆက်လက် မလိုက်တော့ပေ။ ခေတ္တခဏ ဒေါသဖြေရန်အတွက် လျှို့ဝှက်ဆန်းပြားသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးကို ရန်စခြင်းမှာ ရှုံးနိမ့်မှုသာ ဖြစ်လိမ့်မည်။
ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စူးစမ်းကြည့်သော်လည်း မည်သည့် ထူးခြားမှုကိုမျှ မတွေ့ရသဖြင့် သူသည် လှည့်ပြန်လာခဲ့သည်။
...
မူရှီ ဝမ်ယောင်ဆေးဆိုင်အဝင်ဝသို့ ပြန်ရောက်သောအခါ ဝမ်ယောင်ဆေးဆိုင် တစ်ခုလုံးတွင် ရှောင်ယီရှန်းမှတစ်ပါး အသက်ရှင်ကျန်ရစ်သူ တစ်ဦးမျှ မရှိတော့ချေ။
၎င်းကို မြင်သော်လည်း မူရှီ သည် မည်သည့် သနားညှာတာမှုမျှ မရှိပေ။ သူ၏ စိတ်ထဲတွင် သူ၏သား သေဆုံးသွားပြီဖြစ်ရာ မြို့ငယ်လေးရှိ လူတိုင်းသည် သူ၏သားနှင့်အတူ မြေမြှုပ်ခံရမည်မှာ တရားမျှတသည်ဟုသာ တွေးထားသည်။
ယခုအချိန်တွင် မူရှီ သည် မိစ္ဆာတစ်ကောင်ကဲ့သို့ ရူးသွပ်နေပြီ ဖြစ်သည်။ သူ၏ အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့သော မျက်လုံးများမှာ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။
"မြို့ငယ်လေးက လူတွေအားလုံး နားထောင်ကြစမ်း အကယ်၍ ငါ့သားကို သတ်တဲ့ တိရစ္ဆာန်လေးက မနက်ဖြန် မွန်းတည့်ချိန်အထိ ပေါ်မလာဘူးဆိုရင် ငါ ရှောင်ယီရှန်း ရဲ့ အရေခွံကို အရှင်လတ်လတ် ခွာပြီး မြို့ငယ်လေးရိုးပေါ်မှာ ချိတ်ဆွဲထားမယ်။"
စကားဆုံးသည်နှင့် မူရှီ က ရှောင်ယီရှန်း ၏ အင်္ကျီကော်လာကို ဆွဲကိုင်လိုက်သည် "ဌာနချုပ်ကို ပြန်ကြမယ်။"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်"
ထို့နောက် ဝံပုလွေခေါင်း ကြေးစားအဖွဲ့ဝင် ရာပေါင်းများစွာတို့သည် ဝမ်ယောင်ဆေးဆိုင်မှ အုပ်စုလိုက် ထွက်ခွာသွားကြသည်။ မြေပြင်ပေါ်၌ ပြန့်ကျဲနေသော အလောင်းများကိုမူ သူတို့က တစ်ချက်ပင် လှည့်မကြည့်ကြချေ။ သူတို့၏ စိတ်ထဲတွင် မြေပြင်ပေါ်မှ အလောင်းများသည် ဝက်များ ခွေးများနှင့် မခြားနားပေ။ သူတို့သည် သတ်ဖြတ်ရန်သာ သိကြပြီး မည်သည့် လူသားဆန်မှုမျှ မရှိကြတော့ချေ။
…
ရှောင်ယီရှန်း ဝံပုလွေခေါင်း ကြေးစားအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်ဟူသော သတင်းမှာ မြို့ငယ်လေးတစ်ခွင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ စိတ်ဓာတ်ထက်သန်သော ကြေးစားစစ်သည် အများအပြားမှာ ဝံပုလွေခေါင်း ကြေးစားအဖွဲ့၏ လုပ်ရပ်ကို အလွန်အမင်း ရွံရှာမုန်းတီးကြသည်။ သို့သော် မူရှီ မှာ အလွန်အစွမ်းထက်လွန်းသဖြင့် မည်မျှပင် နာကျည်းနေကြပါစေ ရှောင်ယီရှန်း အတွက် ရှေ့ထွက်၍ စကားတစ်ခွန်းမျှ မပြောရဲကြချေ။
ယခုအခါတွင်မူ မူလီ ကို သတ်ခဲ့သော လျှို့ဝှက်ဆန်းပြားသူ အမြန်ဆုံး ပေါ်လာရန်သာ သူတို့ မျှော်လင့်နေကြတော့သည်။ မဟုတ်လျှင်မူ ကြင်နာတတ်သော ဤမိန်းကလေး ရှောင်ယီရှန်း သည် ဝံပုလွေခေါင်း ကြေးစားအဖွဲ့၏ ရက်စက်သော နည်းလမ်းများအောက်တွင် အမှန်တကယ်ပင် အသက်ပျောက်ရပေတော့မည်။
…
ဤအခိုက်အတန့်တွင် မိစ္ဆာသားရဲတောင်တန်းအတွင်း၌။
"ဟေး စနစ်... ဒီတစ်ခါ အဆင့်မြှင့်တင်ပြီးရင် ဘာလုပ်ဆောင်ချက်သစ်တွေ ထပ်ရမှာလဲ"
မူလက လင်းယွမ်သည် မိစ္ဆာသားရဲတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာသို့ တိုက်ရိုက်သွားပြီး ခရမ်းရောင်တောင်ပံခြင်္သေ့ဘုရင်၏ ဂူကို အရင်ဆုံး သိမ်းပိုက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ သို့သော် လမ်းခုလတ်တွင် စနစ်က အဆင့်မြှင့်တင်တော့မည်ဖြစ်ကြောင်း အသိပေးချက် ထွက်ပေါ်လာသဖြင့် သူ ရပ်တန့်လိုက်ရသည်။
[ပိုင်ရှင်အား အကြောင်းပြန်ချက် ဤစနစ် အဆင့်မြှင့်တင်မှုပြီးဆုံးသည်နှင့် "စကြဝဠာအနန္တ ကုန်တိုက်"ကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။]
[ပိုင်ရှင်၌ ကံကောင်းမှုရမှတ်လုံလောက်စွာ ရှိနေသရွေ့ "စကြဝဠာအနန္တ ကုန်တိုက်" မှ စကြဝဠာအနန္တတစ်ခွင်ရှိ ရတနာအမျိုးမျိုးကို လဲလှယ်ရယူနိုင်မည် ဖြစ်ပါသည်။]
စနစ်၏ အဖြေကို ကြားလိုက်ရသောအခါ လင်းယွမ်၏ မျက်ဝန်းများ တောက်ပသွားသည်။ "တကယ်လား ရတနာအမျိုးစုံ ရှိတာပေါ့"
[စနစ်က မလုပ်ဆောင်နိုင်တာ ဘာမှမရှိပါဘူး ပိုင်ရှင် မတွေးမိတာပဲ ရှိမှာပါ]
[ဒင် စနစ်သည် အဆင့်မြှင့်တင်ရန်အတွက် ခေတ္တအနားယူတော့မည် ဖြစ်ပါသည်။]
သုံး
နှစ်
တစ်
အသံအချို့ ထွက်ပေါ်လာပြီးနောက် စနစ်မှာ ငြိမ်သက်သွားသည်။ လင်းယွမ်သည် စနစ်ကို တစ်ချက် ဆဲဆိုလိုက်မိသည်။ သူသည် သူ၏ လမ်းကြောင်းအတိုင်း ဆက်သွားရန် ပြင်လိုက်စဉ်မှာပင်
ဘေးမှ ဖြတ်သွားသော ကြေးစားစစ်သည် နှစ်ဦး၏ စကားသံမှာ လင်းယွမ်၏ နားထဲသို့ ရှင်းရှင်းလင်းလင်း ရောက်ရှိလာလေသည်။