အခန်း ၃၂ သေချင်းဆိုးနဲ့ သေချင်နေတာလား
"ဒီဆေးပင်တွေက ရှားပါးရတနာတွေပဲ အပြင်မှာ ရှာဖို့ တော်တော်ခက်တာ ဒီမှာ ဒီလောက်အများကြီး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။"
ရှောင်ယီရှန်း အတော်လေး စိတ်လှုပ်ရှားနေသည်။
"ကဲပါ... အချိန်ဖြုန်းမနေနဲ့တော့ မြန်မြန်သိမ်းဆည်းလိုက်ဦး။"
ကလေးတစ်ယောက်လို ပျော်ရွှင်နေသော ရှောင်ယီရှန်း ကို ကြည့်ကာ လင်းယွမ်က အူယားဖားယားဖြင့် ခေါင်းခါလိုက်သည်။
"ကောင်းပါပြီ ဒါတွေရဲ့ ၁၀ ရာခိုင်နှုန်းပဲ ကျွန်မ ယူပါ့မယ်။"
အစပိုင်း စိတ်လှုပ်ရှားမှု လျော့သွားပြီးနောက် ရှောင်ယီရှန်း သည် လောဘမတက်ခဲ့ပေ။ ဤဂူထဲသို့ ရောက်လာရခြင်းမှာ လင်းယွမ်၏ ကျေးဇူးကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် သူမသည် ရတနာအများကြီးရရန် မျှော်လင့်မထားဘဲ လင်းယွမ်က သူမအတွက် အနည်းငယ် ချန်ထားပေးဖို့သာ မျှော်လင့်ထားခြင်း ဖြစ်သည်။
"မိုက်မဲတဲ့ မိန်းကလေးရယ်... ဒီဆေးပင်တွေအားလုံးရော ဟိုကျောက်သေတ္တာ သုံးလုံးထဲက အရာတွေပါ အကုန်ယူလိုက်ပါ။ ငါ့အတွက် စိတ်မပူနဲ့" ဟု လင်းယွမ်က ပြုံးလျက် ပြောလိုက်သည်။
သူ ဤနေရာသို့ လာရခြင်းမှာ ရှောင်ယန် အခွင့်အရေး မရစေရန် တားဆီးဖို့သာ ဖြစ်သည်။ ဂူထဲရှိ အရာများမှာ သူ၏ အမြင်၌ ဘာမှမဟုတ်ပေ။
"တကယ်လား"
ရှောင်ယီရှန်း မျက်တောင်တခတ်ခတ်ဖြင့် အတည်ပြုလိုက်သည်။
"သေချာတာပေါ့။"
"ဟေး ကျွန်မ ချမ်းသာပြီ"
လင်းယွမ်၏ အဖြေကို ကြားရသောအခါ ရှောင်ယီရှန်း သည် လက်သီးလေးများကို ဝှေ့ယမ်းကာ ဆေးပင်များရှိရာသို့ ပျော်ရွှင်စွာ ခုန်ပေါက်သွားတော့သည်။
လင်းယွမ်နှင့် ပတ်သက်၍ သူမ သိထားသလောက်ဆိုလျှင် သူ၏ အဆင့်အတန်းမှာ လုံးဝ မရိုးရှင်းကြောင်း သူမ ခန့်မှန်းနိုင်သည်။
ဤဂူထဲမှ ရတနာများသည် အခြားသူများအတွက် ကြီးမားသော အခွင့်အလမ်းဖြစ်သော်လည်း ဒုတိယအဆင့် မှော်အမြုတေကိုပင် အမှိုက်ဟု သတ်မှတ်သော လင်းယွမ်အတွက်မူ ဤအရာများသည် ဘာမှမဟုတ်ကြောင်း သူမ နားလည်လိုက်သည်။ ထို့ကြောင့် သူမ မငြင်းဆန်တော့ပေ။
"ဟင်"
ရှောင်ယီရှန်း တစ်ယောက် ဆေးပင်များကို ပျော်ပျော်ရွှင်ရွှင် သိမ်းဆည်းနေစဉ် လင်းယွမ်ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ ဂူအပြင်ဘက်တွင် စိမ်းသက်သော အသံပေါင်း ဒါဇင်နှင့်ချီ ပေါ်ပေါက်လာသည်ကို သူ သတိပြုမိလိုက်သည်။ ဤလူများသည် သိပ်မစွမ်းလှဘဲ ယေဘုယျအားဖြင့် တိုက်ပွဲဝင်အလုပ်သင်အဆင့် ဝန်းကျင်သာ ရှိကြသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် လာရောက်သူမှာ မည်သူဖြစ်ကြောင်း လင်းယွမ်သိရှိလိုက်သည်။
ဝံပုလွေခေါင်း ကြေးစားအဖွဲ့။
မူလဇာတ်လမ်းတွင် ရှောင်ယီရှန်း ဂူထဲ၌ ရတနာရှာနေစဉ် မူလီက သူ၏လူများကို ဦးဆောင်ကာ အတင်းဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ရှောင်ယန် က ဇာတ်လိုက်အရှိန်အဝါ၏ အကူအညီဖြင့် ရှောင်ယီရှန်း ကို ဤနေရာမှ ထွက်ပြေးနိုင်အောင် ခေါ်ဆောင်သွားခဲ့သည်။
"တကယ်ကို သေတွင်းတူးနေတာပဲ"
လင်းယွမ်၏ နှုတ်ခမ်းဖျားတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။
"ကျေးဇူးတင်ပါတယ် လင်းယွမ်။ ဒီတစ်ခါ ဆေးပင်တွေ အများကြီး ရခဲ့တယ်။"
ဆယ်မိနစ်ကျော်အတွင်းမှာပင် ရှောင်ယီရှန်း သည် ပန်းခင်းထဲမှ ဆေးပင်အားလုံးကို သိမ်းဆည်းပြီးသွားသည်။ သူမ၏ မျက်နှာလေးမှာ နီမြန်းနေပြီး မျက်ဝန်းများထဲတွင် အပြုံးများ ပြည့်နှက်နေသည်။
လင်းယွမ်က ရှောင်ယီရှန်း ၏ ဆံပင်များကို ချစ်ခင်စွာ ပွတ်သပ်လိုက်ပြီး "ကြည့်ပါဦး... ဘယ်လောက်တောင် ပျော်နေလဲ" ဟု ဆိုသည်။
ထို့နောက် လင်းယွမ်သည် ကျောက်စားပွဲ၏ နောက်ဘက်သို့ လျှောက်သွားကာ အရိုးစုတစ်ခုထံမှ သော့သုံးချောင်းကို ဖြုတ်ယူလိုက်သည်။
လက်ချောင်းကို တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် သော့သုံးချောင်းမှာ ကျောက်စင်ပေါ်ရှိ သေတ္တာသုံးလုံးပေါ်သို့ ကျရောက်သွားသည်။
ကလစ်
ကြည်လင်သော အသံနှင့်အတူ ကျောက်သေတ္တာ သုံးလုံးမှာ ဖြည်းဖြည်းချင်း ပွင့်လာသည်။ ပထမသေတ္တာထဲတွင် ဆေးလုံးအချို့ ပါဝင်ဟန်တူသော ကျောက်စိမ်းပုလင်းတစ်လုံး ရှိနေသည်။ ဒုတိယနှင့် တတိယ သေတ္တာများထဲတွင်မူ လိပ်စာလိပ်နှစ်ခုစီ ပါရှိသည်။
ဤအရာများသည် "ခုနစ်ရောင်ခြယ် အဆိပ်ကျမ်း" နှင့် "ပျံသန်းခြင်းစွမ်းရည်" ဖြစ်ကြောင်း လင်းယွမ်သိထားသည်။ လင်းယွမ်ရှေ့သို့ တက်ကာ သေတ္တာသုံးလုံးထဲမှ အရာအားလုံးကို သိမ်းယူပြီး ရှောင်ယီရှန်း ကို ပေးလိုက်သည် "အပြင်ထွက်ကြရအောင်"
"အင်း။"
ရှောင်ယီရှန်း လည်း လင်းယွမ်ပေးသော လိပ်စာလိပ်နှင့် ကျောက်စိမ်းပုလင်းကို မငြင်းဘဲ လက်ခံယူလိုက်သည်။ ထို့နောက် သူတို့သည် လင်းယွမ်၏ နောက်မှလိုက်ကာ ဂူအပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။ ဤခရီးစဉ်မှ ရှောင်ယီရှန်း အတွက် အမြတ်များစွာ ရလိုက်သည်။
ယခုအခါ သူမသည် လင်းယွမ်အပေါ် အတိုင်းအထက်အလွန် ကျေးဇူးတင်နေမိသည်။ အားလုံးမှာ လင်းယွမ်ပေးသနားခဲ့ခြင်း မဟုတ်ပါလား။
နောင်တစ်ချိန် အခွင့်ရရင် သူ့ကျေးဇူးကို သေချာပြန်ဆပ်ရမယ်။
ရှောင်ယီရှန်း စိတ်ထဲမှ တွေးတောရင်း လျှောက်လာရာ မသိလိုက်ဘဲ ဂူအဝင်ဝသို့ ရောက်ရှိလာသည်။
"အား"
လင်းယွမ်ဂူအဝင်ဝသို့ ရောက်သောအခါ ရုတ်တရက် ရပ်လိုက်သော်လည်း ရှောင်ယီရှန်း မှာမူ ရှေ့မှ အခြေအနေကို သတိမထားမိဘဲ ဆက်လျှောက်လာမိသည်။ ထို့ကြောင့် သနားစရာကောင်းသော ရှောင်ယီရှန်း မှာ မျက်စိရှေ့၌ မှောင်အတိဖြစ်သွားပြီး လင်းယွမ်၏ ကျောပြင်ကို ဝုန်းခနဲ ဝင်တိုက်မိတော့သည်။
"ရှင်ကလည်း..."
ရှောင်ယီရှန်း တစ်ဖက်က နဖူးကို ပွတ်ရင်း တစ်ခုခုပြောရန် ပြင်လိုက်စဉ် ပတ်ဝန်းကျင် အခြေအနေမှာ တစ်မျိုးဖြစ်နေသည်ကို ရိပ်မိလိုက်သည်။ မော့ကြည့်လိုက်သောအခါ လင်းယွမ်၏ ရှေ့တည့်တည့်တွင် လူအုပ်ကြီးတစ်အုပ် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဦးဆောင်လာသူမှာ ဝံပုလွေခေါင်း ကြေးစားအဖွဲ့ ခေါင်းဆောင်၏ သားဖြစ်သူ မူလီ ပင် ဖြစ်သည်။
"ဟဲဟဲ... ရှောင်ယီရှန်း ဒီညနက်ကြီးမှာ ဘာလို့ တစ်ယောက်တည်း ထွက်လာတာလဲ ငါတို့အားလုံး မင်းအတွက် တော်တော် စိုးရိမ်နေကြတာ။"
မူလီ က ဟန်ဆောင်အပြုံးဖြင့် ရှေ့သို့ တက်လာကာ ရှောင်ယီရှန်း ကို လှမ်းပြောလိုက်သည်။ သူ၏ အကြည့်မှာ ရှောင်ယီရှန်း လက်ထဲမှ လိပ်စာဆီသို့ အမှတ်မထင် ရောက်ရှိသွားသည်။ ရှောင်ယီရှန်း က မူလီ ၏ အကြည့်ကို သတိပြုမိသွားကာ သူမ၏ လက်များကို ကျောနောက်သို့ အလိုအလျောက် ဝှက်လိုက်သည်။
ထို့နောက် အတင်းပြုံးကာ "စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် လူငယ်တပ်မှူး ကျွန်မ လေကောင်းလေသန့် ထွက်ရှူတာပါ" ဟု ပြောလိုက်သည်။
"တကယ်ရော ဟုတ်ရဲ့လား"
မူလီ က ရှောင်ယီရှန်း ၏ စကားကို မယုံဘဲ ယုတ်မာစွာ ရယ်မောလိုက်သည်။
"သေချာတာပေါ့။"
ရှောင်ယီရှန်း အနည်းငယ် စိတ်မအေးသလို ဖြစ်သွားပြီး လင်းယွမ်၏ အနားသို့ တိုးကပ်လိုက်သည်။
"မစ္စ ရှောင်ယီရှန်း... မင်းကိုင်ထားတဲ့ လိပ်စာလိပ်က ဘာလဲဆိုတာ ငါ့ကို ပြောပြလို့ ရမလား ငါ တစ်ချက်လောက် ကြည့်ပါရစေ။"
စကားအနည်းငယ် ပြောပြီးနောက် မူလီ မှာ စိတ်မရှည်တော့ဘဲ တိုက်ရိုက်ပင် မေးလိုက်တော့သည်။
"လူငယ်တပ်မှူး မှားနေပြီထင်တယ် ကျွန်မလက်ထဲမှာ ဘာလိပ်စာလိပ်မှ မရှိပါဘူး။"
ရှောင်ယီရှန်း က လိပ်စာလိပ်နှင့် ကျောက်စိမ်းပုလင်းကို အင်္ကျီအတွင်း၌ တိတ်တဆိတ် ဝှက်လိုက်ပြီး သူမ၏ လက်ထဲတွင် ဘာမှမရှိကြောင်း ပြသရန် ပုခုံးတွန့်ပြလိုက်သည်။
"ဟွန်း... ရှောင်ယီရှန်း ငါ မင်းနဲ့ စကားအရှည်ကြီး ပြောမနေချင်တော့ဘူး။ ဂူထဲက ရခဲ့တဲ့ ရတနာတွေကို အခုချက်ချင်း ထုတ်ပေးစမ်း။"
မူလီ ၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်သော အသွင်သို့ ပြောင်းလဲသွားပြီး သူ၏ အစွယ်ကို ထုတ်ပြလိုက်ပြီ ဖြစ်သည်။
"လူငယ်တပ်မှူး... ကျွန်မ ဘာရတနာမှ မတွေ့ခဲ့ပါဘူး။" ဟု ရှောင်ယီရှန်း က ပြန်ပြောသည်။
"တောက်... အရှက်မရှိတဲ့ မိန်းမ ပါးပါးနပ်နပ်နဲ့ ရတနာကို ထုတ်ပေးတာ ကောင်းလိမ့်မယ်။ မဟုတ်ရင် မင်းကို အဝတ်အစားတွေ အကုန်ချွတ်ပြီး ငါ့ညီအစ်ကိုတွေကို အပန်းဖြေခိုင်းလိုက်မယ်ဆိုတာ ယုံလိုက်စမ်း။"
မူလီ ၏ မျက်နှာတွင် ညစ်ညမ်းသော အပြုံးတစ်ခု ပေါ်လာသည်။ "ဒီလောက်များတဲ့ ညီအစ်ကိုတွေနဲ့ဆိုရင် မင်းကို နတ်ပြည်ရောက်သွားအောင် သူတို့ လုပ်ပေးနိုင်လိမ့်မယ်လို့ ငါထင်တယ်နော်။"
"ရှင်... အရှက်မရှိလိုက်တာ။"
ရှောင်ယီရှန်း ဒေါသထွက်လွန်းသဖြင့် သွားများပင် တုန်ယင်နေသည်။ မူလီ မှာ လူကောင်းမဟုတ်ကြောင်း သူမ သိထားသော်လည်း တိရစ္ဆာန်ထက်ပင် ယုတ်ညံ့သော လူယုတ်မာ ဖြစ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"ဟဲဟဲ... ငါက အရှက်မရှိရုံတင်မကဘူး အတော်လေးလည်း ညစ်ပတ်တာ။"
မူလီ က လက်ဝါးချင်း ပွတ်ကာ ရှောင်ယီရှန်း ၏ ကိုယ်လုံးကို မကောင်းသော အကြည့်များဖြင့် အထက်အောက် စုန်ဆန် ကြည့်နေတော့သည်။
"သေလိုက်စမ်း... အသိဉာဏ်မရှိတဲ့ အကောင်တွေ ဒီကနေ အခုချက်ချင်း လစ်လိုက်ကြတော့"
ထိုစဉ်မှာပင် လင်းယွမ်က မူလီ ၏ အမြင်အာရုံကို ပိတ်ဆို့ကာ ရုတ်တရက် ရှေ့သို့ ထွက်လာပြီး ဆဲဆိုလိုက်သည်။
"တောက်... မင်းက ဘယ်သူမို့လို့ ငါတို့ လူငယ်တပ်မှူးကို စော်ကားရဲတာလဲ"
"ကောင်လေး... မင်း အသက်မရှင်ချင်တော့ဘူးလား"
"အခုချက်ချင်း ဒူးထောက်ပြီး လူငယ်တပ်မှူးကို တောင်းပန်စမ်း"
လင်းယွမ်စကားဆုံးသည်နှင့် မူလီ ၏ နောက်မှ အပေါင်းအပါများမှာ ချက်ချင်းပင် ဟိတ်ဟန်ထုတ်ကာ ခြိမ်းခြောက်ကြတော့သည်။
အစပိုင်းတွင် မူလီ သည် လင်းယွမ်ကို သတိပြုမိသော်လည်း ထည့်မတွက်ခဲ့ပေ။ သူ၏ အမြင်တွင် လင်းယွမ်မှာ သူနှင့် အသက်တူတူလောက်သာ ရှိပြီး သူ၏ ကိုယ်ပေါ်တွင်လည်း မည်သည့် စွမ်းအားအရှိန်အဝါမှ ထွက်ပေါ်နေခြင်း မရှိသဖြင့် အစွမ်းထက်သူတစ်ဦးဟု မထင်ခဲ့ပေ။ လင်းယွမ်စကားပြောလိုက်မှသာ သူ၏ အေးစက်သော အကြည့်ကို လင်းယွမ်ထံသို့ လှည့်လိုက်သည်။
"ကောင်လေး... မင်းက..."
"မင်း အမေအိမ်သွားပြီး သေလိုက်တော့။"
မူလီ က ခြိမ်းခြောက်စကား ပြောရန် ပြင်လိုက်စဉ်မှာပင် လင်းယွမ်က စိတ်မရှည်စွာဖြင့် သူ၏ ပါးကို ဖြတ်ရိုက်လိုက်သည်။
ဖြောင်း
ကြည်လင်ပြတ်သားသော အသံမှာ အားလုံး၏ နားထဲသို့ ရောက်ရှိသွားသည်။ ထို့နောက် မူလီ ၏ ခန္ဓာကိုယ်မှာ လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ နောက်သို့ လွင့်ထွက်သွားတော့သည်။