အခန်း ၃၁ ဂူအတွင်းသို့ ဝင်ရောက်ခြင်း
နေပါဦး ဒါက ဒုတိယအဆင့် အမြုတေလေ လမ်းဘေးက ဂေါ်ဖီထုပ်မဟုတ်ဘူး။
ဆေးဖော်စပ်တာပဲဖြစ်ဖြစ် လက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေ ပြုလုပ်တာပဲဖြစ်ဖြစ် ဒါက အကြီးအကျယ် အထောက်အကူပြုတာ။ ရှောင်ယီရှန်း သိထားသလောက်တော့ ဒုတိယအဆင့် အမြုတေတစ်ခုဟာ အခုဆို ရွှေဒင်္ဂါးပြား သောင်းနဲ့ချီ ပေါက်ဈေးရှိနေတာ။ ဒါတောင်မှ ဝယ်ချင်တိုင်း ဝယ်လို့မရတဲ့ ပစ္စည်းမျိုး။
ဒါပေမဲ့ ဒီအဖြုန်းအတီးကောင် လင်းယွမ်ကတော့ ဒီလောက်တန်ဖိုးရှိတဲ့ ဒုတိယအဆင့် အမြုတေကို လွှင့်ပစ်ဖို့ လုပ်နေတယ်ပေါ့လေ သူ တန်ဖိုးကိုရော သိရဲ့လား။
"ရှင်က လူအလား ဒုတိယအဆင့် အမြုတေရဲ့ တန်ဖိုးကို ရှင်မသိဘူးလား"
အသက်ရှင်ရပ်တည်ဖို့အတွက် မိစ္ဆာသားရဲတွေကို အသက်နဲ့ရင်းပြီး လိုက်လံအမဲလိုက်နေရတဲ့ ကြေးစားစစ်သည်တွေကို တွေးမိပြီး ရှောင်ယီရှန်း ဒေါသထွက်လာသည်။ သူမက ပြောလိုက်သည်
"ဒီမိစ္ဆာသားရဲတောင်တန်းမှာ ပထမအဆင့် အမြုတေ တစ်ခုတည်းအတွက်နဲ့ ကြေးစားစစ်သည် ဘယ်နှယောက် သေလုမတတ် တိုက်ပွဲဝင်ခဲ့ရလဲဆိုတာ ရှင်သိလား။ ဒီအမြုတေလေး တစ်ခုအတွက် ကြေးစားစစ်သည် ဘယ်နှယောက် အသက်ပေးခဲ့ရလဲဆိုတာ ရှင်ရော သိရဲ့လား"
ဤနေရာတွင် ရှောင်ယီရှန်း၏ လေသံမှာ ပိုမိုပြင်းထန်လာပြီး သူမက ဆက်ပြောသည် "ဒါပေမဲ့ ရှင်ကတော့ ဘာလဲ ဒီလောက်ကောင်းတဲ့အရာကို လွှင့်ပစ်တော့မလို့လား ဒါက နှမြောစရာကောင်းတယ်ဆိုတာ ရှင်မသိဘူးလား"
လင်းယွမ်မှာ ရှောင်ယီရှန်း၏ စကားကြောင့် မှင်တက်သွားရသည်။ ငါက ဘယ်တုန်းက ဒီလောက် အဖြုန်းအတီးကောင် ဖြစ်သွားရတာလဲ
လင်းယွမ်အနည်းငယ် အားနာသွားမိသည်။ သူ၏ သိုလှောင်လက်စွပ်ထဲရှိ အနိမ့်ဆုံးအဆင့် အမြုတေတောင်မှ တတိယအဆင့်ရှိသည်။
ထို့အပြင် ၎င်းထဲတွင် သတ္တမအဆင့် မီးဓာတ်မှော်အမြုတေတစ်ခုနှင့် ဆဋ္ဌမအဆင့် မှော်အမြုတေ ဆယ်ခုကျော်ပင် ရှိသေးသည်။ ပဉ္စမအဆင့်အောက်ရှိ အမျိုးမျိုးသော မှော်အမြုတေများကို ပေါင်းလိုက်လျှင် အိတ်တစ်အိတ်စာလောက် ရှိပေလိမ့်မည်။
ဒုတိယအဆင့် အမြုတေလေးတစ်ခုမှာ လင်းယွမ်အတွက်တော့ အမှိုက်သဖွယ်သာ ဖြစ်သည်။
"ရှောင်ယီရှန်းရယ် ဒီအမှိုက်က ငါ့အတွက် တကယ်ကို အသုံးမဝင်လို့ပါ။"
လင်းယွမ်က အားကိုးရာမဲ့စွာဖြင့် ပုခုံးတွန့်လိုက်ပြီးနောက် "ဒါဆို မင်းကိုပဲ ပေးလိုက်မယ်လေ ဟုတ်ပြီလား"
ပြောပြီးသည်နှင့် လင်းယွမ်က မှော်အမြုတေကို ရှောင်ယီရှန်း၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။
"ဒါက..."
ရှောင်ယီရှန်းသည် သူမ၏လက်ထဲရှိ မှော်အမြုတေကို ကြည့်ကာ ဘာလုပ်ရမှန်းမသိ ကြောင်တောင်တောင် ဖြစ်သွားသည်။ နောက်ဆုံးတော့ သူမနဲ့ လင်းယွမ်က ခုလေးတင်မှ ဆုံတွေ့ကြတာလေ။ ဒီလိုလက်ဆောင်မျိုးကို အလွယ်တကူ လက်ခံလိုက်ရင် မသင့်တော်ဘူး မဟုတ်လား။
ဒါပေမဲ့ ဒီ ဒုတိယအဆင့် မှော်အမြုတေကို ဆေးမှုန့်ပြုလုပ်ရာမှာ အသုံးပြုရင် လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်မှာ။ ဒါက ရှောင်ယီရှန်းကို ဆုံးဖြတ်ရခက်စေသည်။
ရှောင်ယီရှန်း၏ စိုးရိမ်မှုကို ရိပ်မိပုံရသော လင်းယွမ်က စနောက်လိုက်သည် "မင်း ဒါကို မယူဘူးဆိုရင်တော့ ငါ တကယ်ပဲ လွှင့်ပစ်လိုက်တော့မယ်နော်။"
"မလုပ်နဲ့လေ"
ဤတစ်ကြိမ်တွင်တော့ ရှောင်ယီရှန်းမှာ အံ့သြဖွယ်ကောင်းလောက်အောင် မြန်ဆန်လှသည်။ သူမက မှော်အမြုတေကို သူမ၏ အင်္ကျီအတွင်းသို့ လျှင်မြန်စွာ ထည့်လိုက်တော့သည်။
"ဟဲဟဲ။"
လင်းယွမ်တစ်ယောက်တည်း ပြုံးလိုက်မိသည်။ ဒီမိန်းကလေးက အတော်လေး ချစ်စဖို့ကောင်းသားပဲ။
၎င်းတို့နှစ်ဦးမှာ ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာကြရာ မကြာမီမှာပင် လျှို့ဝှက်ထားသော ဂူအဝင်ဝတစ်ခု ရှေ့သို့ ရောက်ရှိလာကြသည်။
လင်းယွမ်က ခြေလှမ်းများကို ရပ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည် "မင်း ဒီဂူထဲက အရာတွေအတွက် လာတာ မဟုတ်လား"
ယခုအခါ ဤနေရာသို့ ရောက်ရှိနေပြီဖြစ်သဖြင့် ရှောင်ယီရှန်းလည်း ဖုံးကွယ်မထားတော့ပေ။
"ဟုတ်ပါတယ် ကျွန်မ ဆေးပင်ရှာရင်း ဒီဂူကို တွေ့ခဲ့တာပါ။ ဒါက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကျင့်ကြံရာဂူ ဖြစ်ရမယ် ဒါပေမဲ့ ကျွန်မ ဝင်လို့မရဘူး။"
အကယ်၍ တခြားသူသာဆိုလျှင် ရှောင်ယီရှန်းဤမျှ ပွင့်လင်းမည်မဟုတ်ပေ။ သို့သော် အကြောင်းရင်းမရှိဘဲ သူမသည် လင်းယွမ်ကို နားမလည်နိုင်လောက်အောင် ယုံကြည်မိနေသည်။ သူမနောက်သို့ တိတ်တဆိတ်လိုက်လာသော ထိုလူကို မောင်းထုတ်ပေးခဲ့သည်ကို ထားလိုက်ဦး လင်းယွမ်၏ ခွန်အားမှာ အနည်းဆုံး ကြီးမြတ်သော တိုက်ပွဲဝင်ဆရာကြီးအဆင့်ရှိသည်။
အကယ်၍ သူက သူမကို တစ်ခုခုလုပ်ချင်လျှင် သူမအနေဖြင့် ခုခံနိုင်စွမ်း လုံးဝရှိမည်မဟုတ်ပေ။ ထို့ကြောင့် ရှောင်ယီရှန်းသည် လင်းယွမ်အပေါ် မည်သည့်သတိမှ ထားမနေတော့ပေ။
"လာပါ ငါ မင်းကို အထဲခေါ်သွားမယ်။"
ပြောပြောဆိုဆို လင်းယွမ်သည် ရှောင်ယီရှန်း ၏ လက်ကလေးကို အမှတ်မထင် ဆုပ်ကိုင်လိုက်ပြီး ဂူအဝင်ဝဆီသို့ ခြေလှမ်းပြင်လိုက်သည်။
"အဲ..."
လင်းယွမ်က သူမ၏ ကျောက်စိမ်းကဲ့သို့ နုနယ်သောလက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သဖြင့် ရှောင်ယီရှန်း တုန်လှုပ်သွားရသည်။ သူမ၏ ဘဝတွင် အမျိုးသားတစ်ဦးက ဤကဲ့သို့ လက်ကိုပထမဆုံးအကြိမ် ဆုပ်ကိုင်ခံရခြင်း ဖြစ်သည်။ ထိုသို့ ထိတွေ့လိုက်ရခြင်းက ရှောင်ယီရှန်း ၏ လှပသော မျက်နှာလေးကို ချက်ချင်းပင် နီမြန်းသွားစေသည်။ ကံကောင်းထောက်မစွာဖြင့် ညမှောင်နေသဖြင့် လင်းယွမ်မတွေ့လိုက်ပေ။
ထို့ကြောင့် ရှောင်ယီရှန်း သည် ရုပ်သေးရုပ်လေးတစ်ရုပ်ကဲ့သို့ လင်းယွမ်ဆွဲခေါ်ရာနောက်သို့ ပါသွားတော့သည်။
ဂူထဲသို့ ဝင်ပြီးနောက် လင်းယွမ်မှာ လမ်းတစ်လျှောက် မဆိုင်းမတွ တိုးဝင်သွားသည်။ ဤအတောအတွင်း အသိဉာဏ်မရှိသော မိစ္ဆာသားရဲအချို့နှင့် တွေ့ဆုံခဲ့သော်လည်း ၎င်းတို့အားလုံးမှာ သူ၏ ကြီးမားလှသော စွမ်းအားအောက်တွင် ပျက်စီးသွားကြသည်။
"အရမ်း အစွမ်းထက်တာပဲ"
ရှောင်ယီရှန်း ၏ အသက်ရှူသံများမှာ ပြင်းထန်လာသည်။ လင်းယွမ်၏ နတ်ဘုရားသဖွယ် စွမ်းအားများကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီ မဟုတ်ပါလား။
ဤခရီးတစ်လျှောက်တွင် မည်သည့်အဆင့်ရှိ မိစ္ဆာသားရဲဖြစ်စေ လင်းယွမ်၏ တိုက်ခိုက်မှု တစ်ချက်ကိုပင် မခံနိုင်ကြပေ။ ခုနတင်ကပဲ လင်းယွမ်က လက်ကို အမှတ်မထင် ဝေ့ယမ်းလိုက်ရုံဖြင့် တတိယအဆင့် မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်မှာ တစစီ ဖြစ်သွားသည်ကို သူမ မြင်လိုက်ရသည်။ ဤအခြေအနေက လင်းယွမ်၏ ခွန်အားအပေါ် ရှောင်ယီရှန်း ၏ နားလည်မှုကို ပိုမိုနက်ရှိုင်းစေခဲ့သည်။
မကြာမီမှာပင် သူတို့နှစ်ဦးမှာ ကျောက်တံခါးရှေ့ရှိ လမ်းတစ်ခုသို့ ရောက်ရှိလာကြသည်။
"ဒီ ကျောက်တံခါးမှာ စက်ကွင်းတွေ ရှိတယ်။ ကျွန်မ စက်ကွင်းတွေအကြောင်း စာအုပ်အချို့ ဖတ်ဖူးတယ် ဒါကို ဖြေရှင်းဖို့ သိပ်မခက်လောက်ဘူး ထင်တယ်" ဟု ဆိုကာ ရှောင်ယီရှန်း သည် ကျောက်တံခါးပတ်ပတ်လည်ကို စမ်းသပ်ကြည့်ရာ မကြာမီ လျှို့ဝှက်ချက်ကို သိရှိသွားသည်။
"အဲဒါတွေ မလိုပါဘူး။"
လင်းယွမ်စကားဆုံးသည်နှင့် သူ၏လက်ဖဝါးပေါ်တွင် မှိန်ဖျော့ဖျော့ အလင်းတန်းများ ဖုံးလွှမ်းသွားသည်။ ထို့နောက် သူက ကျောက်တံခါးကို အသာအယာ တွန်းလိုက်သည်။
ဗုန်း
လေးလံလှသော ကျောက်တံခါးမှာ ချက်ချင်းပင် ကြေမွသွားတော့သည်။
"ဒါက..."
ရှောင်ယီရှန်း ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ဒီလောက်ပဲလား ဘုရားရေ... ဒီလူက ဘယ်လောက်တောင် အစွမ်းထက်တာလဲ
ဒီလို ထူထဲလှတဲ့ ကျောက်တံခါးကို ဖျက်ဆီးဖို့ဆိုရင် အနည်းဆုံးတိုက်ပွဲဝင်သခင်တစ်ယောက်ရဲ့ စွမ်းအား လိုအပ်တယ်ဆိုတာ ရှောင်ယီရှန်း သိထားသည်။ ထို့အပြင် ကျောက်တံခါးပေါ်ရှိ စက်ကွင်းများသည် ကြီးမြတ်သော တိုင်ပွဲဝင်ဆရာသခင် တစ်ယောက်ပင် အလွယ်တကူ ဖြတ်ကျော်နိုင်မည်မဟုတ်ကြောင်း သူမ ခန့်မှန်းထားသည်။
သို့သော် လင်းယွမ်ကမူ အသာအယာ တွန်းလိုက်ရုံဖြင့် ကျောက်တံခါးမှာ ကြေမွသွားသည်။ ဤအခိုက်အတန့်တွင် လင်းယွမ်သည် ရှောင်ယီရှန်း ၏ နှလုံးသားထဲ၌ လျှို့ဝှက်ဆန်းပြားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် တံဆိပ်ကပ်ခံလိုက်ရပြီ ဖြစ်သည်။
"သွားကြရအောင်"
ကျောက်တံခါး ပျက်စီးသွားသည်နှင့် လင်းယွမ်သည် ရှောင်ယီရှန်း ၏ ရှေ့မှနေ၍ ဆက်လက် လျှောက်လှမ်းသွားသည်။
"ဒီလူက ပေါ့ပေါ့ပါးပါး နေတတ်ပုံရပေမဲ့ ဒီလောက်အထိ အသေးစိတ် ဂရုစိုက်တတ်လိမ့်မယ်လို့ ငါမထင်ထားဘူး။"
လင်းယွမ်၏ အမှတ်မထင် ဂရုစိုက်ပေးမှုကို သတိပြုမိလိုက်သဖြင့် ရှောင်ယီရှန်း စိတ်လှုပ်ရှားသွားရသည်။ သူမ၏ နှုတ်ခမ်းဖျားတွင် လှပသော အပြုံးတစ်ခု ပေါ်လာပြီး လင်းယွမ်၏ နောက်မှ ပျော်ရွှင်စွာ လိုက်ပါသွားတော့သည်။
ဂူ၏ အလယ်ဗဟိုတည့်တည့်တွင် လင်းယွမ်သည် အတော်အတန် ကျယ်ဝန်းလှသော ကျောက်ပြာစင်မြင့်တစ်ခုကို တွေ့ရှိလိုက်ပြီး ၎င်းပေါ်တွင် သော့ခတ်ထားသော ကျောက်သေတ္တာ သုံးလုံးကို သပ်သပ်ရပ်ရပ် စီထားသည်ကို တွေ့ရသည်။ ထို့အပြင် ကျောက်ခန်းမ၏ ထောင့်သုံးထောင့်တွင် တောက်ပနေသော ရွှေဒင်္ဂါးပြားများနှင့် အခြားအဖိုးတန် ရတနာများစွာ ရှိနေသည်။ ရွှေဒင်္ဂါးပမာဏမှာ အနည်းဆုံး သောင်းနဲ့ချီ ရှိပေလိမ့်မည်။
သို့သော် လင်းယွမ်ကမူ ထိုအရာများကို အမှတ်မထင်သာ ကြည့်ပြီး မျက်နှာလွှဲလိုက်သည်။ ဤလောကီပစ္စည်းများမှာ လင်းယွမ်အတွက် စိတ်ဝင်စားစရာ မဟုတ်ပေ။ သူအလိုရှိလျှင် ဤကဲ့သို့အရာများကို လိုသလောက် ရနိုင်သည် မဟုတ်ပါလား။
သို့သော် ထောင့်တစ်နေရာရှိ သေးငယ်သော ပန်းခင်းလေးက လင်းယွမ်ကို အံ့သြသွားစေသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် အမျိုးမျိုးသော ဆေးဖက်ဝင်အပင်များကို စိုက်ပျိုးထားပြီး မွှေးရနံ့များ ထွက်ပေါ်နေသောကြောင့် ဖြစ်သည်။
"ခရမ်းပြာရောင်အရွက်တွေ ဂျင်ဆင်းဖြူသီး နှင်းကြာစေ့..."
ရှောင်ယီရှန်း ၏ လှပသော မျက်ဝန်းများမှာ ထိုပန်းခင်းလေးဆီသို့ ရောက်ရှိသွားပြီး ဆေးပင်များကို တစ်ခုချင်း အမည်ခေါ်ရင်း စိတ်လှုပ်ရှားနေတော့သည်။
"ဘုရားရေ... ဒီမှာ ရေခဲဝိညာဉ် မီးတောက်မြက်တောင် ရှိတာပဲ"
အဖိုးတန်လှသော ဆေးပင်များစွာကို မြင်လိုက်ရသဖြင့် ရှောင်ယီရှန်း မှာ ပျော်လွန်းသဖြင့် ခုန်ပင် ခုန်မိတော့မည့်အလား ဖြစ်နေတော့သည်။