အခန်း ၃၀ ဒီအမှိုက်တွေကို ငါက ဘာလုပ်ရမှာလဲ
ထိုအချိန်တွင် ရှောင်ယန်၏ အနက်ရောင်ဝတ်ရုံမှာ စုတ်ပြတ်သတ်နေပြီဖြစ်သည်။ သူ၏ မျက်နှာတစ်ခုလုံးလည်း သွေးများဖြင့် ဖုံးလွှမ်းနေကာ ယင်းမှာ သူ၏သွေးလား သို့မဟုတ် သွေးဆာဝံပုလွေ၏ သွေးလားဆိုသည်ကို ခွဲခြားရန်ပင် ခက်ခဲလှသည်။
ယခုအချိန်အထိ ရှောင်ယန်သည် သွေးဆာဝံပုလွေ စုစုပေါင်း ဆယ်ကောင်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ သို့သော် သူတို့၏ အဖော်များ ကျဆုံးသွားခြင်းက ထိုမိစ္ဆာများကို ခြောက်လှန့်နိုင်ခြင်းမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုကိုသာ ပိုမိုလှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။
လက်ရှိတွင် ရှောင်ယန်ကို ဝိုင်းရံထားသော သွေးဆာဝံပုလွေ အနည်းဆုံး ၁၆ ကောင် သို့မဟုတ် ၁၇ ကောင်ခန့် ရှိနေသေးသည်။ ၎င်းတို့သည် သူတို့၏ ထက်မြက်သော သွားများကို ပေါ်အောင် ဖြဲပြလျက် ရှောင်ယန်ကို စိုက်ကြည့်နေကြသည်။
"ဟူး... ဟူး"
ရှောင်ယန်သည် အသက်ကို ခက်ခဲစွာ ရှူရှိုက်ရင်း ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်နေသည်။ သူ၏ ခွန်အားမှာ အဆုံးစွန်သို့ ရောက်ရှိနေပြီဖြစ်သည်။ သွေးဆာဝံပုလွေ ဆယ်ကောင်ကို သတ်ဖြတ်ပြီးနောက် သူ၏တိုက်ပွဲဝင်ချီစွမ်းအားများမှာလည်း ကုန်ခန်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ယခုအခါ ရှောင်ယန်သည် သူ့ကို ဤနေရာသို့ ပစ်ချခဲ့သော လူကို အလွန်အမင်း နာကျည်းနေမိသည်။ ယင်းမှာ သူ့ကို သေတွင်းထဲသို့ တမင်သက်သက် ပို့ဆောင်လိုက်ခြင်းပင် မဟုတ်ပါလား ရှောင်ယန်သည် သူ့ကို မည်သူက လုပ်ကြံခဲ့သည်ကို သိရှိရပါက ထိုသူကို လုံးဝ လွှတ်ပေးမည်မဟုတ်ကြောင်း စိတ်ထဲမှ ကြုံးဝါးနေမိသည်။
"ဝူး..."
ရှောင်ယန်ထပ်မံ မစဉ်းစားနိုင်ခင်မှာပင် သွေးဆာဝံပုလွေများမှာ သူတို့၏ ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး ကျောချမ်းဖွယ်ကောင်းသော အူသံများကို ဆက်တိုက် ထွက်ပေါ်စေသည်။ ရှောင်ယန်တုံ့ပြန်ရန် အချိန်မရခင်မှာပင် ရှေ့ဆုံးမှ သွေးဆာဝံပုလွေမှာ သူ၏ ထက်မြက်သော လက်သည်းများကို ထုတ်ကာ ရှောင်ယန်ထံသို့ ခုန်အုပ်လိုက်တော့သည်။
"သေလိုက်စမ်း အကောင်"
စူးရှသော သွေးညှီနံ့မှာ သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာပြီး ရှောင်ယန်သည် ကျန်ရှိနေသော ချီစွမ်းအားအနည်းငယ်ကို စုစည်းကာ အော်ဟစ်ဆဲဆိုလိုက်သည်။
"အစွန်းရှစ်ပါး ပြိုလဲခြင်း"
ပြင်းထန်လှသော ထိုထိုးနှက်ချက်မှာ သွေးဆာဝံပုလွေ၏ လည်ပင်းတည့်တည့်သို့ ထိမှန်သွားသည်။
ကလစ်
အရိုးကျိုးသံနှင့်အတူ သွေးဆာဝံပုလွေမှာ ချက်ချင်းပင် သေဆုံးသွားတော့သည်။
ဗုန်း
သွေးဆာဝံပုလွေ သေဆုံးသွားပြီးနောက် ရှောင်ယန်၏ ခန္ဓာကိုယ်မှာလည်း နောက်သို့ တိုက်ရိုက် လဲကျသွားသည်။ ယခုအခါ သူ၏ သွေးကြောမျှင်များအတွင်း၌ မည်သည့် ချီစွမ်းအားမျှ ကျန်ရှိမနေတော့ပေ။ ကျန်ရှိနေသော သွေးဆာဝံပုလွေ အုပ်ကြီးကို ကြည့်ကာ ရှောင်ယန်၏ နှလုံးသားမှာ မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်သွားတော့သည်။
"ဟိန်း..."
ကျန်ရှိနေသော ဝံပုလွေများမှာ ရှောင်ယန်တိုက်ခိုက်နိုင်စွမ်း မရှိတော့သည်ကို သိရှိပုံရပြီး သူ့ထံသို့ ချက်ချင်းပင် ခုန်အုပ်လာကြသည်။ ၎င်းတို့မှာ တိရစ္ဆာန်များ ဖြစ်ကြသော်လည်း လဲကျနေသူကို ထပ်ဆင့်နှိပ်စက်ရမည်ဟူသော နိယာမကို သိရှိကြပုံရသည်။
"ပြီးပါပြီ..."
မိစ္ဆာဝံပုလွေများ နီးကပ်လာသည်နှင့်အမျှ ရှောင်ယန် သည် မျှော်လင့်ချက်မဲ့စွာဖြင့် မျက်လုံးများကိုသာ မှိတ်ထားလိုက်ရတော့သည်!။
ဘုန်း ဘုန်း ဘုန်း ဘုန်း
ရုတ်တရက် ရှောင်ယန်တစ်ယောက် သူ သေတော့မည်ဟု ထင်နေစဉ်မှာပင် ထူးဆန်းသော ရိုက်ခတ်သံများကို ကြားလိုက်ရသည်။ သူ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ ဝိညာဉ်သဏ္ဍာန် အဖိုးအိုတစ်ဦးမှာ သူ့ရှေ့တွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုပုံရိပ်ကို မြင်လိုက်ရသောအခါ ရှောင်ယန်မှာ ဝမ်းသာလွန်းသဖြင့် မျက်ရည်ပင် ကျလုနီးပါး ဖြစ်သွားသည်။ သူက အားနည်းသောအသံဖြင့် "ဆရာ... နောက်ဆုံးတော့ ထွက်လာပြီပဲ" ဟု ပြောလိုက်သည်။
"ဟွန်း... အသုံးမကျတဲ့ကောင် ဒီလောက်လေးနဲ့ လက်လျှော့လိုက်ပြီလား"
ယောင်လောင်ထွက်ပေါ်လာသည်နှင့် အရိုးဖြူဝိညာဉ်မီးတောက်များမှာ သူ၏ လက်သီးတွင် ချက်ချင်း ဖုံးလွှမ်းသွားသည်။ ထို့နောက် လက်သီးတစ်ချက်တည်းဖြင့် သူ့ရှေ့ရှိ သွေးဆာဝံပုလွေ အားလုံးကို သုတ်သင်ပစ်လိုက်သည်။
"ဆရာ... ဒီသတ္တဝါတွေက အရမ်းများလွန်းတယ် ကျွန်တော် တကယ် မခံနိုင်တော့ဘူး" ရှောင်ယန်အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ သူ အစွမ်းကုန် ကြိုးစားခဲ့သည် မဟုတ်ပါလား သူ၏ ခွန်အားကသာ ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။
"ကောင်လေး... ဒါကို မှတ်ထား လူဆိုတာ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမျိုးနဲ့ ကြုံရမှသာ သူတို့ရဲ့ စွမ်းဆောင်ရည် အပြည့်အဝကို ထုတ်ဖော်နိုင်တာ။"
"အကယ်၍ ခုနက မင်းသာ လက်မလျှော့ဘဲ ခဏလောက် ထပ်ပြီး တောင့်ခံထားရင် မင်းက ကြယ်သုံးပွင့် တိုက်ပွဲဝင်အလုပ်သင်အဆင့်ကို ရောက်သွားနိုင်တယ်။"
"ဒါပေမဲ့ နောက်ဆုံးအခိုက်အတန့်မှာ မင်းက လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တယ် ဒါက ငါ့ကို အကြီးအကျယ် စိတ်ပျက်စေတယ်"
ဆေးဆရာအိုကြီးမှာ သူ၏တပည့်အပေါ် အနည်းငယ် စိတ်ပျက်နေပုံရသည်။ ရှောင်ယန်မြေပြင်ပေါ်သို့ မကျရောက်မီကပင် ပြင်းထန်သော စွမ်းအားတစ်ခုက သူ့ကို လွှမ်းမိုးထားခဲ့သည်။ သူ၏ ဝိညာဉ်အင်အားမှာ နာလန်မထူသေးသဖြင့် သူသည် သူ၏ အရှိန်အဝါအားလုံးကို ဖုံးကွယ်ထားပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်ထားခဲ့ရသည်။ ပြင်းထန်သော ဖိအားများ ပျောက်ကွယ်သွားမှသာ ပြင်ပအခြေအနေကို စစ်ဆေးရန် သူ ထွက်လာဝံ့ခြင်း ဖြစ်သည်။
ယောင်လောင်သည် ရှောင်ယန်တစ်ယောက်တည်း၏ ခွန်အားဖြင့် သွေးဆာဝံပုလွေ ဆယ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သည်ကို မြင်သောအခါ အစပိုင်းတွင် ကျေနပ်မိခဲ့သည်။ သို့သော် ဤစိတ်ပျက်စရာကောင်းသော ကောင်လေးမှာ နောက်ဆုံးအခိုက်အတန့်တွင် တောင့်မခံနိုင်ခဲ့ပေ။
အဖိုးအိုမှာ အလွန်အမင်း ဒေါသထွက်သွားသဖြင့် ချက်ချင်းထွက်လာပြီးရှောင်ယန်ကို ကိုယ်တိုင် သတ်ပစ်ချင်စိတ်ပင် ပေါက်သွားခဲ့သည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင် ရှောင်ယန်ကဲ့သို့ ပါရမီရှိသော တပည့်မျိုးကို ရှာရန် မလွယ်ကူသဖြင့် သူ့ကို ကယ်တင်ရန်သာ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်သည်။
"ဆရာ... ကျွန်တော် မှားသွားမှန်း သိပါပြီ"
ယောင်လောင်၏ ပြင်းထန်သော ပြစ်တင်စကားများကြောင့် ရှောင်ယန်မှာ အရှက်ရစွာဖြင့် ခေါင်းငုံ့ကာ အမှားကို ဝန်ခံလိုက်ရသည်။ ဆရာပြောတာ မှန်ပါသည်။ အကယ်၍ သူသာ လက်မလျှော့ဘဲ အဆုံးအထိ တောင့်ခံခဲ့လျှင် အဆင့်တက်သွားနိုင်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် စောစောက သူ၏ချီစွမ်းအား မှာ အနည်းငယ် တိုးတက်လာသည်ကို သူကိုယ်တိုင်လည်း ခံစားခဲ့ရသောကြောင့် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရှောင်ယန်က လက်သီးကို တင်းတင်းဆုပ်ကာ သူ၏ဆရာကို နောက်ဘယ်တော့မှ စိတ်မပျက်စေရဟု စိတ်ထဲမှ ကတိပြုလိုက်သည်။
"ဟူး... အရင်ဆုံး ခွန်အားတွေ ပြန်ဖြည့်လိုက်ဦး။"
ရှောင်ယန်၏ အမှားဝန်ခံသော အမူအရာကို မြင်သောအခါ ယောင်လောင်သည် ဘာမှ ထပ်မပြောတော့ဘဲ သက်ပြင်းသာ ချလိုက်တော့သည်။
ထို့နောက် သူ၏ လက်ချောင်းကို အသာအယာ ဝေ့ယမ်းလိုက်ရာ ချီစွမ်းအားဖြည့်တင်းဆေးလုံး တစ်လုံးမှာ ရှောင်ယန်ထံသို့ လွင့်ကျလာသည်။
ရှောင်ယန်က ဆေးလုံးကို ဖမ်းယူကာ ဘာမှမစဉ်းစားဘဲ မျိုချလိုက်သည်။ ဆေးလုံးမှာ သူ၏ ပါးစပ်ထဲသို့ ရောက်သည်နှင့် နွေးထွေးသော စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လည်ချောင်းထဲသို့ စီးဝင်သွားသည်။ မကြာမီမှာပင် သန့်စင်သော ဆေးစွမ်းအင်များမှာ သူ၏ ခြေလက်နှင့် အရိုးအဆစ်များအထိ ပျံ့နှံ့သွားတော့သည်။ ခေတ္တအကြာတွင် ရှောင်ယန် သည် ခွန်အားအချို့ ပြန်လည်ရရှိလာသည်။
သူသည် ချက်ချင်းပင် ထခုန်လိုက်ပြီး ဆရာဖြစ်သူကို ပြောလိုက်သည် "ဆရာ... သွားကြရအောင်"
ပြောပြီးသည်နှင့် သူသည် လှည့်ထွက်ရန် ပြင်လိုက်သည်။
"နေဦး"
ရှောင်ယန်ထွက်သွားတော့မည့်အပေါ် ယောင်လောင်က နောက်မှ လှမ်းအော်လိုက်သည်။
"အဲ..."
ရှောင်ယန်လန့်သွားကာ ချက်ချင်းရပ်လိုက်ပြီး ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်"ဆရာ... ဘာဖြစ်လို့လဲ"
"ဘာဖြစ်ရမှာလဲ... မင်းက အဖြုန်းအတီးကောင်ပဲ မိစ္ဆာအလောင်းတွေ ဒီလောက်များတာကို အထဲက အမြုတေတွေကို လွှင့်ပစ်ခဲ့မလို့လား"
ယောင်လာင်က ရှေ့သို့ လျှောက်လာပြီး ရှောင်ယန်၏ ခေါင်းကို ရိုက်လိုက်ရာ ရှောင်ယန်တစ်ယောက် ဒေါသထွက်လွန်းသဖြင့် သေပင် သေသွားနိုင်ပေသည်။
"အား"
ရှောင်ယန်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ခေါင်းကို ပွတ်နေမိသည်။ သို့သော် ဆရာဖြစ်သူ၏ စကားကို ကြားလိုက်ရသောအခါ သူ၏ မျက်လုံးများမှာ လင်းလက်သွားတော့သည်။ ဟုတ်သားပဲ... ဒီမှာ အဆင့် ၁ မိစ္ဆာသားရဲ ဒါဇင်ပေါင်းများစွာ ရှိနေတာ သူတို့ရဲ့ မှော်အမြုတေတွေက တန်ဖိုးရှိတဲ့ အရာတွေပဲ။ ဒီလောက်များတဲ့ အဆင့် ၁ အမြုတေတွေဆိုရင် ဘယ်လောက်တန်မလဲ။
ဒါကို တွေးမိသည်နှင့် ရှောင်ယန်သည် ဓားမြှောင်တစ်လက်ကို အမြန်ထုတ်ယူကာ သွေးဆာဝံပုလွေ အလောင်းများဆီသို့ အပြေးအလွှား သွားတော့သည်။
"ဒီနေ့တော့ ငါ တကယ်ကို ပျော်နေပြီ"
ရှောင်ယန်သည် အမြုတေများကို တူးထုတ်ရင်း သီချင်းတအေးအေးဖြင့် ပြုံးပျော်နေတော့သည်။
...
ဗုန်း
အခြားတစ်ဖက်တွင်မူ လင်းယွမ်သည် အသိဉာဏ်မဲ့သော မိစ္ဆာသားရဲတစ်ကောင်ကို အေးဆေးစွာ သတ်ဖြတ်လိုက်ပြီး ၎င်း၏အမြုတေကို ထုတ်ယူလိုက်သည်။
"တကယ့် အမှိုက်ပဲ"
လင်းယွမ်က သူ၏ လက်ထဲရှိ အဆင့် ၂ မှော်အမြုတေကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး ဘေးသို့ လွှင့်ပစ်ရန် ပြင်လိုက်သည်။
"နေပါဦး"
လင်းယွမ်က အဆင့် ၂ မိစ္ဆာသားရဲတစ်ကောင်ကို အလွယ်တကူ သတ်ဖြတ်လိုက်သည်ကို မြင်သောအခါ ဆရာဝန်မလေးမှာ မှင်တက်သွားရသည်။ ယခုအခါ သူမ၏ ခန့်မှန်းချက်မှာ လုံးဝ မှန်ကန်သွားပြီဖြစ်သည်။
လင်းယွမ်သည် သေချာပေါက် ကြီးမြတ်သော တိုက်ပွဲဝင်ဆရာကြီးတစ်ဦး ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် အဆင့် ၂ မိစ္ဆာသားရဲကို ဤမျှ လွယ်လွယ်ကူကူ သတ်နိုင်မည် မဟုတ်ပေ။
သို့သော် နောက်တစ်စက္ကန့်တွင် လင်းယွမ်က ထိုအမြုတေကို လွှင့်ပစ်တော့မည်ကို မြင်သောအခါ သူမက တားဆီးလိုက်သည် "ဒါက အဆင့် ၂ အမြုတေလေ ရှင် သိမ်းမထားဘူးလား"
"ဒီလို အမှိုက်တွေကို ဘာလို့ သိမ်းထားရမှာလဲ နေရာပဲ ပုပ်တယ်" လင်းယွမ်က ရွံရှာသော အမူအရာဖြင့် ခေါင်းခါလိုက်သည်။
သူ၏ သိုလှောင်လက်စွပ်ထဲတွင် ရတနာများစွာ ရှိနေသဖြင့် အဆင့် ၂ အမြုတေလေး တစ်ခုကို သူ လုံးဝ ဂရုမစိုက်ပေ။
ဘုရားရေ အမှိုက်တဲ့လား
ဆရာဝန်မလေးမှာ သူမ၏ နဖူးကို လက်ဖြင့် ရိုက်လိုက်ပြီး သူမ၏ ကမ္ဘာကြီးမှာ ပြိုလဲတော့မည့်အလား ခံစားလိုက်ရတော့သည်။