အခန်း ၃ ဘုရင်မ မဒူဆာကို ယဉ်ပါးအောင် လုပ်ခြင်း
ဖြောင်းခနဲမြည်သံမှာ သူတို့နှစ်ဦး၏ နားထဲသို့ ရှင်းလင်းစွာ တိုးဝင်လာသည်။
နောက်ဘက်မှ ပူထူသွားသော နာကျင်မှုကို ခံစားလိုက်ရပြီးနောက် ဘုရင်မ မဒူဆာ တစ်ယောက် စိတ်ဓာတ်များ ပြိုလဲသွားရသည်။
ထိုယုတ်မာသော လူသားက တကယ်ပဲ သူမ၏ ထိုနေရာကို ရိုက်လိုက်တာလား။
မြွေလူသားမျိုးနွယ်၏ အမြင့်မြတ်ဆုံးသော ဘုရင်မမှာ လူသားတစ်ဦး၏ ဖင်ရိုက်ခြင်းကို ခံလိုက်ရသည်လား။
သူ ဘယ်လိုတောင် သတ္တိရှိနေရတာလဲ
"ခုထိ ဆိုးချင်သေးတာလား ငါ့ကို လက်ပါဖို့ ခုထိ ကြံစည်နေတုန်းပဲလား"
လင်းယွမ်က ကြမ်းတမ်းစွာ ပြောဆိုနေသော်လည်း သူ၏လက်များမှာမူ အညှာအတာ ကင်းမဲ့နေဆဲပင်။
ဖြောင်း
နောက်ထပ် လက်ဝါးချက်တစ်ခု ပြင်းထန်စွာ ကျရောက်သွားပြန်သည်။
"နိမ့်ကျတဲ့ လူသား... ငါ ကျိန်ဆိုတယ် နင်ကို သတ်ပစ်မယ်"
မဒူဆာ၏ အကြည့်များမှာ အေးစက်လွန်းလှပြီး မည်သည့် နွေးထွေးမှုမျှ မရှိပေ။ အကယ်၍ အကြည့်ဖြင့် သတ်၍ရလျှင် လင်းယွမ်မှာ အကြိမ်ပေါင်း ထောင်သောင်းမက သေပြီးနေလောက်ပြီ ဖြစ်သည်။
ထိုထူးဆန်းသော ခံစားချက်မှာ မဒူဆာ၏ အာရုံကြောများကို ဆက်တိုက် လှုံ့ဆော်နေသည်။ လင်းယွမ်က တိုက်ပွဲဝင်စွမ်းအင်ကို အသုံးမပြုထားသဖြင့် သူမကို ထိခိုက်ဒဏ်ရာ မရစေသော်လည်း.လက်ဝါးချက်တိုင်းမှာ သူမအတွက် အကြီးအကျယ် အရှက်ရစေသည့် စော်ကားမှုပင် ဖြစ်သည်။
"ခုထိ ငါ့ကို သတ်ချင်နေတုန်းပဲလား"
နောက်တစ်စက္ကန့်တွင် နောက်ထပ် ဖြောင်းခနဲ မြည်သံတစ်ခု ထွက်ပေါ်လာပြန်သည်။
ဖြောင်း
"ဟုတ်တယ် ငါ နင်ကို သတ်မယ်"
"ဟုတ်ပြီလေ မာနကြီးတာကို ငါ သင်ခန်းစာပေးရသေးတာပေါ့"
လင်းယွမ်၏ လက်ဝါးက ထပ်မံ ကျရောက်သွားပြန်သည်။
ဖြောင်း
"တောက်... ယုတ်မာလိုက်တာ"
"ခုထိ မလိမ္မာသေးဘူးလား"
နောက်ထပ် တစ်ချက်။
ဖြောင်း
"မရိုက်နဲ့တော့"
ဘုရင်မ မဒူဆာ မခံနိုင်တော့ပေ။ ဤခံစားချက်မှာ အလွန်တရာ အရှက်ရဖို့ ကောင်းလွန်းလှသည်။
"နင်က မရိုက်နဲ့ဆိုရုံနဲ့ ငါက မရိုက်ဘဲ နေရမှာလား အဲဒါဆို ငါ့အတွက် သိက္ခာကျစရာကြီး မဟုတ်ဘူးလား"
"အဲဒါဆို နင်က ဘာကို လိုချင်နေတာလဲ"
"မှားသွားပါပြီလို့ ဝန်ခံစမ်း"
ဘုရင်မ မဒူဆာသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး တစ်ခွန်းမျှ မပြောဘဲ ခေါင်းမာနေဆဲပင်။ မာနကြီးလှသော ဘုရင်မကြီးကို အမှားဝန်ခံခိုင်းရန်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
"ဘာလဲ ခုထိ နားမထောင်ချင်သေးဘူးလား"
ဖြောင်း
"အင်း... မဟုတ်ဘူး... မှား... မှားသွားပါပြီ"
နောက်ဆုံးတွင် လင်းယွမ်၏ "အာဏာရှင်ဆန်မှု" အောက်တွင် မေဒူဆာ မတောင့်ခံနိုင်တော့ပေ။
ဖြောင်း
နောက်ဆုံး လက်ဝါးချက် ကျရောက်ပြီးနောက် လင်းယွမ်သည် သူ၏လက်ကို ပြန်ရုပ်သိမ်းရန် စိတ်ကူးမရှိပုံရပေ။ ထိုအစား သူ၏လက်ဖြင့် မသိစိတ်မှ ပွတ်သပ်ပေးနေမိသည်။
"နင်..."
မဒူဆာသည် ခေါင်းလှည့်လာပြီး လင်းယွမ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"အော်... ဆောရီး ဒါက ဗီဇအရ တုံ့ပြန်မိသွားတာပါ။"
သူက တောင်းပန်စကား ဆိုလိုက်သော်လည်း လင်းယွမ်၏ မျက်နှာတွင် နောင်တရသည့် အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။
တကယ့်ကို အရှက်မရှိတဲ့လူပဲ မဒူဆာသည် လင်းယွမ်ကို စိုက်ကြည့်နေမိသည်။ သူမသည် အလွန်ပင် ရိုးအလှသဖြင့် ဤကဲ့သို့သော အရှက်မရှိသည့်လူမျိုး ဤလောကတွင် ရှိလိမ့်မည်ဟု လုံးဝ မတွေးထားခဲ့မိပေ။
"ငါ့ကို စိုက်ကြည့်ဝံ့သေးတယ်လား ဖင်ကို နောက်တစ်ခါ အရိုက်ခံချင်သေးလို့လား"
ပြောပြောဆိုဆိုဖြင့် လင်းယွမ်သည် သူ၏လက်ကို နောက်တစ်ကြိမ် မြှောက်လိုက်ပြန်သည်။
"မရိုက်ပါနဲ့တော့"
နောက်ထပ် လက်ဝါးချက်တစ်ခု ကျရောက်တော့မည်ကို မြင်သောအခါ မဒူဆာသည် သနားစဖွယ် အမူအရာဖြင့် အလျှော့ပေး တောင်းပန်လိုက်ရတော့သည်။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူမသည် ခေါင်းငုံ့ထားလိုက်ပြီး လင်းယွမ်၏ မျက်လုံးကို တည့်တည့်မကြည့်ဝံ့တော့ပေ။
သို့သော် သူမ၏ စိတ်ထဲတွင်မူ လင်းယွမ်၏ ဆွေမျိုး ၁၈ ဆက်ကို အကုန်လုံး ကျိန်ဆဲနေမိသည်။ တစ်နေ့နေ့တွင် အခွင့်အရေးရပါက လင်းယွမ်၏ အရေခွံကို အရှင်လတ်လတ် နွှာပြီး စောင်အဖြစ် အသုံးပြုမည်ဟုလည်း စိတ်ထဲတွင် ကျိန်ဆိုနေမိသည်။
"ဒါမှပေါ့... မိန်းကလေးဆိုတာ လိမ္မာမှ ပိုချစ်ဖို့ကောင်းတာ။"
ပြောရင်းနှင့် လင်းယွမ်က မေဒူဆာ၏ ခေါင်းကို ပွတ်သပ်လိုက်သည်။
"နင်..."
ဒါက ဘာသဘောလဲ ငါ့ကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို ဆက်ဆံနေတာလား။
မဒူဆာသည် ဒေါသထွက်လွန်းသဖြင့် သွားများပင် တကျိကျိ မြည်နေသည်။ သို့သော် သူမ ယခုအခါ ပို၍ လိမ္မာသွားပြီ ဖြစ်သည်။ ဤလူသည် လုံးဝ အရှက်မရှိသူ ဖြစ်သည်။ အကယ်၍ သူမ တစ်ခွန်းထပ်ပြောမိပါက နောက်ထပ် မည်သည့် ရိုင်းစိုင်းသော အပြုအမူမျိုး လုပ်ဦးမည်နည်း မသိနိုင်ပေ။
အခြားတစ်ဖက်တွင်မူ လင်းယွမ်မှာ စိတ်ထဲတွင် တိတ်တဆိတ် ပျော်ရွှင်နေသည်။ ဒါက ဒဏ္ဍာရီလာ ဘုရင်မမဒူဆာလေ ဤဇာတ်လမ်း၏ ပရိသတ်တစ်ယောက်အနေနှင့် သူမကို အောင်နိုင်ရန် စိတ်ကူးမယဉ်ဖူးသော ယောကျ်ား ရှိပါမည်လား။
ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက် နတ်သမီးလေးကဲ့သို့ မျက်နှာနှင့် မြင့်မြတ်ပြီး မာနကြီးသော အမူအရာတို့ကြောင့် သူမသည် ယောကျ်ားများစွာ၏ အိပ်မက်သူရဲကောင်းမလေး ဖြစ်သည်။ သို့သော် ယခုမူကား အဘယ်သို့နည်း။
ယောကျ်ားများစွာ၏ နှလုံးသားကို ဖမ်းစားထားသော ဤဘုရင်မ မဒူဆာမှာ ယခုအခါ သူ၏ ပေါင်ပေါ်တွင် ရှိနေသည်။ ထိုခံစားချက်မှာ တကယ့်ကို အံ့သြစရာပင်။
"ငါ့ကို အရင်လွှတ်ပေးလို့ ရမလား"
အတော်ကြာအောင် လင်းယွမ်က မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ မဒူဆာသည် နောက်ဆုံးတွင် သတ္တိမွေးပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ ဤအနေအထားမှာ အလွန်အရှက်ရဖို့ ကောင်းသဖြင့် သူမ ဆက်မနေလိုတော့ပေ။
"အင်း... မှတ်မိပြီလား ဟုတ်ပြီလေ... တောင်းပန်ပါတယ်လို့ ပြောဦးလေ။"
လင်းယွမ်က ရယ်မောလိုက်သည်။ မာနကြီးသော ဘုရင်မကြီးတွင် ဤကဲ့သို့ ချစ်စရာကောင်းသော အခြမ်း ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အကယ်၍ ကမ္ဘာပေါ်က လူသားတွေသာ ဒါကို မြင်ရင် ဘာတွေးကြမလဲ မသိဘူး။
"ကောင်းပါပြီ... တောင်းပန်ပါတယ်"
အခွင့်သာလျှင် မဒူဆာသည် လင်းယွမ်၏ ပါးကို ဖြတ်ရိုက်ချင်နေသော်လည်း လက်ရှိ အခြေအနေအရ သူမ အလျှော့ပေး ပြောဆိုရုံမှတစ်ပါး အခြားမရှိပေ။
"အကူအညီတောင်းတာက ဒီလိုလား တစ်ခုခု တောင်းဆိုရင် မျက်နှာမှာ အပြုံးလေး ရှိရမယ်လေ။"
လင်းယွမ်က အလေးအနက် ပြောလိုက်သည်။ "ငါ့နောက်က လိုက်ပြောစမ်း... အစ်ကိုကြီး... ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါဦးလို့။"
"ပြီးရင် နည်းနည်းလေး ချွဲပြရမယ်။"
"ပြီးတော့..."
"နောက်ဆုံးကျရင်..."
မဒူဆာ၏ စိုက်ကြည့်နေမှုအောက်တွင် လင်းယွမ်သည် တတွတ်တွတ်နှင့် မနားတမ်း ပြောနေတော့သည်။ ၁၀ မိနစ်ခန့် ကြာပြီးနောက်မှ လင်းယွမ် အရှိန်သတ်လိုက်သည်။ ထို့နောက် မဒူဆာကို မေးလိုက်သည်။ "နင် အဲဒါတွေကို တတ်ပြီလား"
မဒူဆာမှာ လုံးဝ စိတ်ပျက်အားငယ်သွားရသည်။ သူမ၏ ပန်းရောင်နှုတ်ခမ်းလွှာများကို တင်းတင်းစေ့ထားပြီး တိတ်ဆိတ်နေမိသည်။ အကယ်၍ လင်းယွမ် ပြောသကဲ့သို့သာ သူမ လုပ်လိုက်မည်ဆိုလျှင် မိမိကိုယ်ကိုယ် သတ်သေလိုက်ခြင်းက ပို၍ မြတ်ဦးမည်။
"ဟမ်"
ခဏကြာသည်အထိ မဒူဆာက မလှုပ်ရှားသဖြင့် လင်းယွမ်က ခြိမ်းခြောက်လိုက်သည်။ "ထပ်ပြီး အရိုက်ခံချင်သေးတာလား"
မဒူဆာသည် သူမ၏ ဘဝတွင် ဤကဲ့သို့သော နေ့ရက်မျိုး ရောက်လာလိမ့်မည်ဟု တစ်ခါမျှ မတွေးထားခဲ့ပေ။ သူတစ်ပါးလက်အောက် ရောက်နေမှတော့ အလျှော့ပေးရုံမှတစ်ပါး အခြားမရှိ။ သူမ၏ နူးညံ့သော ဖင်လေး ထပ်မံ အနှိပ်စက်မခံရစေရန်အတွက် သူမ၏ ဒေါသကို မြိုသိပ်လိုက်ရသည်။
အသက်ကို ပြင်းပြင်းရှူသွင်းပြီး ရွံရှာစိတ်ကို အောင့်အီးကာ သူမ ပြောလိုက်ရသည်မှာ "အစ်ကိုကြီး... ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါ"
ဤစကားကို ပြောပြီးနောက် အင်အားအားလုံး ကုန်ခမ်းသွားသည့်အလား မဒူဆာ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပျော့ခွေသွားသည်။ ထိုအချိန်တွင် သူမ စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ နှာခေါင်းထဲတွင် စပ်ဖျဉ်းဖျဉ်း ဖြစ်လာပြီး မျက်ဝန်းအစုံမှာလည်း နီမြန်းလာတော့မည့်ပုံပင်။
"လိမ္မာတယ်"
လင်းယွမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး မြန်ဆန်သော လှုပ်ရှားမှုဖြင့် မဒူဆာကို တကယ်ပင် လွှတ်ပေးလိုက်သည်။
လွတ်မြောက်သွားသည်နှင့် မဒူဆာသည် သူမ၏ တိုက်ပွဲဝင်စွမ်းအင်များကို ချက်ချင်း လှည့်ပတ်လိုက်ပြီး လင်းယွမ်နှင့် အကွာအဝေးတစ်ခုသို့ ခပ်မြန်မြန် ဆုတ်ခွာလိုက်သည်။ ထို့နောက် သူမရှေ့ရှိ "သားရဲ" က သူမကို ထပ်မံ တိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် အစွမ်းကုန် သတိထားနေတော့သည်။
"သိပ်ပြီး စိတ်မလှုပ်ရှားပါနဲ့ ကလေးမလေးရဲ့"
မဒူဆာ၏ သတိကြီးစွာ ထားနေပုံကို မြင်သောအခါ လင်းယွမ်မှာ ရယ်ချင်သွားသည်။
ဘုရင်မကြီးမှာလည်း ဤကဲ့သို့ နုနယ်ပြီး မိန်းကလေးဆန်သော အခြမ်း ရှိနေပါသေးလား။
"ဘာ ကလေးမလေး ဟုတ်လား"
မဒူဆာ တစ်ယောက် ရူးချင်သွားသည်။ သူမသည် မြွေလူသားမျိုးနွယ်၏ ဘုရင်မ ဂါမာအင်ပါယာ တစ်ခုလုံးကို တုန်လှုပ်စေသည့် အစွမ်းထက် ဒူဟွမ် တစ်ဦး ဖြစ်သည်။ သူမကို ဤကဲ့သို့သော နာမည်ဖြင့် ဘယ်လိုလုပ် ခေါ်နိုင်ရတာလဲ။
"ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ ငါ့နာမည်က လင်းယွမ်"
လင်းယွမ်က ထိုအရာများကို ဂရုမစိုက်ပေ။ သူမ စကားမပြောသည်ကို မြင်သောအခါ သူက ပြုံးပြပြီး ခန့်ညားသော ပုံစံတစ်ခု ဖမ်းလိုက်သည်။
"လင်းယွမ်"
မေဒူဆာသည် ထိုနာမည်ကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။ သူမကို အရှက်ရစေခဲ့သော ဤလူသားသည် ယခုအခါ သူမ၏ သတ်စာရင်းထဲတွင် ထိပ်ဆုံးမှ ပါဝင်နေပြီဖြစ်သည်။
"ဒီမိန်းမက တကယ့်ကို အညှိုးကြီးတာပဲ။"
မဒူဆာက သူ့ကို လျစ်လျူရှုထားသည်ကို မြင်သောအခါ လင်းယွမ်လည်း အပိုစကားများ မပြောတော့ပေ။ သူသည် လှည့်ကြည့်လိုက်ပြီး သူ၏ ပန်းတိုင်ဆီသို့ အကြည့်ပို့လိုက်သည်။
ထိုအရာမှာ အပြာရောင်ကြာပန်း ကမ္ဘာမြေအမြုတေမီးလျှံ ပင် ဖြစ်သည်။