အခန်း ၂၆ တံခါးပိတ်ကျင့်ကြံခြင်း
"ကောင်းပြီ...လင်းယွမ်အဆင်ပြေနေတာဆိုတော့ ငါတို့ အပြင်ထွက်ပြီး ခဏလောက် စကားပြောကြရအောင်။"
လင်းယွမ်မှာ ပြင်းထန်သော ဒဏ်ရာရရှိထားခြင်း မရှိသည်ကို မြင်လိုက်ရသဖြင့် တတိယအကြီးအကဲမှာ စိတ်သက်သာရာ ရသွားသည်။ သူသည် မဒူဆာနှင့် အခြားအမျိုးသမီးနားသို့ အံ့သြသော အကြည့်များဖြင့် လျှောက်လာခဲ့သည်။
လင်းယွမ်မှာ ဖရိုဖရဲဖြစ်နေပြီး အနည်းငယ် အားနည်းနေပုံ ပေါ်သော်လည်း အကဲခတ်ကောင်းသော လင်းယွမ်ကမူ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ယခင်ကထက် နှစ်ဆကျော်မျှ ပိုမိုသန်မာလာကြောင်း သတိပြုမိလိုက်သည်။ သူ၏ ခွန်အားမှာ တစ်ဖန် ပြန်လည်တိုးတက်လာခဲ့ပြီ ဖြစ်ကြောင်းမှာ ထင်ရှားလှသည်။
မဒူဆာသည် တတိယအကြီးအကဲ၏ စကားကို ကြားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမသည် လင်းယွမ်ကို သူမ၏ ရင်ခွင်ထဲ၌ ပွေ့ပိုက်ကာ ပျံသန်းထွက်ခွာသွားတော့သည်။
"ဘာ..."
ကျင်းကြီး၏ အနားသတ်တွင် ရှိနေသော မဟာအကြီးအကဲမှာ မဒူဆာ၏ ရင်ခွင်ထဲရှိ လင်းယွမ်ကို ကြည့်ကာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးသွားတော့သည်။
"မဟုတ်ဘူး... မင်းက ဘယ်လိုလုပ် အသက်ရှင်နေနိုင်ရတာလဲ ဒါက မဖြစ်နိုင်ဘူး"
မဟာအကြီးအကဲမှာ သူမြင်နေရသည့် အရာကို မယုံကြည်နိုင်ဘဲ ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်သို့ ဘုန်းခနဲ ထိုင်ကျသွားတော့သည်။
"ဟွန်း"
မဟာအကြီးအကဲ၏ ပုံစံကို မြင်လိုက်ရသောအခါ မဒူဆာ၏ လှပသော မျက်နှာထက်တွင် ချက်ချင်းပင် အေးစက်သော အရိပ်အယောင်များ ဖုံးလွှမ်းသွားတော့သည်။ နောက်တစ်စက္ကန့်တွင် ထိုးဖောက်ဝင်ရောက်နိုင်သော အအေးဓာတ်တစ်ခုမှာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။
မဒူဆာသည် မဟာအကြီးအကဲကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို သတ်ဖြတ်လိုသော အရှိန်အဝါတစ်ခုမှာ သူ့အပေါ်သို့ ကျရောက်သွားတော့သည်။
"အသက်အရွယ်ကြီးရင့်မှုကို လေးစားတဲ့အနေနဲ့ ရှင့်ကို အကြီးအကဲလို့ နောက်ဆုံးတစ်ခေါက် ထပ်ခေါ်လိုက်မယ်။ ဒါပေမဲ့... ရှင်သာ လင်းယွမ်အပေါ် နောက်တစ်ကြိမ် မလေးမစား လုပ်ရဲဦးမယ်ဆိုရင်တော့ ကျွန်မ ရှင့်ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး။"
ထိုအခိုက်အတန့်တွင် မဒူဆာမှာ အေးစက်သော ဘုရင်မတစ်ပါး၏ ပုံစံသို့ လုံးဝ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
မူလက မဟာအကြီးအကဲမှာ မြွေလူသားမျိုးနွယ်စုထဲတွင် အဆင့်အတန်းအမြင့်ဆုံး ဖြစ်သဖြင့် မဒူဆာမှာ ဘုရင်မတစ်ပါးဖြစ်ပြီး ကြယ်ကိုးပွင့်တိုက်ပွဲဝင်ဧကရာဇ်တစ်ဦး၏ ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း သူ့အပေါ် အမြဲတမ်း လေးစားမှု ထားရှိခဲ့သည်။
သို့သော် ယခုအခါတွင်မူ သူမသည် လင်းယွမ်ကို သူမဘဝ၏ အမျိုးသားအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ အကယ်၍ မည်သူမဆို သူမ၏ အမျိုးသားကို ထိခိုက်အောင် လုပ်ရဲလျှင် မဒူဆာသည် သေမင်းအဖြစ် ချက်ချင်း အသွင်ပြောင်းကာ ထိုသူ၏ အသက်ကို မဆိုင်းမတွ ရယူပေလိမ့်မည်။
မမေ့ပါနှင့်... သူမသည် ဂါမာအင်ပါယာတစ်ခုလုံး၏ နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်မှုကို ပေးစွမ်းနိုင်သော ဘုရင်မမဒူဆာဖြစ်သည်။
"မဒူဆာ... မင်း."
မဒူဆာမှာ သူ့အပေါ် အနည်းငယ်မျှ ညှာတာမှု မရှိသည်ကို မြင်သောအခါ မဟာအကြီးအကဲမှာ ချက်ချင်းပင် ဒေါသထွက်သွားသည်။ သို့သော် မဒူဆာ၏ သတ်ဖြတ်လိုသော အကြည့်များကို မြင်လိုက်ရသည့်အခါတွင်မူ သူပြောမည့် စကားလုံးများကို ပြန်လည် မျိုချလိုက်ရတော့သည်။
မဒူဆာ၏ ပင်ကိုယ်စရိုက်ကို မြွေလူသားမျိုးနွယ်စုဝင်တိုင်း သိကြသည်။ ယခင်က သူမကို အမိန့်ပေးနိုင်ခဲ့ခြင်းမှာ သူ၏ အကြီးအကဲ အဆင့်အတန်းကြောင့်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရင်မမဒူဆာမှာ ပြင်ပလူများအပေါ် အေးစက်ရက်စက်သော်လည်း... မြွေလူသားများအပေါ်တွင်မူ သူမ၏ အင်အားအားလုံးကို အသုံးချကာ ကာကွယ်ပေးတတ်ပြီး ၎င်းတို့အပေါ် မည်သည့်အခါမျှ ရန်မပြုတတ်ကြောင်း သူသိထားသောကြောင့် ဖြစ်သည်။
သို့သော် ယခုအခါ လင်းယွမ်ရှိနေပြီ ဖြစ်သောကြောင့် သူ၏ အကြီးအကဲ အဆင့်အတန်းမှာ သူမအား ယုံကြည်စေရန် မလုံလောက်တော့ပုံ ပေါ်သည်။
"မဒူဆာပြောတာ မှန်တယ် အစ်မကြီး။ မင်းသာ နောက်ထပ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ထားရှိနေဦးမယ်ဆိုရင်တော့ ငါတို့ရဲ့ နှစ်ရှည်လများ ခင်မင်မှုကို ဘေးဖယ်ထားလိုက်ရတာအတွက် ငါတို့ကို အပြစ်မတင်ပါနဲ့"
ကျန်ရှိသော အကြီးအကဲ သုံးဦးမှာလည်း မဒူဆာ၏ နောက်သို့ ရောက်ရှိလာကြသည်။ ထိုအခိုက်အတန့်တွင် မဟာအကြီးအကဲအပေါ် ထားရှိသော သူတို့၏ အကြည့်များတွင် မည်သည့် သံယောဇဉ်မျှ မပါဝင်တော့ပေ။
"ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပါတော့။"
မဒူဆာသည် မဟာအကြီးအကဲကို နောက်တစ်ကြိမ် အေးစက်စွာ ကြည့်လိုက်ပြီးနောက် နောက်သို့ လှည့်မကြည့်ဘဲ လင်းယွမ်ကို ပွေ့ပိုက်ကာ ကောင်းကင်သို့ ပျံသန်းထွက်ခွာသွားတော့သည်။
ဘုရင်မ၏ အိပ်ဆောင်အတွင်း။
"မင်းက ဒီလောက်အထိ ခင်ပွန်းကို ကာကွယ်ပေးတဲ့ ဇနီးမျိုးမှန်း ငါ မသိခဲ့ဘူး။"
လင်းယွမ်သည် မဒူဆာ၏ ရင်ခွင်ထဲတွင် သက်သောင့်သက်သာ လဲလျောင်းနေပြီး မွှေးပျံ့သော ရနံ့များမှာ သူ၏ နှာခေါင်းထဲသို့ တစိမ့်စိမ့် တိုးဝင်နေသည်။ သူမသည် သူ့အတွက်ကြောင့်နှင့် မဟာအကြီးအကဲနှင့်ပင် အဆက်အသွယ် ဖြတ်ရန် ဝန်မလေးသည်ကို မြင်ရသောအခါ လင်းယွမ်မှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဖြစ်ရသည်။ ဒီလိုဇနီးမျိုးကို ရရှိထားမှတော့ ငါ့ဘဝမှာ ဘာနောင်တမှ မရှိတော့ဘူး။
"စကားမစပ်တွေ ပြောမနေနဲ့တော့... ရှင့်ရဲ့ ဒဏ်ရာတွေကို အရင်ကုသလိုက်ပါဦး။"
မဒူဆာသည် လင်းယွမ်ကို ကြည့်ကာ မျက်စောင်းထိုးလိုက်သော်လည်း သူမ၏ အကြည့်ထဲတွင် စိုးရိမ်ပူပန်မှုများ အရိပ်အယောင် ထင်ဟပ်နေသည်။
"ဟုတ်ကဲ့ပါ... ငါ့ရဲ့ ချစ်လှစွာသော ဇနီးလေး"
လင်းယွမ်က နာခံမှုရှိဟန် ဆောင်လိုက်ပြီးနောက် ခုလေးတင် ဖော်စပ်ထားသော "အသွင်ပြောင်းဆေးလုံး"ကို ထုတ်ယူကာ မဒူဆာထံ ကမ်းပေးလိုက်သည် "ရော့... ဇနီးလေး ဒါက မင်းအတွက် အသွင်ပြောင်းဆေးလုံးပဲ။"
မဒူဆာသည် ဆေးလုံးကို လက်ခံလိုက်သော်လည်း ချက်ချင်း သောက်သုံးချင်သော ဆန္ဒကို ထိန်းချုပ်ကာ လင်းယွမ်ကို စိုးရိမ်တကြီး ပြောလိုက်သည် "ရှင် အရင်ဆုံး ဒဏ်ရာတွေကို ကုသပါ ကျွန်မ ရှင့်ကို စောင့်ရှောက်ပေးမယ်။"
"ဟဲဟဲ... မင်းရဲ့ ခင်ပွန်းက နွားတစ်ကောင်လို သန်မာပါတယ် အဆင်ပြေနေတာ ကြာလှပြီ။"
လင်းယွမ်က တိုးတိုးလေး ရယ်မောရင်း မဒူဆာ၏ ရင်ခွင်ထဲတွင် တိုးဝင်လိုက်ပြီးနောက် သူမ၏ သတ်ဖြတ်လိုသော အကြည့်များအောက်မှ နောက်သို့ ချက်ချင်း ခုန်ဆုတ်လိုက်သည်။
လင်းယွမ်တစ်ယောက် လန်းလန်းဆန်းဆန်း ခုန်ပေါက်နေသည်ကို မြင်လိုက်ရသောအခါ မဒူဆာမှာ ဒေါသထွက်သွားသည် "ရှင်... ခုနက အားလုံးကို ဟန်ဆောင်နေတာလား"
မဒူဆာမှာ အလွန်ပင် ဒေါသထွက်သွားသည်။ သူမက သူ့အတွက် ဒီလောက် စိုးရိမ်နေတာကို သူက အားလုံးကို ဟန်ဆောင်နေခဲ့တာ မဟုတ်ပါလား။
"လုံးဝ မဟုတ်ပါဘူး"
လင်းယွမ်က သူ အပြစ်မရှိကြောင်း ပြသရန် ခေါင်းကို အမြန်ခါလိုက်သည်။
ခုနက နောက်ဆုံး ငွေရောင်လျှပ်စီး ကျရောက်ချိန်တွင်သာ "ပင်လယ်နှလုံးသား မြေကမ္ဘာအူတိုင်မီးတောက်"၏ အကာအကွယ် မရှိခဲ့ပါက လင်းယွမ်မှာ မသေလျှင်တောင် အပြင်းအထန် ဒဏ်ရာရရှိသွားပေလိမ့်မည်။
သို့သော်လည်း သူသည် ဒဏ်ရာအချို့ကိုမူ ရရှိခဲ့သည်။
သို့သော်လည်း ပြန်လာသည့် လမ်းတွင် သူသည် ခန္ဓာကိုယ်အတွင်းရှိ လျှပ်စီးစွမ်းအားကို သန့်စင်လိုက်ပြီးဖြစ်သဖြင့် ဒဏ်ရာများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဆေးလုံးမိုးကြိုးဖြင့် ခန္ဓာကိုယ်ကို လေ့ကျင့်ပြီးနောက် ယခုအခါ လင်းယွမ်သည် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု သက်သက်ဖြင့်ပင် ကြယ်တစ်ပွင့်တိုက်ပွဲဝင်ဘိုးေဘးတစ်ဦးကို မရှုံးနိမ့်ဘဲ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
တိုက်ပွဲဝင်ဘိုးေဘးအဆင့်အောက်တွင်မူ ကြယ်ကိုးပွင့်တိုက်ပွဲဝင်ဧကရာဇ်တစ်ဦးပင်လျှင် သူ၏ ခန္ဓာကိုယ်ကို အနည်းငယ်မျှ ထိခိုက်အောင် လုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ လင်းယွမ်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်မှာ ကြယ်လေးပွင့်တိုက်ပွဲဝင်ဘိုးဘေးတစ်ဦးကိုပင် မကြောက်ရွံ့တော့ပေ။
"ဒါနဲ့... မင်း အသွင်ပြောင်းဆေးလုံးကို အခုချက်ချင်း သောက်သင့်တယ်"
မဒူဆာ၏ မယုံကြည်နိုင်သော အကြည့်များကို မြင်သောအခါ လင်းယွမ်က စကားလမ်းကြောင်းကို အမြန်လွှဲလိုက်သည်။ သူက ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောသည် "မင်းရဲ့ အဆင့်တက်မှုက အချိန်အတော်ကြာလိမ့်မယ် ငါလည်း ဒီအခွင့်အရေးကို သုံးပြီး ပိုသန်မာအောင် လုပ်ဖို့ လိုအပ်တယ်။"
"ဟင် ရှင်က အခုလေးတင် တိုက်ပွဲဝင်ဘိုးဘေး အဆင့်ကို ရောက်တာ မဟုတ်ဘူးလား ဘယ်လိုလုပ် ထပ်ပြီး ပိုသန်မာအောင် လုပ်နိုင်မှာလဲ"
ဘုရင်မ မဒူဆာမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ သူမ၏ စိတ်ထဲတွင် လင်းယွမ်မှာ တိုက်ပွဲဝင်ဘိုးဘေးအဆင့်သို့ ရောက်ရှိသည်မှာ မကြာသေးဟု ထင်မှတ်ထားသောကြောင့် ဖြစ်သည်။
ဒေါ့ချီတိုက်ကြီး(တိုက်ပွဲဝင်စွမ်းအင်တိုက်ကြီး)တွင် အခြေခံဗဟုသုတရှိသူတိုင်း သိကြသည်။ တိုက်ပွဲဝင်ဘိုးဘေးအဆင့်သို့ ရောက်ရှိပြီးနောက် အဆင့်တိုင်းမှာ စိန်ခေါ်မှုအသစ်များ ဖြစ်လာပြီး အဆင့်တစ်ခု တက်လှမ်းရန်အတွက်ပင် နှစ်ပေါင်းများစွာ ကြာမြင့်တတ်သည်။ ထို့ကြောင့် မဒူဆာမှာ သံသယဖြစ်နေခြင်းဖြစ်သည်။
"ဟဲဟဲ... ခဏလောက် စောင့်ပါဦးမိန်းမ ခဏနေရင် မင်းကို အံ့အားသင့်စေရမယ်။"
လင်းယွမ်က လျှို့ဝှက်ဆန်းပြားစွာ ပြုံးလိုက်သည်။
"ဟွန်း ဘယ်သူက ရှင့်ဇနီးမို့လို့လဲ"
မဒူဆာမှာ ရှက်သွေးဖြာသွားကာ လင်းယွမ်ကို မျက်စောင်းထိုးလိုက်သည်။
"ဘာလဲ... အခုထိ ဝန်မခံသေးတာလား မြန်မြန်သွားပြီး အဆင့်တက်ဖို့ လုပ်ပါတော့။ ဒီတစ်ကြိမ် အောင်မြင်သွားရင် မင်းမှာ ခြေထောက်တွေ ရှိလာလိမ့်မယ်... အဲဒီအခါကျရင်..."
ရိုးသားလှသော ဘုရင်မ မဒူဆာမှာ လင်းယွမ်ဆိုလိုသည့်အရာကို ရှင်းလင်းစွာ နားမလည်သဖြင့် အူကြောင်ကြောင်ဖြင့် မေးလိုက်သည် "အဲဒီအခါကျရင် ဘာဖြစ်မှာလဲ"
"အဟမ်း... အဲဒီအခါကျရင် မင်းက မင်းခင်ပွန်းအတွက် ကလေးလေးတစ်ယောက် ယူပေးလို့ ရပြီလေ"
"မင်း..."
မဒူဆာမှာ လင်းယွမ်ပြောသည့် "ကလေးယူပေးမယ်" ဆိုသည့် အဓိပ္ပာယ်ကို နောက်ဆုံး၌ နားလည်သွားတော့သည်။ သူမ၏ မျက်နှာမှာ ရှက်လွန်းသဖြင့် ခဏချင်းအတွင်းမှာပင် နီမြန်းသွားကာ လင်းယွမ်၏ ရင်ဘတ်ကို သူမ၏ လက်သီးလေးများဖြင့် တဗုန်းဗုန်း ထုနှက်တော့သည်။
"အမလေး... ရှင့်ကို အဲ့စကားတွေ မပြောတတ်အောင် ကျွန်မ သင်ပေးရမယ်"
"ဟားဟား..."
အိပ်ဆောင်အတွင်းတွင် ရွှန်းလဲ့ကြည်နူးဖွယ် ကောင်းသော လေထုတစ်ခုမှာ ချက်ချင်း ပြည့်နှက်သွားတော့သည်။
"ကောင်းပြီ... တော်ပြီ နောက်မနေနဲ့တော့။"
သူတို့နှစ်ဦး အတန်ကြာအောင် နောက်ပြောင်ကျီစယ်ပြီးနောက် လင်းယွမ်က မဒူဆာ၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။
ထို့နောက် လင်းယွမ်က လေးလေးနက်နက် ပြောလိုက်သည် "ငါ့စကားကို နားထောင်ပါ... အချိန်မဖြုန်းပါနဲ့တော့ သွားပြီး ကျင့်ကြံလိုက်ပါ။ မကြာခင်မှာ မင်းက တိုက်ပွဲဝင်ဘိုးဘေးအဆင့် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာတော့မှာ။"
"အင်း"
မဒူဆာက နာခံမှုရှိစွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည် "ကျွန်မရဲ့ နန်းတော်ထဲမှာ လျှို့ဝှက်ခန်းမတစ်ခု ရှိတယ်။ အဲဒီကိုသွားပြီး တံခါးပိတ် ကျင့်ကြံလိုက်ပါ။"
"ကောင်းပြီ"
ပြောပြီးသည်နှင့် မဒူဆာသည် အသွင်ပြောင်းဆေးလုံးကို လက်ထဲ၌ ကိုင်ကာ အသက်ကို ပြင်းပြင်းရှူပြီး တစ်ငုံတည်းဖြင့် မျိုချလိုက်သည်။ ထို့နောက် သူမသည် မျက်လုံးများကို ပိတ်ကာ ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားတော့သည်။
ဒါကို မြင်လိုက်ရသောအခါ လင်းယွမ်သည်လည်း မဆိုင်းမတွဘဲ လျှို့ဝှက်ခန်းမဆီသို့ လျင်မြန်စွာ ထွက်ခွာခဲ့သည်။
ချက်ချင်းဆိုသလိုပင် "ချီတစ်ချက်ဖြင့် သန့်စင်သောကိုယ်ပွားသုံးခု ဖန်တီးခြင်း"ဟူသော ကျင့်စဉ်နည်းလမ်းမှာ လင်းယွမ်၏ စိတ်ထဲတွင် ပေါ်ပေါက်လာတော့သည်။
လင်းယွမ်သည် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး မည်သည့်ပြဿနာမျှ မရှိကြောင်း သေချာစေပြီးနောက် သူ၏ မျက်ဝန်းများတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
နောက်တစ်စက္ကန့်တွင် လင်းယွမ်သည် အနှိုင်းမဲ့သော ထိုနတ်ဘုရားစွမ်းအားကို စတင်ကျင့်ကြံလေတော့သည်။