အခန်း ၂၀ ပျော်ရွှင်မှုဆိုတာ ဒါမျိုးကိုး
ဘုရင်မ မဒူဆာ စကားအဆုံးတွင် တတိယအကြီးအကဲမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။
ဒါဟာ ပြဿနာဖြစ်ရုံတင် မဟုတ်ဘူး လင်းယွမ်က မြွေလူသားမျိုးနွယ်စု တစ်ခုလုံးကို အပြတ်ရှင်းပစ်တော့မလို့ ဖြစ်သွားတာပါ။
အကယ်၍သာ မဒူဆာ မရှိခဲ့ရင် မြွေလူသားတွေဟာ လွန်ခဲ့တဲ့ အချိန်ကတည်းက မျိုးတုံးသွားလောက်ပြီ။
ဤသို့ တွေးမိရင်း တတိယအကြီးအကဲသည် ဘုရင်မ မဒူဆာကို သေချာ စိုက်ကြည့်လိုက်မိသည်။
"အင်း... ဒီကလေးမက တကယ့်ကို လှတာပဲ တိုက်ပွဲဝင်ဘိုးဘေး ကျွမ်းကျင်သူတစ်ယောက်ကိုတောင် ပြုစားနိုင်တာ မဆန်းပါဘူးလေ။"
တတိယအကြီးအကဲသည် စိတ်ထဲမှ ကြံစည်တွေးတောရင်း ရုတ်တရက် ဂုဏ်ယူဝင့်ကြွားသည့် စိတ်ကလေး ဖြစ်ပေါ်လာသည်။
သူက တိုက်ပွဲဝင်ဘိုးဘေးအဆင့် ကျွမ်းကျင်သူ ဖြစ်နေတော့ရော ဘာဖြစ်လဲ သူက အဆင့် ၇ ဆေးဖော်စပ်သူ ဖြစ်နေတော့ရော ဘာဖြစ်လဲ
နောက်ဆုံးတော့လည်း ငါတို့ရဲ့ မြွေလူသားဘုရင်မရဲ့ ခြေရင်းမှာ ဒူးထောက်ခဲ့ရတာပဲ မဟုတ်လား။
ရှေးယခင်ကတည်းက သူရဲကောင်းဆိုတာ အလှနတ်ဘုရားမတွေရဲ့ အလှအပအောက်မှာ အရှုံးပေးခဲ့ကြရတာပဲ ရှေးလူကြီးတွေ ပြောတာ တကယ် မှန်တာပဲ။
"တတိယအကြီးအကဲ... အဘိုးက ကျွန်မကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ မြန်မြန် ပြောပါဦး"
တတိယအကြီးအကဲသည် သူမ၏ မေးခွန်းကို မဖြေသည့်အပြင် သူမကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသဖြင့် မဒူဆာမှာ သူ့ကို ကိုက်ပစ်ချင်စိတ်ပင် ပေါက်လာတော့သည်။
ကျွန်မ ဘယ်လောက် စိုးရိမ်နေလဲဆိုတာ အဘိုးမမြင်ဘူးလား
အဲဒီလိုကြီး စိုက်ကြည့်နေတာက ဘာသဘောလဲ
"အဟမ်း... အဟမ်း..."
မဒူဆာ၏ အသံက တတိယအကြီးအကဲကို သူ၏ စိတ်ကူးယဉ်ကမ္ဘာထဲမှ လက်တွေ့လောကထဲသို့ ပြန်လည် ဆွဲခေါ်လာခဲ့သည်။ ခုနက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် သတိရသွားကာ သူသည် အနည်းငယ် ချောင်းဟန့်လိုက်မိသည်။
"ဟေး... မဒူဆာ မင်း ငါတို့ကို တကယ် မလိမ်ခဲ့တာပဲ လင်းယွမ်က ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အစွမ်းထက်တဲ့ တိုက်ပွဲဝင်ဘိုးဘေးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါတို့ လုံးဝ မထင်ထားခဲ့ဘူး။ ဒီအခွင့်အရေးကို မင်း အမိအရ ဆုပ်ကိုင်ထားသင့်တယ်နော်"
"ရှင်"
ဘုရင်မ မဒူဆာမှာ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း နောက်တစ်စက္ကန့်တွင် တတိယအကြီးအကဲ၏ မျက်နှာပေါ်၌ နီမြန်းနေသော လက်ဝါးရာ အချို့ကို ရုတ်တရက် သတိပြုမိလိုက်သည်။
ဤသို့ဖြင့် ဘုရင်မ မဒူဆာ၏ စိတ်ထဲတွင် အဖြေတစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။
ဒီအဘိုးကြီးတွေက လင်းယွမ်ကို တကယ်ပဲ အရင်သွားပြဿနာရှာခဲ့ကြတာပဲ နှစ်ဖက်လုံးက တိုက်ခိုက်ခဲ့ကြတာ သိသာတယ်။
လင်းယွမ်က တိုက်ပွဲဝင်ဘိုးဘေးအဆင့်ဆိုတော့ အကြီးအကဲ အနည်းငယ်ကို ဖြေရှင်းရတာက သူ့အတွက် ဟင်းသီးဟင်းရွက် လှီးရသလောက်တောင် မခက်ခဲပါဘူး။
ကံကောင်းတာက တတိယအကြီးအကဲရဲ့ ပုံစံကို ကြည့်ရသလောက်တော့ သူက ပြင်းထန်တဲ့ ဒဏ်ရာတွေ မရခဲ့ဘူး။
ဒါဟာ လင်းယွမ်က သက်ညှာခဲ့တာကြောင့်ပဲ ဖြစ်ရမယ် မဟုတ်ရင်တိုက်ပွဲဝင်ဘိုးဘေးတစ်ယောက်ကို ရန်စမိတာက သေဘေး ဒါမှမဟုတ် ပြင်းထန်တဲ့ ဒဏ်ရာရဖို့ပဲ ရှိတာ။
တတိယအကြီးအကဲရဲ့ နောက်ဆုံးစကားက လင်းယွမ်ဟာ သူမကို မျက်နှာထောက်ထားလို့သာ အကြီးအကဲတွေကို ချမ်းသာပေးခဲ့တာ ဖြစ်ကြောင်း မဒူဆာ နားလည်သွားခဲ့သည်။
ဤသို့ တွေးမိရင်း ဘုရင်မမဒူဆာ၏ နှလုံးသားထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု တိုးဝင်လာသည်။
"မဒူဆာ... အခု အပြင်ကို သွားလို့ရပြီ လင်းယွမ်က အပြင်မှာ မင်းကို စောင့်နေတယ် သူ့ကို အကြာကြီး စောင့်ခိုင်းမနေနဲ့"
ဘုရင်မ မဒူဆာ၏ မျက်နှာအမူအရာ အပြောင်းအလဲကို ကြည့်ခြင်းအားဖြင့် သူမ တစ်ခုခုကို ခန့်မှန်းမိသွားပြီဖြစ်ကြောင်း တတိယအကြီးအကဲ သိလိုက်သည်။
အနည်းငယ် အရှက်ရစရာ ကောင်းသော်လည်း ထိုအခိုက်အတန့်တွင် သူ ဂရုမစိုက်တော့ပေ။
အကယ်၍သာ သူတို့ကတိုက်ပွဲဝင်ဘိုးဘေး ကျွမ်းကျင်သူ လင်းယွမ်ကို သူတို့ဘက်ပါအောင် လုပ်နိုင်မယ်ဆိုရင် မြွေလူသားမျိုးနွယ်စုဟာ တကယ့်ကို အင်အားကြီးလာတော့မှာပါ။
ထို့ကြောင့် တတိယအကြီးအကဲသည် မဒူဆာကို လင်းယွမ်ဆီသို့ သွားရန် အတင်း တိုက်တွန်းလိုက်တော့သည်။
"တတိယအကြီးအကဲ အဘိုး ကျွန်မနဲ့ အတူ မလိုက်ဘူးလား" ဘုရင်မ မေဒူဆာက နားမလည်သလို မေးလိုက်သည်။
"ဟင့်အင်း... ငါက အသွင်ပြောင်းဆေးအတွက် လိုအပ်တဲ့ ဆေးဖက်ဝင်အပင်တွေ သွားယူရဦးမယ် မင်း အမြန်သွားတော့"
ပြောပြီးသည်နှင့် တတိယအကြီးအကဲသည် ဘုရင်မ မဒူဆာကို အတင်း တွန်းထုတ်လိုက်သည်။
ထို့နောက် သူသည် ပျော်ပျော်ရွှင်ရွှင်ဖြင့် ဆေးဖက်ဝင်အပင်များ သွားယူရန် ထွက်သွားတော့သည်။
ဘုရင်မ မဒူဆာမှာ ခေတ္တမျှ ဆွံ့အသွားရသည်။
သို့သော်လည်း တတိယအကြီးအကဲ ထွက်သွားပြီးနောက် သူမသည် တွန့်ဆုတ်မနေဘဲ ရှေ့ခန်းမဆီသို့ ဦးတည်လျှောက်လှမ်းသွားခဲ့သည်။
...
ဘုရင်မ မဒူဆာ ရှေ့ခန်းမထဲသို့ လှမ်းဝင်လိုက်သည်နှင့် လင်းယွမ်က ချက်ချင်း အာရုံခံမိလိုက်သည်။
ထို့နောက် သူသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး စွဲမက်ဖွယ်ကောင်းသော ထိုပုံရိပ်လေးကို ကြည့်ကာ "ငါ့ရဲ့ ချစ်လှစွာသော အသည်းလေး... မင်း ရောက်လာပြီပဲ"
နောက်တစ်စက္ကန့်တွင် လင်းယွမ်သည် မျက်စိတစ်မှိတ်အတွင်း ရှေ့သို့ ရောက်သွားပြီး ဘုရင်မ မဒူဆာကို ပွေ့ချီလိုက်တော့သည်။
"ရှင် ဘာလုပ်တာလဲ ကျွန်မကို အခုချက်ချင်း လွှတ်ပေး"
ရုတ်တရက် အပွေ့ခံလိုက်ရသဖြင့် ဘုရင်မ မဒူဆာမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ရုန်းကန်တော့သည်။
ဒါဟာ လင်းယွမ် သူမကို ပထမဆုံးအကြိမ် အမြတ်ထုတ်တာ မဟုတ်ပေမဲ့ ဘုရင်မ မဒူဆာမှာ ရှက်လွန်းသဖြင့် တစ်ကိုယ်လုံး နီမြန်းနေတော့သည်။
ရှေ့ခန်းမထဲသို့ လှမ်းဝင်လိုက်သည့် အချိန်မှသာ လင်းယွမ်သည် လူတိုင်းကို ကောင်းကောင်း ပညာပေးထားကြောင်း မဒူဆာ သိလိုက်ရသည်။
မဟုတ်ရင် သူမရဲ့ မျိုးနွယ်စုခေါင်းဆောင် ရှစ်ယောက်လုံး ဒီနေရာမှာ တစ်ပြိုင်နက်တည်း ရှိနေဖို့ ဆိုတာ မဖြစ်နိုင်ဘူး။
လူတိုင်းရဲ့ မျက်နှာအမူအရာကို ကြည့်ရသလောက်တော့ သူတို့ဟာ လင်းယွမ်ရဲ့ ခွန်အားအောက်မှာ ကြောက်လန့်နေကြတာ သိသာတယ်။
ဒါပေမဲ့ ရှင်က မျိုးနွယ်စုတစ်ခုလုံးကို ခြောက်လှန့်နိုင်တဲ့အထိ အစွမ်းထက်နေရင်တောင် ဒီလောက် လူအများကြီး ရှေ့မှာတော့ ဒီလိုမျိုး မလုပ်သင့်ဘူးလေ။
အခုတော့ ကျွန်မက ဘယ်လိုမျက်နှာနဲ့ သူတို့ကို ပြန်ကြည့်ရတော့မလဲ
ကျွန်မက ဘုရင်မတစ်ပါးလေ ကျွန်မမှာလည်း သိက္ခာရှိသေးတာပေါ့။
ဘုရင်မ မဒူဆာ အတင်းရုန်းကန်နေသည်ကို မြင်တော့ လင်းယွမ်မှာ နှမြောတသစွာဖြင့် သူမကို ပြန်ချပေးလိုက်ရသည်။
ထို့နောက် သူသည် နောက်ပြောင်သော အပြုံးဖြင့် "ငါတို့ ဖက်ခဲ့တာ ဒါက ပထမဆုံးအကြိမ်မှ မဟုတ်တာ မင်းက ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ"
"ပါးစပ်ပိတ်ထားစမ်း"
ဘုရင်မ မဒူဆာသည် ဒေါသတကြီးဖြင့် လင်းယွမ်ကို စိုက်ကြည့်လိုက်သည်။
လင်းယွမ်က ဘာလို့ ဒီလောက်တောင် အရှက်မရှိရတာလဲ။
ဒီခန်းမထဲမှာ လူတွေအများကြီး ရှိနေတာ ရှင်မမြင်ဘူးလား။
ရှင်က ဖက်ချင်တယ်ဆိုရင် ဘယ်သူမှမရှိတဲ့ အချိန်အထိ မစောင့်နိုင်ဘူးလား။
တော်စမ်း... မဟုတ်သေးဘူး
ဘယ်သူမှ မရှိရင်တောင် သူ့ကို အဖက်ခံလို့ မဖြစ်ဘူး။
လင်းယွမ်သည် မြွေလူသားဘုရင်မကို လူသိရှင်ကြား ပြစ်မှားစော်ကားနေသည်ကို မြင်တော့ မဟာအကြီးအကဲမှာ ဒေါသကြောင့် ရူးမတတ် ဖြစ်နေရပြီ။
သို့သော် လင်းယွမ်၏ ခွန်အားကို ကြောက်သဖြင့် သူ စကားတစ်လုံးမျှ မဟရဲပေ။
ထို့ကြောင့် ထိုအခိုက်အတန့်တွင် သူ၏ ဒေါသအားလုံးကို ဘုရင်မ မဒူဆာအပေါ်သို့သာ ပုံချလိုက်တော့သည် "မဒူဆာ... မင်းရဲ့ အဆင့်အတန်းကို သတိထားဦး မင်းက မြွေလူသားတွေရဲ့ ဘုရင်မဆိုတာ မမေ့နဲ့။ မင်းရဲ့ ဘိုးဘွားအစဉ်အလာ ကျင့်ဝတ်တွေကို အကုန် မေ့သွားပြီလား"
မဟာအကြီးအကဲသည် ဘုရင်မ မဒူဆာအပေါ် အနည်းငယ်မျှ မညှာတာဘဲ သူမကို တိုက်ရိုက် ဟိန်းဟောက်လိုက်တော့သည်!
"အကြီးအကဲ... ကျွန်မ"
အကြီးအကဲ စကားဆုံးသည်နှင့် ဘုရင်မ မဒူဆာမှာ တုန်ရီသွားသည်။
သူမ ရှင်းပြရန် ကြိုးစားလိုက်စဉ်မှာပင် မဟာအကြီးအကဲ၏ အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
"မင်းက ဘာကို ဆိုလိုတာလဲ မဒူဆာ မင်းက ငါ့ကို တကယ်ပဲ စိတ်ပျက်စေတာပဲ။ မင်းက ဒီလောက်အထိ အောက်တန်းကျလိမ့်မယ်လို့ ငါ အရင်က ဘာလို့ သတိမထားမိခဲ့တာလဲ? မယုံရင် ငါ..."
"တောက်"
အကြီးအကဲ စကားတစ်ဝက်မှာပင် ရုတ်တရက်ဆိုသလို လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ပြင်းထန်လှသော ဖိအားတစ်ခုက သူ့အပေါ်သို့ ကျရောက်သွားသည်။
နောက်တစ်စက္ကန့်တွင် လင်းယွမ်သည် အကြီးအကဲ၏ လည်ပင်းကို ချက်ချင်း လှမ်းညှစ်လိုက်သည်။ "ခွေးအိုကြီး... မင်းက အသက်ရှင်ရတာ ငြီးငွေ့နေပြီလား ငါ့ရဲ့ မိန်းမကို ဘယ်လိုတောင် ရဲရဲတင်းတင်း စော်ကားရဲတာလဲ"
ထိုအခိုက်အတန့်တွင် လင်းယွမ်၏ မျက်ဝန်းထဲ၌ အဆုံးမရှိသော လူသတ်လိုသည့် အရိပ်အယောင်များ ချက်ချင်း ပြည့်နှက်သွားတော့သည်။
သူ၏ မိန်းမကို ဤကဲ့သို့ စော်ကားခံရသည်ကို မြင်လိုက်ရသည့်အခါ လင်းယွမ်၏ ဆင်ခြင်တုံတရားမှာ ပြင်းထန်သော ဒေါသအောက်တွင် ပျောက်ကွယ်သွားခဲ့ပြီ။
ထို့နောက် သူသည် အကြီးအကဲ၏ လည်ပင်းကို ချိုးပစ်တော့မည့်အလား လက်ကို အားစိုက်လိုက်သည်။
"လင်းယွမ်... မလုပ်ပါနဲ့"
လင်းယွမ်သည် မဟာအကြီးအကဲကို တကယ် သတ်တော့မည်ကို မြင်လိုက်ရသည့်အခါ ဘုရင်မ မဒူဆာသည် လင်းယွမ်၏ ဘေးနားသို့ အမြန်ပြေးဝင်ကာ သူ၏ လက်မောင်းကို ဆွဲကိုင်လိုက်တော့သည်!
"လင်းယွမ်... မဟာအကြီးအကဲကို လွှတ်ပေးလိုက်ပါ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"
"မဖြစ်နိုင်ဘူး ဒီခွေးအိုကြီးက ဒီနေ့ မင်းကို အဲဒီလို စော်ကားခဲ့တာ ငါ သူ့ကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်"
ဘုရင်မ မဒူဆာ၏ တားဆီးမှုကြောင့် လင်းယွမ် ရှေ့ဆက်မတိုးတော့သော်လည်း သူ၏ လက်ထဲမှ အားမှာမူ လျော့မသွားပေ။
လင်းယွမ်၏ နှလုံးသားထဲတွင် ဘုရင်မ မဒူဆာကို သူ၏ မိန်းမအဖြစ် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
သူ၏ မိန်းမကို သူတစ်ယောက်တည်းသာ အနိုင်ကျင့်ခွင့်ရှိပြီး အခြားသူ မည်သူမျှ သူမကို အနည်းငယ်မျှပင် မထိခိုက်စေရဟု သူ ယုံကြည်သည်။
လင်းယွမ်သည် ထိုသူကို သေချင်စော်နံအောင် လုပ်ပစ်မည့် မိစ္ဆာတစ်ကောင်အဖြစ် သေချာပေါက် ပြောင်းလဲသွားပေလိမ့်မည်။
လင်းယွမ်၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်နေပြီး အသံမှာလည်း အက်ကွဲနေသော်လည်း ဘုရင်မ မဒူဆာမှာမူ အလွန်ပင် နက်ရှိုင်းသော ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။
သူမသည် တစ်စုံတစ်ဦး၏ ကာကွယ်မှုကို ခံရခြင်းဆိုသည့် ခံစားချက်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်သည်။
သူမကို ရတနာတစ်ခုလို တန်ဖိုးထားပေးသော ထိုအမျိုးသားကို ကြည့်ရင်း ဘုရင်မ မဒူဆာသည် သူမ၏ မျက်ရည်များကို မထိန်းနိုင်တော့ပေ။