အခန်း ၁၉ ဇာတ်လိုက်၏ မိန်းမကို လုယူခြင်း
"အရှင်... ကျေးဇူးပြုပြီး ဒီမှာပဲ ခေတ္တအနားယူပါ။ ကျွန်တော် အခုပဲ ဆေးဖက်ဝင်အပင်တွေ သွားယူပြီးတော့ မဒူဆာကို ဒီဘက်ကို လာခဲ့ဖို့ ပြောလိုက်ပါ့မယ်။"
လင်းယွမ် တစ်စုံတစ်ရာ မလှုပ်ရှားရသေးမီမှာပင် တိယအကြီးအကဲသည် ရိုသေလေးစားစွာဖြင့် သူ့ကို နေရာထိုင်ခင်း ပေးအပ်လိုက်သည်။ ထို့နောက် သူသည် နောက်ခန်းဆီသို့ ခပ်သွက်သွက် လျှောက်လှမ်းသွားတော့သည်။
လင်းယွမ်ကလည်း ငြင်းပယ်ခြင်းမရှိဘဲ အသာအယာ ခေါင်းညိတ်ပြကာ ထိုင်ချလိုက်ပြီး မှေးစက်နေလိုက်သည်။
တတိယအကြီးအကဲ၏ ရည်ရွယ်ချက်ကို လင်းယွမ် အနည်းငယ် ခန့်မှန်းမိပါသည်။ ယခုအခါ သူသည် ဂါမာအင်ပါယာတစ်ခုလုံးတွင် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်သော တိုက်ပွဲဝင်ဘိုးဘေး ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပြီ။ ထိုကဲ့သို့သော ခွန်အားရှင်တစ်ဦး၏ မျက်နှာသာပေးမှုကို ရရှိခြင်းမှာ မြွေလူသားမျိုးနွယ်စုအတွက် အကျိုးရှိမည်မှာ သေချာသည်။
ထို့ပြင် လင်းယွမ်၏ စွမ်းဆောင်ရည်မှာ သူ၏ မြင့်မားသော ကျင့်စဉ်အဆင့်တစ်ခုတည်းကြောင့် မဟုတ်ပေ။ အကြောက်စရာအကောင်းဆုံးမှာ သူ၏ ပြိုင်ဘက်ကင်းသော ဆေးဖော်စပ်ခြင်းအတတ်ပညာဖြစ်သည်။
အဆင့် ၇ ဆေးဖော်စပ်သူဆိုသည်မှာ ကျားမာအင်ပါယာ၏ နှစ်ပေါင်းရာချီ သမိုင်းကြောင်းကို ပြန်ကြည့်လျှင်ပင် တစ်ယောက်စ နှစ်ယောက်စသာ ရှိနိုင်သော ရှားပါးရတနာ ဖြစ်သည်။
ဆေးဖော်စပ်ခြင်းနှင့် တိုက်ခိုက်ရေးစွမ်းရည် နှစ်ရပ်လုံးတွင် ထူးချွန်သော ဤပါရမီရှင်မှာ ဘုရင်မ မေဒူဆာကို အချစ်ကြီး ချစ်နေသူလည်း ဖြစ်သည်။ ထို့ပြင် ယခုအခါ ဘုရင်မ မဒူဆာအတွက် အသွင်ပြောင်းဆေးကိုလည်း ဖော်စပ်ပေးရဦးမည်။
လင်းယွမ် ဆေးဖော်စပ်ခြင်း အောင်မြင်သွားသည်နှင့် မဒူဆာ၏ ပါရမီအရ တိုက်ပွဲဝင်ဘိုးဘေး အဆင့်သို့ ချိုးဖျက်တက်လှမ်းနိုင်ရန်မှာ သေချာသလောက် ရှိနေသည်။
ဤနည်းဖြင့် မြွေလူသားများ၏ အင်အားမှာ အဆမတန် တိုးတက်လာပေလိမ့်မည်။ ဤအချက်များအားလုံးကြောင့်ပင် တတိယအကြီးအကဲသည် လင်းယွမ်ကို ဘိုးဘွားတစ်ဦးကဲ့သို့ပင် ရိုသေစွာ ဆက်ဆံနေခြင်း ဖြစ်သည်။
လင်းယွမ် သူ၏ လူသတ်ငွေ့များကို ထုတ်ဖော်လိုက်သည့် ခဏ၌ လူတိုင်းမှာ ဝိညာဉ်၏ နက်ရှိုင်းသော နေရာမှ လာသော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ ထို့ကြောင့်ပင် တတိယအကြီးအကဲ ထွက်သွားပြီးနောက် ခန်းမထဲရှိ ကျန်ရှိသူများမှာ ခေါင်းငုံ့ထားကြပြီး အသက်ပင် ပြင်းပြင်းမရှူဝံ့ကြချေ။ လင်းယွမ်ကို စိတ်အနှောင့်အယှက်ဖြစ်စေမည့် အမှားမျိုး လုပ်မိမှာကို လူတိုင်း စိုးရိမ်နေကြသည်။
မြွေလူသား မျိုးနွယ်စုခေါင်းဆောင်များမှာမူ ခေါင်းပင်မဖော်ဝံ့သော အခြားအစောင့်များကဲ့သို့ သူရဲဘောမကြောင်သော်လည်း အားလုံးက ရိုသေစွာ ဦးညွှတ်ထားကြပြီး သူတို့၏ မျက်ဝန်းထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်နေသည်။
အထူးသဖြင့် မိုဘာစ နှင့် ယန်စီတို့၏ မျက်လုံးများထဲတွင် ထက်သန်သော အရိပ်အယောင်များပင် ပါဝင်နေသည်။ သူတို့နှစ်ဦးလုံးမှာ တိုက်ခိုက်ရေးကို ဝါသနာပါသူများဖြစ်ပြီး ခွန်အားကြီးသူများကို အလိုအလျောက်ပင် အထင်ကြီးလေးစားတတ်ကြသည်။
လင်းယွမ်သည် အသက် ၃၀ ဝန်းကျင်ခန့်နှင့် ဆိုက်ပွဲဝင်ဘိုးဘေးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းက သူတို့နှစ်ဦးကို ပိုမို အံ့အားသင့်စေခဲ့သည်။ ယခုအခါ လင်းယွမ်သည် သူတို့၏ စံပြပုဂ္ဂိုလ် အဖြစ် လုံးဝ ရောက်ရှိသွားချေပြီ။
ဒုတိယအကြီးအကဲနှင့် စတုတ္ထအကြီးအကဲတို့မှာ မျိုးနွယ်စုခေါင်းဆောင်များကဲ့သို့ ထင်ထင်ရှားရှား ပြသခြင်းမရှိသော်လည်း လင်းယွမ်၏ ခွန်အားကို လုံးဝ လက်ခံယုံကြည်သွားကြပြီဖြစ်ကြောင်း မြင်သာလှသည်။
မဟာအကြီးအကဲတစ်ဦးတည်းသာလျှင် လင်းယွမ်ကို ကောင်းကင်က မိုးကြိုးပစ်၍ သေသွားပါစေဟု ဆုတောင်းနေမိသည်။ မူလက သူသည် မြွေလူသားမျိုးနွယ်စုတစ်ခုလုံးတွင် အဆင့်အတန်း အမြင့်မားဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ ကြယ်ကိုးပွင့် တိုက်ပွဲဝင်ဧကရာဇ်ဖြစ်သော ဘုရင်မ မဒူဆာပင်လျှင် သူ့ကို ရိုရိုသေသေ ဆက်ဆံခဲ့ရသည်။ မြွေလူသားများအကြားတွင် မဟာအကြီးအကဲမှာ ကောင်းကင်ဘုံသဖွယ်ဖြစ်ပြီး သူ တစ်ခွန်းပြောလျှင် မည်သူမျှ မငြင်းဝံ့ကြပေ။
သို့သော် လင်းယွမ် ပေါ်လာကတည်းက မဟာအကြီးအကဲ၏အရှိန်အဝါမှာ လင်းယွမ်၏ တောက်ပမှုအောက်တွင် တဖြည်းဖြည်း မှေးမှိန်သွားခဲ့ရသည်။ ထို့ပြင် ဆယ်စုနှစ်ပေါင်းများစွာ လက်တွဲလာခဲ့သော သူ၏ ညီအစ်ကိုများပင်လျှင် သူ့ကို တမင်တကာ ဝေးဝေးရှောင်နေကြပြီ ဖြစ်သည်။
ထို့ကြောင့် မဟာအကြီးအကဲသည် လင်းယွမ်ဘက်သို့ တစ်ခါတစ်ရံ လှမ်းကြည့်မိသောအခါ သူ၏ မျက်ဝန်းအိမ် နက်ရှိုင်းသော နေရာ၌ နာကျည်းမှုနှင့် မနာလိုမှုများ ကိန်းအောင်းနေတော့သည်။ သို့သော် အတွေ့အကြုံရင့်ကျက်လှသော အကြီးအကဲဖြစ်သဖြင့် သူ၏ ခံစားချက်ကို သေချာစွာ ဖုံးကွယ်ထားနိုင်ခဲ့ပြီး လူတိုင်း၏ အာရုံမှာ လင်းယွမ်ဆီသို့သာ ရောက်ရှိနေသဖြင့် မည်သူမျှ သတိမပြုမိကြပေ။
သို့သော် ဤအရာအားလုံးက လင်းယွမ်၏ အာရုံခံနိုင်စွမ်းမှ မည်သို့ လွတ်ကင်းနိုင်ပါမည်နည်း သူသာ အလိုရှိပါက မိုင်ပေါင်းများစွာ ပတ်လည်ရှိ လှုပ်ရှားမှုမှန်သမျှကို ချက်ချင်း သိရှိနိုင်သည်။ ထို့ကြောင့် အကြီးအကဲ၏ အစီအစဉ်လေးများကို လင်းယွမ် သိရှိနေသည်မှာ ကြာလှပြီဖြစ်သည်။ သို့သော်လည်း လင်းယွမ်က သူ့ကို လုံးဝ အရေးမလုပ်ပေ။
သူနှင့် မဟာအကြီးအကဲကြားက ဆက်ဆံရေးမှာ နတ်ဘုရားတစ်ပါးနှင့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်။ ဘယ်နတ်ဘုရားကများ ပုရွက်ဆိတ်တစ်ကောင်ကို ဂရုစိုက်ပါမည်နည်း အကယ်၍ လင်းယွမ်က အကြီးအကဲကို သေစေချင်ပါက သူ၏ အကြည့်တစ်ချက်ဖြင့်တင် ထိုအဘိုးကြီးမှာ ပြာအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပေလိမ့်မည်။
ယခုအခါ လင်းယွမ်သည် ဘာမှမဖြစ်သလို ဟန်ဆောင်နေသော်လည်း အမှန်တကယ်တွင်မူ သူ၏ နောက်ထပ်ခြေလှမ်းများအတွက် စဉ်းစားနေခြင်းဖြစ်သည်။
နောက်ထပ် လအနည်းငယ်ကြာလျှင် ကာနန်အကယ်ဒမီက ကျောင်းသားအသစ်များ ခေါ်ယူမည့်အချိန် ရောက်တော့မည်ဖြစ်ပြီး ဇာတ်လိုက် ရှောင်ယန်သည်လည်း သူ၏ တရားဝင်ကျင့်စဉ်ခရီးလမ်းကို ထိုအချိန်တွင် စတင်ပေလိမ့်မည်။
လင်းယွမ်သည် ရှေ့ကဦးအောင်ကြာပန်းစိမ်း မြေကမ္ဘာအူတိုင်မီးတောက်ကို ရယူခဲ့ပြီး ရှောင်ယန်၏ ကံကြမ္မာကို အားနည်းအောင် လုပ်ဆောင်ခဲ့သော်လည်း ဇာတ်လိုက်တစ်ယောက်အနေဖြင့် မူလဇာတ်လမ်းမှ သွေဖည်သွားလျှင်တောင် သူ၏ အခွင့်အရေးများမှာ သာမန်လူများနှင့် မည်သို့ နှိုင်းယှဉ်နိုင်ပါမည်နည်း။
ဝတ္ထုတွေထဲမှာ ဇာတ်လိုက်တွေဆိုတာ အိမ်ပြင်ထွက်တာနဲ့ ပိုက်ဆံကောက်ရတတ်ပြီး ချောက်ထဲပြုတ်ကျရင် ကျင့်စဉ်ကျမ်းစာတွေ တွေ့တတ်ကာခွေးတစ်ကောင် မွေးရင်တောင် အဲဒီခွေးက နတ်သားရဲ ဖြစ်သွားတတ်တာမျိုး မဟုတ်လား။
အရေးကြီးဆုံးက ရှောင်ရန်၏ နံဘေးတွင် ယောင်လောင်ဆိုသည့် ဆရာတစ်ယောက် ရှိနေခြင်းပင်။ ဗဟိုလွင်ပြင်တစ်ခုလုံးတွင် ဆေးဝိညာဉ်အရှင်ဆိုသည့် အမည်ကို မည်သူ မသိဘဲ နေပါမည်နည်း။
ယောင်လောင် ရှိနေသရွေ့ ရှောင်ယန်၏ အနာဂတ် အောင်မြင်မှုများမှာ အထင်သေး၍ မရနိုင်ပေ။
အကယ်၍ ရှောင်ယန်သာ အခြေအနေကို ပြန်လှည့်နိုင်မည့် အခွင့်အရေးရသွားပြီး အမှန်တကယ် အင်အားကြီးမားလာပါက လင်းယွမ်အတွက် အခက်တွေ့နိုင်ပါသည်။
ထို့ကြောင့် သူသည် အသေအချာ ပြင်ဆင်ထားရမည်ဖြစ်ပြီး ရှောင်ရန် ရရှိနိုင်မည့် အခွင့်အရေးမှန်သမျှကို လုယူရန် သန္နိဋ္ဌာန်ချထားသည်။
အခွင့်အရေးများသာ မရှိပါက ရှောင်ယန်သည် မည်မျှပင် ပါရမီရှိပါစေ လင်းယွမ်၏ ဖိနပ်ကို သယ်ပေးရန်ပင် ထိုက်တန်လိမ့်မည် မဟုတ်ပေ။
ဤအချက်ကို တွေးမိရင်း လင်းယွမ်၏ စိတ်ထဲတွင် အကြမ်းဖျင်း အစီအစဉ်တစ်ခု ရှိလာခဲ့သည်။
ယခုအခါ သူသည် ကြာပန်းစိမ်း မြေကမ္ဘာအူတိုင်မီးတောက်ကို ရရှိထားပြီးဖြစ်ရာ သူလုပ်ရမည့်အရာမှာ ဘုရင်မ မဒူဆာအတွက် အသွင်ပြောင်းဆေးကို ဖော်စပ်ပေးပြီး သူမ၏ အတားအဆီးများကို ကျော်ဖြတ်ကာ တိုက်ပွဲဝင်ဘိုးဘေး အဆင့်သို့ ရောက်အောင် ကူညီပေးရန်သာ ဖြစ်သည်။
ထိုသို့ဆိုလျှင် ဘုရင်မ မဒူဆာသည် သူ့အပေါ် လုံးဝ သစ္စာရှိသွားပေလိမ့်မည်။ ဤနည်းဖြင့် ရှောင်ယန်နှင့် မဒူဆာတို့၏ ပတ်သက်မှုကို လုံးဝ ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်သည်။
မဒူဆာ၏ အဆင့်တက် အသွင်ပြောင်းမှုမှာ လအနည်းငယ်မှ တစ်နှစ်ခွဲခန့်အထိ အချိန်ယူရနိုင်ပါသည်။ ထိုအချိန်ကို အသုံးချကာ လင်းယွမ်သည် သူ၏ ခွန်အားကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ရန် စီစဉ်ထားသည်။ တိုက်ပွဲဝင်ဘိုးဘေး အဆင့်သို့ ရောက်ပြီးနောက် ကြယ်ပွင့်တစ်ခုချင်းစီမှာ တောင်ကြီးတစ်လုံးသဖွယ်ဖြစ်ရာ အဆင့်တက်ရန်မှာ အလျင်စလို လုပ်၍မရနိုင်ပေ။
သို့သော် လင်းယွမ်တွင် ပြိုင်ဘက်ကင်းသော နတ်ဘုရားစွမ်းအင်တစ်ခုဖြစ်သည့် "ဝိညာဉ်တစ်ခုမှ ကိုယ်ပွားသုံးခုအဖြစ် ပြောင်းလဲခြင်း"ရှိနေသည်ကို မမေ့ပါနှင့် ဒါဟာ မဟာစကြာဝဠာရဲ့ ပြိုင်ဘက်ကင်း နတ်ဘုရားစွမ်းအား ၃၆ မျိုးထဲက တစ်ခုဖြစ်ပါတယ်။
အကယ်၍ လင်းယွမ်သာ အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့ရင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆပေါင်းများစွာ တိုးတက်လာမှာပါ။ ကိုယ်ပွားနှစ်ခုကိုသာ ဖန်တီးနိုင်မယ်ဆိုရင် သူ၏ ကြယ်တစ်ပွင့် တိုက်ပွဲဝင်ဘိုးဘေး ခွန်အားနဲ့တင် အနည်းဆုံး ကြယ်ငါးပွင့် တိုက်ပွဲဝင်ဘိုးဘေး တစ်ယောက်ကို အသာလေး ရင်ဆိုင်နိုင်လိမ့်မယ်လို့ လင်းယွမ် ခန့်မှန်းထားပါတယ်။ အဲဒီအချိန်ကျမှသာ သူ၏ အစီအစဉ်ကို စနစ်တကျ အကောင်အထည်ဖော်ရပေလိမ့်မည်။
မူလဇာတ်လမ်းတွင် ရှောင်ယန်၏ မိန်းကလေးများက သူ့ကို များစွာ အကူအညီ ပေးခဲ့ကြသည်။ ချင်ရှန်းမြို့တွင် ဆေးဆရာမလေးနှင့် တွေ့ဆုံခဲ့ပြီး တန်ဖိုးကြီးသော ပျံသန်းရေး ကျင့်စဉ်ကို ရရှိခဲ့ရုံသာမက ကံဆိုးမိုးမှောင်ကျစေသော အဆိပ်ခန္ဓာကိုယ် ပိုင်ရှင် ဆေးဆရာမလေး၏ နှလုံးသားကိုလည်း ရယူနိုင်ခဲ့သည်။
မိစ္ဆာသားရဲ တောင်တန်းတွင်လည်း ခရမ်းရောင် ရွှေအဆီအနှစ်ကို ရရှိခဲ့သလို ယွန်းယွန်နှင့်လည်း ပတ်သက်မှု ရှိခဲ့သည်။ နောက်ပိုင်းတွင် ရှောင်ယန်နှင့် ယွန်းလန်မြူဂိုဏ်းတို့အကြား ပဋိပက္ခဖြစ်သောအခါ ရှောင်ယန်၏ အရိပ်အယောင်သာ ယွန်းယွန်၏ နှလုံးသားထဲမှာ အမြစ်တွယ်မနေခဲ့ရင် သူဟာ ယွန်းလန်မြူဂိုဏ်းရဲ့ လက်ချက်နဲ့ သေဆုံးနေတာ ကြာလှပြီ ဖြစ်သည်။
ထို့ကြောင့် လင်းယွမ်သည် ရှောင်ယန်၏ အခွင့်အရေးများကိုသာမက သူ၏ မိန်းမများကိုပါ လုယူရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ ဤသို့ တွေးမိရင်း လင်းယွမ်၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် ကွေးညွှတ်သွားတော့သည်။
...
အတွင်းခန်းမထဲတွင် တတိယအကြီးအကဲသည် အပြင်ဘက်မှ အတားအဆီးကို အလျင်အမြန် ဖွင့်လိုက်သည်။ နောက်တစ်စက္ကန့်တွင်ပင် စွဲမက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုမှာ တတိယအကြီးအကဲ၏ ရှေ့မှောက်၌ ချက်ချင်း ပေါ်လာတော့သည်။
"တတိယအကြီးအကဲ အပြင်မှာ အခြေအနေ ဘယ်လိုလဲ လင်းယွမ်နဲ့ ပြဿနာတွေ ဖြစ်ကြသေးလား"
အတားအဆီးများ ပျောက်ကွယ်သွားသည်နှင့် ဘုရင်မ မဒူဆာသည် တတိယအကြီးအကဲ၏ ဝတ်ရုံစကို ဆွဲကိုင်ကာ ရှေ့ခန်းမမှ အခြေအနေကို မေးမြန်းလိုက်တော့သည်။ သူမသည် လင်းယွမ်၏ စိတ်နေစိတ်ထားကို အကြမ်းဖျင်း သိရှိထားပြီးဖြစ်သည်။ သူမ အကြောက်ဆုံးအရာမှာ လင်းယွမ် ဒေါသထွက်ပြီး ရူးသွပ်သော အပြုအမူတစ်ခုခု လုပ်ဆောင်သွားမှာကိုပင်။