အခန်း ၁၅၁ စစ်မှန်သော သွေးပင်လယ် သောင်းနှင့်ချီသော သတ်ဖြတ်ခြင်း
"မင်းတို့က မေပယ်မြို့တော်ကို မျက်စိကျဝံ့တယ်ပေါ့ သေဖို့သာ ပြင်ထားပေတော့"
ဟင်းလင်းပြင်တွင် ရပ်တန့်နေသော လင်းယွမ် ၏ အကြည့်များမှ အေးစက်လှသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
မေပယ်မြို့တော်မြို့တံခါးရှေ့ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်ကာ သူ၏ ဒေါသမှာ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲလာခဲ့သည်။
"အရှင်... အရှင်က ဟန်ဖုန်းရဲ့ မိတ်ဆွေများလား"
လင်းယွမ်၏ စကားကို ကြားလိုက်ရသည့်အခါ အကြီးအကဲ ယင်းကူသည် ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။
ဤဒိုချီဘိုးဘေးများအားလုံးသည် ဟန်ဖုန်း ငှားရမ်းထားသော လက်အောက်ငယ်သားများများ ဖြစ်နေမလား
အဆုံးတွင် ဟန်ဖုန်းမှာ သတ္တမအဆင့် ဆေးဖော်စပ်သူတစ်ဦး ဖြစ်သည်မဟုတ်ပါလား သူ၏ ဩဇာအာဏာနှင့်ဆိုလျှင် ဒိုချီဘိုးဘေးများကို အကူအညီတောင်းရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။
"ငါ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို သိဖို့ မင်းမှာ အရည်အချင်းမရှိဘူး"
လင်းယွမ်သည် အကြီးအကဲ ယင်းကူကို မထီမဲ့မြင် ကြည့်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ လူသတ်လိုသော အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာသည် "ဒီနေ့ မင်းတို့အားလုံး သေရမယ်"
"ဘာ"
လင်းယွမ် စကားဆုံးသွားသည့်အခါ မေပယ်မြို့တော် အစောင့်များမှလွဲ၍ ကျန်ရှိနေသူအားလုံး၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားကြသည်။
သူတို့၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်မဲ့သော ခံစားချက်များ ပြည့်နှက်လာခဲ့သည်။
"အရှင်... အရှင့်ရဲ့ လုပ်ရပ်က နည်းနည်းတော့ မလွန်လွန်းဘူးလား"
လင်းယွမ်၏ စကားကြောင့် အကြီးအကဲ ယင်းကူ၏ မျက်နှာတွင် မကျေနပ်သော အရိပ်အယောင်များ ပေါ်လာသည်။
"ဒါက ရယ်စရာပဲ"
လင်းယွမ်၏ နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည် "ငါက မင်းတို့ကို နှိပ်စက်တော့ ဘာဖြစ်လဲ"
လင်းယွမ်၏ စကားများမှာ အတိုင်းအဆမရှိသော ဗိုလ်ကျစိုးမိုးလိုသည့် စွမ်းအားများဖြင့် ပြည့်နှက်နေသည်
"မင်း..."
အကြီးအကဲ ယင်းကူမှာ စကားပြန်ပြောရန် ကြိုးစားသော်လည်း မည်သို့ပြောရမည်ကို မသိတော့ကြောင်း ရုတ်တရက် သတိပြုမိသွားသည်။
ဟုတ်ပေသည် ဤဒိုချီဘိုးဘေး အနည်းငယ်က သူ့ကို နှိပ်စက်နေလျှင်တောင် သူ ဘာလုပ်နိုင်ပါမည်နည်း။
သူ့မှာ ခုခံရန် အခွင့်အရေးရှိပါသလော
လင်းယွမ်၏ ရုပ်ရည်ပြောင်းလဲသွားမှုကြောင့် မေပယ်မြို့တော် အစောင့်များမှာ ဤသူမှာ သူတို့၏ ဆေးဧကရာဇ် ဖြစ်ကြောင်း မသိရှိကြပေ။
သို့သော် ၎င်းသည် လင်းယွမ်အပေါ် အစောင့်များ၏ ရိုသေလေးစားမှုကို လျော့နည်းမသွားစေခဲ့ပါ။
အကယ်၍ ဤဒိုချီဘိုးဘေးများသာ ရုတ်တရက် ရောက်မလာခဲ့လျှင် ယနေ့တွင် မေပယ်မြို့တော်ရှိ လူတိုင်း သေဆုံးကြရပေမည်။
ယခုမူ ဤအစွမ်းထက် ပုဂ္ဂိုလ်များ၏ အကူအညီဖြင့် အခြေအနေမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
"အဘိုးကြီးဟိုင်... လုပ်လိုက်တော့"
ကောင်းကင်ယံရှိ လင်းယွမ်သည် စကားအရှည်မပြောတော့ဘဲ သူ၏ဘေးနားရှိ ဟိုင်ပေါ်တုန်း ကို ညွှန်ကြားလိုက်သည်။
နောက်ဆုံးတွင် သူက ထပ်လောင်းပြောဆိုသည် "မေပယ်မြို့တော်က လူတွေကလွဲလို့ ကျန်တဲ့သူ တစ်ယောက်မှ အရှင်မထားနဲ့"
"အရှင်... ဒါက..."
ဟိုင်ပေါ်တုန်းက အောက်သို့ တွန့်ဆုတ်စွာ လှမ်းကြည့်လိုက်ရာ အောက်တွင် အနည်းဆုံး လူသောင်းနှင့်ချီ၍ ရှိနေသည်ဟု ခန့်မှန်းလိုက်မိသည်
အကယ်၍ ဤလူသောင်းနှင့်ချီ၍ ဤနေရာ၌ သေဆုံးကုန်လျှင် မည်မျှတောင် ထိတ်လန့်စရာကောင်းသော မြင်ကွင်းဖြစ်လာမည်နည်း။
ဟိုင်ပေါ်တုန်းမှာ ဆက်လက်မတွေးရဲတော့ပေ။
သူသည် စိတ်နှလုံး နုနယ်သူတစ်ဦး မဟုတ်သော်လည်း လူအများအပြားကို တစ်ပြိုင်နက်တည်း သတ်ရန်မှာ အနည်းငယ် ဝေခွဲမရ ဖြစ်နေမိသည်။
"အကြီးအကဲဟိုင်... ဒါက ဂါမားအင်ပါယာမဟုတ်ဘူး။ အမှောင်ထောင့်ဒေသမှာ ကရုဏာဆိုတာ မရှိဘူး"
ဟိုင်ပေါ်တုန်း သနားစိတ်ဝင်နေသည်ကို မြင်ရသောအခါ လင်းယွမ်၏ အမူအရာမှာ မပြောင်းလဲဘဲ အောက်သို့ အေးစက်စွာ လှမ်းကြည့်လိုက်သည်။
ထို့နောက် သူက ဆက်ပြောသည် "အမှောင်ထောင့်ဒေသမှာ သူတို့ထဲက ဘယ်သူကများ အပြစ်မဲ့တဲ့ အသက်ပေါင်းများစွာကို မသတ်ခဲ့ဖူးလို့လဲ ဒီလူတွေ သေသွားတာကတော့ သေသွားတာပဲ။ မင်းအနေနဲ့ ဘာအပြစ်ရှိစိတ်မှ ခံစားနေစရာ မလိုဘူး"
"အကယ်၍ မင်း ဒီနေ့ သူတို့ကို ကရုဏာပြခဲ့ရင် နောက်နောင်မှာ သူတို့က ပိုပြီးတော့ လူတွေအများကြီး သတ်လိမ့်မယ် မင်းကိုတောင် ကျောပိုးဓားနဲ့ ထိုးသွားနိုင်သေးတယ်။"
"မှတ်ထားပါ အမှောင်ထောင့်ဒေသမှာ ရှင်သန်ဖို့အတွက် ဥပဒေတစ်ခုပဲ ရှိတယ်... အဲ့ဒါက သတ်ဖြတ်ခြင်းကို သတ်ဖြတ်ခြင်းနဲ့ပဲ ရပ်တန့်ရမှာ"
ထိုသို့ပြောပြီးနောက် လင်းယွမ်က ဟိုင်ပေါ်တုန်းကို လေးလေးနက်နက် ကြည့်လိုက်သည် "အကယ်၍ မင်း မလုပ်နိုင်ဘူးဆိုရင် ငါကိုယ်တိုင်ပဲ လုပ်လိုက်မယ်"
လင်းယွမ်၏ စကားကို ကြားရသောအခါ ဟိုင်ပေါ်တုန်း၏ မျက်နှာတွင် ဝေခွဲမရမှုများ ဖြတ်ပြေးသွားသည်။
သို့သော် ခဏချင်းမှာပင် သူ၏ မျက်ဝန်းထဲ၌ ပြတ်သားသော အရိပ်အယောင်များ ပေါ်လာတော့သည်
လင်းယွမ် ပြောတာ မှန်သည်။ အမှောင်ထောင့်ဒေသမှာ ဂါမားအင်ပါယာနဲ့ မတူဘူး။ ဒီမှာက လူသားတွေဟာ အရှေးဦးခေတ်ကို ပြန်ရောက်သွားသလိုပဲ။
ဒီမှာ ကရုဏာဆိုတာ ရှာလို့မရဘူး။
"ကျွန်တော် နားလည်ပါပြီ အရှင်"
ဟိုင်ပေါ်တုန်းသည် သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်လိုက်ပြီးနောက် ရုတ်တရက် ပြန်ဖွင့်လိုက်သည်။
သူ၏ အကြည့်မှာ အောက်သို့ တစ်ဖန် ကျရောက်သွားသည့်အခါ သူ၏ မျက်ဝန်းများမှာ သွေးတက်ကာ နီမြန်းနေလေပြီ။
နောက်တစ်စက္ကန့်တွင် ဟိုင်ပေါ်တုန်းသည် အောက်ရှိ လူအုပ်ကြီးထဲသို့ တဟုန်ထိုး ဆင်းသက်သွားတော့သည်။
လင်းယွမ်သည် ဟိုင်ပေါ်တုန်း လှုပ်ရှားသည့်အခါ မိမိလူများကို မထိခိုက်စေရန် မေပယ်မြို့တော်မှ လူများကို သီးသန့်ခွဲထုတ်ကာ အကာအကွယ်ပေးလိုက်သည်။
နောက်တွင်မူ ဟိုင်ပေါ်တုန်း၏ တစ်ကိုယ်တော် တင်ဆက်မှုပင် ဖြစ်တော့သည်။
သူ၏ ဒိုချီဘိုးဘေးအဆင့် ခွန်အားနှင့်အတူ ဤမဟာမိတ်အဖွဲ့မှ လူများကို ရင်ဆိုင်ရသည်မှာ သိုးအုပ်ထဲသို့ ဝင်လာသည့် ကျားတစ်ကောင်ကဲ့သို့ပင်။
ဟိုင်ပေါ်တုန်း လှုပ်ရှားလိုက်သည့် အကြိမ်တိုင်းတွင် အသက်ပေါင်းများစွာကို နုတ်ယူသွားနိုင်သည်။
"ပြေးကြ"
"ဒါက ကြောက်စရာကြီး သူက မိစ္ဆာပဲ မိစ္ဆာ"
"ကျွန်တော့်ကို မသတ်ပါနဲ့ ကျွန်တော် မသေချင်သေးဘူး"
"အားးးးး"
အော်ဟစ်သံများနှင့် အသက်ချမ်းသာခွင့် တောင်းခံသံများမှာ လေထုထဲတွင် ပျံ့လွင့်နေသည်။
လင်းယွမ်က အမိန့်ပေးထားပြီးဖြစ်ရာ ဟိုင်ပေါ်တုန်းသည် မည်သည့်ကရုဏာမျှ မပြဘဲ တိုက်ခိုက်နေတော့သည်။
အင်အားကြီး သုံးခုဖြင့် ဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့မှာ ယခုအခါ လုံးဝ ပျက်စီးသွားပြီဖြစ်ကာ လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။
ရှင်သန်လိုစိတ်ဖြင့် လူအများအပြားမှာ လှည့်ထွက်ကာ ထွက်ပြေးကြတော့သည်။
သူတို့သည် အမှောင်ထောင့်ဒေသတွင် နေထိုင်ကြသူများဖြစ်သည့်အတိုင်း သေခြင်းတရားကို လျစ်လျူရှုထားကြသည်မှာ ကြာပြီဖြစ်သည်။
သို့သော် မည်သူမျှ ယခုကဲ့သို့ အရှက်တကွဲ မသေချင်ကြပေ။
"ဟွန်း ထွက်ပြေးဖို့ ကြိုးစားနေတာလား"
လူအုပ်ကြီးမှာ လွင့်စင်ကာ ထွက်ပြေးနေကြသည်ကို မြင်ရသောအခါ လင်းယွမ်သည် သူ၏ နှုတ်ခမ်းကို လျက်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် မည်သည့် ခံစားချက်မျှ မရှိပေ။
ချက်ချင်းပင် သူ၏ လက်ကို ဝေ့ယမ်းလိုက်ရာ ခရမ်းရောင်မီးလျှံများမှာ ထိုလူများ ထွက်ပြေးရာ လမ်းကြောင်းသို့ ချက်ချင်းပင် လိုက်ပါသွားတော့သည်။
လင်းယွမ်၏ ထိန်းချုပ်မှုအောက်တွင် ဆန်းကြယ်မီးတောက်မှာ ချက်ချင်းပင် မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။
ထွက်ပြေးရန် ကြိုးစားသူတိုင်းမှာ ထိုမီးပင်လယ်ကြီး၏ ဝါးမြိုခြင်းကို မရိုးမသား ခံလိုက်ကြရသည်။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလောက်သော အချိန်အတွင်းမှာပင် လူတစ်ထောင်ကျော်မှာ ထိုမီးငရဲအတွင်း၌ သေဆုံးသွားခဲ့ကြပြီ
မီးငရဲက လမ်းပိတ်ထားသဖြင့် မည်သူမျှ ထပ်မံ ထွက်ပြေးရန် မဝံ့ရဲကြတော့ပေ။
လူတိုင်းသည် ထုံထိုင်းနေသော မျက်လုံးများဖြင့် သေခြင်းတရားကိုသာ စောင့်မျှော်နေကြရသည်။
အကြီးအကဲ ယင်းကူ၏ နှလုံးသားမှာ သူ၏ တပည့်များ တစ်ဦးပြီးတစ်ဦး လဲကျသေဆုံးနေသည်ကို ကြည့်ရင်း သွေးစိမ်းရှင်ရှင် ထွက်နေသည်။
သို့သော် သူ ဘာမျှ မတတ်နိုင်ခဲ့ဘဲ သူ၏ မျက်စိရှေ့တွင် အသက်ပေါင်းများစွာ ပျောက်ကွယ်သွားသည်ကိုသာ အကူအညီမဲ့စွာ ကြည့်နေရတော့သည်။
ကောင်းကင်ယံရှိ မည်သည့် အမူအရာမျှ မရှိသော လင်းယွမ်ကို ကြည့်ရင်း အကြီးအကဲ ယင်းကူ၏ ရင်ဘတ်မှာ တဒိန်းဒိန်း ခုန်လာပြီး အအေးဓာတ်မှာ ခြေဖျားမှ ခေါင်းဖျားအထိ စိမ့်တက်သွားခဲ့သည်။
သူက လူမဟုတ်ဘူး... ငရဲကလာတဲ့ မိစ္ဆာပဲ
စစ်တလင်း၏ အပြင်ဘက်တွင် မေပယ်မြို့တော် အစောင့်များမှာ သူတို့၏ ရှေ့မှ မြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြသည်။
လူတိုင်း၏ လည်ချောင်းများမှာ လှုပ်ရှားနေပြီး တံတွေးများကို အကြိမ်ကြိမ် မျိုချနေကြသည်။
ဤသွေးစွန်းသော သတ်ဖြတ်မှုကြီးမှာ သူတို့အတွက် အမှန်တကယ်ပင် တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။
အချိန်များမှာ တစ်စစ ကုန်ဆုံးသွားသည်။
သတ်ဖြတ်မှုမှာ တစ်နာရီကျော်မျှ ကြာမြင့်ခဲ့သည်။
နောက်ဆုံး ပုံရိပ်ကလေး လဲကျသွားသည့်အခါ မြေပြင်တစ်ခုလုံးမှာ စစ်မှန်သော သွေးနီရောင် ပင်လယ်ကြီးအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ပြင်းထန်လှသော သွေးညှီနံ့မှာ လူကို ပျို့အန်ချင်လာစေရန် လုံလောက်လှသည်
လူသောင်းနှင့်ချီသော သွေးပင်လယ် ဒါဟာ ဘယ်လောက်တောင် ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းဖြစ်မလဲ
"ဟူး... ဟူး..."
လူအားလုံးကို ရှင်းလင်းပြီးနောက် ဟိုင်ပေါ်တုန်းမှာ အသက်ကို ပြင်းပြင်းရှူနေရသည်။
သူသည် ယခုအခါ ဒိုချီဘိုးဘေးတစ်ဦး ဖြစ်နေသော်လည်း လူသောင်းနှင့်ချီကို သတ်ရန်မှာ သူ၏ ခွန်အားကို အတော်လေး ကုန်ခန်းစေခဲ့သည်။
သူ၏ ရေခဲပြာရောင် ဝတ်စုံမှာ သွေးများဖြင့် စိုရွှဲနေပြီဖြစ်ရာ မူလအရောင်ကိုပင် မမြင်ရတော့ပေ။
တစ်နာရီအတွင်း ဟိုင်ပေါ်တုန်းသည် သတ်ဖြတ်ခြင်း လုပ်ရပ်ကိုသာ ထုံထိုင်းစွာ ထပ်ခါတလဲလဲ လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဟိုင်ပေါ်တုန်းသည် ဘာတွေဖြစ်ပျက်ခဲ့သည်ကို သတိပြုမိသွားပြီး သူ၏ ပတ်ဝန်းကျင်ရှိ သူ၏ "လက်ရာ" ကို ကြည့်လိုက်သည့်အခါ သူ၏ အစာအိမ်မှာ ပြင်းထန်စွာ ဝရုန်းသုန်းကား ဖြစ်လာတော့သည်
"ဝေါ့"
နောက်ဆုံးတွင် ဟိုင်ပေါ်တုန်းမှာ ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ သူ၏ အစာအိမ်ကို ဆုပ်ကိုင်ကာ အဆက်မပြတ် အန်ထုတ်ပါတော့သည်။