အခန်း ၁၀ ငါက သူမရဲ့ စေ့စပ်ထားသူပဲ
ထိုခဏတွင် လေထုမှာ အတော်လေး အနေရခက်သွားသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဘုရင်မ မဒူဆာကပင် စတင်၍ နှုတ်ဆက်လိုက်သည် "ယွဲ့မေ့... ငါမရှိတဲ့အချိန်မှာ မျိုးနွယ်စုထဲမှာ ထူးထူးခြားခြား ဘာတွေဖြစ်သေးလဲ"
"အို..."
ယွဲ့မေ့မှာ ခုနက စကားဝိုင်း၏ အနေရခက်မှုမှ မရုန်းထွက်နိုင်သေးပေ။ ခဏမျှ တွန့်ဆုတ်နေပြီးနောက် သူမက ပြန်လည်ဖြေကြားလိုက်သည် "ကျွန်မတို့ မြွေလူသားမျိုးနွယ်စုကတော့ အရင်ရက်တွေအတိုင်းပါပဲ ထွေထွေထူးထူး ဘာမှမဖြစ်ပါဘူး။"
ခဏရပ်ပြီးနောက် ယွဲ့မေ့က ဆက်ပြောသည် "ဒါပေမဲ့ ဂါမာအင်ပါယာရဲ့ နန်းတွင်းမိသားစုဘက်ကတော့ လှုပ်ရှားမှုတချို့ ရှိနေတယ်။ သူတို့က ယွမ်းလန်မြူဂိုဏ်းရဲ့ တောင်ခြေမှာ စစ်တပ်တစ်ခု ချထားတယ်လို့ သိရပါတယ်။"
"အင်း"
ယွဲ့မေ့၏ စကားကို နားထောင်ပြီးနောက် ဘုရင်မ မေဒူဆာက ခေါင်းညိတ်လိုက်သည်။
ခဏမျှ စဉ်းစားလိုက်သည်နှင့် သူမသည် နန်းတွင်းမိသားစု၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။ မကြာသေးမီက ယွန်းလန်မြူဂိုဏ်း၏ အင်အားမှာ အလွန်အမင်း လျင်မြန်စွာ ကြီးထွားလာသဖြင့် နန်းတွင်းမိသားစု၏ အဆင့်အတန်းကို ထိခိုက်လာသောကြောင့် ဖြစ်ရမည်။ နန်းတွင်းမိသားစုထဲမှ ထိုမိစ္ဆာအိုကြီး၏ သဘာဝအရဆိုလျှင် မမျှော်လင့်ထားသည့် အခြေအနေများ မဖြစ်ပေါ်လာစေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။
"ဒါကတော့ စိတ်ဝင်စားဖို့ကောင်းလာပြီ"
လက်ရှိတွင် နန်းတွင်းမိသားစုနှင့် ယွန်းလန်မြူဂိုဏ်းတို့မှာ အပေါ်ယံတွင်သာ စည်းလုံးနေကြခြင်းဖြစ်သည်။ အကယ်၍ တစ်စုံတစ်ရာ မမျှော်လင့်ဘဲ ဖြစ်ပွားလာပါက မြွေလူသားမျိုးနွယ်စုအနေဖြင့် ထိုရှုပ်ထွေးမှုကြားမှ အခွင့်ကောင်းယူကာ အကျိုးအမြတ်တစ်ခုခု ခွဲဝေရရှိနိုင်ပေသည်။
ဤသို့တွေးလိုက်မိသည်နှင့် ဘုရင်မ မဒူဆာ၏ မျက်နှာပေါ်တွင် လှပသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
ဘုရင်မ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသော ယွဲ့မေ့မှာ မဒူဆာ၏ အပြုံးကို မြင်လိုက်ရသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ဘုရားရေ... ငါတို့ရဲ့ ဘုရင်မကြီးကလည်း ပြုံးတတ်တာပဲလား။
ယွဲ့မေ့၏ မှတ်ဉာဏ်ထဲတွင် ဘုရင်မဆိုသည်မှာ အမြဲတမ်း မြင့်မြတ်ပြီး အေးစက်တည်ငြိမ်သူတစ်ဦး ဖြစ်သည်။ သူမ၏ အပြုံးကိုဆိုလျှင် မြွေလူသားမျိုးနွယ်စုတစ်ခုလုံးတွင် မြင်ဖူးသူ အနည်းငယ်သာ ရှိလိမ့်မည်ဟု သူမ ထင်မိသည်။
"ဒါက အဲဒီအမျိုးသားကြောင့်များလား" ယွဲ့မေ့သည် မလှမ်းမကမ်းတွင် ရပ်နေသော လင်းယွမ်ကို ခိုးကြည့်လိုက်သည်။
သေချာကြည့်ပြီးနောက် ယွဲ့မေ့သည် စိတ်ထဲမှ ခေါင်းညိတ်လိုက်မိသည် "ဒီလူသားက တော်တော်လေးတော့ ချောသားပဲ။"
ချက်ချင်းပင် ယွဲ့မေ့သည် သူမ၏ သိလိုစိတ်ကို မထိန်းနိုင်တော့ဘဲ ဘုရင်မ မဒူဆာ၏ အင်္ကျီလက်ကို တိုးတိုးလေး ဆွဲလိုက်သည်။ သူမ၏ အကြည့်မှာ လင်းယွမ်ဆီသို့ မရည်ရွယ်ဘဲ တစ်ချက်ရောက်သွားပြီးနောက် အသံကိုနှိမ့်ကာ မေးလိုက်သည် "ဘုရင်မကြီး... ဘုရင်မကြီးနဲ့ ဒီလူသားက"
ဒါကတော့ နောက်ပြောင်နေတာပဲ လင်းယွမ်က အခုတိုက်ပွဲဝင်ဘိုးဘေးအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပြီလေ သူ၏ အကြားအာရုံက မည်မျှထက်မြက်မည်နည်း ယွဲ့မေ့က အသံကို နှိမ့်ထားရန် ကြိုးစားသော်လည်း သူမ၏ စကားလုံးများမှာ လင်းယွမ်၏ နားထဲသို့ ရောက်ရှိသွားခဲ့သည်။
ဘုရင်မ မေဒူဆာ မဖြေကြားနိုင်သေးခင်မှာပင် လင်းယွမ်က ကြားဖြတ်၍ လွှတ်ခနဲ ပြောလိုက်သည် "ငါက သူမရဲ့ စေ့စပ်ထားသူပဲ"
"စေ့စပ်ထားသူ" ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ယွဲ့မေ့မှာ လုံးဝကို ဆွံ့အသွားရသည်။ သူမ၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားပြီး မအော်ဘဲ မနေနိုင်တော့ပေ "ဘုရင်မကြီးရဲ့... စေ့စပ်ထားသူ ဟုတ်လား"
ယွဲ့မေ့မှာ သိသိသာသာကို စိတ်လှုပ်ရှားလွန်းသဖြင့် သူမ၏ အသံပင် တုန်ရင်နေတော့သည်။
မဒူဆာ၏ မျက်နှာလေးမှာ နီမြန်းသွားပြီး လင်းယွမ်ကို မျက်စောင်းထိုးလိုက်ကာ ပြန်လည်ဟန့်တားလိုက်သည် "သူ့ရဲ့ ပေါက်ကရစကားတွေကို နားမယောင်နဲ့။"
သူမသည် လင်းယွမ်နှင့် ပတ်သက်မှုကို တိုက်ရိုက် ဝန်မခံသော်လည်း ဘုရင်မ မဒူဆာ၏ စရိုက်ကို ကောင်းစွာသိသော ယွဲ့မေ့အဖို့မူ အမှန်တရားကို သိရှိနေပြီ ဖြစ်သည်။ ၎င်းမှာ အမှန်ဖြစ်နိုင်ခြေ အလွန်များနေသည်။ သို့မဟုတ်ပါက အမြဲတမ်း အေးစက်တည်ငြိမ်သော ဘုရင်မကြီး၏ ရှေ့တွင် အခြားသူတစ်ယောက်က ဤကဲ့သို့ ပြောဆိုလာပါက ထိုသူမှာ သေချာပေါက် အသတ်ခံလိုက်ရရမည် မဟုတ်ပါလား။
"ဟေး... မြွေမိန်းကလေး မင်း ငါ့မိန်းမကို ဘယ်လောက်ကြာအောင် ပွားနေဦးမှာလဲ"
ယွဲ့မေ့က တတွတ်တွတ် မေးမြန်းနေသည်ကို မြင်သောအခါ လင်းယွမ်က စိတ်မရှည်သလို ပြောလိုက်သည်။
"ကောင်းပြီ... ယွဲ့မေ့ ငါ လင်းယွမ်ကိုသက်ကြီးဝါကြီးများခန်းမဆီ ခေါ်သွားလိုက်ဦးမယ် မင်းလည်း အခု ပြန်လို့ရပြီ။"
ဘုရင်မ မဒူဆာက လင်းယွမ်ကို မျက်စောင်းတစ်ချက် ကျွေးလိုက်ပြီးနောက် ယွဲ့မေ့ကို အမိန့်ပေးလိုက်သည်။
"လက်အောက်ခံ အမိန့်အတိုင်း နာခံပါ့မယ်။"
ယွဲ့မေ့သည် ရိုသေစွာ အမိန့်နာခံပြီးနောက် ဆုတ်ခွာသွားတော့သည်။
သွားကြစို့
ယွဲ့မေ့ ထွက်သွားပြီးနောက် လင်းယွမ်သည် ဘုရင်မ မဒူဆာအနားသို့ တိုးသွားကာ ထိုအလှပဂေးလေး၏ ခါးကို ဖက်ရန် လက်လှမ်းလိုက်သည်။ သို့သော် မမျှော်လင့်ဘဲ ဘုရင်မ မဒူဆာက သိသိသာသာ နောက်ဆုတ်လိုက်သဖြင့် လင်းယွမ်၏ လက်မှာ လေထဲတွင်သာ ကျန်ရစ်ခဲ့သည်။
"ငါ့ဘာသာငါ လမ်းလျှောက်နိုင်တယ်"
သူမက မကျေမနပ် လေသံဖြင့် ပြောလိုက်ပြီးနောက် သူမ၏ တိုက်ပွဲဝင်စွမ်းအင်တောင်ပံများကို ဖြန့်ကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
"ဟက်... ဒီမိန်းမကတော့ကွာ။"
လင်းယွမ်သည် သူ၏လက်ကို မတတ်သာဘဲ ပြန်ရုပ်သိမ်းလိုက်ပြီးနောက် ဘုရင်မ မဒူဆာ ထွက်ခွာသွားသော လမ်းကြောင်းအတိုင်း လိုက်ပါသွားလေတော့သည်။