အခန်း ၁ ရေခဲသိုင်းဧကရာဇ် လင်းယွမ်နှင့် ကောင်းကင်ထက်မှ ဖန်သားပြင်
ဒိုချီတိုက်ကြီး။
အလွန်အေးစက်လှသော မြောက်ဘက်စွန်းဒေသရှိ သိုင်းနတ်ဘုရားကျဆုံးရာ ရေခဲပြင်ကျယ်ကြီး။
ဒီနေရာဟာ ရှေးယခင်ကတည်းက သိုင်းဧကရာဇ်များနှင့် သိုင်းနတ်ဘုရားများ ကျဆုံးခဲ့သောနေရာဟု အဆိုရှိကြသည်။
နှစ်ပေါင်းထောင်ပေါင်းများစွာတိုင်အောင် ရေခဲရိုက်နေသော ဒီမြေပြင်ကျယ်ကြီးသည် ဒိုချီတိုက်ကြီးတစ်ခုလုံးက တားမြစ်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားသည့် အနက်ရှိုင်းဆုံးနေရာလည်း ဖြစ်သည်။
မြင့်မားလှသည့် နှင်းဖုံးတောင်ထိပ်ပေါ်တွင် ဆန်းကြယ်သော ရေခဲနန်းတော်တစ်ခုသည် မန္တန်အစီအရင်များ၊ သင်္ကေတများ၏ အလင်းရောင်များဖြင့် ဝန်းရံလျက် ငြိမ်သက်စွာတည်ရှိနေသည်။ ထိုပုံစံမှာ အိပ်မောကျနေသော သားရဲကြီးတစ်ကောင်နှင့်ပင် ဆင်တူလှသည်။
နန်းတော်၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် ရေခဲနန်းတော်၏ ပင်မတံခါးဝတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကြီးကို တွေ့ရမည်။
ထိုဆိုင်းဘုတ်ပေါ်တွင် "ခုနှစ်စင်ကြယ်နန်းတော်" ဆိုသည့် စာလုံးကြီးများကို သေသပ်လှပစွာ ရေးထိုးထားသည်။ စာလုံးများ၏ လက်ရာမှာ အလွန်စွမ်းအားပါလှပြီး ကြည့်ရှုသူ၏ ဝိညာဉ်ကိုပင် စုပ်ယူဖမ်းစားနိုင်လောက်အောင် ထိန့်လန့်ဖွယ် ကောင်းလှသည်။
ဆိုင်းဘုတ်၏ အောက်ဘက် ပင်မတံခါးဝတွင်မူ ငွေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော သန်မာထွားကြိုင်သည့် အမျိုးသားနှစ်ဦးသည် အစောင့်သိုင်းနတ်ဘုရားများကဲ့သို့ မတ်မတ်ရပ်နေကြသည်။ သူတို့၏ စူရဲသော မျက်လုံးများသည် ပတ်ဝန်းကျင်ကို မပြတ်စောင့်ကြည့်နေကြသည်။
ထိုအချိန်တွင် ခုနှစ်စင်ကြယ်နန်းတော်၏ အနက်ရှိုင်းဆုံးနေရာရှိ ခမ်းနားလှသော ညီလာခံခန်းမကြီးအတွင်း၌ ဖြစ်သည်။
ဆီးနှင်းကဲ့သို့ ဖြူစင်သော ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ရေခဲပလ္လင်ပေါ်တွင် ပျင်းရိစွာ မှီထိုင်နေသည်။
သူသည် အရပ်မြင့်မားပြီး အရှိန်အဝါ ကြီးမားလှသည်။ ရေခဲပြာရောင် ဆံနွယ်ရှည်များသည် ရေတံခွန်တစ်ခုကဲ့သို့ ပခုံးပေါ်သို့ ဖြာကျနေသည်။ ချောမောပြေပြစ်ပြီး ခန့်ညားလှသော သူ၏ မျက်နှာမှာ အဝေးကကြည့်လျှင် လူ့ပြည်သို့ ဆင်းသက်လာသည့် သိုင်းနတ်ဘုရားတစ်ပါးနှင့်ပင် တူနေသည်။
သူ၏အမည်မှာ လင်းယွမ် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းထောင်ပေါင်းများစွာကတည်းက သူသည် ဒီဒိုချီတိုက်ကြီးသို့ ကူးပြောင်းရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူ ရောက်ရှိလာသည့် အချိန်မှာ 'ရှောင်ယန်' ပင် မမွေးဖွားသေးသော အချိန်ဖြစ်သည်။
ဒီဆန်းကြယ်လှသော ကမ္ဘာသို့ စတင်ရောက်ရှိချိန်တွင် ပတ်ဝန်းကျင်ရော လူများကိုပါ မသိရှိရုံမျှမက တောအုပ်ထဲတွင် စွန့်ပစ်ခံထားရသော ကလေးငယ်တစ်ဦးအဖြစ် စတင်ခဲ့ရသည်။
ထိုစဉ်က လင်းယွမ်သည် ကမ္ဘာကြီး ပျက်စီးသွားပြီဟုပင် ခံစားခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် သေလုမျောပါးဖြစ်နေချိန်တွင် “နေ့စဉ်အကောင့်ဝင်စနစ်” ရောက်ရှိလာခဲ့သည်။
စနစ်မှ ပထမဆုံးပေးသော လက်ဆောင်ကြောင့် သိုင်းဝိဇ္ဇာ ရုပ်သေးရုပ်ကို ရရှိခဲ့ပြီး သူ၏ အသက်ကို လုယူကယ်တင်နိုင်ခဲ့သည်။
ထို့နောက် လင်းယွမ်သည် အသက်သုံးနှစ်တွင် စတင်ကျင့်ကြံခဲ့ပြီး အသက်ခြောက်နှစ်တွင် အထက်တန်းစား ရေခဲခန္ဓာကို နိုးထစေခဲ့သည်။ အသက်ရှစ်နှစ်တွင် သိုင်းဧကရာဇ်အဆင့်၊ ၁၂ နှစ်တွင် သိုင်းဝိဇ္ဇာအဆင့်၊ ၁၈ နှစ်တွင် သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိခဲ့ပြီး အသက် ၂၅ နှစ်တွင်မူ ကြယ်ကိုးပွင့်သိုင်းသူေတာ်စင်အဆင့်၏ ထိပ်သီးသို့ ရောက်ရှိသွားခဲ့သည်။
လင်းယွမ်က မိမိ၏ ကြိုးစားမှု၊ စနစ်၏ ကူညီမှုတို့ဖြင့် ခမ်းနားသော စကြဝဠာကြီးအတွင်း လွတ်လပ်စွာ လှည့်လည်ကျက်စားနိုင်တော့မည်ဟု ထင်မှတ်ထားခဲ့စဉ်မှာပင် မျှော်လင့်မထားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
ထိုအရာမှာ ကမ္ဘာကြီးကို ဖျက်ဆီးတတ်သည့် အပြင်ကမ္ဘာမှ မိစ္ဆာမျိုးနွယ်တစ်ခုဖြစ်သော မီးတောက်မိစ္ဆာမျိုးနွယ် ပေါ်ထွက်လာခြင်း ဖြစ်သည်။
လင်းယွမ် စနစ်တွင် အကောင့်ဝင်စဉ် မီးဓာတ် ရတနာတစ်ခု၏ အရှိန်အဝါ ထွက်ပေါ်သွားခဲ့ရာ အာရုံခံကောင်းသော မိစ္ဆာများသည် ဒိုချီတိုက်ကြီး၏ တည်နေရာကို ချက်ချင်း သိရှိသွားကြသည်။
မိစ္ဆာမျိုးနွယ်ခေါင်းဆောင်က ဒီဒိုချီတိုက်ကြီးတွင် ကြီးမားသော လျှို့ဝှက်ချက်ရှိသည်ဟု ယုံကြည်ကာ ကျူးကျော်သိမ်းပိုက်ရန် ပြင်ဆင်ခဲ့ကြသည်။
ဒါကြောင့် သူတို့၏ မျိုးနွယ်စု ရတနာကို အသုံးပြု၍ ဒိုချီတိုက်ကြီးနှင့် စကြဝဠာကြီးအကြား ချိတ်ဆက်မှုကို အဝေးမှနေ၍ ပိတ်ဆို့လိုက်ကြသည်။
ဒိုချီတိုက်ကြီးမှ မည်သူမျှ စကြဝဠာကြီးအတွင်းသို့ မတက်လှမ်းနိုင်တော့ကြောင်း သေချာသွားသည့်အခါမှသာ မီးတောက်မိစ္ဆာမျိုးနွယ်သည် ဟင်းလင်းပြင် လမ်းကြောင်းကို စတင်ဖွင့်လှစ်ခဲ့သည်။
စနစ်ထံမှ ဒီအကြောင်းအရာများကို သိရှိလိုက်ရသည့်အခါ လင်းယွမ်တစ်ယောက် အံ့အားသင့်ကာ မှိုင်တွေသွားခဲ့ရသည်။
ဒီလောက်အထိ အဆင်သင့်ဖြစ်နေပြီး စကြဝဠာကြီးထဲ ထွက်ခွာခါနီးမှ လမ်းကြောင်း ပိတ်ဆို့ခံလိုက်ရပြီး အင်အားကြီး ရန်သူနှင့် ရင်ဆိုင်ရတော့မည် ဆိုသည့်အဖြစ်ကို သူ လက်မခံနိုင်ခဲ့ပေ။
သို့သော် ဒီပြဿနာမှာ မိမိကြောင့် ဖြစ်လာရခြင်း ဖြစ်သည့်အပြင် ဒိုချီတိုက်ကြီးလည်း ပိတ်ဆို့ခံလိုက်ရသဖြင့် ထွက်ပြေး၍ မရတော့ဘဲ မိစ္ဆာမျိုးနွယ်ကို တိုက်ခိုက်ရန်သာ အာရုံစိုက်ခဲ့ရတော့သည်။
နှစ်အတော်ကြာပြီးနောက် မီးတောက်မိစ္ဆာမျိုးနွယ်၏ ပထမဆုံး ဟင်းလင်းပြင် လမ်းကြောင်း ပေါ်ပေါက်လာခဲ့သည်။
ဒိုချီတိုက်ကြီး၏ နိယာမများကြောင့် အပြင်လူများအနေဖြင့် သိုင်းဧကရာဇ်အဆင့်ထက် ကျော်လွန်သော စွမ်းအားဖြင့် ဝင်ရောက်ခွင့်မရသည်က တစ်ကြောင်း၊ လင်းယွမ်က စနစ်၏ အကူအညီဖြင့် မီးတောက်မိစ္ဆာများ လာမည့် တည်နေရာကို ကြိုတင်သိရှိထားသည်က တစ်ကြောင်းတို့ကြောင့် မိမိ၏ ရေခဲစွမ်းအားဖြင့် မိစ္ဆာများကို ခြေမှုန်းနိုင်ခဲ့သည်။
ပထမအကြိမ် ကျူးကျော်မှုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သော်လည်း ဟင်းလင်းပြင် လမ်းကြောင်းကို နှစ်ပေါင်းများစွာ ပိတ်ဆို့ထားခြင်းသည် ရေရှည်အဆင်မပြေနိုင်ကြောင်း လင်းယွမ် သိရှိခဲ့သည်။ ဒုတိယအကြိမ် ဟင်းလင်းပြင် လမ်းကြောင်း ပွင့်လာပါက မိမိနှင့် စနစ်မှရရှိသော ရုပ်သေးအစောင့်အရှောက်များဖြင့် မလုံလောက်နိုင်တော့ပေ။
ဒါကြောင့် အကောင့်ဝင်ရာမှ ရရှိထားသော ဂုဏ်သတင်းကို အသုံးပြု၍ ပထမဆုံး ဟင်းလင်းပြင် လမ်းကြောင်းအနီးရှိ ရေခဲပြင်ပေါ်တွင် ခုနှစ်စင်ကြယ်နန်းတော်ကို တည်ထောင်ခဲ့သည်။
ထို့နောက် ဒိုချီတိုက်ကြီးတစ်ခုလုံးမှ ပါရမီရှင်များနှင့် အင်အားကြီးသူများကို စည်းရုံးကာ မီးတောက်မိစ္ဆာမျိုးနွယ်၏ ကျူးကျော်မှုကို အတူတကွ တားဆီးခဲ့ကြသည်။
ယနေ့အချိန်အထိ ဆိုလျှင် နှစ်ပေါင်းတစ်ထောင်တိုင် ကုန်လွန်ခဲ့ပြီ ဖြစ်သည်။
မီးတောက်မိစ္ဆာမျိုးနွယ် တည်ဆောက်ခဲ့သော ဟင်းလင်းပြင် လမ်းကြောင်းများကို လင်းယွမ်နှင့် သူ၏ လက်အောက်ရှိ နန်းတော်သခင် ခုနစ်ဦးဖြစ်သော 'ထျန်းရှူး၊ ထျန်းရွှန်း၊ ထျန်းကျီး၊ ထျန်းချွမ်၊ ယွီဟန်၊ ခိုင်ယန်းနှင့် ယောင်ကွမ်း' တို့အပြင် လက်အောက်ခံ အဖွဲ့အစည်းပေါင်းများစွာက စောင့်ကြပ်နေကြသည်။
ထို့အပြင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက လင်းယွမ်သည် စနစ်မှရရှိသော သော့ကို အသုံးပြု၍ ဟေးကျောက်ဒေသအောက်ရှိ ဆိုတိုသိုင်းဧကရာဇ်၏ ဂူသင်္ချိုင်းကို အလွယ်တကူ ပွင့်လှစ်ခဲ့ပြီး သိုင်းဧကရာဇ်အဆင့် ဆေးလုံးကို ပျိုးထောင်ကာ သိုင်းနတ်ဘုရားအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
လင်းယွမ်၏ စွမ်းအားမှာ ရေခဲဓာတ် ဖြစ်သဖြင့် မိမိကုသိုလ်မိမိယူကာ ရေခဲသိုင်းနတ်ဘုရားဟု ခေါ်ဝေါ်ခဲ့သည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ဒိုချီတိုက်ကြီးပိတ်ဆို့ခံထားရသဖြင့် သိုင်းနတ်ဘုရားအဆင့်သို့ ရောက်ရှိသွားသော်လည်း စကြဝဠာကြီးအတွင်းသို့ ခရီးမဆက်နိုင်သေးပေ။
နောက်ပိုင်းတွင် လင်းယွမ်သည် ဒိုချီတိုက်ကြီး၏ ဒေသခံဖြစ်ခွင့်ကို အသုံးချကာ ဟင်းလင်းပြင် လမ်းကြောင်းမှတစ်ဆင့် မီးတောက်မိစ္ဆာမျိုးနွယ်၏ တပ်စခန်းသို့ ခိုးဝင်၍ မိစ္ဆာများကို ရှင်းလင်းခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကဆိုလျှင် မိစ္ဆာမျိုးနွယ်၏ သိုင်းနတ်ဘုရားအဆင့်ရှိသော ဘိုးဘေးတစ်ဦးကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။
ဒီလိုလုပ်ရပ်ကြောင့် မိစ္ဆာမျိုးနွယ်များ ထိန့်လန့်သွားခဲ့ရသလို မိမိတို့ဘက်မှ စိတ်ဓာတ်များလည်း တက်ကြွလာခဲ့သည်။
သို့သော် ဒီကိစ္စကြောင့် မိစ္ဆာမျိုးနွယ်ခေါင်းဆောင်မှာ ဒေါသထွက်သွားခဲ့ရသည်။
သူတို့သည် မိစ္ဆာတပ်မတော်ကြီးကို စုစည်းကာ ဒိုချီတိုက်ကြီးကို ရူးသွပ်စွာ တိုက်ခိုက်ခဲ့ကြသည်။
သို့သော် ဒိုချီတိုက်ကြီးတွင် လင်းယွမ်ဆိုသည့် သိုင်းနတ်ဘုရားတစ်ပါး စောင့်ကြပ်နေသဖြင့် မိစ္ဆာများ၏ တိုက်ခိုက်မှုမှာ မအောင်မြင်ခဲ့ပေ။ လင်းယွမ်အတွက်မူ ထိုမိစ္ဆာများသည် တစ်ချက်တွေးလိုက်ရုံဖြင့် ဖျက်ဆီးနိုင်သော ပုရွက်ဆိတ်များသာ ဖြစ်သည်။
ကမ္ဘာ့နိယာမများ၏ ကန့်သတ်ချက်ကြောင့် မိစ္ဆာသိုင်းနတ်ဘုရားကိုယ်တိုင် ဆင်းသက်၍ မရသဖြင့် စွမ်းအားကြီးသူများကို အကြိမ်ကြိမ် စေလွှတ်ခြင်းမှာ သေတွင်းတူးခြင်းသာ ဖြစ်ခဲ့သည်။
နောက်ဆုံးတွင် အကျအဆုံး နည်းပါးစေရန်အတွက် မီးတောက်မိစ္ဆာမျိုးနွယ်သည် ဆုတ်ခွာသွားခဲ့ရပြီး ဒိုချီတိုက်ကြီးကို ဆက်လက်ပိတ်ဆို့ထားကာ လင်းယွမ်ကို စကြဝဠာကြီးအတွင်းသို့ မရောက်ရှိနိုင်အောင် ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ဒီခြိမ်းခြောက်မှုကို လင်းယွမ်က မိစ္ဆာတပ်စခန်းသို့ သွားရောက်ကာ မိစ္ဆာများကို ပိုမိုသတ်ဖြတ်ခြင်းဖြင့်သာ တုံ့ပြန်ခဲ့သည်။
...
"စနစ်... အကောင့်ဝင်မယ်"
[ဒင်း~ ဒီနေ့အတွက် အကောင့်ဝင်ရောက်မှု အောင်မြင်ပါသည်။]
[ဂုဏ်ယူပါတယ် ပိုင်ရှင် သင်သည်... အဆင့် ၈ ကိုးရောင်ခြည် မိုးကြိုးဆေးလုံး တစ်လုံး ရရှိပါတယ်။]
ရှေ့တွင် ပေါ်ထွက်လာသော အဆင့် ၈ ဆေးလုံးကို ကြည့်ရှုရင်း ရေခဲပလ္လင်ပေါ်တွင် မှီထိုင်နေသည့် လင်းယွမ်က ဆေးလုံးကို သိမ်းဆည်းလိုက်ကာ သက်ပြင်းသဲ့သဲ့ ချလိုက်သည်။
"ငါ ဒီမှာ ပိတ်မိနေတာ နှစ်ပေါင်းထောင်ချီနေပြီ... စနစ် ရေ နည်းနည်းလောက် ပိုကောင်းတာလေးတွေ ပေးပါဦး..."
"သိုင်းဝိညာဉ်အဆင့်ကနေ သိုင်းနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်မယ့် ရတနာမျိုး မရတာ တော်တော်ကြာပြီ"
"ငါ အရင်က သိုင်းနတ်ဘုရားအဆင့် မိစ္ဆာတစ်ကောင်ကို သတ်ခဲ့ဖူးပေမဲ့ မိစ္ဆာခေါင်းဆောင် အပါအဝင် သူတို့ဘက်မှာ သိုင်းနတ်ဘုရားအဆင့် တိုက်ခိုက်ရေးသမား ၁၀ ယောက်မက ရှိနေတာ... ငါက အဆင့်တူ သုံးယောက်ကို ယှဉ်နိုင်တယ် ဆိုရင်တောင် အဲဒီလောက် အများကြီးကြားထဲက ပိတ်ဆို့ထားတဲ့ အစီအရင်ကို ဖျက်ဆီးဖို့ မလွယ်ဘူး"
"ဒါပေမဲ့ ကံကောင်းတာတစ်ခုက ငါ့ရဲ့ ကံကြမ္မာသားတော်ရှောင်ယန်က သိုင်းဝိဇ္ဇာအဆင့်ကို ရောက်နေပြီ"
"သူ့ရဲ့ ကံကြမ္မာအရ အလွန်ဆုံး နောက်ထပ် ၁၀ နှစ်လောက်အထိ ငါ ထိန်းထားပေးနိုင်ရင် ဒိုချီတိုက်ကြီးမှာ နောက်ထပ် သိုင်းနတ်ဘုရားတစ်ပါး ပေါ်လာလိမ့်မယ်... အဲဒီအခါကျမှ သူနဲ့ပေါင်းပြီး မိစ္ဆာတွေကို အာရုံလွှဲကာ အစီအရင်ကို ရိုက်ခွဲနိုင်ရင် အခွင့်အရေး ပိုများလိမ့်မယ်"
လင်းယွမ် ရေရွတ်နေစဉ်မှာပင်...
ဝုန်း။
ကျယ်လောင်လှသော မြည်ဟီးသံကြီးတစ်ခုက ဒိုချီတိုက်ကြီးတစ်ခုလုံးတွင် ရုတ်တရက် လွင့်ပျံ့သွားခဲ့သည်။
ထို့နောက် ဒိုချီတိုက်ကြီး၏ ကောင်းကင်ထက်တွင် ကြီးမားလှသော အက်ကြောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ရေခဲသိုင်းနတ်ဘုရား လင်းယွမ်ပင် မတွန်းလှန်နိုင်သော ကြီးမားလှသည့် စွမ်းအားကြီးတစ်ခုက ဒိုချီတိုက်ကြီးတစ်ခုလုံးကို မုန်တိုင်းတစ်ခုကဲ့သို့ လွှမ်းမိုးသွားခဲ့ပြီး သက်ရှိအားလုံးမှာ စောင့်ကြည့်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ဒီလို ရုတ်တရက် ပြောင်းလဲမှုကြောင့် လင်းယွမ်မှာ မျက်မှောင်ကြုတ်သွားခဲ့ပြီး ရေခဲပလ္လင်နှင့်အတူ ခုနှစ်စင်ကြယ်နန်းတော်၏ ပြင်ပ ဟင်းလင်းပြင်သို့ ရောက်ရှိသွားခဲ့သည်။
ယခုအခါ ခုနှစ်စင်ကြယ်နန်းတော်၏ ကောင်းကင်ထက်တွင် အရှိန်အဝါ ကြီးမားသော လူရိပ်များ ပေါ်ထွက်နေကြပြီ ဖြစ်သည်။
ရုတ်တရက် ပေါ်ထွက်လာသော ရေခဲပလ္လင်ကို မြင်လိုက်ရသည့်အခါ အားလုံးက လင်းယွမ်ကို ကြည်ညိုစွာဖြင့် ဦးညွှတ်လိုက်ကြသည်။
"ရေခဲသိုင်းနတ်ဘုရား အရှင်မြတ်ကို ဂါရဝပြုပါတယ်။"
ခုနှစ်စင်ကြယ်နန်းတော်၏ လက်အောက်ငယ်သားများ၏ နှုတ်ဆက်သံများ ပေါ်ထွက်လာခဲ့သည်။
လင်းယွမ်က ခေါင်းကို အသာငြိမ့်ပြလိုက်ပြီး နောက်တစ်စက္ကန့်တွင်မူ ကောင်းကင်ထက်မှ ဆန်းကြယ်သော ဖြစ်စဉ်ဆီသို့ အာရုံလုံးဝ ရောက်ရှိသွားခဲ့သည်။
သူတို့၏ အကြည့်တိုင်းဆီတွင် ရွှေရောင်အလင်းတန်းကြီးတစ်ခု ပေါ်ထွက်နေသည်ကို တွေ့ရမည် ဖြစ်ပြီး ထိုအရာမှာ ကောင်းကင်ထက်တွင် သာလင်းနေသော ရွှေရောင်နေမင်းကြီးနှင့်ပင် ဆင်တူလှသည်။
ဘယ်နေရာမှာပဲရှိရှိ မော့ကြည့်လိုက်သည်နှင့် ဒီဆန်းကြယ်လှသော မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်မည် ဖြစ်သည်။
ဒိုချီတိုက်ကြီးတစ်ခုလုံး အံ့အားသင့်နေစဉ်မှာပင် အလင်းပြင်ပေါ်တွင် စာလုံးကြီးများ ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သိုင်းနတ်ဘုရားတစ်ပါး၏ အသံကဲ့သို့ ခန့်ညားလှသော အသံကြီးတစ်ခုက ဒိုချီတိုက်ကြီးရှိ သက်ရှိတိုင်း၏ နားထဲသို့ လွင့်ပျံ့လာခဲ့သည်။
[ကောင်းကင်ဘုံ ရွှေရောင်ဇယား ပေါ်ထွက်လာခဲ့ပြီ။]
[ခုနစ်ရက်အကြာတွင်...]
[ဒိုချီတိုက်ကြီး၏ "ထိပ်သီး ဂိုဏ်းကြီး ၁၀ ဂိုဏ်း" အဆင့်ကို ထုတ်ပြန်မည်။]
[ဇယားတွင် ပါဝင်သော ဂိုဏ်းများနှင့် အဖွဲ့အစည်းများသည် အဆင့်အလိုက် ကောင်းကင်ဘုံ၏ ဆုလာဘ်များကို ရရှိကြမည်။]
[နောင်တွင် "ထိပ်သီး မိသားစု ၁၀ စု"၊ "ထိပ်သီး ပါရမီရှင် ၁၀ ဦး"၊ "..."၊ "အသန်မာဆုံး ပုဂ္ဂိုလ် ၂၀" နှင့် "သိုင်းနတ်ဘုရား လက်နက်များ" စသည့် အဆင့်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ဆုလာဘ်များစွာ ပေးအပ်သွားမည်။ စောင့်မျှော်ကြည့်ရှုကြပါကုန်ေလာ့။]
ဒိုချီ ကျင့်စဉ် အဆင့်များ
Dou Zhi Qi - သိုင်းအခြေခံအဆင့်
Dou Zhe - သိုင်းကျောင်းသားအဆင့်
Dou Shi - သိုင်းဆရာအဆင့်
Da Dou Shi - သိုင်းကျောင်းအုပ်အဆင့်
Dou Ling - သိုင်းဝိညာဉ်အဆင့်
Dou Wang - သိုင်းဘုရင်အဆင့်
Dou Huang - သိုင်းဧကရာဇ်အဆင့်
Dou Zong - သိုင်းဘိုးဘေးအဆင့်
Dou Zun - သိုင်းဝိဇ္ဇာအဆင့်
Peak Dou Zun - ပြောင်းလဲခြင်းဝိဇ္ဇာ
Ban Sheng - သူတော်စင်တစ်ပိုင်း
Dou Sheng - သိုင်းသူတော်စင်
Dou Di - သိုင်းနတ်ဘုရား
၁။ ဒိုးချီကျင့်စဉ် ကြယ်ပွင့်များ (Dou Qi Star Ranks)
1 Star - ကြယ်တစ်ပွင့်
2 Star - ကြယ်နှစ်ပွင့်
3 Star - ကြယ်သုံးပွင့်
4 Star - ကြယ်လေးပွင့်
5 Star - ကြယ်ငါးပွင့်
6 Star - ကြယ်ခြောက်စွင့်
7 Star - ကြယ်ခုနစ်ပွင့်
8 Star - ကြယ်ရှစ်ပွင့်
9 Star - ကြယ်ကိုးပွင့်