နောက်ထပ် သဲကန္တာရတစ်ခု။ ယာဂိုသည် ကျယ်ပြောလှသော ဤသဲကန္တာရ အဖြူရောင်ကြီးထဲတွင် လျှောက်လှမ်းနေခဲ့သည်။
သူ၏အထက်ရှိ ကောင်းကင်ယံသည် တောက်ပနေသော နက်ပြာရောင် ညတစ်ညကဲ့သို့ လင်းလက်တောက်ပနေသည်။
ဦးတည်ရာလမ်းကြောင်း မရှိဘဲ၊ သူသည် အလွန်တရာ ကြာညောင်းလှသော အချိန်တစ်ခုအထိ လျှောက်ရင်း၊ လျှောက်ရင်းနှင့်သာ နေခဲ့သည်။
ရုတ်တရက်၊ ကောင်းကင်ယံသို့ ထိုးတက်နေသော အလင်းတိုင်ကြီးတစ်ခုကို ယာဂို မြင်လိုက်ရသည်။ ၎င်းက သူ့ကို အနီးသို့လာရန် လက်ယပ်ခေါ်ဆောင်နေသကဲ့သို့ ရှိသည်။ ယာဂိုသည် သူ့ကိုယ်သူပင် သတိမထားမိဘဲ ထိုအလင်းတိုင်ဆီသို့ လျှောက်သွားမိသည်။
သူလျှောက်သွားလေလေ၊ အကွာအဝေးက အတူတူပင် ဖြစ်နေလေလေဖြစ်သည်။ သူ၏ နှေးကွေးသော ခြေလှမ်းများကြောင့် စိတ်ပျက်လာကာ အပြေးလွှားသွားရန် ပြောင်းလဲလိုက်ပြီး၊ ထို့နောက် အစွမ်းကုန် ပြေးလွှားတော့သည်။
မမောမပန်း အစွမ်းကုန် ပြေးပြီးနောက်၊ နောက်ဆုံးတွင် ထိုအလင်းတိုင်အနီးသို့ သူရောက်ရှိသွားခဲ့သည်။
အလင်းရောင်အတွင်းတွင် အရိပ်ရှစ်ခုက တဖျပ်ဖျပ် လှုပ်ရှားနေပြီး၊ အမြင့်ဆုံးနေရာတွင် စုဆုံသွားကြသည်။
ယာဂိုသည် သူ့လက်ကို မဆန့်ထုတ်ဘဲ မနေနိုင်ခဲ့ပေ။ ဒိုင်း! သူ့နှင့် အလင်းတိုင်ကြားတွင် မမြင်ရသော အတားအဆီးတစ်ခုက ကာရံထားသကဲ့သို့ပင်။
အလင်းတိုင်အတွင်း၌ မှေးမှိန်သော ပုံရိပ်တစ်ခု ပေါ်လာသည်။ ယာဂိုသည် ထိုပုံရိပ်နှင့် ပိုမိုနီးကပ်စေရန် မမြင်ရသော အတားအဆီးကို အပူတပြင်း ထုရိုက်နေခဲ့သည်။
ဝှစ်! မြင်ကွင်းက ပြောင်းလဲသွားသည်။ မှောင်မည်းနေသော အခန်းတစ်ခုထဲတွင် ယာဂိုသည် ကုလားထိုင်တစ်ခု၌ ချည်နှောင်ခံထားရပြီး သံကြိုးများက သူ၏ လက်မောင်းများနှင့် ခြေထောက်များကို တင်းကျပ်စွာ တုပ်နှောင်ထားသည်။
ယာဂိုသည် အသည်းအသန် ရုန်းကန်နေသော်လည်း အချည်းနှီးသာဖြစ်သည်။ ကျွိ ခနဲမြည်သံနှင့်အတူ လျှို့ဝှက်အခန်း၏ တံခါးပွင့်လာသည်။ မျက်စိကျိန်းမတတ် အလင်းရောင်များ ဝင်ရောက်လာသောကြောင့် ယာဂို မျက်လုံးဖွင့်ရန်ပင် မဖြစ်နိုင်သလောက် ရှိနေသည်။ ဝေဝါးနေသော မြင်ကွင်းကြားမှ အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက သူ့ရှေ့တွင် ရပ်နေသည်။
"မင်းက ကွဲပြားတယ်! မင်းက အထူးခြားဆုံးပဲ! သူ့ကို ကယ်တင်ပါ! ကံကြမ္မာကို အရှုံးမပေးလိုက်ပါနဲ့!"
"သူ့ကို ကယ်ပါ! သူ့ကို ကယ်ပါ! သူ့ကို ကယ်ပါ!..."
အိပ်မက်ဆိုးတစ်ခုလို အသံက ယာဂို၏ ခေါင်းထဲတွင် စဉ်ဆက်မပြတ် ပဲ့တင်ထပ်နေသည်။
သူ့ခေါင်းတွေ မူးဝေလာသည်။ ဝေဝေဝါးဝါး မြင်ကွင်းထဲတွင် ရွံရှာဖွယ်ကောင်းပြီး ထူးဆန်းသော ကင်းခြေများကဲ့သို့ အင်းဆက်ကောင်တစ်ကောင်က ၎င်း၏ခန္ဓာကိုယ်ကို လိမ်ခေါက်ကာ ယာဂိုဆီသို့ တွားသွားလာနေသည်။
"အဲဒါကို လက်မခံနဲ့! ငါ့ကလေး!"
"အာ့!"
ယာဂို ရုတ်တရက် ထိုင်ရက်သားဖြစ်သွားပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ သူ ချွေးစေးတွေပြန်နေပြီး ရင်ဘတ်ထဲတွင်လည်း တဒိတ်ဒိတ် ခုန်နေဆဲဖြစ်သည်။
"ဟူး... နောက်ထပ် ထူးဆန်းတဲ့ အိပ်မက်တစ်ခုပဲ။ အရမ်းကို ထူးဆန်းလွန်းတယ်။ ငါက ဘယ်သူ့ကို ကယ်ရမှာလဲ" ယာဂိုက သူ၏အဝတ်အစားများကို အမြန်ဆွဲဝတ်လိုက်သည်။
ယခုနှစ်သည် ၈၄၈ ခုနှစ်ဖြစ်သည်။ မာရီယာတံတိုင်း ပြိုကျခဲ့သည်မှာ သုံးနှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။
ထိုသုံးနှစ်အတွင်းတွင် ကလေးများသည် လျင်မြန်စွာ ကြီးပြင်းလာခဲ့ကြသည်။ ယခု အသက်ဆယ့်သုံးနှစ်အရွယ်ရှိပြီဖြစ်သော အရင်က သေးသွယ်သည့် ယာဂိုသည် ယခုအခါ အရပ် ၁.၇ မီတာခန့်အထိ ရှည်ထွက်လာခဲ့ပြီဖြစ်သည်။ သူ့အသက်အရွယ်တူ ကလေးများကြားတွင် သူသည် တော်တော်လေး အရပ်ရှည်သည်ဟု သတ်မှတ်ရမည်ဖြစ်သည်။
အောက်ထပ်သို့ အလောတကြီး ဆင်းလာသောအခါ၊ သူက နောက်ဆုံးမှ နိုးသူဖြစ်ကြောင်း ယာဂို တွေ့လိုက်ရသည်။ အဲရင် ယီဂါ ၊ မိကာဆာ အက်ကာမန် နှင့် အာမင်တို့သည် ထမင်းစားစားပွဲတွင် ထိုင်နေကြပြီဖြစ်ပြီး၊ ကာလာနှင့် လူစီယာတို့မှာမူ နံနက်စာ ပြင်ဆင်ပေးရန် အလုပ်ရှုပ်နေကြသည်။
တကယ်တော့၊ လက်ရှိအခြေအနေကို ပြန်တွေးကြည့်လျှင် ယာဂိုမှာ အနည်းငယ် ဝမ်းနည်းပူဆွေးနေဆဲဖြစ်သည်။ ရှီဂန်ရှီးနား ပြိုကျချိန်တွင် ဒေါက်တာ ဂရီရှား မှာ လူနာသွားကြည့်ရန် အပြင်သို့ရောက်နေသဖြင့် ကံကောင်းထောက်မစွာ ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့သည်။ သူသည် နောက်ပိုင်းတွင် ထရိုစ့်ခရိုင်၌ ၎င်း၏ မိသားစုနှင့် ပြန်လည်ဆုံတွေ့ခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်က၊ အဲရင်သည် ဒေါက်တာ ဂရီရှားနှင့်အတူ အပြင်သို့ ထွက်သွားခဲ့ပြီး ရက်အနည်းငယ်ကြာသည်အထိ သတင်းအစအနမျှ မရခဲ့ပေ။ နောက်ဆုံးတွင် ဟန်းနက်စ်က မိန်းမောတွေဝေနေသော အဲရင်ကို ခေါ်လာကာ ပြန်ရောက်လာခဲ့သည်။
ဒေါက်တာ ဂရီရှား အတွက်တော့... သူ ဖြစ်နိုင်တာကတော့...
အဲရင်သည် သူဘာကိုမှ မမှတ်မိနိုင်တော့သည့်အတွက် သူ့ဖခင် ပျောက်ဆုံးသွားရခြင်းအပေါ် သူ့ကိုယ်သူသာ အပြစ်တင်နေခဲ့သည်။ သူ့ထံတွင် ထူးဆန်းသော မှတ်ဉာဏ်အပိုင်းအစများသာ ရှိတော့သည်။ ထိုမှတ်ဉာဏ်များထဲတွင် အမှန်တရားများရှိနေသည့် မာရီယာတံတိုင်း အတွင်းရှိ မြေအောက်ခန်းဆီသို့ မဖြစ်မနေ ပြန်သွားရမည်ဟု သူ၏ဖခင်က သူ့ကို ပြောနေခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ တိုက်တန်များအပေါ် အဲရင်၏ မုန်းတီးမှုမှာ ပိုမိုကြီးထွားလာခဲ့သည်။ တိုက်တန်တွေသာ မရှိခဲ့ဘူးဆိုလျှင် သူတို့မိသားစုသည် ယခုတိုင် အတူတကွ ပျော်ရွှင်စွာ နေထိုင်နေကြဆဲ ဖြစ်နိုင်သည်။
ကာလာ၏ ခြေထောက်ဒဏ်ရာမှာ ပြင်းထန်ခဲ့သဖြင့် ယာဂိုနှင့် သူ၏မိခင် လူစီယာ (တရားဝင် မွေးစားခြင်း စာရွက်စာတမ်းများကို လုပ်ဆောင်ပြီးစီးပြီဖြစ်၍ လူစီယာသည် ယခုအခါ ယာဂို၏ တရားဝင် မိခင်ဖြစ်နေပြီ) တို့ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး၊ အပြန်အလှန် စောင့်ရှောက်နိုင်ရန်အတွက် မိသားစုနှစ်စု အတူတကွ ပြောင်းရွှေ့နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
အာမင်နှင့်ပတ်သက်၍ သူ၏အဘိုးမှာ တစ်ဦးတည်းသော ဆွေမျိုးဖြစ်သည်။ ပြီးခဲ့သည့်နှစ်က တော်ဝင်အစိုးရသည် မာရီယာတံတိုင်းကို ပြန်လည်သိမ်းပိုက်ရန် စစ်ဆင်ရေးတစ်ခုကို စတင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ရခြင်းမှာ လူဦးရေ အလွန်အကျွံ များပြားနေမှုနှင့် အစားအစာ ပြတ်လပ်မှု ဖိအားများကို လျှော့ချရန် အဓိကရည်ရွယ်သည်ဆိုသည်ကို လူတိုင်းက ရင်ထဲတွင် သိနေကြသည်။
မာရီယာတံတိုင်းအတွင်းရှိ မြေနေရာအများစုမှာ စိုက်ပျိုးရေးမြေများဖြစ်သည်။ ၎င်းကို ဆုံးရှုံးလိုက်ရခြင်းနှင့်အတူ တံတိုင်းအတွင်းရှိ လူသားမျိုးနွယ်သည် ၎င်းတို့၏ နေထိုင်ရာ နေရာထက်ဝက်နီးပါးကို ဆုံးရှုံးလိုက်ရသည်။ ကြီးမားလှသော လူဦးရေဖိအားကြောင့် ပြင်းထန်သော အစားအစာ ပြတ်လပ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ဤဖိအားကို သက်သာစေရန်၊ မာရီယာတံတိုင်းကို ပြန်လည်သိမ်းပိုက်မည့် စစ်ဆင်ရေးအတွက် အစိုးရက အရပ်သား နှစ်သိန်းခွဲကို အတင်းအကျပ် စစ်မှုထမ်းစေခဲ့သည်။ ကံမကောင်းစွာဖြင့်၊ လူနှစ်ရာပင် မပြည့်သောသူများသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ အာမင်၏ အဘိုးသည်လည်း ဆုံးရှုံးသွားသူများထဲတွင် ပါဝင်သွားခဲ့သဖြင့် အာမင်ကို တုန်လှုပ်ဝမ်းနည်းမှု အခြေအနေထဲသို့ ကျရောက်သွားစေခဲ့သည်။
ထို့ကြောင့် ယာဂိုနှင့် အခြားသူများက အာမင်ကို သူတို့နှင့်အတူ နေထိုင်ရန် ခေါ်ယူခဲ့ကြသည်။
သူ၏ အဘိုးကို ဆုံးရှုံးလိုက်ရခြင်းက တွန်းအားပေးလိုက်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ အရင်က ကြောက်တတ်သော အာမင်သည် အဲရင်တို့နှင့်အတူ လေ့ကျင့်ရေးတပ်ဖွဲ့ထဲဝင်ရန် ဆုံးဖြတ်လိုက်သည်။ ယနေ့သည် စာရင်းပေးသွင်းရမည့်နေ့ဖြစ်သည်။
အဲရင်သည် အလွန် စိတ်မရှည်ဖြစ်နေပုံရသည်။ နံနက်စာကို အနည်းငယ် စားပြီးနောက်တွင် သူသည် စားသောက်ရန် စိတ်ဝင်စားမှုမရှိတော့ဘဲ၊ အနှေးဆုံးစားနေသည့် ယာဂိုကို အဆက်မပြတ် လောဆော်နေတော့သည်။
ယာဂို သူ၏ နောက်ဆုံးတစ်လုတ်ကို စားပြီးသည်နှင့် တစ်ပြိုင်နက်၊ အဲရင်က သူ့ကို ချက်ချင်းဆွဲယူကာ အပြင်သို့ ပြေးထွက်သွားတော့သည်။
"ဟေ့ကောင် အဲရင်! အနည်းဆုံးတော့ ငါ့ကို ရေသောက်ခွင့်လေး ပေးပါဦး!"
"အချိန်မရှိတော့ဘူး! မိကာဆာ၊ အာမင်၊ မြန်မြန်လိုက်ခဲ့!"
ကလေးများ ပြေးထွက်သွားသည်ကို ကြည့်ရင်း၊ ကာလာ၏ မျက်လုံးများမှာ သိသိသာသာ လက်လွှတ်မခံချင်သည့် အရိပ်အယောင်ဖြင့် မျက်ရည်များ ဝဲတက်လာသည်။ ၎င်းကိုမြင်တော့ လူစီယာက သူမကို နှစ်သိမ့်လိုက်သည်။ "ကလေးတွေလည်း ကြီးပြင်းလာကြပြီပဲလေ။ ငါတို့ သူတို့ကို တားဆီးမထားသင့်ပါဘူး။ သူတို့လေးတွေကို လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ပေးလိုက်ပါ။"
ကာလာက ပြန်ပြောသည်။ "ငါသိပါတယ်။ ဒါပေမဲ့ အဲရင်က အရမ်းငယ်သေးတယ်။ ငါက စိတ်မချနိုင်ဖြစ်နေလို့ပါ။"
သူတို့လေးယောက် ထရိုစ့်ခရိုင်သို့ ရောက်ရှိလာကြသည်။ စျေးထဲတွင် လူများပြည့်နှက်နေသော်လည်း များစွာသောသူများမှာ ပိန်ချုံးနေသော ဒုက္ခသည်များသာ ဖြစ်သည်။ လူဦးရေ ဖိအားမှာ ကြီးမားလွန်းနေဆဲဖြစ်သည်။
ယာဂိုနှင့် အဲရင်၏ မိသားစုများမှာ အတော်အသင့် အခြေအနေကောင်းမွန်ကြသည်။ တစ်ဖက်မှာ အစိုးရက ထောက်ပံ့ပေးထားသော အာဇာနည်တစ်ဦး၏ မုဆိုးမဖြစ်ပြီး၊ ကျန်တစ်ဖက်မှာလည်း အလယ်အလတ်တန်းစား မိသားစုတစ်ခု ဖြစ်ခဲ့ဖူးသောကြောင့် အနည်းဆုံးတော့ သူတို့မှာ စားစရာနှင့် နွေးထွေးမှုအတွက် စိုးရိမ်စရာမလိုခဲ့ပေ။
ထိုဒုက္ခသည်များကို ကြည့်ရင်း ယာဂို၏ ရင်ထဲတွင် ဝမ်းနည်းမှုတစ်ခု ခံစားလိုက်ရသည်။
မကြာမီ သူတို့လေးယောက် လေ့ကျင့်ရေးတပ်ဖွဲ့ စာရင်းသွင်းသည့် နေရာသို့ ရောက်ရှိလာကြသည်။
စာရင်းလာပေးသူများမှာ တကယ်ကို များပြားလှသည်။ ယာဂိုသည် သူ၏ ကြမ်းတမ်းသော ခွန်အားကို အားပြုကာ လူအုပ်ထဲကို အတင်းတိုးဝင်သွားပြီး၊ လျှောက်လွှာပုံစံ အနည်းငယ်ကို ယူကာ အဲရင်နှင့် ကျန်သူများကို ကမ်းပေးလိုက်သည်။
"ဝိုး ယာဂို၊ မိုက်တယ်ကွာ! မင်း တကယ်ကြီး တိုးဝင်သွားနိုင်တာပဲ" ဟု အာမင်က အံ့ဩတကြီး ပြောလိုက်သည်။ ယာဂို၏ ခွန်အားမှာ ပုံမှန်မဟုတ်ဘဲ အလွန်တရာ မြင့်မားနေပြီး၊ နှစ်တွေကြာလာသည်နှင့်အမျှ သူသည် မိကာဆာထံမှ တိုက်ခိုက်ရေး နည်းစနစ်အချို့ကိုပင် သင်ယူခဲ့သေးသည်။ အချုပ်အားဖြင့်ဆိုရလျှင် သူသည် အလွန်အင်အားကြီးမားသည်။
"ဒါ ဘာမှမဟုတ်ပါဘူးကွာ!" ယာဂိုက သူ၏နှာခေါင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပွတ်သပ်လိုက်သည်။ ပြီးခဲ့သည့်နှစ်များအတွင်း၊ ၎င်းမှာ ခွန်အားတင်မကခဲ့ပေ။ ယာဂိုသည် အကြောင်းအမျိုးမျိုးပြကာ အပြင်သို့ထွက်ပြီး စမ်းသပ်မှုများစွာ— တိုက်တန်အဖြစ်ပြောင်းလဲခြင်း စမ်းသပ်မှုများကို ပြုလုပ်ခဲ့သည်။ ဤကိစ္စကို သူသည် အလွန်လျှို့ဝှက်ထားခဲ့ပြီး၊ သူ၏မိခင်ကိုပင် မပြောဘဲ မည်သူ့ကိုမျှ မသိစေခဲ့ပေ။ ယခုဆိုလျှင် ယာဂိုသည် ပြီးပြည့်စုံသော တိုက်တန်အဖြစ်ပြောင်းလဲခြင်းကို မဖြစ်စလောက်လေး ထိန်းချုပ်နိုင်လာပြီဖြစ်သည်။
ဤစွမ်းအားသည် သူချစ်ရသူများကို ကာကွယ်ရန်အတွက် ဖြစ်သည်။ ဖြစ်နိုင်မည်ဆိုလျှင် ယာဂိုသည် ၎င်းကို ဘယ်တော့မှ အသုံးပြုရန် မလိုပါစေနှင့်ဟုသာ မျှော်လင့်မိသည်။
ယာဂိုသည် ကျောချမ်းသွားသလို ခံစားလိုက်ရပြီး အမြန်လှည့်ကြည့်လိုက်သော်လည်း၊ နေရာတိုင်းတွင် လူများသာရှိနေပြီး ထူးခြားသည့်အရာ တစ်စုံတစ်ရာကိုမျှ မတွေ့ရပေ။
တိုက်တန်အဖြစ်ပြောင်းလဲခြင်းကို ကျွမ်းကျင်လာပြီးကတည်းက ယာဂိုသည် ထူးခြားသောစွမ်းရည်အချို့ကို ရရှိလာခဲ့သည်။ ဥပမာအားဖြင့် ကြီးမားသောခွန်အားနှင့် သူယခုလေးတင် ခံစားလိုက်ရသည့် ခံစားချက်မျိုး—သူ့ကို တစ်စုံတစ်ယောက် စောင့်ကြည့်နေပါက ပြင်းထန်သော သတိပေးချက်တစ်ခု ခံစားရခြင်းဖြစ်သည်။
မည်သူ့ကိုမျှ မတွေ့ရသဖြင့် ယာဂိုသည် ထိုကိစ္စကို လျစ်လျူရှုထားလိုက်သည်။ ထိုစဉ် စာရင်းသွင်းသည့်နေရာရှိ နည်းပြမှ သူတို့၏အမည်များကို ခေါ်လိုက်သဖြင့် ယာဂိုက အဲရင်နှင့် အခြားသူများကို ခေါ်ကာ အမြန်သွားလိုက်သည်။
"နာမည်။ အသက်။"
"ယာဂို နော်မန်! ဆယ့်သုံးနှစ်ပါ!"
လူတွေ့စစ်ဆေးခြင်းက လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။ မမျှော်လင့်ထားစရာမရှိဘဲ သူတို့အားလုံး လေ့ကျင့်ရေးတပ်ဖွဲ့သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြသည်။ ကိုယ်ကာယ အားအနည်းဆုံးဖြစ်သည့် အာမင်ပင်လျှင် ပါဝင်ခဲ့သည်။
သူတို့သည် လေ့ကျင့်ရေးတပ်ဖွဲ့ ယူနီဖောင်းများကို လက်ခံရရှိခဲ့ကြသည်။ အခြားသော တပ်ဖွဲ့သုံးခု၏ အထိမ်းအမှတ်တံဆိပ်များနှင့် မတူဘဲ၊ လေ့ကျင့်ရေးတပ်ဖွဲ့၏ အထိမ်းအမှတ်တံဆိပ်တွင် ကြက်ခြေခတ်ထားသော ထက်မြက်သည့် ဓားနှစ်လက် ပါရှိသည်။
သူတို့ စုဝေးရမည့်အချိန်မတိုင်မီ တစ်ရက် အချိန်ကျန်သေးသည်။ သင်တန်းသားများအနေဖြင့် ပြင်ဆင်ရန် တစ်ရက် အချိန်ရရှိမည်ဖြစ်ပြီး၊ ထို့နောက်တွင် လေ့ကျင့်ရေးတပ်ဖွဲ့သို့ တရားဝင် ဝင်ရောက်ကာ သူတို့၏ လေ့ကျင့်ရေးများကို စတင်ရမည်ဖြစ်သည်။
အဲရင်တို့အဖွဲ့သည် ၎င်းတို့၏ ယူနီဖောင်းများကို ယူဆောင်ကာ အိမ်သို့ စိတ်လှုပ်ရှားစွာ ပြန်လာခဲ့ကြသည်။
လူအုပ်ကြီးထဲတွင် အရောင်ဖျော့ဖျော့ အပြာရောင်အလင်းတန်းလေးတစ်ခု တဖျပ်ဖျပ် လင်းလက်သွားပြီး ပျောက်ကွယ်သွားလေသည်။
(နာမည်တွေ ရေးတာမှားသွားရင်လည်း ခွင့်လွှတ်ပေးကြပါခင်ဗျာ)