အခန်း (၃၇) - အချိန်တွေ ကုန်လွန်သွားခြင်း
ရွှစ်! လေထုကို ခွင်းပိုင်းသွားသော ဓားသွားများ၏ အသံက ပဲ့တင်ထပ်သွားပြီး အထူစား အကာအကွယ်ပြားကို ဖြတ်တောက်သွားသည်။ ဆယ်မီတာအမြင့်ရှိသော တိုက်တန်ပုံစံတူ အရုပ်ကြီးပေါ်တွင် တိုက်တန်၏ အားနည်းချက်ဖြစ်သော ဂုတ်ပိုးနေရာအား ကိုယ်စားပြုသည့် အကာအကွယ်ပြားသည် ပြတ်ရှပွင့်ထွက်သွားပြီဖြစ်သည်။
အနီးနားရှိ သစ်ပင်ထိပ်တစ်ခုပေါ်တွင်တော့ အရပ်မြင့်မြင့် လူတစ်ယောက်က ၎င်း၏ဓားများကို ဓားအိမ်ထဲသို့ ဖြည်းညင်းစွာ ပြန်ထည့်လိုက်သည်။ ဖရိုဖရဲဖြစ်နေသော ဆံပင်မည်းမည်းများအောက်ရှိ မှောင်မိုက်နေသော မျက်လုံးတစ်စုံက ရေပြင်လို တည်ငြိမ်နေခဲ့သည်။
ယာဂိုသည် သစ်ပင်ကြီးကိုမှီကာ ကျန်တဲ့သူတွေ နေရာစုံသုံး ရွှေ့လျားကိရိယာကို အသုံးပြုပြီး တောအုပ်ထဲ ဟိုဒီ ခုန်ပျံနေကြသည်ကို စောင့်ကြည့်နေသည်။
အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်နှစ်ဆိုသည့် အချိန်ကာလတစ်ခုကို ကျော်လွန်ခဲ့ပြီဖြစ်သည်။ ဒါက ယာဂိုနဲ့ တခြားသူတွေ လေ့ကျင့်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့တဲ့ တတိယမြောက်နှစ်ဖြစ်သည်။ နောက်တစ်လဆိုလျှင် (၁၀၄) ကြိမ်မြောက် လေ့ကျင့်ရေးတပ်ဖွဲ့က သင်တန်းဆင်းတော့မည်ဖြစ်သည်။
ယခုအချိန်တွင် သူတို့သည် အရင်လို တိုက်တန်တွေအတွက် အစာဖြစ်မယ့်သူတွေ မဟုတ်ကြတော့ဘဲ နေရာစုံသုံး ရွှေ့လျားကိရိယာကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည့် အစွမ်းထက် စစ်သားများ ဖြစ်နေကြပြီဖြစ်သည်။
ယာဂိုသည် ပျင်းရိပျင်းတွဲ မျက်နှာထားဖြင့် ယူနီဖောင်းကို ဝတ်ဆင်ထားသည်။ တခြားသင်တန်းသားတွေနဲ့မတူဘဲ ယာဂို၏ ခြေသလုံးနှစ်ဖက်တွင် ထူးဆန်းသော ကိရိယာနှစ်ခုကို ပတ်ချည်ထားပြီး သူ၏ခြေထောက်များတွင် ဓားလက်ကိုင်ရိုးများ တပ်ဆင်ထားသည့်ပုံပေါက်နေသည်။
သေချာတာပေါ့၊ နှစ်နှစ်ကျော် ကြာပြီးနောက်မှာတော့ ယာဂိုတစ်ယောက်တည်းသာ သုံးသည့် ဒီသီးသန့်လက်နက်အကြောင်းကို လူတိုင်းက နားလည်ထားပြီးဖြစ်သည်။ အဆိုပါ လည်ပတ်နေသော ကိရိယာနှစ်ခုတွင် ဓားလက်ကိုင်ရိုးများ တပ်ဆင်ထားပြီး တိုက်ပွဲဝင်ချိန်၌ ယာဂိုအနေဖြင့် ခြေထောက်နှစ်ဖက်တွင်ပါ ဓားနှစ်လက်ကို တပ်ဆင်နိုင်ကာ ဘက်စုံချေမှုန်းရေးကို လုပ်ဆောင်နိုင်စွမ်းရှိသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ယာဂိုတစ်ယောက်တည်းသာ ဤမျှ ထူးခြားသော တိုက်ခိုက်ရေးစတိုင်နှင့် လက်နက်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်။ အကြောင်းမှာ သူ့တွင် တိုက်တန်စွမ်းအား၏ ကောင်းချီးနှင့် ကိုယ်ပိုင်အစွမ်းထက်သော အာရုံခံနိုင်စွမ်းရှိသောကြောင့် ကြွက်သားအပြောင်းအလဲများကို စူးရှစွာ အာရုံခံနိုင်ပြီး ထိန်းချုပ်ရခက်ခဲသော လည်ပတ်သည့် ကိရိယာများကို ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။
နည်းပြ ကိတ်သ် မှာ ဝမ်းသာဂုဏ်ယူမိသလို တုံ့ဆိုင်းမှုတွေလည်း ဖြစ်နေခဲ့သည်။ ယခုအခါ နည်းပြများစွာက ယာဂိုကို သမိုင်းတစ်လျှောက် အသန်မာဆုံး သင်တန်းသားအဖြစ် သတ်မှတ်ထားကြသည်။ လီဗိုင်း ကိုတော့ ထည့်မတွက်ထားပေ၊ အကြောင်းမှာ သူသည် လေ့ကျင့်ရေးတပ်ဖွဲ့တွင် တစ်ခါမှ မပါဝင်ခဲ့ဖူးသောကြောင့်ဖြစ်သည်။
ကိတ်သ်၏ တုံ့ဆိုင်းမှုက ဤမျှ ထူးချွန်သော တပည့်တစ်ယောက် ကင်းထောက်တပ်ဖွဲ့ထဲ ဝင်ရောက်ရန်မှာ အလွန်အန္တရာယ်များလွန်းသည့် အချက်ကြောင့်ဖြစ်သည်။ ကိတ်သ်သည် တစ်ချိန်က ကင်းထောက်တပ်ဖွဲ့၏ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး စိတ်အားထက်သန်ကာ အစွမ်းထက်သော စစ်သားများစွာကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ဖူးသည်။ ကံမကောင်းစွာဖြင့် သူတို့အားလုံးနီးပါးသည် တံတိုင်းအပြင်ဘက်တွင် အသက်စတေးခဲ့ရသည်။
သို့သော် ကိုယ်ပိုင်အမြင်အရဆိုလျှင်တော့ ကိတ်သ်သည် ယာဂိုကို ကင်းထောက်တပ်ဖွဲ့ထဲ ဝင်စေချင်နေဆဲဖြစ်သည်။ ကင်းထောက်တပ်ဖွဲ့သည် ကျန်တပ်ဖွဲ့နှစ်ခုထက် အထက်တန်းစား ထူးချွန်သူများကို ပို၍ လိုအပ်နေသည်။
"ထပ်ပြီး အပျင်းထူနေပြန်ပြီပေါ့" အန်နီ ၏ အသံက ယာဂို၏ နားထဲသို့ ရုတ်တရက် ရောက်လာသည်။ သူမက ကျိုးနေသော ဓားသွားတစ်ပိုင်းကို ကိုင်ထားပြီး ပျက်စီးနေသောအပိုင်းကို ခေါက်ထုတ်ရင်း သစ်ပင်ပေါ်တွင် အပျင်းထူနေသော ယာဂိုကို ကြည့်နေသည်။
ယာဂိုက ပျင်းရိစွာဖြင့် "ဒါကို အပျင်းထူတယ်လို့ မခေါ်ဘူးလေ။ ငါက တခြားသူတွေကို ဖိအားအရမ်းမပေးချင်ရုံပါ။ တိုက်တန်အရုပ်တွေရဲ့ သုံးပုံတစ်ပုံလောက်ကို ငါခုတ်လှဲပြီးပြီ။ ဒီထက်သာ ဆက်လုပ်နေရင် ဒီည သူတို့အားလုံး ဝိုင်းပြီး ငါ့ကို အပြတ်ချကြတော့မှာကို စိုးရိမ်လို့ပါ" ဟု ပြောလိုက်သည်။
အန်နီ ခဏမျှ ကြောင်အမ်းသွားသော်လည်း ဘာမှ ပြန်မပြောခဲ့ပေ။ ယာဂို၏ စွမ်းအားက တကယ်ကို ကြောက်ခမန်းလိလိဖြစ်ပြီး သူ့ရမှတ်တွေကလည်း ထိပ်ဆုံးမှာ ရှိနေတာ ထိုက်တန်ပါသည်။ အန်နီကို စဉ်းစားရခက်စေတာက ယာဂိုသည် အတန်းထဲတွင် အမြဲအိပ်နေတတ်သော်လည်း သူ၏ သီအိုရီသင်ခန်းစာ ရမှတ်များကလည်း မျှော်လင့်မထားလောက်အောင် ကောင်းမွန်နေခြင်းပင်ဖြစ်သည်။
"နင်မှ လေ့ကျင့်ခန်း မလုပ်ချင်တော့တာဆိုတော့၊ ငါတို့ နှစ်ချီလောက် အစမ်းသဘော တိုက်ကြည့်ရအောင်လေ" အန်နီက လက်ကိုမြှောက်ကာ စမ်းသပ်ချင်စိတ် အပြည့်ဖြင့် ပြောလိုက်သည်။
ယာဂို မတ်မတ်ရပ်လိုက်သည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း ယာဂိုသည် တော်တော်လေး အရပ်ရှည်လာခဲ့သည်။ သူက သူ၏ မေးစေ့နားလောက်သာ အရပ်မှီသော အန်နီကို ငုံ့ကြည့်လိုက်သည်။ "ကျစ် ကျစ်၊ အန်နီရာ... ထားလိုက်ပါတော့။ ငါတို့ရဲ့ အရပ်အမောင်း ကွာဟမှုနဲ့ဆို တကယ်တော့ နှိုင်းယှဉ်စရာတောင် မလိုတော့ဘူး မဟုတ်လား" ယာဂိုက ခေါင်းယမ်းရင်း ပြောလိုက်သည်။
အန်နီ၏ နဖူးတွင် ဒေါသကြောင့် သွေးကြောများ ထောင်ထလာသည်။ နောက်တစ်စက္ကန့်မှာပင် ယာဂိုသည် လမ်းကြောင်ပေါ်တွင် ပြုတ်ကျသွားပြီး သူ့တင်ပါးပေါ်တွင် ခြေရာတစ်ခု ထင်ကျန်ရစ်ခဲ့သည်။
နေရာစုံသုံး ရွှေ့လျားကိရိယာကို အသုံးပြုကာ ယာဂိုသည် လေထဲတွင် အခြားသစ်ပင်တစ်ပင်ပေါ်သို့ လွယ်ကူစွာ ဆင်းသက်လိုက်သည်။ အန်နီပါ သူ့နောက်သို့ လိုက်တက်လာခဲ့သည်။ "နင် တိုက်တန်အရုပ်တွေကို ဆက်မခုတ်တော့ဘူးလား" ယာဂိုက အန်နီကို အံ့သြစွာ ကြည့်လိုက်သည်။
အန်နီက ခံစားချက်ကင်းမဲ့စွာဖြင့် "မလိုတော့ဘူး" ဟု ဆိုသည်။
သူတို့နှစ်ယောက် တောအုပ်ကြီးကို ငေးကြည့်ရင်း သစ်ပင်ပေါ်တွင် ထိုအတိုင်း ထိုင်နေကြသည်။ "နောက်အပတ် ထရိုစ့်ခရိုင်မှာ ဟန်ပြတိုက်ခိုက်ရေးလေ့ကျင့်မှု ရှိတယ်လို့ ကြားတယ်။ မြို့စောင့်တပ်ဖွဲ့က တပ်မှူး ပစ်ဆစ်လည်း လာပြီး စစ်ဆေးလေ့လာမယ်တဲ့" အန်နီက ရုတ်တရက် အကြောင်းရာမရှိဘဲ ပြောလိုက်သည်။
"ဟုတ်လား၊ ဒါဆိုရင် နင် သေချာစွမ်းဆောင်ပြရမယ် အန်နီ။ တပ်မှူး ပစ်ဆစ်ဆိုတာ တကယ့်လူကြီးပိုင်းပဲ။ သူက မြို့စောင့်တပ်ဖွဲ့ရဲ့ တောင်ပိုင်းဒေသတစ်ခုလုံးကို အုပ်ချုပ်တဲ့ စစ်သေနာပတိချုပ်လေ။ နင် စစ်ရဲတပ်ဖွဲ့ထဲ ဝင်ချင်နေတာ မှတ်လား။ ဒီတပ်မှူးရှေ့မှာ နင် သေချာစွမ်းဆောင်ပြပြီး သူ့အာရုံစိုက်မှုကို ရခဲ့ရင် နင့်ရဲ့ ရှေ့ဆက်ရာထူးတက်ဖို့က သေချာပေါက် အများကြီး ပိုလွယ်သွားမှာပဲ" ယာဂိုက မှတ်ချက်ချလိုက်သည်။
အန်နီ၏ မျက်နှာအမူအရာ အနည်းငယ် မှိုင်းညှို့သွားသည်။ သူမ စစ်ရဲတပ်ဖွဲ့ထဲ ဝင်ရန် စဉ်းစားထားသည်မှာ ကြာပြီဖြစ်သည်။ အခြေခံတိုက်တန်နှင့် နီးကပ်ရန်အတွက်ဆိုလျှင် ယင်းနှင့် အနီးဆုံးရှိသော စစ်ရဲတပ်ဖွဲ့ထဲ ဝင်မှသာ ဖြစ်မည်လေ။ သို့သော်လည်း သူမ ယာဂိုကို လက်မလွှတ်နိုင်ဖြစ်နေသည်။
ယာဂိုက ကင်းထောက်တပ်ဖွဲ့ထဲ ဝင်ရန် တဇွတ်ထိုးလုပ်နေသောကြောင့် ကင်းထောက်တပ်ဖွဲ့၏ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ရှိသော သေဆုံးမှုနှုန်းက အန်နီ၏ ရင်ထဲကို စိုးရိမ်ထိတ်လန့်စေခဲ့သည်။ ထိုသာမန်တိုက်တန်များ၏ လက်ချက်ဖြင့် ယာဂို သေဆုံးသွားမည်ကို သူမ မလိုလားပေ။
အန်နီသည် ယာဂိုကို သူမနှင့်အတူ စစ်ရဲတပ်ဖွဲ့ထဲ ဝင်စေချင်ကြောင်း တစ်ကြိမ်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် အကြံပြုဖူးသည်။ အကယ်၍ ယာဂိုသာ အရာရာကို အများကြီး မကြုံတွေ့ခဲ့ရဘူးဆိုလျှင် အန်နီ့အတွက်နှင့် အပြင်လူတွေ အလွန်တမ်းတကြသည့် စစ်ရဲတပ်ဖွဲ့ထဲကို သူ တကယ်ဝင်ခဲ့မိမည်ထင်သည်။
သို့သော် ယာဂိုတွင် လျှို့ဝှက်ချက်တွေ အများကြီးရှိနေပြီး သူ့မှတ်ဉာဏ်တွေကလည်း ပျောက်ဆုံးနေခဲ့သည်။ ယာဂိုက ပဟေဠိတွေ အားလုံးကို ဖြေရှင်းချင်နေသည်။ သူ ဘာလို့ တိုက်တန်တစ်ကောင်အဖြစ် ပြောင်းလဲနိုင်တာလဲ။ လမ်းကြောင်းများထဲက ထိုမိန်းကလေး၊ ဂျာကင်အဖြူဝတ်ထားသည့် အမျိုးသား၊ မာလေ...
ယာဂို ဖြေရှင်းဖို့ လျှို့ဝှက်ချက်တွေ အများကြီး စောင့်ကြိုနေသည်။ သက်ောင့်သက်သာရှိတဲ့ ဘဝက သူ့ကို မကူညီနိုင်တာမို့ ယာဂိုက ကင်းထောက်တပ်ဖွဲ့ထဲ ဝင်ဖို့ ခိုင်မာစွာ ဆုံးဖြတ်ချက်ချထားပြီးဖြစ်သည်။
နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံရပြီးနောက် အန်နီသည် ယာဂို၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို နားလည်သွားပုံရပြီး ထိုအကြောင်းကို ဆက်မပြောတော့ပေ။ သို့သော်လည်း မွေးရပ်မြေက ဖခင်ဖြစ်သူကို သတိရသွားချိန်တွင် အန်နီ စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။ သူမအနေဖြင့် ဖခင်ကို တစ်ယောက်တည်း ပစ်ထားခဲ့၍မရနိုင်ပေ။ ယာဂိုနှင့်ပတ်သက်ပြီး စဉ်းစားကြည့်မည်ဆိုလျှင် သူ့ရဲ့ အတိတ်မှတ်ဉာဏ်တွေကို မေ့သွားတာက တကယ်တော့ ကောင်းချင်ကောင်းနေမှာပါ။ အနည်းဆုံးတော့ သူ ဝန်ထုပ်ဝန်ပိုးတွေ အများကြီး ထမ်းထားစရာ မလိုတော့ဘူးလေ။
ဝှစ်! ဆာရှာ ဘလောက်စ် နဲ့ ကိုနီ တို့ သူတို့ရှေ့မှ လျှပ်တစ်ပြက် ဖြတ်သွားကြသည်။
"ဟား! ယာဂို နဲ့ အန်နီ တို့ သစ်ပင်ပေါ် ပုန်းပြီး အပျင်းထူနေကြတာပဲ။ သက်သေနဲ့တကွ ဖမ်းမိပြီနော်" ဆာရှာက အော်ပြောလိုက်ပြီး ကိုနီကပါ "အပျင်းထူနေတာ! အပျင်းထူနေတာဟေ့" ဟု ဝင်ရောက် နောက်ပြောင်လေသည်။
ယာဂို နဲ့ အန်နီ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
ယာဂို မတ်တပ်ရပ်လိုက်ပြီး ဇက်ချိုးလိုက်သည်။ ရွှမ်း! သူက ညာဘက်လက်ဖြင့် သူ၏ဓားများကို ဆွဲထုတ်လိုက်သည်။ "ဒီကောင်တွေအတွက် မျက်နှာနာပေးစရာ မလိုတော့ဘူးထင်တယ်။ ကဲ... (၁၀၄) ကြိမ်မြောက် လေ့ကျင့်ရေးတပ်ဖွဲ့ရဲ့ ထိပ်ဆုံးသင်တန်းသားတစ်ယောက်ရဲ့ အစစ်အမှန် စွမ်းအားကို ပြသလိုက်ရတာပေါ့" ယာဂို ရုတ်တရက် ခုန်ထွက်လိုက်သည်။ နေရာစုံသုံး ရွှေ့လျားကိရိယာမှ ဓာတ်ငွေ့များ မှုတ်ထုတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က လေထဲတွင် လျင်မြန်စွာ ပျံသန်းသွားသည်။
အန်နီက ခပ်ဖွဖွပြုံးလိုက်ပြီး သူမပါ လိုက်ခုန်တက်သွားသည်။
ဂျင်း သည် အချိန်အတော်ကြာ ပျံသန်းနေပြီးနောက်မှ နောက်ဆုံးတွင် တိုက်တန်အရုပ်တစ်ခုကို တွေ့သွားသည်။ သူက စိတ်လှုပ်ရှားစွာဖြင့် ဓားနှစ်လက်ကို မြှောက်ကာ အရုပ်ဆီသို့ ပြေးဝင်သွားသည်။ သို့သော် ဂျင်း မခုတ်ရသေးခင်မှာပင် အလွန်လျှင်မြန်သော အရိပ်တစ်ခုက သူ ပစ်မှတ်ထားနေသည့် တိုက်တန်အရုပ်ကို ခုတ်လှဲပစ်လိုက်လေပြီ။
"ယာဂို! မင်းတော့ ကွာ၊ သိပ်လွန်မလာနဲ့နော်" ဂျင်း က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဒီဘီလူးကြီးက ရမှတ်သုံးပုံတစ်ပုံကို သူ့ချည်း သိမ်းပိုက်ထားတာတောင် လုံလောက်နေပြီကို အခု သူတို့အလှည့်ကိုပါ လာလုနေသေးသည်။ သူတို့ကိုများ ရှင်သန်ခွင့်လေးပေးဖို့ အစီအစဉ်မရှိတော့ဘူးလား။
"ဂျင်း! တောင်းပန်ပါတယ်ကွာ၊ ဒါပေမဲ့ ငါ အပျင်းထူနေတာကို လူမိသွားလို့ ဆက်ပါဝင်ရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့လို့ပါ" ယာဂို၏ အသံက သူ့နားထဲ ပဲ့တင်ထပ်သွားသည်။ ဂျင်း သွားကြိတ်လိုက်ပြီး ယာဂို အပျင်းထူနေတာကို သွားနှောင့်ယှက်တဲ့သူကို ကျိန်ဆဲလိုက်သည်။ အဲဒီကောင့်ကို ဒီတိုင်းလေးပဲ အပျင်းထူခွင့်ပြုထားလိုက်လို့ မရဘူးလားကွာ။
အခြားတစ်ဖက်တွင်တော့ ဆာရှာ နှင့် ကိုနီ တို့ တစ်ချိန်တည်း နှာချေလိုက်ကြသည်။
"ဟယ်၊ ထူးဆန်းလိုက်တာ။ တစ်ယောက်ယောက်များ ငါ့ကို အတင်းပြောနေသလို ခံစားရတယ်" ဆာရှာက ခေါင်းကိုပွတ်ရင်း ကြောင်တောင်တောင်ဖြင့် ပြောလိုက်သည်။
ကိုနီကလည်း အံ့သြနေသော မျက်နှာဖြင့် "ငါလည်း အတင်းပြောခံရသလို ခံစားရတယ်ဟ! တစ်ယောက်ယောက်က ငါတို့နှစ်ယောက်လုံးကို တစ်ချိန်တည်း အတင်းပြောနေတာများလား"
"ဖြစ်နိုင်ချေများတယ်!"
ထိုနောက်ပြောင်တတ်သော လူနှစ်ယောက်ကို လျစ်လျူရှုပြီး အခြားတစ်နေရာကို ကြည့်လိုက်လျှင် အဲရင် က တိုက်တန်အရုပ်တစ်ခုကို ခုတ်လှဲလိုက်သော်လည်း သူ၏ဓားက အရုပ်ထဲတွင် တစ်နေပြီး ပြုတ်ကျမလို ဖြစ်သွားသည်။ မိကာဆာ ကတော့ အဲရင် အနားတွင် အမြဲရှိနေခဲ့သည်။
အာမင်က မီနာနှင့်အတူရှိနေပြီး ဘာတွေပြောနေမှန်းမသိပေ။ အနည်းငယ် လှမ်းသောနေရာတွင် ရိုင်နာ နှင့် ဘာတော့တ် တို့က မှိုင်းညို့နေသော မျက်နှာထားများနှင့် ရှိနေသည်။ သို့သော် ရိုင်နာ၏ မျက်လုံးများက အလွန်ထူးဆန်းနေသည်။ တစ်ခါတစ်ရံ မှိုင်းညို့နေပြီး၊ တစ်ခါတစ်ရံ တရားမျှတမှုများနှင့် ပြည့်နှက်နေကာ၊ တစ်ခါတစ်ရံ ကွင်းထဲရှိ ခရစ္စတာ ၏ ပုံရိပ်ကို ခိုးရှာနေတတ်သည်။
နည်းပြ ကိတ်သ် က စာရင်းစာအုပ်ကို ပိတ်လိုက်ပြီး ပြတင်းပေါက်ဆီ လျှောက်သွားကာ တောအုပ်ဘက်သို့ လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။ "(၁၀၄) ကြိမ်မြောက် လေ့ကျင့်ရေးတပ်ဖွဲ့... မင်းတို့ တောင်ပံတွေဖြန့်ပြီး အမြင့်ကို ပျံသန်းရမယ့် အချိန်ရောက်လာပြီ!"