အခန်း (၃၅) - အန္တရာယ်ငွေ့သက်
"ကျစ်! ဒီကွတ်ကီးတွေက ရွှေနဲ့လုပ်ထားတာလား။ ပြီးတော့ ဒီကိတ်မုန့်ကရော ဘုရင်ကြီး ဥထားတဲ့ဥနဲ့ လုပ်ထားတာမို့လို့လား။ ဈေးက ခေါင်ခိုက်နေတာပဲ!!"
ယာဂိုတစ်ယောက် ခြင်းတောင်းလေးတစ်လုံးကိုဆွဲကာ အချိုပွဲဆိုင်ထဲမှ ထွက်လာစဉ် သူ၏မျက်နှာမှာ ရှုံ့မဲ့နေလေသည်။ ဆိုင်အပြင်ဘက်သို့ ခြေချလိုက်သည်နှင့် သူသည် ဆိုင်ရှင်၏ လောဘကြီးပုံကို ဒေါသတကြီးဖြင့် တီးတိုးညည်းတွားကျိန်ဆဲတော့သည်။
သေချာသည်ကတော့ သူ၏ကျိန်ဆဲသံများမှာ အလွန်တိုးလှသဖြင့် ကြားသွားမည့်သူ သိပ်မရှိနိုင်ပေ။
ကွတ်ကီးအနည်းငယ်နှင့် ခရင်မ်ကိတ်မုန့်လေးက ဒီလောက်တောင် ဈေးကြီးပေးရလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။ ယာဂို၏ ပိုက်ဆံအိတ်တစ်ဝက်ခန့်မှာ ချက်ချင်းဆိုသလို ပြောင်သလင်းခါသွားလေပြီ။ သိထားသင့်သည်မှာ ဤငွေများသည် သူ တစ်နှစ်ပတ်လုံး စုဆောင်းထားခဲ့သော ထောက်ပံ့ကြေးငွေများပင် ဖြစ်သည်!
ထိုစဉ် အရပ်ရှည်ရှည်နှင့် အနောက်တိုင်းဦးထုပ်ရှည်ဆောင်းထားသော လူတစ်ယောက်က ယာဂို၏ဘေးမှ ဖြတ်လျှောက်သွားသည်။ ယာဂို မျက်မှောင်ကြုတ်သွားသည်။ ထိုလူထံမှ ထွက်ပေါ်နေသော အေးစက်စက် အငွေ့အသက်များကြောင့် ယာဂိုမှာ အန္တရာယ်ရှိသည်ဟု ခံစားလိုက်ရ၏။ ဒီလူနဲ့ ဘယ်လိုမှ မပတ်သက်သင့်ဘူးဟု သူ၏အသိစိတ်က သတိပေးနေသည်။
ယာဂိုသည် ထိုလူ၏ ကျောပြင်ကို ထပ်မံကြည့်ရှုလိုက်ပြီး လှည့်အကြည့်တွင်တော့ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိသည်။ "အန်နီ?"
အဖြူရောင် ခေါင်းစွပ်အင်္ကျီ နှင့် ဦးထုပ်ဆောင်းထားသော သွယ်လျလျ ကောင်မလေးတစ်ယောက်က ထိုဦးထုပ်ရှည်ဆောင်းထားသောလူ၏နောက်သို့ တိတ်တဆိတ် လိုက်ပါသွားလေသည်။ သူ၏ ထူးခြားလှသော အမြင်အာရုံကြောင့် ခေါင်းစွပ်အောက်ရှိ မျက်နှာလေးမှာ အန်နီ၏ အေးစက်စက် မျက်နှာလေးမှန်း ယာဂို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
အန်နီ ဘာလို့များ ဒီကိုရောက်နေရတာလဲ။ ယာဂို စဉ်းစား၍မရသော်လည်း သူ အမြန်ပင် နောက်မှလိုက်သွားခဲ့သည်။
---
အန်နီသည် သူမရှေ့ရှိ လူကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။ ဤသည်မှာ ရှီးနားတံတိုင်း အတွင်းသို့ သူမ ခိုးဝင်ခဲ့သည့် စတုတ္ထမြောက် အကြိမ်ပင် ဖြစ်သည်။ အရင် သုံးကြိမ်တုန်းက အသုံးဝင်မည့် သတင်းအချက်အလက်ဟူ၍ ဘာမှ ထွက်မလာခဲ့ပေ။ ဒါဟာ ရိုင်နာတို့နှင့် သူမ ကတိထားခဲ့သည့် နောက်ဆုံးအကြိမ် ခိုးဝင်ခြင်းလည်း ဖြစ်သည်။ ဒီလိုဘဝမျိုးကို သူမ လုံလောက်အောင် ရင်ဆိုင်ခဲ့ပြီးပြီ။ သူမအိမ်ပြန်လာမည့်အချိန်ကို စောင့်မျှော်နေသော ဖခင်ဖြစ်သူနှင့် အတန်းထဲတွင် အမြဲတမ်း ပျင်းရိပျင်းတွဲလုပ်နေတတ်သော ထိုကောင်လေးသာမရှိလျှင် အန်နီတစ်ယောက် အချိန်အတော်ကြာကတည်းက ပြိုလဲသွားခဲ့လောက်ပြီ။
သူမရှေ့ရှိ လူသည် အန်နီ နောက်ဆုံးအနေဖြင့် ဆုံးဖြတ်ထားသော ပစ်မှတ်ဖြစ်သည်။ သူမ ဒီလူ့နောက်ကို လိုက်နေခဲ့တာ နှစ်ရက်ရှိပြီဖြစ်ကာ စစ်ရဲတပ်ဖွဲ့၏ ဗဟိုပထမတပ်ရင်းနှင့် နန်းတော်အတွင်းသို့ အဝင်အထွက်လုပ်နေသည်ကို သူမ မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ တံတိုင်းအတွင်းရှိ ဘုရင်တွင် ဒဏ္ဍာရီလာ စွမ်းအားများ တကယ်တမ်း ရှိမရှိ သူမ သေချာမသိနိုင်သောကြောင့် နန်းတော်အတွင်းသို့ ခိုးဝင်ရန်တော့ အန်နီ သတ္တိမမွေးနိုင်သေးပေ။
အန်နီသည် အဖြူရောင် ခေါင်းစွပ်အင်္ကျီကို ဝတ်ဆင်ထားကာ ပုံမှန်လိုလိုဟန်ဆောင်ထားသော်လည်း တကယ်တမ်းတွင် ထိုလူ၏နောက်သို့ အနီးကပ် လိုက်ပါနေခဲ့သည်။ လမ်းကွေ့လမ်းကောက် များစွာကို ဖြတ်သန်းပြီးနောက် ပတ်ဝန်းကျင်မှာ ပိုမိုတိတ်ဆိတ်လာကာ လမ်းသွားလမ်းလာများလည်း နည်းပါးလာခဲ့သည်။ သို့သော် အန်နီကတော့ လုံးဝ သတိမထားမိပေ—ပိုမှန်အောင်ပြောရလျှင် သူမ၏ ကြီးမားလှသော ခွန်အားက သူမကို ယုံကြည်မှုများ ပေးထားခြင်းဖြစ်သည်။
နောက်ဆုံးတွင် ထိုလူသည် ရှေ့ဆက်သွားစရာလမ်းမရှိတော့သည့် လမ်းပိတ်တစ်ခုသို့ ရောက်ရှိသွားသည်။ ရုတ်တရက်ပင် သူ ရပ်တန့်သွား၏။
အန်နီ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ဘေးဘက်သို့ ကမန်းကတန်း ပုန်းကွယ်လိုက်သည်။
"ပုန်းမနေနဲ့တော့ ကောင်မလေး။ မင်း ငါ့နောက်ကို တစ်လမ်းလုံး လိုက်လာခဲ့တာ၊ တကယ်တော့ မင်း ဘာလုပ်ချင်နေတာလဲ?" ထိုလူသည် ဖြည်းညှင်းစွာ လှည့်ကြည့်လာရာ သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှသော မျက်လုံးတစ်စုံကို မြင်လိုက်ရသည်။
ချွန်မြမြ နှာတံ၊ မေးစေ့ပေါ်ရှိ ခပ်ရေးရေး မုတ်ဆိတ်မွေးကြမ်းများနှင့် သူ၏နှုတ်ခမ်းထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ရှိနေသည်။ သူက အန်နီ့အား ကစားချင်စရာတစ်ခုလို သဘောကျသည့် အမူအရာဖြင့် ကြည့်နေလေသည်။
အန်နီ လန့်သွားသည်။ *သူ ဘယ်အချိန်ကတည်းက ရိပ်မိသွားတာလဲ?* သူမသည် သတိဝီရိယရှိစွာဖြင့် ကြွက်သားများကို တင်းကျပ်ထားလိုက်သည်။ ဖြောင့်မတ်စွာပင် မတ်တပ်ရပ်နိုင်ပုံမပေါ်သော ဤလူကြီးက သူမကို ဆာလောင်နေသည့် ဝံပုလွေတစ်ကောင်၏ စောင့်ကြည့်ခြင်းခံနေရသကဲ့သို့ ခံစားလာရစေသည်။
"ရှင့်ဟာရှင် အထင်လွဲနေတာပါ။ ရှင်က ပျောက်ဆုံးနေတဲ့ ကျွန်မရဲ့ အဖေနဲ့ အရမ်းတူနေလို့ပါ" ဟု အန်နီက ရှင်းပြရင်း ထိုလမ်းကြားလေးထဲမှ ထွက်ခွာရန် သူမ၏ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။ ထိုစွမ်းအားကို အသုံးမပြုဘဲ ဒီလူကို အနိုင်ယူနိုင်ဖို့ သူမ ကိုယ့်ကိုယ်ကိုယ် အာမမခံရဲပေ။
ကန်နီသည် ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ အသံထွက်ကာ ရယ်မောလိုက်သည်။ "ကောင်မလေး၊ မင်းက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ။ ဒီလိုမျိုး လိမ်လို့မရဘူးလေ။ မင်းရဲ့ ရွှေရောင်ဆံပင်နဲ့ အပြာရောင်မျက်လုံးတွေကို ကြည့်လိုက်၊ ပြီးတော့ ငါ့ရဲ့ အနက်ရောင်ဆံပင်နဲ့ အနက်ရောင်မျက်လုံးတွေကိုလည်း ကြည့်ဦး။ ဆွေမျိုးစပ်ချင်လို့ ဒီလိုလုပ်လို့မရဘူးလေ"
အန်နီက အေးစက်စက်လေသံဖြင့် "ရှင် ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေပါပဲ! အခု ရှင်က ကျွန်မအဖေမဟုတ်ဘူးဆိုတာ သေချာသွားပြီဆိုတော့ လမ်းခွဲကြတာပေါ့!"
အန်နီ စကားပြောအပြီး ချက်ချင်းလှည့်ပြေးသော်လည်း လေကိုခွင်းကာ ပြေးဝင်လာသော အရာအချို့၏ အသံများ သူမဘေးမှ ထွက်ပေါ်လာသည်။ သူမ အလိုအလျောက် ရှောင်တိမ်းလိုက်သည်။ ဒိုင်း! ဒိုင်း!သူမရှေ့ရှိ နံရံတွင် အပေါက်နှစ်ပေါက် ပွင့်ထွက်သွားလေသည်။ အန်နီ မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်။ ကန်နီ၏ လက်ထဲတွင် ထူးခြားသော ပုံသဏ္ဍာန်ရှိသည့် လက်နက်နှစ်ခုကို ကိုင်ဆောင်ထားကာ ထိုအရာများမှာ အန်နီ အရင်က မြင်ဖူးခဲ့သော သေတ္တာပုံစံ သေနတ်များ နှင့် ဆင်တူနေသည်။
"ဟင်? ငါ လွဲသွားတာလား?" ကန်နီ အနည်းငယ် အံ့သြသွားသည်။ ဒီကောင်မလေး၏ တုံ့ပြန်မှုက တော်တော်လေး မြန်ဆန်လှသည်။ "ဒါပေမယ့်လည်း ကောင်းပါတယ်လေ။ ကလေးတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ရတာ... ငါ့ဘက်က ပြဿနာမရှိပေမယ့်လည်း ကြားရတာ သိပ်တော့မကောင်းလှဘူး။" ကန်နီက သေနတ်နှစ်လက်ကို ပြန်သိမ်းကာ ပြုံး၍ပြောလိုက်သော်လည်း သူ၏မျက်လုံးများထဲတွင်မူ ရက်စက်မှုများနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
အန်နီ သူမ၏လက်များကို တိတ်ဆိတ်စွာ မြှောက်လိုက်သည်။ ဒီနေ့တော့ ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလို့ရမည့်ပုံ မပေါ်တော့ပေ။
ကန်နီ ပြုံးလိုက်သည်။ သူ့ကို ဒီလိုမျိုး လာစမ်းရဲတဲ့သူမရှိတာ အတော်လေးကြာခဲ့ပြီပဲ။ ဒါက တကယ်တော့ သူ၏တူလေးကို အနည်းငယ် သတိရသွားစေသည်။ သူက အခု လူသားတွေထဲမှာ အသန်မာဆုံးစစ်သားဖြစ်နေပြီဆိုလား?
အသန်မာဆုံးလူသားကို သတ်ရတာ ဘယ်လောက်တောင် လွယ်ကူလိုက်မလဲ? တွေးနေရင်းနှင့်ပင် ကန်နီ၏ စိတ်အာရုံများ လွင့်မျောသွားလေသည်။ ဒီအခွင့်အရေးကို အမိအရယူကာ အန်နီသည် ကန်နီ၏ခြေထောက်ဆီသို့ ရိုက်ချက်ပြင်းသော ခြေလွှဲကန်ချက်တစ်ခုကို လွှဲပစ်လိုက်သည်။
(ဘာလို့ သူ့ခေါင်းကို မကန်တာလဲလို့တော့ မမေးပါနဲ့၊ သူမ အရပ်မမီလို့ဖြစ်သည်။)
ကန်နီ အလွယ်တကူ ရှောင်တိမ်းသွားသည်။ အန်နီ၏ အရှိန်အဟုန်က မတန့်သွားဘဲ ဆက်တိုက်ဆိုသလို ကြမ်းတမ်းသော တိုက်ခိုက်မှုများကို စတင်လိုက်သည်။ တည့်ထိုးသီးများ၊ ခြေလွှဲကန်ချက်များနှင့် တံတောင်ရိုက်ချက်များ—ကန်နီ့ဆီသို့ ပြေးဝင်လာသော လှုပ်ရှားမှုတိုင်းက ပြင်းထန်လှသည်။
ကန်နီက ရှောင်ရုံသာရှောင်ပြီး ပြန်လည်မတိုက်ခိုက်ခဲ့ပေ။ ထိုအစား သူသည် အန်နီ၏ လှုပ်ရှားမှုများကို စိတ်ဝင်တစား စောင့်ကြည့်နေကာ ကြည့်ရင်းနှင့်ပင် မှတ်ချက်ချလိုက်သည်။ "ကောင်မလေး၊ မင်းရဲ့ ကိုယ်ခံပညာတွေက တော်တော်ကောင်းတာပဲ။ မင်းကို ဘယ်သူသင်ပေးတာလဲ? ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအဆင့်ထိ လေ့ကျင့်နိုင်တာ တကယ်ကို ချီးကျူးစရာပဲ။ နှမြောစရာကောင်းတာက— သိုင်းပညာတွေ လေ့ကျင့်တာက အရပ်ပုသွားစေတာများလား? မင်းကိုကြည့်ရတာ ငါ့ရဲ့ တူပုလေးကို သွားသတိရစေတယ်..."
ကန်နီ၏ မရပ်မနား ပြောဆိုနေမှုများက အန်နီ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသလို တစ်ဖက်တွင်လည်း လွန်စွာ တုန်လှုပ်သွားစေသည်။ ဤလူကြီးက တကယ်ကို ကြောက်စရာကောင်းလှသည်။ ဒီလောက်ကြာအောင် တိုက်ခိုက်နေတာတောင် သူ့ကို တစ်ချက်လေးမှ ထိအောင် မလုပ်နိုင်ခဲ့ပေ။ ဒီအတိုင်းသာ ဆက်သွားနေရင် အခြေအနေတွေက သေချာပေါက် ဆိုးရွားလာတော့မည်။
နောက်ဆုံးတွင်တော့ ကန်နီ ပြန်လည်တိုက်ခိုက်လာခဲ့သည်။ သူ၏ လှုပ်ရှားမှုများက အန်နီ့ထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်ကာ ကြောက်မက်ဖွယ်ကောင်းလှသည်။ အန်နီ၏ လက်မောင်းတစ်လျှောက် အသာအယာ လိမ်ချိုးလိုက်ရုံဖြင့် သူမ၏ လက်ကောက်ဝတ်တစ်ခုလုံးကို ပြုတ်ထွက်သွားစေကာ ကလေးတစ်ယောက်ဖြစ်နေသည့်တိုင် သနားညှာတာမှု အလျဉ်းမရှိခဲ့ပေ။
ကန်နီက အမြဲတမ်း ဒီလိုပါပဲ။ သူ့အတွက် အန္တရာယ်ရှိလာမည့် မည်သူ့ကိုမဆို သတ်ဖြတ်ရန် အစွမ်းကုန် ကြိုးစားလိမ့်မည်။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ရန်သူဖြစ်နေသရွေ့ အစွမ်းကုန် အားထုတ်ပြီး သတ်ပစ်သင့်သည်ဟု ကန်နီက ယုံကြည်ထားသည်။
အန်နီ၏ မျက်နှာလေးမှာ နာကျင်မှုကြောင့် ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူမ ညာဘက်လက်ကို ဆုပ်ကိုင်ရင်း အကွာအဝေးတစ်ခုရရန် နောက်သို့ ခုန်ဆုတ်လိုက်သည်။ နာကျင်မှုကို သွားကြိတ်ခံကာ ပြုတ်ထွက်သွားသော လက်ကောက်ဝတ်ကို မူလနေရာသို့ ပြန်လည်တပ်ဆင်လိုက်ရာ ထိုလုပ်ငန်းစဉ်အတွင်း ရုပ်ပိုင်းဆိုင်ရာ ခွန်အားများစွာ ကုန်ခမ်းသွားခဲ့သည်။
သို့သော် ထိုလူကြီးကတော့ ဘာမှမဖြစ်ခဲ့သည့်အတိုင်း ရပ်နေဆဲဖြစ်ကာ သူ၏မျက်လုံးများထဲတွင် ပို၍ပင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။ အန်နီ သူမ၏နှုတ်ခမ်းကို ကိုက်လိုက်သည်။ ဒီအတိုင်းဆိုလျှင် နန်းတော်အနီးနားတွင် သူမအနေဖြင့် ထိုစွမ်းအားကို တကယ်အသုံးပြုရတော့မည်။ သို့သော် ထိုသို့လုပ်လိုက်လျှင် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ခံရနိုင်ခြေရှိသည်။
အန်နီ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများနှင့် ကူကယ်ရာမဲ့မှုများ ပြည့်နှက်နေသည်။ ဘာပဲဖြစ်ဖြစ် သူမက အသက် ၁၄ နှစ်အရွယ် ကလေးတစ်ယောက်သာ ဖြစ်နေသေးသည်လေ။ ကန်နီက လည်ပင်းကို ချိုးလိုက်သည်။ "အို... ငါတို့ရဲ့ ကောင်မလေးက လုပ်စရာအကြံအစည် ကုန်သွားပုံရတယ်။ မင်းကို ဘယ်သူလွှတ်လိုက်တာလဲဆိုတာ ရိုးရိုးသားသား ပြောပြရင်ရော? ငါ မင်းကို လွှတ်ပေးကောင်း လွှတ်ပေးနိုင်တယ်။"
အန်နီ့ကို လွှတ်ပေးမှာလား? ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ ကန်နီ၏ မူဝါဒက ပြဿနာဟူသမျှကို နောက်ချန်မထားခဲ့ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူလည်း တစ်နေ့ အိုမင်းလာမှာဖြစ်ပြီး ထိုအချိန်ကျမှ တစ်စုံတစ်ယောက်၏ လက်စားချေမှုကို မတားဆီးနိုင်ဘဲ ဖြစ်နေလိမ့်မည်။
ကန်နီက အန်နီ့အနီးသို့ တိုးကပ်လာသည်။ အန်နီ တဖြည်းဖြည်း နောက်ဆုတ်သွားကာ သူမ၏မျက်လုံးများမှာ တဖြည်းဖြည်း အားနည်းလာပြီး မျှော်လင့်ချက်မဲ့လာသည်။ သူမ၏ ညာဘက်လက်မက လက်ညှိုးပေါ်ရှိ လက်စွပ်တစ်ခုကို ခပ်ဖွဖွလေး ပွတ်ဆွဲလိုက်ရာ ထက်မြက်သော ဆူးချွန်တစ်ခု ထွက်ပေါ်လာသည်။
သူမ၏ ညာဘက်လက်လယ်တိုင်တွင်တော့ ရိုးရိုးရှင်းရှင်း လက်စွပ်နောက်တစ်ကွင်း ရှိနေသည်။
"အန်နီ! ဒီမှာ ဘာလုပ်နေတာလဲ?"
အန်နီ မယုံနိုင်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။ ရောက်လာဖို့ လုံးဝမဖြစ်နိုင်ဟု သူမထင်ထားသော လူတစ်ယောက်က ခြင်းတောင်းငယ်လေးတစ်ခုကို ကိုင်ဆောင်ကာ လမ်းကြားအဝတွင် ရပ်နေခဲ့သည်။
ယာဂိုသည် ကန်နီ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ကန်နီ အက်ကာမန်။