လွန်ခဲ့သော နှစ်တစ်ရာခန့်က လူသားဘုရင် ဖရစ်ဇ်သည် တိုက်တန်များကို ကာကွယ်ရန် မီတာ ၅၀ အမြင့်ရှိသော တံတိုင်းသုံးထပ်ကို တည်ဆောက်ခဲ့သည်။
ထိုတံတိုင်းသုံးထပ်မှာ- စိုက်ပျိုးရေးဇုန်များကို ကာကွယ်ပေးထားသည့် အပြင်ဘက်ဆုံးရှိ မာရီယာတံတိုင်း၊ ကူးသန်းရောင်းဝယ်ရေးနှင့် လူနေထိုင်ရာ ဒေသများကို ကာကွယ်ပေးထားသည့် ဒုတိယအထပ် ရိုစ်တံတိုင်း နှင့် တော်ဝင်မိသားစုနှင့် မှူးမတ်များကို ကာကွယ်ပေးထားသည့် နောက်ဆုံးအထပ် ရှီးနားတံတိုင်း တို့ဖြစ်ကြသည်။
ရှီးနားတံတိုင်း၏ အနောက်ဘက်တွင်မူ သင်တန်းသားပေါင်းများစွာက ထိုနေရာ၌ ထာဝရပျော်ရွှင်လုံခြုံစွာ နေထိုင်နိုင်မည်ဟု တွေးကာ အသေအလဲ လေ့ကျင့်ပြီး ရောက်ရှိချင်နေကြသော နေရာတစ်ခုရှိသည်။ သို့သော် တကယ်ပဲ အဲ့ဒီလို ဟုတ်ရဲ့လား။
မှောင်မည်းနေသော မြေအောက်ခန်းတစ်ခုထဲတွင် ယာဂိုသည် ပျက်စီးနေသော နေရာစုံသုံး ရွှေ့လျားကိရိယာကို အာရုံစိုက်ကာ ဖြုတ်နေသည့် အသက်ကြီးကြီး လူတစ်ယောက်ဘေးတွင် စိတ်ဝင်တစား ထိုင်ကြည့်နေသည်။ သူ၏ သတိထားလုပ်ဆောင်နေသော လှုပ်ရှားမှုများက သူ၏ ကြီးမားတောင့်တင်းနေသော ကြွက်သားကြီးများနှင့် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေသည်။
ထိုလူက နေရာစုံသုံး ရွှေ့လျားကိရိယာကို သေချာစွာ ပြန်တပ်ဆင်နေသည်ကို ကြည့်ရင်း ယာဂို၏ မျက်လုံးများက အရောင်လက်နေသည်။ "လင့်ခ်ျ၊ ဒီနားက ဟာလေးက ဘာလဲ" လင့်ခ်ျ ဆီဒါသည် ထိုလူ၏ အမည်ဖြစ်သည်။ သူသည် တစ်ချိန်က မှူးမတ်မျိုးနွယ်စုမှ ဆင်းသက်လာသူတစ်ဦးဟု ဆိုကြသော်လည်း ကံမကောင်းစွာဖြင့် သူက နေရာစုံသုံး ရွှေ့လျားကိရိယာများအပေါ်တွင် ရူးသွပ်လွန်းသည့် စိတ်အားထက်သန်မှု ရှိနေခဲ့သည်။
ထို့ကြောင့် ယခုအခါ လင့်ခ်ျသည် တိုင်းပြည်၏ နေရာစုံသုံး ရွှေ့လျားကိရိယာဆိုင်ရာ အကြီးကဲ သုတေသီတစ်ဦး ဖြစ်လာခဲ့သည်။
"ဒါလား။ ဒါက ချိန်ညှိကိရိယာလေ။ မင်း နေရာစုံသုံး ရွှေ့လျားကိရိယာကို သုံးတဲ့အခါ ကြိုးတွေကြားက ပစ်လွှတ်မယ့်ထောင့်ကို ဒီပစ္စည်းလေးက ထိန်းချုပ်ပေးတာ" လင့်ခ်ျက ယာဂို၏ မေးခွန်းအားလုံးကို ဖြေကြားပေးနေသည်။ သူ၏ ငယ်ဘဝအရိပ်အယောင်များကို ဒီကောင်လေးဆီတွင် မြင်တွေ့နေရလို့လည်း ဖြစ်နိုင်သည်။
မနက်စောစောပိုင်းက ယာဂို၊ စကော့တ်နှင့် တခြားသူများသည် ဤနေရာစုံသုံး ရွှေ့လျားကိရိယာ သုတေသနနှင့် ထုတ်လုပ်ရေး စံအိမ်သို့ ရောက်ရှိလာခဲ့ကြသည်။ ပစ္စည်းများ လွှဲပြောင်းပေးပြီးနောက် စကော့တ်က ယာဂိုကို မြို့တော်အတွင်းရှိ ကင်းထောက်တပ်ဖွဲ့ စခန်းဆီသို့ ခေါ်သွားရန် အကြံပြုခဲ့သည်။
သို့သော် ယာဂိုက ခေါင်းခါပြပြီး နေရာစုံသုံး ရွှေ့လျားကိရိယာကို လေ့လာရန် ဒီမှာပဲ နေခဲ့လို့ရမလားဟု မေးခဲ့သည်။
စကော့တ်က တုံ့ဆိုင်းသွားသည်။ ဒီလို ခြောက်ကပ်ပြီး ပျင်းစရာကောင်းတဲ့ နေရာမျိုးမှာ ယာဂို့ကို ထားခဲ့ရတာ ဘာအဓိပ္ပာယ်ရှိမှာလဲ။
သို့သော် ထိုအချိန်လေးမှာပင် ကင်းထောက်တပ်ဖွဲ့ဝင်တစ်ဦးက စကော့တ်ကို လာရှာပြီး ကင်းထောက်တပ်ဖွဲ့၏ အတွင်းရေးအစည်းအဝေးတစ်ခု တက်ရောက်ရန် လိုအပ်ကြောင်း အကြောင်းကြားခဲ့သည်။ ထို့ကြောင့် စကော့တ်သည် ညနေမှ ပြန်လာခေါ်မည်ဟုဆိုကာ သူ၏မိတ်ဆွေဟောင်း လင့်ခ်ျကိုသာ ယာဂို့အား ကြည့်ရှုစောင့်ရှောက်ပေးရန် အကူအညီတောင်းခဲ့ရသည်။
ဒီစံအိမ်၏ လုံခြုံရေးက တော်တော်လေး တင်းကျပ်သည်။ မြင်သာသည့် အပြင်ဘက်မှာတင် လုံခြုံရေးယူပေးနေသော မြို့စောင့်တပ်ဖွဲ့မှ အနည်းဆုံး တပ်စု နှစ်စု သို့မဟုတ် သုံးစုခန့် ရှိနေပြီး အမှောင်ထဲတွင် စောင့်ကြပ်နေသူများကိုတော့ ထည့်ပြောစရာပင် မလိုတော့ပေ။
လင့်ခ်ျမှာ ရွေးချယ်စရာမရှိဘဲ ယာဂို့ကို သူ၏ရုံးခန်းဆီသို့ ခေါ်လာခဲ့ရသည်။ သူ အံ့သြသွားရသည်မှာ နေရာစုံသုံး ရွှေ့လျားကိရိယာအပေါ်ထားရှိသည့် ယာဂို၏ စိတ်အားထက်သန်မှုက အလွန်မြင့်မားနေပြီး မေးခွန်းများက တစ်ခုပြီးတစ်ခု ထွက်ပေါ်နေခြင်းပင်ဖြစ်သည်။ သူမြင်သမျှ အစိတ်အပိုင်းတိုင်းကို မေးမြန်းနေပြီး ပစ္စည်းလေးတိုင်းနဲ့ပတ်သက်၍ ဝင်ရောက်ဆွေးနွေးကာ သူ၏မေးခွန်းများက ပိုပိုပြီး တန်ဖိုးရှိလာသည်။
လင့်ခ်ျ၏ သဘောထားသည်လည်း ဝတ်ကျေတမ်းကျေ ဖြေဆိုနေရာမှ ယာဂိုနှင့် အမှန်တကယ် အလေးအနက် ဆွေးနွေးလာသည့်အထိ ပြောင်းလဲသွားခဲ့သည်။
ယာဂိုကိုယ်တိုင်လည်း အတော်လေး သဘောကျနေသည်။ ဘာကြောင့်မှန်းမသိပေမဲ့ ဒီလို အလုပ်ကိုသာ အာရုံစိုက်တတ်တဲ့ သုတေသီတွေနဲ့ တွေ့လိုက်တိုင်း စကားပြောချင်၊ လေ့လာချင်စိတ်တွေကို မထိန်းချုပ်နိုင်အောင် ဖြစ်ရသည်။ ဒါ့အပြင် သူသာ သေချာလေ့လာမှတ်သားသွားရင် အိမ်မှာရှိတဲ့ ပျက်နေတဲ့ ကိရိယာတစ်ခုကို ပြင်လို့ရနိုင်မည် မဟုတ်ပါလား။
လင့်ခ်ျတွင် ကင်းထောက်တပ်ဖွဲ့၏ နေရာစုံသုံး ရွှေ့လျားကိရိယာများသာမက မြို့စောင့်တပ်ဖွဲ့နှင့် စစ်ရဲတပ်ဖွဲ့မှ ကိရိယာများပါ ရှိနေသည်။ သို့သော် စစ်ရဲတပ်ဖွဲ့က သူတို့၏ ကိရိယာများကို အသုံးပြုခဲသည်။ လင့်ခ်ျ၏ စကားအရဆိုရလျှင် "အဲ့ဒီ အလိုလိုက်ခံထားရတဲ့ စစ်သားတွေကို နေရာစုံသုံး ရွှေ့လျားကိရိယာ ပေးထားတာက အရင်းအမြစ်တွေကို အလကား ဖြုန်းတီးပစ်တာနဲ့ အတူတူပဲ!" ဟူ၍ဖြစ်သည်။
လက်ဖဝါးကြီးတွေ ထူထဲနေပေမဲ့လည်း လင့်ခ်ျ၏ လက်ချောင်းများက လိပ်ပြာလေးများလို သွက်လက်စွာဖြင့် နေရာစုံသုံး ရွှေ့လျားကိရိယာပေါ်တွင် ကခုန်နေကြသည်။ သူ၏လက်အောက်တွင် ကိရိယာမှာ ချက်ချင်းဆိုသလို အစိတ်အပိုင်းတစ်ခုချင်းစီအဖြစ် ပြုတ်ထွက်သွားရာ ယာဂိုမှာ မျက်စိသူငယ်၊ နားသူငယ်ဖြင့် ငေးမောကြည့်နေမိတော့သည်။
လင့်ခ်ျနှင့် စကားပြောဆိုမှုမှတစ်ဆင့် ယာဂိုသည် နေရာစုံသုံး ရွှေ့လျားကိရိယာ၏ အစိတ်အပိုင်း အသီးသီးကို အမြန်ဆုံး နားလည်သွားခဲ့သည်။ လင့်ခ်ျက ထိုကိရိယာ တီထွင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုလည်း ပြန်ပြောင်းပြောပြခဲ့သည်။
လွန်ခဲ့သော အနှစ်ခုနစ်ဆယ်ခန့်က ကင်းထောက်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။ ထိုအချိန်က သူတို့တွင် နေရာစုံသုံး ရွှေ့လျားကိရိယာများ မရှိခဲ့ပေ။ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် တံတိုင်းအပြင်ဘက်သို့ ရဲဝံ့စွာ သွားရောက်ရာတွင် သူတို့၏ ရဲစွမ်းသတ္တိနှင့် စိတ်အားထက်သန်မှုကိုသာ အပြည့်အဝ အားထားခဲ့ရသည်။
သူတို့သည် ဓားရှည်များနှင့် ဒိုင်းများကိုသာ ကိုင်ဆောင်ခဲ့ကြသည်။ ကံမကောင်းစွာဖြင့် တိုက်တန်များကို ရင်ဆိုင်ရချိန်တွင် ရဲစွမ်းသတ္တိနှင့် စိတ်အားထက်သန်မှုတို့က ထိုသေမျိုးမဟုတ်သော ဘီလူးကြီးများကို မည်သို့မျှ အန္တရာယ်မပေးနိုင်ခဲ့ပေ။ တံတိုင်းအပြင်ဘက်သို့ လူသားတို့၏ ပထမဆုံးအကြိမ် ကင်းလှည့်ထွက်ခွာမှုသည် ကင်းထောက်တပ်ဖွဲ့ဝင်များ နီးပါးလောက် သုတ်သင်ခံလိုက်ရခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။ အိန်ဂျယ် အယ်လ်တိုနန် အမည်ရှိ စစ်သားတစ်ဦးသည် သူ၏ ရဲဘော်ရဲဘက်များ အဖြစ်ဆိုးနှင့် သေဆုံးသွားရပြီးနောက် တိုက်တန်များကို မယှဉ်နိုင်သော လူသားတို့၏ စွမ်းအားမဲ့မှုကို အမုန်းပွားလာခဲ့သည်။
သူ၏ သုတေသနပြုမှုအောက်တွင် ပထမမျိုးဆက် နေရာစုံသုံး ရွှေ့လျားကိရိယာများ ပေါ်ထွက်လာခဲ့သည်။ ထိုပထမမျိုးဆက်သည် အထက်အောက်သာ ရွေ့လျားနိုင်ပြီး စမ်းသပ်ဆဲ အဆင့်မှာသာ ရှိသေးသည်။
သို့သော် တစ်နေ့တွင် တံတိုင်းအတွင်း၌ ဆိုးယုတ်သော တိုက်တန်ကိုးကွယ်သည့် ဂိုဏ်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူတို့က တံခါးများကိုဖွင့်ကာ ဆယ်မီတာအရွယ် တိုက်တန်တစ်ကောင်ကို အထဲသို့ ဝင်ခွင့်ပြုခဲ့ကြသည်။ ထိုဖြစ်ရပ်ကြောင့် လူ ၅,၀၀၀ နီးပါး သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့သည်။
နောက်ဆုံးတွင် ကူကလို အမည်ရှိ လူငယ်စစ်သားတစ်ဦးက ထိုတိုက်တန်ကို သတ်ရန် နေရာစုံသုံး ရွှေ့လျားကိရိယာကို ပထမဆုံးအကြိမ် အသုံးပြုခဲ့သည်။ ထိုအချိန်မှစ၍ လူသားတို့သည် တိုက်တန်များကို အနိုင်ယူနိုင်မည့် မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရသည်။ (မူရင်းစာရေးသူက ဤနေရာတွင် အနည်းငယ် ပြင်ဆင်ရေးသားထားသည်။ မူရင်း အကြိုဇာတ်လမ်းထဲမှ ကူကလို၏ ဇာတ်လမ်းမှာလည်း အလွန်ကောင်းမွန်လှသဖြင့် သွားရောက်ဖတ်ရှုရန် အကြံပြုလိုပါသည်။)
မရေမတွက်နိုင်သော သုတေသနများ ပြုလုပ်ပြီးနောက်တွင်တော့ ယနေ့ခေတ် နေရာစုံသုံး ရွှေ့လျားကိရိယာသည် ပြီးပြည့်စုံလုနီးပါးရှိသော လက်နက်တစ်ခု ဖြစ်လာခဲ့သည်။
ယာဂိုသည် သူ၏ရှေ့မှ လူကြီးများ၏ ကြီးမြတ်မှုကို အံ့သြချီးကျူးမိသည်။ ရဲစွမ်းသတ္တိတစ်ခုတည်းကိုသာ အားကိုးပြီး တိုက်တန်တွေကို သာမန်ခန္ဓာကိုယ်နဲ့ ရင်ဆိုင်ရဲခဲ့တာ... အစောပိုင်း ကင်းထောက်တပ်ဖွဲ့က တကယ်ကို ချီးကျူးစရာကောင်းလှသည်။
"ဒါနဲ့ လင့်ခ်ျ၊ ခင်ဗျားလည်း တော်တော်မိုက်တာပဲ။ ဒီပျက်စီးနေတဲ့ အရာတွေက ခင်ဗျားအတွက် ဘာပြဿနာမှ မရှိဘူးလို့ ခံစားရတယ်"
လင့်ခ်ျက ရှားရှားပါးပါး ဂုဏ်ယူဝင့်ကြွားသွားသည်။ "ဒါပေါ့။ ကြွားတာတော့ မဟုတ်ဘူး၊ နေရာစုံသုံး ရွှေ့လျားကိရိယာတွေနဲ့ ပတ်သက်လာရင် ငါ့ထက် ပိုသိတဲ့လူ မရှိဘူး။ တိုက်တန်ဆန့်ကျင်ရေး နေရာစုံသုံး ကိရိယာနဲ့ ပတ်သက်ပြီးတောင်... နေပါဦး" လင့်ခ်ျ ရုတ်တရက် တိတ်ကျသွားသည်။
ယာဂိုက လင့်ခ်ျ ဘေးတွင်ပုံထားသော စွန့်ပစ်ပစ္စည်းများကို ကြည့်နေသဖြင့် သေချာမကြားလိုက်ပေ။
အခြေအနေကို ကြည့်ပြီးနောက် လင့်ခ်ျကလည်း ဘာမှ ထပ်မပြောတော့ပေ။
ယာဂိုသည် ထိုအမှိုက်ပုံထဲမှ အကောင်းပကတိနီးပါးရှိနေသေးသော ဓားလက်ကိုင်နှစ်ခုကို ဆွဲထုတ်လိုက်သည်။ ထိုလက်ကိုင်များကို စစ်ဆေးကြည့်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေပုံပေါ်ကာ သူ၏ခြေသလုံးများတွင် ကပ်ကာ ဟန်ရေးပြကြည့်လိုက်သည်။ သူ၏ မျက်လုံးများ အရောင်လက်သွားသည်။
သူက လင့်ခ်ျအနားသို့ တိုးကပ်သွားကာပစ္စည်းတစ်ခုတောင်းလိုက်သည်။ "ဘာ။ လှည့်ပတ်ကိရိယာ ငါ့ဆီမှာ တစ်ခုရှိတယ်၊ ဒါပေမဲ့ အဲ့ဒါကို မင်းက ဘာလုပ်မလို့လဲ" ယာဂို၏ တောင်းဆိုမှုကြောင့် လင့်ခ်ျ နားမလည်နိုင်ဖြစ်သွားသော်လည်း ယာဂိုက တခစ်ခစ် ရယ်ရုံသာရယ်ပြီး အသေးစိတ် မရှင်းပြခဲ့ပေ။
လှည့်ပတ်ကိရိယာဆိုသည်က ခက်ခဲသောအရာ မဟုတ်ပေ။ လင့်ခ်ျက ယာဂိုအတွက် ချက်ချင်းပင် တစ်ခုပြုလုပ်ပေးလိုက်သည်။ ၎င်းသည် သိုင်းကြိုးပါသော အချပ်ပြားတစ်ခုနှင့် တူသည်။ ယာဂိုက ၎င်းကိုလည်း သူ၏ ခြေသလုံးတွင် ကပ်ကာ ဟန်ရေးပြကြည့်ပြန်သည်။
လင့်ခ်ျက မြင်လိုက်သော်လည်း ကလေးက ထူးဆန်းတယ်ဟုသာ တွေးလိုက်ပြီး ဆက်မမေးတော့ပေ။
လှည့်ပတ်ကိရိယာကို ရပြီးနောက် ယာဂိုသည် အလွန်ပျော်ရွှင်နေသည်။ လင့်ခ်ျနှင့် စကားပြောရသည်မှာ အလွန်အကျိုးရှိခဲ့သည်။ အနည်းဆုံးတော့ အဲ့ဒီနေရာစုံသုံး ရွှေ့လျားကိရိယာက ဘယ်နေရာ ပျက်နေသလဲဆိုတာကို သူ ယခု နားလည်သွားပြီဖြစ်သည်။
လင့်ခ်ျကို နှုတ်ဆက်ပြီးနောက် ယာဂိုသည် စံအိမ်ထဲမှ ထွက်လာခဲ့သည်။ အပြင်ဘက်တွင်တော့ ဈေးတစ်ခုရှိနေသည်။ ရှီးနားတံတိုင်း၏ အတွင်းပိုင်းသည် တကယ်ကို စည်ကားသိုက်မြိုက်လှသည်ဟု ဆိုရမည်။ ကုန်သည်များနှင့် လမ်းသွားလမ်းလာများက အဆက်မပြတ် သွားလာနေကြပြီး သပ်ရပ်လှပစွာ ဝတ်ဆင်ထားသော မှူးမတ်များကိုလည်း နေရာအနှံ့ တွေ့နိုင်ကာ ထရိုစ့်ခရိုင်နှင့်တော့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်။
ယာဂိုက ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ စံအိမ်၏ မျက်နှာချင်းဆိုင် တည့်တည့်တွင် အချိုပွဲရောင်းသည့် ဆိုင်တစ်ဆိုင်ကို သူ ရုတ်တရက် တွေ့လိုက်ရသည်။ သူ၏အိတ်ကပ်ကို စမ်းကြည့်လိုက်ရာ သင်တန်းသားများတွင် လစဉ်ထောက်ပံ့ကြေး ရသည်ကို သတိရသွားသည်။ ယာဂိုက ငွေကို သုံးလေ့သုံးထ သိပ်မရှိသဖြင့် သူ့တွင် ပိုက်ဆံ တော်တော်လေး စုမိနေပြီဖြစ်သည်။
ထရိုစ့်ခရိုင်ရှိ အချိုပွဲဆိုင်များသည် တစ်ချိန်က ငတ်မွတ်နေသော ဒုက္ခသည်များ၏ လုယက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ဆိုင်ရှင်များမှာလည်း သေလုမြောပါး ရိုက်နှက်ခံခဲ့ရသည်ဟု ဆိုကြသည်။ ထိုအချိန်မှစ၍ ထရိုစ့်ခရိုင်တွင် မည်သူမျှ အချိုပွဲဆိုင် မဖွင့်ရဲကြတော့ပေ။
တစ်စုံတစ်ယောက်ကို သတိရသွားပြီးနောက် ယာဂိုက အထဲဝင်၍ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူ မှတ်မိတာ မှန်မယ်ဆိုရင် အဲ့ဒီ ပျော်ပွဲစားထွက်တုန်းက ချိုမြိန်တဲ့ ရေမြှုပ်ကိတ်မုန့် တွေအားလုံးက လူတစ်ယောက်တည်းရဲ့ ဗိုက်ထဲကို ရောက်သွားခဲ့တာ မဟုတ်လား။