အခန်း (၂၆) - လမ်းပျောက်သွားတဲ့ ဂျင်း
တောက်ပပူပြင်းနေတဲ့ နေရောင်အောက်မှာ သင်တန်းသားတွေဟာ နေရာစုံသုံး ရွှေ့လျားကိရိယာတွေကို ဝတ်ဆင်ထားပြီး ချွေးရွှဲရွှဲစိုတဲ့အထိ တောအုပ်ထဲမှာ ပြေးလွှားနေကြတယ်။
ဟုတ်ပါတယ်၊ သူတို့ ပြေးနေကြတာပါ။ နေရာစုံသုံး ရွှေ့လျားကိရိယာကို သုံးခွင့်မရှိတဲ့အပြင် သင်တန်းသားတွေဟာ ဓာတ်ငွေ့ဘူးတွေကိုတောင် တပ်ဆင်ထားခြင်း မရှိပါဘူး။ နည်းပြရဲ့စကားအရ ပြောရရင်၊ မင်းတို့ရဲ့ နေရာစုံသုံး ရွှေ့လျားကိရိယာသာ ပျက်စီးသွားခဲ့ရင် တိုက်တန်တွေဆီကနေ လွတ်မြောက်ဖို့ ကိုယ့်ခြေထောက်နှစ်ချောင်းကိုပဲ အားကိုးရမှာဖြစ်တယ်။ ပြေးတောင်မပြေးနိုင်ရင်တော့ တိုက်တန်တွေရဲ့ အစာအဖြစ် ချန်ထားခံရဖို့ပဲ ရှိတယ်။
ဒါကြောင့် နေရာစုံသုံး ရွှေ့လျားကိရိယာကို ဝတ်ဆင်ထားပြီး ခရီးဝေးပြေးရတဲ့ လေ့ကျင့်ရေးဟာ မရှိမဖြစ် အရေးကြီးလှပါတယ်။
သင်တန်းသားတွေဟာ ကိုယ့်အဖွဲ့နဲ့ကိုယ် အတူတကွ ရှေ့ဆက်ပြေးနေကြပြီး သူတို့ရဲ့ ပြေးလွှားမှုကြောင့် နေရာစုံသုံး ရွှေ့လျားကိရိယာတွေဆီကနေ ပွတ်တိုက်သံတွေ တရှဲရှဲ ထွက်ပေါ်နေတယ်။
ယာဂိုက ရှေ့ဆုံးကနေ ဦးဆောင်နေပြီး အဖွဲ့ (၃၄) က နောက်ကနေ လိုက်လာကြတယ်။ အာမင်ကတော့ နည်းနည်းလေး ရုန်းကန်နေရတာကြောင့် ယူမီရ်နဲ့ မက်ဒီတို့က သူ့ရဲ့ ဘယ်ညာမှာ နေရာယူထားပြီး အချိန်မရွေး ကူညီပေးဖို့ အသင့်ရှိနေကြတယ်။
အခြားတစ်ဖက်မှာတော့ မာကို့အဖွဲ့ထဲက ဂျင်းဟာ မာကို့ဘေးနားကနေ ပြေးနေရင်း ရှေ့နားမှာရှိတဲ့ ယာဂို့အဖွဲ့ထဲက အဲရင်ကို စိတ်အိုက်စရာအကြည့်နဲ့ ကြည့်နေခဲ့တယ်။
"ကျစ်! အဲဒီကောင် အဲရင်ကို အမြဲတမ်းရှုံးနေရတာ တကယ်ကို ဒေါသထွက်စရာပဲ! ဒီတစ်ခါတော့ ဘာပဲဖြစ်ဖြစ် သူ့ထက်ပိုကောင်းတဲ့ ရလဒ်ကို ရအောင်ယူပြမယ်!"
အဲဒီအချိန်မှာပဲ မိကာဆာရဲ့ စိုးရိမ်တကြီး အကြည့်တွေက အဲရင်ဆီမှာပဲ စူးစိုက်နေတာကို ဂျင်းမြင်လိုက်ရတော့ သူ့စိတ်ထဲ ပိုပြီးတောင် ခံပြင်းသွားခဲ့တယ်။ မနာလိုဝန်တိုမှုဆိုတာ လူတွေကို တကယ်ရူးသွပ်သွားစေနိုင်တာပဲလေ။
ဂျင်း ခဏလောက် စဉ်းစားလိုက်တယ်။ ထရိုစ့်ခရိုင်မှာ နေထိုင်သူတစ်ယောက်အနေနဲ့ သူဟာ ဒီတောအုပ်ထဲကို အရင်က ရောက်ဖူးတယ်။ သူ မှတ်မိတာ မှန်မယ်ဆိုရင် ဒီနေရာမှာ ဖြတ်လမ်းတစ်ခု ရှိရမယ်။ အဲဒီလမ်းကနေ ခရီးဆုံးကို သွားမယ်ဆိုရင် အခုပြေးနေတဲ့ လမ်းကြောင်းထက် သေချာပေါက် ပိုမြန်လိမ့်မယ်။ ဒါ့အပြင် အခုချိန်မှာ နည်းပြလည်း အနားမှာ မရှိဘူးဆိုတော့ ဒါဟာ အကောင်းဆုံး အခွင့်အရေး မဟုတ်ဘူးလား။
သူသာ ဖြတ်လမ်းကနေအရင်သွားပြီး လူအုပ်ကြီးရဲ့ရှေ့ဆုံးမှာ တိတ်တဆိတ် ပေါ်လာခဲ့မယ်ဆိုရင် အားလုံး အံ့ဩသွားကြမှာ သေချာတယ်လို့ ဂျင်း စိတ်လှုပ်ရှားစွာနဲ့ တွေးလိုက်တယ်။
တွေးပြီးတာနဲ့ ချက်ချင်းပဲ ဂျင်းဟာ အခွင့်အရေးရှာလိုက်ပြီး လူအုပ်ရဲ့ အစွန်ဘက်ကို လျှိုထွက်ကာ ချုံပုတ်တွေထဲကို ငုပ်လျှိုးဝင်ရောက်သွားခဲ့တယ်။
မာကို။ "အယ်? ဂျင်း?"
ဂျင်းဟာ ချုံပုတ်တွေကို အမြန်ဖယ်ရှားလိုက်ပြီး သစ်ပင်ကြီးတစ်ပင်နောက်မှာ ပုန်းကွယ်လိုက်တယ်။ သူ့ကိုမြင်တဲ့အချိန်မှာ အံ့ဩသွားမယ့် လူတွေရဲ့မျက်နှာတွေကို စိတ်ကူးယဉ်ရင်း သူ့ကိုယ်သူ တိတ်တခိုး ဂုဏ်ယူနေခဲ့တယ်။
ငါးမိနစ် ကုန်လွန်သွားတယ်၊ ပြီးတော့ ဆယ်မိနစ်၊ အဲဒီနောက် ဆယ့်ငါးမိနစ်...
ဂျင်းရဲ့ နဖူးပေါ်မှာ ချွေးသီးချွေးပေါက်တွေ ထွက်လာခဲ့တယ်။ "ဘာလို့ ဒီလောက်တောင် နှေးနေရတာလဲ? သူတို့ မရောက်ကြသေးဘူးလား?"
နောက်ထပ် ငါးမိနစ် ထပ်ကြာသွားတဲ့အခါ ဂျင်းဟာ တံတွေးကို ခပ်ပြင်းပြင်း မျိုချလိုက်တယ်။ "ငါ... ငါများ လမ်းမှားလာမိတာလား?"
နောက်ထပ် ငါးမိနစ်အကြာမှာတော့- "သေစမ်း! ငါ တကယ် လမ်းမှားလာခဲ့တာပဲ!" ဂျင်းဟာ ထိတ်လန့်တကြားနဲ့ အပြန်လမ်းကို စတင်ရှာဖွေတော့တယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ စောစောက သူ အရမ်းလောနေခဲ့တာကြောင့် အမှတ်အသားတစ်ခုမှ ချန်မထားခဲ့မိဘူး။
ဓာတ်ငွေ့ဘူးတွေ မပါတဲ့ နေရာစုံသုံး ရွှေ့လျားကိရိယာကို ကြည့်ရင်း ဂျင်းတစ်ယောက် ငိုချင်လျက် မျက်ရည်မထွက် ဖြစ်နေခဲ့တယ်။ "တောက်!!" ဒေါသနဲ့ စိတ်ပျက်မှုတွေ ပြည့်နှက်နေတဲ့ သူ့ရဲ့အသံဟာ တောအုပ်ကြီးထဲမှာ ဟိန်းထွက်သွားခဲ့တယ်။
နှစ်နာရီကြာပြီးနောက်မှာတော့ သင်တန်းသားတွေဟာ ခရီးဆုံးကို ရောက်ရှိသွားကြပြီး အားလုံးဟာ အပြင်းအထန် ပင်ပန်းနွမ်းနယ်နေကြတယ်။ အာမင်ကတော့ မြေကြီးပေါ်မှာ ပက်လက်လှန်နေပြီး လဲကျတော့မယ့် ပုံပေါက်နေတယ်။ ဆံပင်နှစ်ဖက်ချည်ထားတဲ့ ကောင်မလေး မီနာက အာမင်ကို စိုးရိမ်တကြီးနဲ့ ကြည့်နေတယ်။ အဲရင်လည်း မြေကြီးပေါ်ထိုင်ရင်း မောဟိုက်နေပြီး မိကာဆာကတော့ ထုံးစံအတိုင်း သူ့အနားမှာရှိနေကာ သူမရဲ့အကြည့်တွေက အဲရင်ဆီမှာပဲ ရှိနေတယ်။
ယာဂိုက အန်နီကို ရေဘူးတစ်ဘူး ကမ်းပေးလိုက်ပြီး အန်နီကလည်း သဘာဝကျကျပဲ ယူလိုက်တယ်။
သူတို့နှစ်ယောက်နဲ့ မနီးမဝေးမှာတော့ ဘာတော့တ်နဲ့ ရိုင်နာ တို့ကလည်း အတူတူ ထိုင်နေကြတယ်။ ဘာတော့တ်က အန်နီကို ရှုပ်ထွေးတဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်။ "ရိုင်နာ၊ အန်နီနဲ့ ယာဂိုတို့က တဖြည်းဖြည်း ပိုနီးစပ်လာနေပြီ။"
ရိုင်နာက မျက်မှောင်ကြုတ်လိုက်ပြီး "သူ့အတွက် စိတ်မပူပါနဲ့။ သူက အဲဒီလိုလူမျိုးပဲလေ။ အရင်က ငါပြောခဲ့တယ်မလား? သူ့ရဲ့ တကယ့်ကိုယ်ပိုင်လက္ခဏာကို ဖော်မပြသရွေ့ သူလုပ်ချင်တာ သူလုပ်ခွင့်ရှိတယ်။ ဒါပေမဲ့ ငါတို့ဆီမှာ အခြေခံတိုက်တန် နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် ဘာမှမရသေးတာက ပြဿနာပဲ။ နောက်တစ်ခါကျရင် တော်ဝင်မြို့တော်ရဲ့ အတွင်းပိုင်းအထိ အန်နီကို ပိုပြီး ဝင်ရောက်စုံစမ်းခိုင်းရမယ်။"
(T/N : အခြေခံတိုက်တန်ဆိုတာ ' Founding Titan 'ကိုပြောတာပါ)
ဘာတော့တ်က စကားပြောဖို့ တုံ့ဆိုင်းနေခဲ့ပေမဲ့ သူ့ရဲ့ ပြတ်သားမှုမရှိတဲ့ စရိုက်ကြောင့် ဘာမှမပြောနိုင်ခဲ့ပါဘူး။ တကယ်တော့ ရိုင်နာက အန်နီကို ကိရိယာတစ်ခုလို သဘောထားပြီး ဆက်ဆံနေတာကို သူ သိပ်သဘောမကျပေမဲ့ သူတို့သုံးယောက်ကြားက ဆက်ဆံရေး ပျက်စီးသွားမှာကို စိုးရိမ်တာကြောင့် ထုတ်မပြောရဲခဲ့ဘူး။ နောက်ဆုံးမှာတော့ သူ တိတ်ဆိတ်စွာနဲ့ပဲ လက်ခံလိုက်ရတော့တယ်။
တစ်ချိန်တည်းမှာပဲ ရိုင်နာဟာ ယူမီရ်ရဲ့ ဆံပင်တွေကို ပြင်ပေးရင်း ပြုံးနေတဲ့ ခရစ္စတာကို ကြည့်လိုက်ရာ သူ့မျက်လုံးတွေထဲမှာ သတိမထားမိနိုင်လောက်တဲ့ ယုယကြင်နာမှု အရိပ်အယောင်လေးတွေ ဖြတ်ပြေးသွားခဲ့တယ်။
ယာဂို သမ်းဝေလိုက်တယ်။ အဲဒီအချိန်မှာပဲ သင်တန်းသားတစ်ယောက် ကမန်းကတန်း ပြေးလာတယ်။ အဲဒီလူဟာ မာကို့အဖွဲ့က သင်တန်းသားတစ်ယောက်ဖြစ်ကြောင်း ယာဂို မှတ်မိလိုက်တယ်။ သူက စိုးရိမ်တကြီးနဲ့ "ယာဂို၊ ဒုက္ခပဲ! မာကိုနဲ့ ဂျင်းတို့ ပျောက်နေတယ်!" လို့ ပြောလာတယ်။
နည်းပြကလည်း မရောက်သေးတော့ အားလုံးက ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ်။
ထိုသင်တန်းသားသစ်က ယာဂိုကို လာရှာရတဲ့ အကြောင်းရင်းကတော့ ယာဂို့ရဲ့ အရင်က ပြသခဲ့တဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် လူအများက သူ့ကို ခေါင်းဆောင်တစ်ယောက်လို မသိစိတ်ကနေ သတ်မှတ်ထားကြလို့ပဲ ဖြစ်တယ်။ ဆိုရိုးစကားရှိသလို မိုးကျလာရင် အရပ်ရှည်တဲ့သူတွေက ကာကွယ်ပေးရတယ်ဆိုသလိုပဲ တစ်ခုခုဖြစ်လာရင် အားလုံးက အထူးချွန်ဆုံးလူကို သွားရှာတတ်ကြတာ သဘာဝပါပဲ။
ယာဂို အနည်းငယ် ကြက်သီးမွေးညင်းထသွားတယ်။ သူတို့တွေက လူကြီးတွေ ဖြစ်နေပြီပဲ၊ လူအုပ်ကြီးနောက်ကနေ လိုက်လာတာကို မာကိုနဲ့ ဂျင်းက ဘယ်လိုလုပ်ပြီး လမ်းပျောက်သွားရတာလဲ? တကယ်ကို ယုံနိုင်စရာမရှိဘူး။
ဘာပဲပြောပြော၊ ညည်းညူနေတာတွေကို ဘေးဖယ်ထားပြီး ယာဂိုဟာ အားလုံးကို အော်ခေါ်လိုက်တယ်။ ခံနိုင်ရည်အားရှိသေးတဲ့ သူတွေက သူ့နောက်လိုက်ပြီး သွားရှာကြဖို့နဲ့ အာမင်တို့လို ကျန်တဲ့သူတွေကတော့ နည်းပြရောက်လာတဲ့အခါ အခြေအနေကို သတင်းပို့ဖို့ ဒီနေရာမှာ နေခဲ့ကြဖို့ စီစဉ်လိုက်တယ်။
ကောင်းကင်ကြီးက တဖြည်းဖြည်း ပိုမိုမှောင်မိုက်လာပြီး ဂျင်းရဲ့ရင်ထဲမှာလည်း ပိုပိုပြီး စိုးရိမ်ပူပန်လာတယ်။ "ဒုက္ခပါပဲ! အဲဒီကောင် အဲရင်လှောင်တာကိုတော့ ငါသေချာပေါက် ခံရတော့မှာပဲ!"
"ဒုတ်!"
"အ့!" (နှစ်ယောက်လုံး)
တစ်ခုခုနဲ့ ဝင်တိုက်မိတဲ့ အသံနဲ့အတူ အံ့ဩတုန်လှုပ်သွားတဲ့ အော်သံနှစ်သံ ထွက်ပေါ်လာတယ်။
ဂျင်း မျက်စိမှိတ်လိုက်ပြီး နာကျင်သွားတဲ့ သူ့နဖူးကို ပွတ်လိုက်တယ်။ သူ မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါ သူ့ရှေ့က လူကလည်း အဲဒီလိုပဲ လုပ်နေတာကို တွေ့လိုက်ရတယ်။ "မာကို?! မင်းက ဘာလို့ ဒီရောက်နေတာလဲ?" လို့ ဂျင်းက အံ့ဩတကြီး မေးလိုက်တယ်။
မာကိုက သူ့ခေါင်းကို ကုတ်လိုက်တယ်။ "အာ.. မင်း ချုံပုတ်တွေထဲ ဝင်သွားတာကို မြင်လိုက်တော့ အပေါ့အပါးသွားချင်လို့ ထင်ပြီး ငါမင်းကို စောင့်နေမလို့ပါ။ မင်းပျောက်သွားလိမ့်မယ်လို့ မထင်ထားဘူး ဂျင်းရယ်၊ ဒါကြောင့် မင်းကို လိုက်ရှာနေတာ။"
ဂျင်းဟာ သူ့ရှေ့က ရိုးသားတဲ့ မာကိုကို ကြည့်ရင်း ဘာပြောရမှန်း မသိဖြစ်သွားတယ်။ သူ့မိသားစုနဲ့ မာကို့မိသားစုက အိမ်နီးချင်းတွေဖြစ်ပြီး မိသားစုနှစ်စုကလည်း အတော်လေး ရင်းနှီးကြတာကြောင့် မာကိုနဲ့ ဂျင်းက ငယ်သူငယ်ချင်းတွေ ဖြစ်ကြတယ်။
ဂျင်း။ "ဒါဆို မာကို၊ ထွက်ပေါက်က ဘယ်မှာလဲဆိုတာ မင်းသိလား?"
မာကို။ "...အယ်၊ အဲဒါက..."
ဂျင်း နဖူးကို လက်နဲ့အုပ်လိုက်တယ်။ ကောင်းပြီလေ၊ သူ ဒီမေးခွန်းကို မမေးခဲ့သင့်ဘူး။ မာကိုက လမ်းအကင်းပါးတဲ့လူ မဟုတ်ဘူးဆိုတာ ငယ်ငယ်ကတည်းက သူသိထားပြီးသားမို့ အခုလည်း သူ့ကို အားကိုးလို့မရမှန်း သိလိုက်တယ်။
ကောင်းကင်ကြီးက လုံးဝနီးပါး မှောင်မိုက်သွားပြီ။ ဂျင်းနဲ့ မာကိုတို့ဟာ ကျောချင်းကပ်လျက် ထိုင်နေကြတယ်။ ဂျင်းက မနေနိုင်ဘဲ "မာကို၊ မင်းကတော့ တကယ့် ငတုံးပဲ! ဘာလို့ ငါ့ကို လာရှာရတာလဲ? အခု ကြည့်စမ်း၊ မင်းပါ ဒီမှာ ပိတ်မိနေပြီ။" လို့ ညည်းတွားလိုက်တယ်။
မာကို။ "ဂျင်း၊ ငါတို့က သူငယ်ချင်းတွေလေ။"
အဲဒီစကားကို ကြားလိုက်တော့ ဂျင်းရဲ့ရင်ထဲ ရုတ်တရက် တုန်လှုပ်သွားတယ်။ ငယ်ငယ်ကတည်းက အခုချိန်အထိ မာကိုဟာ ဂျင်းရဲ့ အကောင်းဆုံး သူငယ်ချင်းအဖြစ် အမြဲရှိနေခဲ့တာ အမှန်ပါပဲ။ ဂျင်းက ငယ်ငယ်ကတည်းက ခေါင်းမာပြီး သူငယ်ချင်းတွေကို အပေါ်ယံမှာ ဂရုမစိုက်သလို ဟန်ဆောင်နေပေမဲ့ တကယ်တမ်းကျတော့ သူက အရမ်းကို ဂရုစိုက်တတ်တဲ့သူ ဖြစ်တယ်။
"ဘယ်သူက ဂရုစိုက်လို့လဲ" လို့ ဂျင်းက ခပ်တိုးတိုး ရေရွတ်လိုက်ပေမဲ့ သူ့လေသံက ယုံကြည်ချင်စရာ လုံးဝမကောင်းပါဘူး။ ခဏအကြာမှာတော့ ဂျင်းက "မာကို၊ ငါတို့ရဲ့ အိပ်မက်ကို မှတ်မိသေးလား?" လို့ စကားစလိုက်တယ်။
မာကို။ "စစ်ရဲတပ်ဖွဲ့ထဲ ဝင်ဖို့လား?"
ဂျင်းက ပြတ်ပြတ်သားသားနဲ့ "ဟုတ်တယ်! ငါတို့ စစ်ရဲတပ်ဖွဲ့ထဲကို မဖြစ်မနေ ဝင်ပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုနဲ့ နေထိုင်ရမယ်!"
မာကို။ "အင်းပါ။"
"ဂျင်း! မာကို!" အော်ခေါ်သံတစ်ခုက ငိုက်မျဉ်းနေတဲ့ ဂျင်းကို လန့်နိုးသွားစေတယ်။ သူ မော့ကြည့်လိုက်တော့ အဲရင်က မီးတုတ်တစ်ချောင်းကို ကိုင်ထားပြီး တခြားသင်တန်းသားတွေကို အသံကျယ်ကြီးနဲ့ အော်ခေါ်နေတာကို တွေ့လိုက်ရတယ်။
ပထမဆုံးအကြိမ်အဖြစ် အဲရင်ရဲ့အသံက နားထောင်လို့ကောင်းတယ်လို့ ဂျင်း ခံစားလိုက်ရတယ်။
နောက်ဆုံးမှာတော့ ဂျင်းနဲ့ မာကိုတို့ဟာ နည်းပြ ကိတ်သ်ဆီကနေ တစ်နာရီနီးပါး ကြာတဲ့ ဆူပူအော်ဟစ်မှုကြီးကို ခံလိုက်ရပြီး ကိတ်သ်ရဲ့ ခေါင်းတိုက်ဒဏ်ခတ်မှုအပြင် တစ်လတိတိ အိမ်သာဆေးရမယ့် တာဝန်ကိုပါ အပိုဆုအဖြစ် ရရှိသွားကြတယ်။
ဂျင်းနဲ့ မာကိုတို့ရဲ့ ပုံမှန်ရမှတ်တွေသာ အထူးမကောင်းနေဘူးဆိုရင် နည်းပြ ကိတ်သ်က သူတို့နှစ်ယောက်လုံးကို တိုက်တန်တွေရဲ့အစာအဖြစ် တံတိုင်းအပြင်ဘက်ကို တကယ် ကန်ထုတ်ပစ်ချင်နေမှာ အသေအချာပါပဲ။