"အား! တကယ်ကြီး ထိုးဖို့လိုလို့လား အန်နီရာ"
ယာဂိုက သူ့ရင်ဘတ်ကို ပွတ်ရင်း ပြောလိုက်တယ်။ စောစောက အန်နီ့ရဲ့ လက်သီးက သူ့ကို အသေအချာကို ထိသွားခဲ့တာလေ။ အစတုန်းကတော့ သူမက မိန်းကလေးငယ်လေးပဲ၊ ဘယ်လောက်တောင် အားပါမှာမို့လို့လဲဆိုပြီး သူ ထင်ထားခဲ့တာ။
ဒါပေမဲ့ အန်နီ့လက်သီး သူ့ဆီကျလာတဲ့အချိန်မှာတော့ သူ လုံးဝမှားသွားပြီဆိုတာကို ယာဂို သဘောပေါက်လိုက်တယ်။ ဒီကောင်မလေးရဲ့ ခွန်အားက တကယ်ကို ကြီးမားလွန်းတယ်၊ ယာဂို့လောက် မလွန်ကဲဘူးဆိုပေမဲ့ သာမန်လူကြီးတစ်ယောက်ထက်တော့ သေချာပေါက် ပိုသန်မာတယ်။ ဟုတ်တယ်၊ လူကြီးတစ်ယောက်နော်။ ကံကောင်းလို့ ယာဂိုက အကြမ်းခံနိုင်လို့သာပေါ့၊ တကယ်လို့ အာမင်လိုမျိုး အခြားတစ်ယောက်ယောက်သာဆိုရင် ဒီလက်သီးတစ်ချက်တည်းနဲ့တင် တစ်ပတ်လောက် အိပ်ရာထဲ လဲသွားလောက်တယ်။
နေဝင်ဆည်းဆာအလင်းရောင်အောက်မှာ သိပ်မသိသာလှပေမဲ့ အန်နီ့ရဲ့ မျက်နှာလေးမှာ ရှက်သွေးဖြာနေတဲ့ အရိပ်အယောင်လေးတွေ ကျန်နေသေးတယ်။
အန်နီက သူမရဲ့ ဆံပင်တွေကို ဆံထုံးလေးအဖြစ် ဖြည်းဖြည်းချင်း ပြန်ထုံးနေတာကို ယာဂို ငေးကြည့်နေမိတယ်။ တစ်နေ့နေ့ကျရင် သူမရဲ့ ဆံပင်တွေကို သူကိုယ်တိုင် ထုံးပေးရလိမ့်မယ်လို့ ထူးထူးဆန်းဆန်း ခံစားနေရတယ်။ အရမ်းကို ထူးဆန်းတယ်၊ အန်နီနဲ့ အတူရှိနေရတိုင်း အမြဲတမ်း ထူးဆန်းတဲ့ ခံစားချက်မျိုး ရနေတတ်တယ်။ ဒါက ကံကြမ္မာများလား။
"အန်နီ၊ ကျောင်းဆင်းရင် ဘယ်တပ်ဖွဲ့ကို ဝင်မှာလဲ။ မင်းရဲ့ အမှတ်တွေက သေချာပေါက် ဆိုးမှာမဟုတ်ဘူးလို့ ငါ ထင်တယ်" လို့ ယာဂိုက ပေါ့ပေါ့ပါးပါးပဲ မေးလိုက်တယ်။
အန်နီ - "ဘယ်တပ်ဖွဲ့လဲဆိုတော့... စစ်ရဲတပ်ဖွဲ့ပဲ ဖြစ်မှာပါ။ အတွင်းပိုင်းက ဘဝကို လူတိုင်းက အားကျကြတယ် မဟုတ်ဘူးလား။ နင်ကကော။"
အန်နီ့အဖြေကို ကြားလိုက်ရတော့ ယာဂို့ရင်ထဲမှာ ဟာတာတာကြီး ဖြစ်သွားတယ်။ သူမက စစ်ရဲတပ်ဘဝကို တောင့်တနေတာကိုး။ "ငါလား။ ငါကတော့ ကင်းထောက်တပ်ဖွဲ့ထဲဝင်ဖို့ အစကတည်းက ဆုံးဖြတ်ထားပြီးသား။ မင်း စစ်ရဲတပ်ဖွဲ့ထဲ ဝင်တာလည်း ကောင်းပါတယ်၊ အနည်းဆုံးတော့ အဲဒီမှာ ပိုပြီး ဘေးကင်းတာပေါ့..."
ယာဂို့မျက်လုံးထဲက စိတ်ပျက်သွားတဲ့ အရိပ်အယောင်ကို မဖုံးကွယ်နိုင်ခဲ့တာမို့ အန်နီလည်း သဘာဝကျကျ သတိထားမိလိုက်တယ်။ အချိန်လည်း လင့်နေပြီဖြစ်လို့ အန်နီ မတ်တတ်ရပ်လိုက်ချိန်မှာ အဲရင်နဲ့ တခြားသူတွေကလည်း ပြန်ဖို့ ပြင်ဆင်နေကြပြီ။ ယာဂိုကတော့ စိတ်ပျက်လက်ပျက်နဲ့ သူ့ဆံပင်တွေကို ဆွဲဖွလိုက်တယ်။
"တကယ်တော့လည်း ကင်းထောက်တပ်ဖွဲ့က မဆိုးပါဘူး။ တိုက်တန်တွေကို တိုက်ခိုက်နေတဲ့ ရဲရင့်တဲ့ စစ်သည်တော်တွေဆိုတော့... နားထောင်ရတာ တော်တော်လေး မိုက်တယ်" လို့ အန်နီက ထွက်သွားခါနီးမှာ ယာဂို့ကို ပြောလိုက်တယ်။
ယာဂို့မျက်လုံးတွေ အရောင်လက်သွားခဲ့တယ်။ "အင်း၊ ကင်းထောက်တပ်ဖွဲ့က စစ်သည်တွေအကုန်လုံးက အရမ်းတော်ကြတာ၊ သူတို့က @#$&%..." ယာဂိုတစ်ယောက် အဓိပ္ပာယ်မရှိတာတွေ တစ်ပုံကြီးကို ပွစိပွစိ ပြောနေတော့တယ်၊ သူ ဘာတွေပြောနေလဲဆိုတာကို သူ့ဘာသာတောင် သိလောက်မှာမဟုတ်ဘူး။
အဆုံးသတ်မှာတော့ ယာဂိုက အန်နီနဲ့ မခွဲခွာချင်ခဲ့ဘူး၊ ကင်းထောက်တပ်ဖွဲ့မှာပဲ ဖြစ်နေပါစေပေါ့။ ယာဂိုက တစ်ကိုယ်ကောင်းဆန်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့... အန်နီသာ ကင်းထောက်တပ်ဖွဲ့ထဲ တကယ် ဝင်လာခဲ့မယ်ဆိုရင် သူ မသေမချင်း အန်နီ့ကို ဘာအန္တရာယ်မှ အကျရောက်မခံဘူးလို့ ယာဂို ကျိန်ဆိုဝံ့တယ်။
တိုတောင်းလှတဲ့ အားလပ်ရက်လေးကတော့ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ။ ယာဂိုက သူ့အိပ်ရာပေါ်မှာ လှဲရင်း မျက်နှာကြက်ကို ငေးမောကြည့်နေတယ်၊ သူ့ခေါင်းထဲမှာလည်း အန်နီ့အကြောင်းတွေချည်း ပြည့်နှက်နေတယ်။ "ငါ ဘာဖြစ်နေတာလဲ။ သရဲများ ပူးနေလို့လား။ တကယ် စိတ်ရှုပ်ဖို့ကောင်းတာပဲ!"
...
"တောက်၊ တောက်။"
ရေစက်တွေက ကျောက်ကြမ်းပြင်ပေါ်ကို ကျဆင်းလာပြီး ကြည်လင်တဲ့ အသံလေးတွေ ထွက်ပေါ်နေတယ်။ ယာဂိုတစ်ယောက် မူးဝေဝေနဲ့ နိုးလာခဲ့တယ်။
"ဒါ ဘယ်နေရာလဲ။ ဟင်? ဘာဖြစ်ကုန်တာလဲ။" ယာဂို အံ့အားသင့်သွားတယ်။ သူ့တစ်ကိုယ်လုံးက ကုလားထိုင်တစ်ခုမှာ တုပ်နှောင်ခံထားရသလို ဖြစ်နေပြီး၊ ပတ်ဝန်းကျင်ကလည်း အမှောင်အတိ ကျနေကာ သူ့ခန္ဓာကိုယ်ကို ရေတွက်လို့မရနိုင်တဲ့ သံကြိုးတွေနဲ့ ချည်နှောင်ထားသလိုမျိုး ခံစားနေရတယ်။
ယာဂိုက အသေအလဲ ရုန်းကန်လိုက်တော့ သံကြိုးတွေဆီက ချွင်ချွင်မြည်သံတွေ ထွက်ပေါ်လာတယ်။ "ဒီမြင်ကွင်းကြီးက... ဘာလို့ ငါ အရင်က မြင်ဖူးနေသလို ခံစားနေရတာလဲ" ယာဂိုက ရုန်းထွက်ဖို့ ကြိုးစားရင်း တွေးလိုက်မိတယ်။ ဒါက နောက်ပြောင်နေတာများလား။ ဒါပေမဲ့ အဲဒီလိုမျိုးလည်း မဖြစ်နိုင်ဘူးလေ။
ယာဂိုက သံကြိုးတွေကို ဖြတ်တောက်ဖို့ ရုန်းကန်နေတုန်းမှာပဲ မျက်စိကျိန်းလောက်တဲ့ အလင်းရောင်တစ်ခု ပေါ်ထွက်လာတယ်။ အမှောင်နဲ့ ယဉ်ပါးနေပြီဖြစ်တဲ့ ယာဂို့ရှေ့မှာ နေမင်းကြီးလို တောက်ပတဲ့ အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်လာတာမို့ သူ့မျက်လုံးတွေကို ဖွင့်မရအောင် ဖြစ်သွားစေတယ်။
"ကလစ်။" တံခါးပိတ်လိုက်သံနဲ့အတူ ခြေသံတစ်ချို့ ယာဂို့နားထဲကို ပဲ့တင်ထပ်လာတယ်။ ယာဂိုကတော့ မျက်နှာရှုံ့မဲ့နေရုံသာ တတ်နိုင်တယ်၊ ပြင်းထန်တဲ့ အလင်းရောင်က သူ့မျက်လုံးတွေကို စူးရှစေတာကြောင့် ဘယ်သူလာနေလဲဆိုတာကို လုံးဝ မမြင်နိုင်ဘူးဖြစ်နေတယ်။
"ဟက်၊ တကယ်ကို သနားစရာကောင်းတာပဲ။ အဖမ်းခံထားရတဲ့ ပုရွက်ဆိတ်လေးတစ်ကောင်လိုပဲ—သေးသိမ်ပြီး ဘာမှမတတ်နိုင်ဘူးလေ" လို့ အက်ကွဲကွဲ အသံတစ်ခုက လှောင်ပြောင်လိုက်တယ်။
ယာဂို - "ဟေး၊ အဲဒါ အရမ်း ရိုင်းတာပဲ။ ခင်ဗျားက ဘယ်သူလဲ။ ခင်ဗျား ကျွန်တော့်ကို ဒီခေါ်လာတာလား။ ပြောထားလိုက်မယ်နော်၊ ကျွန်တော်က လေ့ကျင့်ရေးတပ်ဖွဲ့က စစ်သားတစ်ယောက်၊ ပြီးတော့ နည်းပြ ကိတ်သ် နဲ့လည်း အဆင်ပြေတယ်။ ဘာမှ အကြံအစည် မကြံဖို့ အကြံပေးချင်တယ်၊ မဟုတ်ရင် ခင်ဗျား သေချာပေါက် နောင်တရလိမ့်မယ်။"
ယာဂိုတစ်ယောက် အဓိပ္ပာယ်မရှိတာတွေ ပြောနေရင်းနဲ့ သူ့လက်တွေနဲ့ တိတ်တဆိတ် စမ်းသပ်ကြည့်နေတယ်။ ဒီလူက ဘယ်သူပဲဖြစ်ဖြစ်၊ ယာဂိုက အမြန်ဆုံး လွတ်မြောက်အောင် လုပ်ရမယ်လေ။
ထိုသူက ယာဂို့ရဲ့ ရည်ရွယ်ချက်ကို ရိပ်မိသွားပုံရပြီး "အလကားပါပဲ။ မင်း ဒီမှာ တိုက်တန်အဖြစ် ပြောင်းလဲလို့ မရဘူး" လို့ မဲ့ပြုံးပြုံးကာ ပြောလိုက်တယ်။
ယာဂို့ရင်ထဲ ဒိန်းကနဲ ဖြစ်သွားတယ်။ တိုက်တန်စွမ်းအားက အမြဲတမ်း သူ့ရဲ့ လျှို့ဝှက်ချက်ဖြစ်ခဲ့ပြီး ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးဘူး။ တစ်ချိန်တည်းမှာပဲ သူ့ညာဘက်လက်က ရှည်ထွက်နေတဲ့ လက်သည်းကို ပြန်ရုပ်သိမ်းလိုက်တယ်။ တစ်ဖက်လူက သူ့ရဲ့ တိုက်တန်ဆိုတဲ့ လျှို့ဝှက်လက်နက်အကြောင်း သိနေပြီး ဒီလောက်အထိ တည်ငြိမ်နေနိုင်တာကို ကြည့်ရင် သေချာပေါက် တစ်ခုခုတော့ မှားယွင်းနေပြီ။ လောလောဆယ်မှာတော့ ယာဂိုလည်း အဆောတလျင် မလှုပ်ရှားရဲသေးဘူး။
"နေပါဦး၊ ခင်ဗျားက ရူးသွပ်နေတဲ့ သိပ္ပံပညာရှင်တစ်ယောက်များ မဟုတ်ပါဘူးနော်။ ဘာလဲ၊ တိုက်တန်စွမ်းအားကို စပ်စုချင်လို့လား။ တကယ်တော့ ကျွန်တော်လည်း သိချင်နေတာ။ ကျွန်တော်တို့ ပူးပေါင်းပြီး တိုက်တန်တွေရဲ့ လျှို့ဝှက်ချက်တွေကို အတူတူ ဖော်ထုတ်ကြရင်ကော ဘယ်လိုလဲ" လို့ ယာဂိုက လေသံပြောင်းပြီး ပြောလိုက်ပေမဲ့ သူ့လက်သည်းတွေကတော့ တိတ်တဆိတ် ပြန်ရှည်ထွက်လာကာ အရောင်အနည်းငယ် မှိန်သွားပြီး အသွားကတော့ ပိုထက်လာတယ်။ တကယ်လို့ နောက်ဆုံးအချိန်ထိ ရောက်လာခဲ့ရင်တော့ သူ ကြိုးစားကြည့်ရမှာပဲလေ။
ယာဂို့ရဲ့ အမြင်အာရုံ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပေမဲ့ ပတ်ဝန်းကျင် တစ်ခုလုံးကတော့ အမှောင်အတိ ကျနေဆဲပဲ။
"ဟားဟားဟား... ဟား!" အဲဒီလူက ရုတ်တရက် အစွန်းရောက်နေသလို အော်ဟစ် ရယ်မောလိုက်တယ်။
သူရယ်နေတာက ယာဂိုတစ်ယောက် မျက်နှာပေါ်မှာ မျက်မှောင်အတင်းကြုတ်သွားတဲ့အထိပါပဲ။ ဘာတွေများ ရယ်စရာကောင်းနေလို့လဲ။
"ငါ နောက်ဆုံးတော့ နားလည်သွားပြီ။ တကယ် ရယ်စရာကောင်းလိုက်တာ။ ကံကြမ္မာကို ဆန့်ကျင်နေတဲ့သူက တကယ်တော့ ကံကြမ္မာ ကိုယ်တိုင်ပဲ ဖြစ်နေတာကိုး။ သဘောပေါက်ပြီ၊ ဟားဟား၊ သဘောပေါက်ပြီ။"
သူ ရယ်လို့ပြီးသွားတဲ့နောက် လူရိပ်ကြီးက လှည့်လာပုံရတယ်။ "ဒါဆိုရင်၊ မင်း အဲဒီနေ့ကို တကယ်ရောက်နိုင်မလားဆိုတာ ငါ ကြည့်ရသေးတာပေါ့။ အနာဂတ်ဆီသို့ သွားရာလမ်း... အနာဂတ်ဆိုတာ ပုံသေ သတ်မှတ်ထားတာ မဟုတ်ဘူးလို့ မင်း ပြောခဲ့တယ်လေ။ မင်းပြောတဲ့ အဲဒီ အနာဂတ်ဆိုတာကို ငါ ကြည့်ချင်သေးတယ် ယာဂို—ဒါမှမဟုတ် ငါက ကံကြမ္မာတိုက်တန်လို့ ခေါ်ရမလားပဲ။"
ယာဂိုတစ်ယောက် လုံးဝကို ရှုပ်ထွေးသွားတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရင်ထဲမှာ အန္တရာယ်ကြီးတစ်ခု ကျရောက်တော့မယ့် ခံစားချက်ကြီး ပေါက်ကွဲထွက်လာတယ်—ဆိုးရွားတဲ့ ကိစ္စတစ်ခုခု သေချာပေါက် ဖြစ်လာတော့မဲ့ကိစ္စတစ်ခုပါ။ "ဘာသဘောလဲ။ ဘာ ကံကြမ္မာတိုက်တန်လဲ။ ဟေး! ရှင်းအောင်ပြောစမ်း!" ကမ္ဘာကြီးရဲ့ အမှန်တရားတွေ အကုန်လုံး သူ့ရှေ့မှာ ချပြထားပေမဲ့ ရေမြှုပ်လေးတစ်ခုလိုမျိုး လုံးဝ ဆုပ်ကိုင်လို့ မရနိုင်သလိုမျိုး ယာဂို ပထမဆုံးအကြိမ်အဖြစ် စိုးရိမ်ပူပန်လာတယ်။
"မင်း ဒီမှာ ရှိနေတာကို ငါသိတယ်။ ထွက်လာပြီး တွေ့လိုက်ပါ ယာဂို" လို့ ထိုသူက တည်ငြိမ်စွာ ပြောလိုက်တယ်။
ယာဂို - "ဘာလဲ။ဘာတွေပြောနေတာလဲ? ငါ ဒီမှာရှိနေတာ မဟုတ်ဘူးလား။"
"မင်း ဒီမှာ ရှိနေမယ်ဆိုတာ ငါ သိပြီးသားပါ။ ငါ့စကားတွေကို မယုံသေးဘူးလား" ယာဂို့ နောက်ကျောဘက်ဆီကနေ အသံတစ်သံ ထွက်ပေါ်လာတယ်၊ အရမ်း ထူးဆန်းပေမဲ့ ရင်းနှီးနေတဲ့ အသံမျိုး။
"လူဆိုတာ အမြဲတမ်း သေချာအောင် လုပ်ရမယ် မဟုတ်လား။ ဒါပေမဲ့ အခုတော့ ငါ နားလည်သွားပါပြီ။ မင်းပြောတာ မှန်ပါတယ် ယာဂို။ နှမြောစရာပဲ၊ အဲဒီအချိန်တုန်းကသာ တကယ် ပေါ်လာခဲ့ရင်... အာ၊ မဟုတ်သေးဘူး၊ အခု မင်းက အစစ်အမှန်ပဲ။ ဟားဟား၊ ဒါပေမဲ့ ကောင်းပါတယ်။ ဒီရလဒ်က အကောင်းဆုံးပါပဲ မဟုတ်ဘူးလား။" အဲဒီလူရဲ့ အသံက သံသယနဲ့ နောင်တရမှုတွေ ရောထွေးနေပြီး နောက်ဆုံးမှာတော့ စိတ်သက်သာရာရသွားတဲ့လေသံမျိုး ပြောင်းသွားတယ်။
"ငါ သွားရမယ့် အချိန်ရောက်ပြီ။ အစကတည်းက ငါ ဒီမှာ မရှိသင့်ခဲ့တာပါ။ နှုတ်ဆက်ပါတယ် ယာဂို" လို့ ထိုသူက တည်ငြိမ်စွာ ပြောလိုက်တယ်။
ယာဂို့ နောက်ကျောဘက်က အသံကလည်း တည်ငြိမ်စွာပဲ ပြန်ဖြေလိုက်တယ် - "နှုတ်ဆက်ပါတယ် အဲရင်။"
ယာဂို့ရင်တွေ အပြင်းအထန် တုန်ခါသွားတယ်။ အဲရင်?! တကယ်ကြီး ဘာတွေ ဖြစ်ကုန်တာလဲ။
ဖန်ကွဲသွားသလို 'ဖြန်း' ကနဲ မြည်သံနဲ့အတူ၊ အမှောင်ထု အပိုင်းအစတွေ ပြိုကွဲသွားပြီး အောက်က အလင်းရောင်တွေ ပေါ်ထွက်လာတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးက အလင်းရောင်တိုင်းပြည်တစ်ခုလို နီးပါး ပြောင်းလဲသွားပြီး၊ ယာဂို့ကိုယ်ပေါ်က သံကြိုးတွေကလည်း ဘယ်အချိန်ကတည်းက ပျောက်ကွယ်သွားမှန်းတောင် မသိလိုက်ဘူး။
ယာဂို ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး လှည့်ကြည့်လိုက်တယ်။ ရုတ်တရက် သူ့မျက်လုံးအိမ်တွေ ကျုံ့ဝင်သွားတယ်။ "မင်း!"
"မှတ်ထားပါ၊ မင်းက ကံကြမ္မာတိုက်တန်ပဲ။ အနာဂတ်ဆီသို့ သွားရာလမ်းကို တည်တည်ငြိမ်ငြိမ်နဲ့ လျှောက်လှမ်းပါ။"
(T/N : ယာဂိုအိမ်မက်ထဲမှာ အနာဂတ်က ယာဂိုနဲ့အဲရင်တို့ စကားလာပြောကြတာပါ)
ဒါဟာ ယာဂို ကြားလိုက်ရတဲ့ နောက်ဆုံး စာကြောင်းပါပဲ။
မနက်ခင်းရောက်တော့ ယာဂိုတစ်ယောက် အိပ်ရာထဲကနေ မူးဝေဝေနဲ့ ထလာခဲ့တယ်။ သူ့ခေါင်းတွေ နည်းနည်း ကိုက်နေတယ်။ ညက သူ အိပ်မက်မက်ခဲ့တာလား။ သူ ဘာလို့ ဘာတစ်ခုမှ မမှတ်မိရတာလဲ။ ဒါပေမဲ့ ယာဂို ဂရုမစိုက်ပါဘူး၊ အိပ်မက်က အိပ်မက်ပဲလေ။
ရုတ်တရက် ယာဂို့ဆီကို အကြံဉာဏ်တစ်ခု ဝင်လာတယ်။ "ငါ့တိုက်တန်က ကံကြမ္မာတိုက်တန်ပဲ။" ဟင်? ဘာလို့ အဲဒီနာမည်လဲ။ ဒါပေမဲ့ ယာဂို့ရဲ့ မသိစိတ်က အဲဒီမေးခွန်းကို လျစ်လျူရှုလိုက်တယ်။ သူက ကံကြမ္မာတိုက်တန် ဖြစ်တယ်ဆိုတဲ့ အချက်က ရေဆာရင် ရေသောက်ရမယ်ဆိုတာကို သိနေသလိုမျိုး သာမန်အသိတစ်ခုလို ဖြစ်နေခဲ့တယ်။