အခန်း (၁၂) - စာသင်ခန်းထဲက နေ့စဉ်ဘဝ
"အန်နီ! ထစမ်း! အဲဒီမှာ လှဲနေလို့ ဘာအကျိုးရှိမှာလဲ။ ထစမ်း!"
"အဖေ... သမီး မလုပ်နိုင်တော့ဘူး၊ တကယ်ကို မလုပ်နိုင်တော့တာပါ..."
"အန်နီ! သမီး အသက်ရှင်လျက် ပြန်လာရမယ်၊ သမီး အသက်ရှင်ရမယ်။ တစ်လောကလုံးက သမီးကို သစ္စာဖောက်သွားရင်တောင် အဖေက သမီးဘေးမှာ ရှိနေပေးမှာ!"
"အန်နီ? ဝါး... နင်က ဘယ်လိုလုပ် အဲဒီလောက်တောင် တော်နေရတာလဲ။ ငါ့ကို သင်ပေးနိုင်မလား။ ငါလည်း သင်ချင်လို့!"
"လာပါ အန်နီရဲ့၊ ဒါက အသစ်ထွက်တဲ့ အချိုပွဲလေး၊ မြန်မြန် စားကြည့်လိုက်! ဘာလဲ... ပိုက်ဆံလား? အဲဒီအတွက် စိတ်မပူပါနဲ့၊ ငါ ရှာထားတာပါ။ နင် အမြဲတမ်း စားချင်နေခဲ့တာ မဟုတ်ဘူးလား။ စားကြည့်လိုက်ပါဟ။" ထိုကောင်လေးက ဘာမှမဖြစ်သလို ဟန်ဆောင်နေသော်လည်း သူ၏ လက်မောင်းပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော အမာရွတ်များနှင့် ဆေးထိုးအပ်ရာများကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ပေ။
"ဟင်? နော်မန်လား? အဲဒီ စမ်းသပ်ခံကလေးလား? သူ သေသွားပြီလေ၊ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကတည်းက သေသွားခဲ့တာ။ အခြား အယ်လ်ဒီယန် မိဘမဲ့ကလေးတွေလိုပါပဲ..."
အန်နီ မျက်လုံးပွင့်လာပြီး စောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူမသည် အသံတိတ် အဝတ်အစားလဲလိုက်ပြီး ကုတင်စွန်းတွင် ငေးမိုင်စွာ ထိုင်နေရင်း သူမ၏ လက်ချောင်းများပေါ်ရှိ လက်စွပ်နှစ်ကွင်းကို ပွတ်သပ်နေမိသည်။ ထိုလက်စွပ်နှစ်ကွင်းစလုံးသည် တစ်ချိန်က သူမအတွက် အရေးအကြီးဆုံးဖြစ်ခဲ့သော လူများထံမှ လက်ဆောင်များဖြစ်သည်။
---
"အန်နီ... နင် နိုးပြီလား။ မြန်မြန်လုပ်၊ ဒီနေ့ ငါတို့ လေ့ကျင့်ရေးဆင်းရမယ်" ဟန်နာ က ကပျာကယာ အဝတ်အစားလဲရင်း အန်နီ့ကို သတိပေးလိုက်သည်။
"ဒီကြိုးတွေက သိပ်ရှုပ်တာပဲ" ဟု ဟန်နာက ညည်းတွားလိုက်သည်။ နေရာစုံသုံး ရွှေ့လျားကိရိယာ ကို ပြောင်းလွယ်ပြင်လွယ် အသုံးပြုနိုင်ရန် ဤသိုင်းကြိုးစနစ် လိုအပ်သော်လည်း တပ်သားသစ်များအတွက် ဤကြိုးများကို သေသေချာချာ တပ်ဆင်ရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။
"အန်နီ၊ ငါ့ကို ကူညီပေးလို့ရမလား။" အန်နီက မြန်မြန်ဆန်ဆန် အဝတ်အစားလဲပြီးသွားသော်လည်း ဟန်နာကမူ ရှုပ်ထွေးလှသော ခါးပတ်ချိတ်များနှင့် လုံးပန်းနေရဆဲဖြစ်သည်။ "အင်း" ဟု အန်နီက တိုတိုတုတ်တုတ် ပြောလိုက်ပြီး ဟန်နာ့ကို ကူညီပေးရန် သွားလိုက်သည်။
ဟိုဘက် ယောက်ျားလေးအဆောင်တွင်မူ ယာဂိုသည် သိုင်းကြိုးများ အပြည့်အစုံ တပ်ဆင်ပြီးသားဖြင့် သူ၏ကုတင်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းနေသည်။ အခြားသူများ ချွေးတလုံးလုံးဖြင့် ကမန်းကတမ်း ဖြစ်နေကြသည်ကို ကြည့်ရင်း သူ အင်မတန် အေးအေးလူလူ ဖြစ်နေမိသည်။
"ကျစ်! ဘာလို့ ဒီဟာတွေက ဒီလောက်တောင် ရှုပ်ယှက်ခတ်နေရတာလဲ!" ကိုနီ တစ်ယောက် စိတ်ပေါက်ပေါက်နှင့် အော်လိုက်သည်။ နေရာတိုင်းတွင် ခါးပတ်ချိတ်များရှိနေသဖြင့် သူ့ကို ရူးသွပ်သွားစေမတတ်ပင်။
အဲရင် သည်လည်း ဂနာမငြိမ်ဖြစ်နေပြီး ဘယ်လိုကြိုးစားကြိုးစား အဆင်ပြေအောင် တပ်လို့မရဖြစ်နေသည်။ သို့သော် အဲရင်သည် ခေါင်းမာတတ်သော သဘာဝရှိရာ ပို၍ ကျရှုံးလေ ပို၍ ဇွဲကြီးလေဖြစ်သည်။ နောက်ဆုံးတွင် အာမင် အဝတ်အစားလဲပြီးသွားသည်။ ထို့နောက် ဂျင်း၊ မာကို ၊ ရိုင်နာ၊ ဘာတော့တ်... နောက်ဆုံးတွင် ကိုနီပင် ပြီးသွားခဲ့သော်လည်း အဲရင်ကတော့ ခါးပတ်ချိတ်များနှင့် လုံးပန်းနေရဆဲပင်။
နောက်ဆုံးတွင် အာမင်က ကြည့်မနေနိုင်တော့ဘဲ အဲရင်ကို ကူညီတပ်ဆင်ပေးလိုက်ရသည်။
---
သင်တန်းသားတပ်ဖွဲ့၏ သင်ရိုးညွှန်းတမ်းမှာ ရိုးရှင်းပါသည်။ မနက်ပိုင်းတွင် စာတွေ့၊ ညနေပိုင်းတွင် လက်တွေ့ ဖြစ်သည်။ စာသင်ခန်းထဲသို့ ရောက်သောအခါ ယာဂိုက နံနက်စာကို ဖြည်းဖြည်းချင်း စားခဲ့သောကြောင့် အခန်းထဲတွင် လူပြည့်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ယာဂိုသည် နောက်ဆုံးတန်းရှိ လွတ်နေသော ခုံတစ်ခုံကို မတွေ့ခင်အထိ အတော်ကြာအောင် လိုက်ရှာလိုက်ရသည်။
သူ ထိုနေရာသို့ သွားထိုင်လိုက်ပြီး သန်းဝေရင်း ဘေးဘက်သို့ ကြည့်လိုက်သောအခါ သူ့ဘေးခုံတွင် ထိုင်နေသူမှာ အန်နီ ဖြစ်နေမှန်း ရုတ်တရက် သတိထားမိသွားသည်။ "မနက်ခင်းပါ အန်နီ။" အန်နီက သူ့ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောပေ။
မနက်ပိုင်း စာသင်ချိန်မှာ သမိုင်းဘာသာရပ်ဖြစ်သည်။ အသက်ကြီးကြီး နည်းပြတစ်ဦးက စင်မြင့်ပေါ်တွင် မတ်တတ်ရပ်ကာ ပထမဆုံးဘုရင်ကြီးသည် သူ၏လူများကို ဦးဆောင်ပြီး တိုက်တန်များကို မည်သို့ ဉာဏ်ဆင်ကျော်လွှားခဲ့ကြောင်း ပြောပြနေသည်။
ပုံပြင်တစ်ပုဒ်နှင့် ပိုတူနေသည့် ထိုသမိုင်းကို နားထောင်ရင်း ယာဂိုတစ်ယောက် အိပ်ငိုက်လာသည်။ သူတစ်ယောက်တည်း မဟုတ်ဘဲ အများစုကလည်း ထိုနည်းတူပင် ဖြစ်သည်။
မိမိကိုယ်ကို အတင်းနိုးကြားအောင် လုပ်ရင်း ယာဂိုသည် အန်နီ့ဘက်သို့ ကြည့်လိုက်သည်။ အန်နီက သူမ၏ ဖတ်စာအုပ်ကို အာရုံစိုက်ပြီး ကြည့်နေသည်လား။
'ထိပ်တန်းကျောင်းသားဆိုတာ တကယ်ကို ကြောက်စရာကောင်းတာပဲ' ဟု ယာဂိုက လေးစားစွာ တွေးလိုက်သည်။ ခဏကြာပြီးနောက် ယာဂိုသည် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ ဒီထိပ်တန်းကျောင်းသူက ဘာဖြစ်လို့ ဖတ်စာအုပ်ကို မလှုပ်မယှက်ဘဲ စိုက်ကြည့်နေရတာလဲ။ ထို့အပြင် အန်နီ ကြည့်နေသော စာမျက်နှာမှာ ဆရာသင်လို့ပြီးသွားသည်မှာ ကြာပြီဖြစ်သော စာမျက်နှာဖြစ်သည်။
ယာဂိုသည် စားပွဲဘက်သို့ ကိုင်းညွတ်လိုက်ပြီး အန်နီ့ကို သေချာခိုးကြည့်လိုက်သည်။ သူမ၏ အပြာရောင်မျက်လုံးလေးများက လှပသော်လည်း အနီးကပ်ကြည့်လိုက်သောအခါ သူမ၏ သူငယ်အိမ်များမှာ အာရုံစိုက်မှု ကင်းမဲ့နေကြောင်း တွေ့ရသည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် သူမ ငေးမိုင်ပြီး စိတ်ကူးယဉ်နေခြင်းဖြစ်သည်။
ယာဂိုက 'အချည်းနှီး ချီးကျူးခဲ့တာမှားသွားတာပဲ၊ တကယ်တော့ အားလုံးက သာမန်အဆင့်တွေချည်းပါပဲလား' ဟု တွေးလိုက်မိသည်။
နောက်ထပ် အတန်ကြာပြီးနောက် ပျင်းရိနေသော ယာဂို၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ကစားနေရင်း သူ၏ မှတ်ဉာဏ်ထဲမှ မြင်ကွင်းတစ်ခုကို သတိရသွားကာ အကြံပိုင်သော အပြုံးတစ်ပွင့်ကို ပြုံးလိုက်သည်။
ခဲတံတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး စိတ်ကူးယဉ်နေသော အန်နီ့အနားသို့ တဖြည်းဖြည်း တိုးကပ်သွားသည်။ ရုတ်တရက် သူသည် အန်နီ၏ လက်မောင်းကို ခဲဖျက်ဖက်ခြမ်းဖြင့် ထိုးလိုက်ပြီး "ဆရာ လာနေပြီ!" ဟု အသံနှိမ့်ကာ ခပ်မြန်မြန် တီးတိုးပြောလိုက်သည်။
အန်နီသည် လက်ရှိတွင် တွေဝေငေးမိုင်နေသောအခြေအနေတွင် ရှိနေပြီး လုံးဝ အငိုက်မိသွားသည်။ ယာဂို၏ အလန့်တကြားလုပ်မှုကြောင့် အန်နီလို အေးဆေးတည်ငြိမ်သူပင်လျှင် "အင့်!" ဟု စူးရှစွာ အော်လိုက်မိသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ညာဘက်လက်ရှိ လက်စွပ်တစ်ကွင်းမှ ချွန်ထက်သော ဆူးချွန်တစ်ခု ထွက်ပေါ်လာသည်။
ယာဂို ချွေးစေးတွေ ပြန်သွားသည်။ သူ နောက်တာ နည်းနည်းလွန်သွားပြီထင်သည်။ ဒီကောင်မလေးက တကယ်ကြီး ဒီလောက်တောင် လန့်တတ်တာလား။ သူမ၏ တုံ့ပြန်မှုက အရမ်းကို ပြင်းထန်လွန်းနေသည်။
ထိုအော်သံကြောင့် တစ်ခန်းလုံး လှည့်ကြည့်လာကြသည်။ ရိုင်နာနှင့် ဘာတော့တ်တို့၏ အကြည့်များက အထူးဆန်းဆုံးဖြစ်နေသည်။ သူတို့သည် အန်နီ ဤကဲ့သို့ တည်ငြိမ်မှုပျက်ပြားသွားသည်ကို တစ်ခါမှ မမြင်ဖူးကြပေ။
စာသင်နေသော နည်းပြက မျက်မှောင်ကြုတ်လိုက်သည်။ "သင်တန်းသား၊ ဘာပြဿနာရှိလို့လဲ။"
"ဘာ... ဘာမှမဖြစ်ပါဘူးရှင်။ တောင်းပန်ပါတယ်။" အန်နီ၏ မျက်နှာလေး အနည်းငယ် နီမြန်းသွားသည်။ ဤသည်မှာ မြင်ရခဲသော မြင်ကွင်းပင်။
"မေးစရာရှိရင် လက်မြှောက်ပြီး မေးပါ။" နည်းပြက အားလုံးကို တိတ်တိတ်နေရန် အချက်ပြပြီးနောက် စာသင်ခြင်းကို ဆက်လက်လုပ်ဆောင်လေသည်။
အန်နီ ထိုင်ချလိုက်ပြီး စောစောက ဘာဖြစ်သွားခဲ့သည်ကို သဘောပေါက်သွားသည်။ သူမသည် သူမ၏ ညာဘက်ရှိ ယာဂိုထံသို့ အေးစက်သော အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။ ယာဂို တစ်ချက်တုန်တက်သွားပြီး အန်နီ၏ မျက်လုံးများနှင့် ဆုံရန် ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်သည်။ ထိုအေးစက်နေသော အပြာရောင် သူငယ်အိမ်များတွင် အဆုံးမရှိသော အအေးဓာတ်နှင့်... ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေသည်။ ဟုတ်သည်၊ သတ်ဖြတ်လိုစိတ် ပင်ဖြစ်သည်။
ယာဂို တံတွေးမြိုချလိုက်ပြီး သတိထားကာ စကားစလိုက်သည်။ "အင်း... အန်နီ၊ ငါ ရှင်းပြနိုင်ပါတယ်။ ငါက နင် ငေးနေတာကို မြင်လို့ ငါတို့ စာသင်ခန်းထဲမှာ ရှိနေတယ်ဆိုတာကို သတိပေးချင်ရုံ— အား!!!"
ခြေဖမိုးထက်မှ စူးရှသော နာကျင်မှုတစ်ခု တက်လာသဖြင့် ယာဂို သွားကိုတင်းတင်းကြိတ်ကာ မျက်နှာတစ်ခုလုံး နီရဲသွားပြီး လက်သီးများကို ဆုပ်ထားလိုက်ရသည်။
စားပွဲအောက်တွင် အန်နီသည် ယာဂို၏ ခြေထောက်တစ်ဖက်ကို အားကုန် ဖိနင်းထားခြင်းဖြစ်သည်။
"ငါ တောင်းပန်ပါတယ်! ငါ မှားသွားပါတယ်။ အန်နီ-ဆန် သနားပါဦး!" ယာဂိုက လေသံတိုးတိုးဖြင့် တောင်းပန်လိုက်သည်။ ဤကောင်မလေးသည် မယုံနိုင်လောက်အောင် ခွန်အားကြီးမားလှသည်။
အတန်ကြာပြီးနောက် နောက်ဆုံးတွင် အန်နီက လွှတ်ပေးလိုက်သည်။ ယာဂို အသက်ကိုဝဝရှူလိုက်ပြီး အန်နီ့ကို ရိုးသားစွာ တောင်းပန်လိုက်သော်လည်း ကံမကောင်းစွာဖြင့် သူမက သူ့ကို လုံးဝလျစ်လျူရှုထားလေသည်။
---
သူ၏ တောင်းပန်မှုက အရာမရောက်ကြောင်း မြင်လိုက်ရသဖြင့် ယာဂို သက်ပြင်းချလိုက်သည်။ ဘာဖြစ်လို့များ သူက ရုတ်တရက်ကြီး အရူးတစ်ယောက်လို သွားလုပ်ခဲ့ရတာလဲ။
ယာဂို ခဲတံကို ကောက်ကိုင်လိုက်ပြီး မှတ်စုစာအုပ်မှ စာမျက်နှာအလွတ်တစ်ခုကို လှန်ကာ ပုံကြမ်းစဆွဲလေသည်။ သူသည် အန်နီ့ကို တစ်ချက်တစ်ချက် လှမ်းကြည့်နေပြီး အန်နီကမူ တိတ်ဆိတ်စွာဖြင့် ဖတ်စာအုပ်ကိုသာ စိုက်ကြည့်နေသည်။
အချိန်အတော်ကြာပြီးနောက် အတန်းဆင်းခါနီးအချိန်တွင် အန်နီ၏ရှေ့သို့ စာရွက်တစ်ရွက် ရုတ်တရက် ရောက်လာသည်။ ယာဂိုက တွန်းပို့ပေးလိုက်ခြင်းဖြစ်သည်။ အန်နီက သူ့ကို ကြည့်လိုက်ရာ ယာဂိုသည် သနားစရာကောင်းသော မျက်နှာထားဖြင့် ခွင့်လွှတ်ရန် တောင်းပန်နေသည်။ ထို့ကြောင့် အန်နီ စာရွက်ကို ဖြန့်ကြည့်လိုက်သောအခါ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။
အန်နီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ စာရွက်ပေါ်ရှိ ပုံကြမ်းသည် ဆံပင်မျှင်လေးများမှစ၍ မျက်လုံးအကြည့်များအထိ အသေးစိတ်ကျကျ အသက်ဝင်လှပစွာ ရေးဆွဲထားသည်။ အရေးအကြီးဆုံးမှာ ပုံထဲကလူသည် အန်နီ သူမကိုယ်တိုင်ပင် ဖြစ်သည်။ ၎င်းမှာ ယာဂို၏ မြင်ကွင်းမှ ရေးဆွဲထားသော ဘေးစောင်းပုံဖြစ်ပြီး တကယ်ကို လှပလွန်းလှသည်။ အန်နီကိုယ်တိုင်ပင် ပုံထဲကလောက် လှပနိုင်သည်ဆိုသည်ကို တစ်ခါမှ သတိထားမိခဲ့မည် မဟုတ်ပေ။
အန်နီ နောက်တစ်မျက်နှာသို့ လှန်ကြည့်လိုက်သည်။ ထိုနေရာတွင် နောက်ထပ် ပုံတစ်ပုံရှိပြီး ၎င်းမှာ ချီဘီ ( ဦးခေါင်းကြီးကြီးနှင့် ချစ်စရာကောင်းသော ကာတွန်းပုံစံ) ဇာတ်ကောင်လေးဖြစ်သည်။ ချီဘီပုံလေးဖြစ်သော်လည်း ယာဂိုမှန်း ချက်ချင်း သိသာလှသည်။ ချီဘီဇာတ်ကောင်လေးသည် အလွန်အမင်း ကိုင်းညွှတ်အရိုအသေပေးနေပြီး အပေါ်တွင် စာသားရေးထားသည်။ "ကျေးဇူးပြုပြီး လှပတဲ့ သခင်မလေး အန်နီ... လူမိုက် ယာဂို ကို ခွင့်လွှတ်ပေးပါ!"
ပုံကြီးချဲ့ထားသော ထိုပုံလေးကြောင့် အန်နီ မအောင့်နိုင်ဘဲ တိုးတိုးလေး ရယ်မောလိုက်မိသည်။ ယာဂို ကြက်သေကောင် လွင့်သွားသည်။ အန်နီ ပြုံးလိုက်သောအခါ သိပ်ကိုလှပလွန်းနေသည်။
'မင်း ဘာတွေလုပ်နေတာလဲ! မင်းရဲ့အတွေးတွေက ဘယ်လိုလုပ် ဒီလောက်တောင် ကောက်ကျစ်ရိုင်းစိုင်းနေရတာလဲ! အန်နီက ကလေးပဲ ရှိသေးတာကို!' ယာဂိုသည် စိတ်ထဲတွင် မိမိကိုယ်ကို ပြင်းပြင်းထန်ထန် အပြစ်တင်နေသော်လည်း သူ၏ ခန္ဓာကိုယ်ကမူ ရိုးသားစွာဖြင့် အန်နီ့ကို ဆက်လက်ခိုးကြည့်နေမိသည်။
"ပုံဆွဲတာ အရမ်းလှတယ်။ ငါ့ကို သင်ပေးနိုင်မလား။" အန်နီက မေးလိုက်သည်။
ယာဂိုလည်း သဘာဝကျစွာပင် သဘောတူလိုက်သည်။ လှပသော မိန်းကလေးတစ်ယောက်ကို ပုံဆွဲသင်ပေးရခြင်းက ပျော်ရွှင်မှုတစ်မျိုးပဲ မဟုတ်ပါလား။ အဲရင် သို့မဟုတ် အာမင်သာ သူ့ကို သင်ပေးရန် တောင်းဆိုခဲ့ပါက ယာဂို သေချာပေါက် အချိန်ပေးမည်မဟုတ်ကြောင်း အာမခံရဲသည်။
ယာဂို သတိမထားမိချိန်တွင် အန်နီက ထိုပန်းချီကားလေးကို သေသေချာချာ ခေါက်ပြီး သိမ်းဆည်းလိုက်သည်။
သူတို့က သိပ်ကို ဆင်တူလွန်းသည်။ တူညီတဲ့ ကောက်ကျစ်မှု၊ တူညီတဲ့ နောက်ပြောင်တတ်မှုတို့နဲ့အတူ သူတို့က လူတစ်ယောက်တည်းများ ဖြစ်နေမလား။ ဒါဆိုရင် ဘာဖြစ်လို့ သူက သူမကို မေ့သွားရတာလဲ။ အန်နီ အဖြေကို မသိခဲ့ပေ။
(T/N : အောက်ကစာက မူရင်းစာရေးဆရာ ရေးထားပါခင်ဗျာ)
(သင်တန်းသားတပ်ဖွဲ့ အပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော် နည်းနည်းပိုရေးသွားပါမယ်။ သူတို့က သုံးနှစ်တောင် လေ့ကျင့်ခဲ့ရတာလေ၊ အန်နီမဲ (Anime) ထဲမှာတော့ အပိုင်းတို နှစ်ပိုင်း၊ သုံးပိုင်းလောက်ပဲ ပါခဲ့တာဆိုတော့ သေချာမရှင်းပြထားတာတွေ အများကြီးရှိပါတယ်။ အားလုံးကို မျှဝေပေးဖို့အတွက် အချက်အလက် တော်တော်များများကို ကျွန်တော် ရှာဖွေလေ့လာထားပါတယ်။)