အခန်း (၉) - သစ္စာခံလိုသော မုတ်ဆိတ် (အပိုင်း ၁)
ဖေးချောင် ပါးစပ်အဟောင်းသားဖြင့် မှင်တက်ကာ ကြည့်နေမိ၏။ ခရမ်းပုပ်ရောင်ပြောင်းကာ ပုပ်ပွယောင်ကိုင်းနေသည့် မြေပြင်ပေါ်မှ ဖုန်းပုစီး၏ ပြတ်သွားသောလက်အား ငေးကြည့်နေမိသလို၊ ကျန်ခဲ့သည့် ညာလက်လက်မောင်းကို ပင့်ကူမျှင်များဖြင့် တင်းကျပ်စွာ ပတ်နှောင်ကာ သွားဖြင့် သေချာထုံးနေသည့် ဖုန်းပုစီးကိုလည်း အံ့အားသင့်စွာ ကြည့်နေမိသည်။ ထို့နောက် မြေပြင်ပေါ်တွင် တဆတ်ဆတ်တုန်ကာ လဲကျနေသော ဖုန်းပုစီးကို ကြည့်ရင်း သူ ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့သည်။
ဖုန်းပုစီး မြေပြင်မှ ပြန်လည်ထရပ်ရန် ကြိုးစားနေသော်လည်း သူ၏ခန္ဓာကိုယ်မှာ တုန်ခါနေ၍ ခက်ခဲလှပေသည်။ ပင်လယ်ဓါးပြဟောင်း ဖေးချောင်သည် သူ၏ ယခုခံစားချက်ကို မဖော်ပြတတ်တော့ပါ။ သူကိုယ်တိုင်လည်း ဤကဲ့သို့ အသက်လုရမည့် အခြေအနေမျိုးတွင် အစွမ်းကုန် ရုန်းကန်နိုင်သည်ဟု ယုံကြည်သော်လည်း ဖုန်းပုစီးကဲ့သို့ အဆင့်ထိ ရောက်ရန်မှာမူ လုံးဝမဖြစ်နိုင်ကြောင်း သူသိသည်။
အထူးသဖြင့် ဖုန်းပုစီး၏ မိမိကိုယ်တိုင် မိမိလက်မောင်းကို ဖြတ်တောက်လိုက်သည့် လုပ်ရပ်နှင့် နံရံတွင် လက်ချောင်းများကို ပွတ်တိုက်ကာ အရိုးဓားပြုလုပ်ခဲ့သည့် လုပ်ရပ်များက ဖေးချောင်အား ကြက်သီးတဖြန်းဖြန်းထသွားစေသည်။
ပြတ်တောက်သွားသော လက်မောင်းမှ သွေးများစွာ ပန်းထွက်နေပြီး ပင့်ကူနက်ကြီး၏ အလောင်းမှာပင် သွေးရောင်များဖြင့် ရဲရဲနီနေလေ၏။ သို့သော်လည်း ဖုန်းပုစီးသည် နာကျင်လွန်း၍ အော်ဟစ်ခြင်း အလျဉ်းမရှိ၊ သူ၏ မျက်နှာအမူအရာမှာလည်း စိုးစဉ်းမျှ ပြောင်းလဲသွားခြင်း မရှိပေ။
“ဒီလူက နာကျင်မှုကို မခံစားရတာလား..”
“ဒါက လူရော ဟုတ်ရဲ့လား...”
“ဟိုး... ဟေ့လူ... ခင်ဗျား... ခင်ဗျားက ဘာကောင်လဲ၊ လူလား ဒါမှမဟုတ် သရဲလား”
အတန်ကြာမှ ဖေးချောင် သတိပြန်ဝင်လာပြီး သွေးအလိမ်းလိမ်းဖြစ်နေသော ဖုန်းပုစီးကို အော်ဟစ်မေးမြန်းလိုက်သည်။
ဖုန်းပုစီးမှာမူ သူ့စကားအား မကြားဟန်ဖြင့် ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ထရပ်ရန်သာ အားထုတ်နေသည်။ သို့သော် အကြိမ်ကြိမ် ကြိုးစားသော်လည်း အားမရှိတော့သည့် သူ၏ကိုယ်ခန္ဓာမှာ မြေပြင်ပေါ်သို့သာ ပြန်လည်လဲကျသွား၏။
ဤတစ်ကြိမ်တွင်မူ သူ ဖေးချောင်အား တမင်သက်သက် လျစ်လျူရှုထားခြင်း မဟုတ်ဘဲ မကြားနိုင်တော့ခြင်း ဖြစ်သည်။
သွေးသားကန့်သတ်ချက်ကို အကြိမ်ကြိမ် ချိုးဖျက်ခဲ့ခြင်းကြောင့် သူ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း အင်အားချည့်နဲ့နေပြီး တန်ပြန်ရိုက်ခတ်မှုမှာ ယခင်ကထက် ပိုမိုပြင်းထန်လှသည်။ သူ၏ နားထဲတွင်လည်း ခေါင်းလောင်းသံကြီးနှစ်ခုက အဆက်မပြတ် မြည်ဟည်းနေသကဲ့သို့ ခံစားနေရ၏။
ထိုနားကွဲမတတ် မြည်ဟည်းသံများက သူ့အား သတိလစ်သွားအောင် တိုက်တွန်းနေသော်လည်း ဖုန်းပုစီးကမူ သတိမလွတ်စေရန် အံကြိတ်ကာ ထိန်းထားသည်။
သူ၏ မျက်လုံးများမှာလည်း နေကာမျက်မှန် သုံးထပ်ခန့် တပ်ထားရသကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်အတိ ကျနေကာ အနီးနားရှိ အရာဝတ္ထုများ၏ ပုံရိပ်လွှာကိုသာ ဝေဝါးစွာ မြင်တွေ့နေရသည်။
သို့သော်လည်း မြူခိုးများကြားမှ ထူးဆန်းသော တီးတိုးရေရွတ်သံများကိုမူ ပိုမိုကြည်လင်စွာ ကြားနေရဆဲပင်။
“ခန္ဓာကိုယ်က ပိုပြီး အားနည်းလာလေလေ၊ မြူခိုးထဲက ရေရွတ်သံတွေကို ပိုပြီး ပြတ်ပြတ်သားသား ကြားရလေလေပါလား...”
ဖုန်းပုစီး စိတ်ထဲမှ မှတ်ချက်ချရင်း သူ၏ လှုပ်ရှားမှုကို ရပ်တန့်ခြင်း မရှိပေ။
သူသည် စွမ်းအင်များကို အလဟဿ ဖြုန်းတီးနေခြင်း မဟုတ်ဘဲ တုန်ခါနေသော ခန္ဓာကိုယ်ကို ဆက်တိုက် လှုပ်ရှားပေးခြင်းဖြင့် တန်ပြန်ရိုက်ခတ်မှုများ မြန်မြန်ဆန်ဆန် သက်သာစေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် သူ၏ ခန္ဓာကိုယ် တုန်ခါမှုများမှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ အင်အားချည့်နဲ့နေဆဲ ဖြစ်သော်လည်း မျက်လုံးရှေ့မှ အမှောင်ထုများမှာ တဖြည်းဖြည်း ကြည်လင်လာကာ နားထဲမှ အသံများလည်း လျော့ပါးသွားခဲ့ပြီ ဖြစ်၏။
သူ နောက်တစ်ကြိမ် ထရပ်ရန် ကြိုးစားလိုက်ချိန်၌ တစ်စုံတစ်ယောက်က သူ့ကို လှမ်း၍ ဖေးမလိုက်သည်ကို ခံစားလိုက်မိသည်။ အခြားသူမဟုတ် ဖေးချောင်ပင်ဖြစ်၏။
ထုံကျဉ်နေသော သူ၏ခြေထောက်များ ပြန်လည်ကောင်းမွန်လာသည်နှင့် ဖေးချောင်သည် လဲကျနေသော ဖုန်းပုစီးအား ကူညီတွဲထူပေးကာ သူ့ကျောပေါ်သို့ ပိုးလိုက်လေသည်။
“ငါ ကျောပိုးသွားပါ့မယ်”
ဖေးချောင်၏ သဘောထားမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဖုန်းပုစီးအား ကြည့်နေသည့် သူ့အကြည့်ထဲတွင် လေးစားအားကျမှု အရိပ်အယောင်များပင် စွန်းထင်နေ၏။ ဖုန်းပုစီး သူ့ကို အဖက်လုပ်လိမ့်မည် မဟုတ်ဟု ဖေးချောင် ထင်နေစဉ်မှာပင် ဖုန်းပုစီးက စကားပြောလာသည်။
“ငါ့ကို ပင့်ကူခေါင်းနားကို ခေါ်သွားပေး”
ဖေးချောင် မျက်မှောင်ကြုတ်လိုက်မိသည်။ ဖုန်းပုစီး၏ လေသံမှာ တည်ငြိမ်နေသော်လည်း ထွက်ပေါ်လာသည့် အသံမှာ အလွန်တိုးညည်းပြီး တုန်ရီနေသဖြင့် သူ မည်မျှ ပင်ပင်ပန်းပန်း ပြောနေရသည်ကို သိသာစေသည်။
ဖေးချောင်သည် ဘာမှပြန်မပြောတော့ဘဲ ဖုန်းပုစီးခိုင်းသည့်အတိုင်းပင် ပင့်ကူအနားသို့ ခေါ်ဆောင်သွားလိုက်၏။
ထို့နောက် ဖုန်းပုစီးသည် ပင့်ကူအလောင်းဆီသို့ ခဲယဉ်းစွာ တွားသွားကာ ပင့်ကူဦးခေါင်းမှ စီးကျနေသော အစိမ်းရောင် အရည်များကို စုပ်ယူသောက်သုံးနေသည်ကို ဖေးချောင် မြင်တွေ့လိုက်ရသည်။
“အဆိပ်တွေပဲ... ဟာ... ခင်ဗျားကတော့...”
ဖေးချောင် နောက်တစ်ကြိမ် အလန့်တကြား အော်ဟစ်မိသော်လည်း ချက်ချင်း ပြန်တိတ်သွားကာ ဖုန်းပုစီး ပင့်ကူဦးနှောက်အား စုပ်ယူနေသည်ကိုသာ တိတ်တဆိတ် ကြည့်နေလိုက်၏။
ပင့်ကူ၏ ဦးနှောက်ထဲတွင် အဆိပ်မရှိကြောင်း ထင်ရှားလှပေသည်၊ မဟုတ်လျှင် ဖုန်းပုစီးမှာ ယခုအချိန်၌ အဆိပ်သင့်ကာ သေဆုံးနေလောက်ပြီ ဖြစ်သည်။
ဖေးချောင် ဖုန်းပုစီးအား တစ်ချက်တစ်ချက် လှည့်ကြည့်ရင်း ဂူဝဘက်ကိုလည်း သတိကြီးစွာ စောင့်ကြည့်နေလိုက်သည်။ ပင့်ကူမျှင်အချို့ကို စုစည်းကာ သုံးမီတာခန့် ရှည်လျားသော ပင့်ကူမျှင်ကြိုးတစ်ချောင်းကို ကျစ်လိုက်သည်။ အကယ်၍ နောက်ထပ် ပင့်ကူကြီးတစ်ကောင် ထပ်ရောက်လာပါက ဤကြိုးကို အသုံးပြုကာ ပြန်လည်တိုက်ခိုက်ရန် သူ ပြင်ဆင်နေခြင်း ဖြစ်၏။
ပင့်ကူ၏ အစွယ်များမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသဖြင့် သူ သတိထားရမည်ဖြစ်သည်။ ထိုကြိုးကို အသုံးပြု၍ အစွယ်များကို တန်ပြန်တိုက်ခိုက်နိုင်မည့် နည်းလမ်းအား သူ စဉ်းစားနေမိသည်။
အမှန်အတိုင်း ဝန်ခံရလျှင် သူ ထိုပင့်ကူနက်ကြီးကို အထင်သေးခဲ့မိ၏။ အကယ်၍ သူ့တွင် ဓားတစ်လက်သာ ရှိခဲ့ပါက ထိုပင့်ကူကို သတ်နိုင်ကောင်း သတ်နိုင်လိမ့်မည် ဖြစ်သော်လည်း သူကိုယ်တိုင်လည်း အကိုက်ခံရမည့် အခွင့်အလမ်းမှာ အလွန်များပြားလှသည်။ ထိုသို့ တစ်ချက်မျှ အကိုက်ခံရရုံဖြင့် သူ့အသက်မှာ အဆုံးသတ်သွားမည် ဖြစ်သည်။
“အရမ်းကြီး စိတ်ပူမနေပါနဲ့၊ ဒီဂူနားမှာ တခြား ပင့်ကူသားရဲတွေ မရှိတော့ဘူး”
အတွေးထဲ နစ်ဝင်နေသော ဖေးချောင်သည် ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လန့်သွားလေသည်။ ထိုအသံမှာ ပင့်ကူဦးနှောက် သုံးဆောင်ပြီးသွားသော ဖုန်းပုစီးထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။
ယခုအချိန်တွင် ဖုန်းပုစီးသည် အတန်ငယ် ပြန်လည်လန်းဆန်းလာပြီ ဖြစ်သည်။ အနည်းဆုံးတော့ သူ၏ အမြင်နှင့် အကြားအာရုံမှာ ပုံမှန်နီးပါး ပြန်ဖြစ်လာခဲ့လေပြီ။
ဖေးချောင် ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ခင်ဗျားက ဘယ်လိုသိတာလဲ”
“မြူခိုးထဲက ရေရွတ်သံတွေကို နှလုံးသားနဲ့ နားစွင့်ကြည့်လိုက်၊ မင်းလည်း သိလာလိမ့်မယ်”
ဖုန်းပုစီးကပြန်ဖြေလိုက်၏။ ခန္ဓာကိုယ် အားနည်းနေမှုကြောင့် မြူခိုးထဲက ရေရွတ်သံများမှာ ပိုမိုကြည်လင်လာသလို သူ၏ အာရုံခံစားမှု အတိုင်းအတာမှာလည်း ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဂူအပြင်ဘက် မီတာနှစ်ရာခန့်အထိ အာရုံခံနိုင်နေပြီ ဖြစ်သည်။
ထိုအကွာအဝေးအတွင်း၌ မည်သည့် သက်ရှိသတ္တဝါမျှ မရှိချေ။
“နှလုံးသားနဲ့ နားစွင့်ရမယ် ဟုတ်လား...”
ဖေးချောင် ခေါင်းညိတ်ပြလိုက်ပြီး မြူခိုးထဲက အသံများကို သေသေချာချာ နားစွင့်ကြည့်လိုက်သည်။ ရလဒ်အနေဖြင့် သူ ဘာကိုမှ မခံစားရဘဲ စိတ်ထဲတွင် အလွန်အမင်း ဒေါသထွက်လာကာ တစ်ယောက်ယောက်အား ထိုးကြိတ်ချင်သည့် စိတ်များသာ ပေါ်ပေါက်လာတော့သည်။
ဖေးချောင် စိတ်တိုတိုဖြင့် တစ်ယောက်တည်း ရေရွတ်ရင်း ဖုန်းပုစီးဆီသို့ ပြေးသွားကာ တွဲကူလိုက်ပြန်သည်။
သူ အသံနားစွင့်နေစဉ်အတွင်း ဖုန်းပုစီးမှာ ထရပ်လိုက်၊ လဲကျလိုက်နှင့် အကြိမ်ကြိမ် ကြိုးစားနေသည်ကို မြင်တွေ့ခဲ့ရ၍ ဖြစ်သည်။
“ကျွန်တော်ပိုးမယ်လို့ ပြောသားပဲ”
ဖေးချောင် ဖုန်းပုစီးကို ကျောပေါ်တင်လိုက်ရင်း ပြောလိုက်၏။
“ခင်ဗျား ဒဏ်ရာတွေက မသေးဘူး။ ကျွန်တော်တို့ မြန်မြန် ပြန်မှဖြစ်မယ်။ အစပျိုးမြို့ရဲ့ ရင်ပြင်မှာ [ကုသခြင်း] လုပ်ဆောင်ချက် ရှိတယ်။ အဲဒါက ခင်ဗျားရဲ့ ဒဏ်ရာတွေကို ပျောက်အောင် ကုပေးနိုင်လိမ့်မယ်။ အော်.. ဒါနဲ့ မပြန်ခင် ကျွန်တော့် ဓားကို အရင်သွားယူမယ်နော်။ သိပ်မဝေးပါဘူး၊ လမ်းလည်းကြုံတယ်။ ဂေါ်ဘလင်တွေ ဒါမှမဟုတ် ပင့်ကူကြီးတွေနဲ့ ထပ်တွေ့ရင် အဲဒီဓားနဲ့ ခုတ်သတ်ဖို့ ပိုလွယ်တာပေါ့”
ဖုန်းပုစီး “ကောင်းပြီ” ဟုသာ ပြန်ပြောလိုက်၏။ ဖေးချောင် ဖုန်းပုစီးကို ပိုးကာ ပင့်ကူဂူထဲမှ အမြန်ဆုံး ထွက်လာခဲ့သည်။ အပြင်ဘက်တွင်မူ ကောင်းကင်ယံမှာ မှောင်ရီပျိုးစ ပြုနေလေပြီ။ ဤကမ္ဘာ၏ ညမှာ လုံးဝမှောင်အတိ ကျနေခြင်း မဟုတ်ဘဲ မီးခိုးရောင် ရင့်ရင့်သန်းနေသဖြင့် ပတ်ဝန်းကျင်ကို မြင်တွေ့နိုင်သေး၏။
ပင့်ကူကြီး သူ့ကို ဒရွတ်တိုက် ဆွဲလာခဲ့သည့် လမ်းကြောင်းအား မှတ်မိနေသဖြင့် ဖေးချောင် တောအုပ်အတွင်း လျင်မြန်စွာ လျှောက်လှမ်းနေသည်။ ညဘက်တွင် မြူခိုးများမှာ ပိုမိုအန္တရာယ်များလာပြီး မြူခိုးထဲရှိ သားရဲများမှာလည်း ပိုမိုရန်လိုလာတတ်သဖြင့် ဖေးချောင် သူ၏ ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းလိုက်၏။
လမ်းတစ်လျှောက်တွင် ဖေးချောင်သည် သူ၏မူလအမည်နှင့် ကာရေဘီယံ ပင်လယ်ဓားပြဘဝ အကြောင်းများအား တတွတ်တွတ် ပြောပြနေသည်။
သူသည် လူကောင်းတစ်ယောက် မဟုတ်သော်လည်း လူကုံထံများဆီမှလုယူကာ သူဆင်းရဲများအား ကူညီခဲ့သည့် လုပ်ရပ်များစွာကို လုပ်ဆောင်ခဲ့ဖူးကြောင်း ဂုဏ်ယူစွာ ပြောနေ၏။
စစ်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရပုံ၊ လက်အောက်ငယ်သားများ၏ သစ္စာဖောက်မှု ခံခဲ့ရပုံနှင့် မုန်တိုင်းအပြီးတွင် လူသူမရှိသော ကျွန်းပေါ်၌ ခဲယဉ်းစွာ အသက်ရှင်သန်ခဲ့ပုံများကို အားရပါးရ ပြောပြနေလေသည်။
ဖေးချောင်သည် သူ၏ အတိတ်အကြောင်းများကို ချဲ့ကားပြောဆိုခြင်းဖြင့် ဖုန်းပုစီး၏ စိတ်ဝင်စားမှုကို ရယူရန်နှင့် သူ့အား အထင်ကြီးလာစေရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
သို့သော်လည်း ဖေးချောင်၏ အကြံအစည်မှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ ဖုန်းပုစီးသည် အစမှအဆုံးအထိ ဖေးချောင်အား တစ်ခွန်းမျှ ပြန်မမေးသည့်အပြင် မည်သည့် မှတ်ချက်မျှပင် ပေးခြင်းမရှိခဲ့ပေ...။