အခန်း (၈) - လွတ်မြောက်ခြင်း
နောက်ဆုံးတွင် ဖုန်းပုစီး၏ အကူအညီဖြင့် ဖေးချောင် ပင့်ကူမျှင်အနှောင်ဖွဲ့များမှ ရုန်းထွက်နိုင်ခဲ့၏။
ဖုန်းပုစီး အလွန်အားနည်းပုံပေါက်နေ၍သော်လည်းကောင်း၊ သို့မဟုတ် မိမိကိုယ်တိုင် လွတ်လပ်ခွင့်ရသွား၍သော်လည်းကောင်း ဖေးချောင်၏ စိတ်နေစိတ်ထားမှာ မသိမသာ ပြောင်းလဲသွားပြန်သည်။
ဖုန်းပုစီးသည် ထင်သလောက် မကြောက်စရာကောင်းဟု သူ ရုတ်တရက် ခံစားလိုက်ရ၏။ သူ့လောက် သန်မာပုံမရသလို ဖျားနာနေသူနှင့်ပင် တူနေသေးသည်။
နောက်ဆုံးတွင်တော့ ဖုန်းပုစီး၏ လက်ချောင်းကို သွေးနေသည့် ထူးဆန်းသောလုပ်ရပ်မှာ သာမန်လူများ မလုပ်နိုင်သည့်အရာ ဖြစ်သော်လည်း၊ ထိုသို့ပြုလုပ်နိုင်ရုံမျှဖြင့် သူသည် အလွန်အမင်း သန်မာသည်ဟု သတ်မှတ်၍ကြောင်း ဖေးချောင် တွေးတောနေမိသည်။ ဖုန်းပုစီးကို အလွယ်တကူပင် အနိုင်ယူနိုင်လိမ့်မည်ဟု သူ ခံစားနေရ၏။
လွတ်မြောက်ပြီးနောက် ခွန်အားများ ပြန်လည်ပြည့်ဝလာသည်နှင့်အမျှ ဖေးချောင်၏ ကြောက်ရွံ့မှုများမှာလည်း လျော့ပါးသွားခဲ့သည်။ ဖေးချောင် ကိုယ်လက်အကြောဆန့်လိုက်ရင်း ဖုန်းပုစီးကို ပြောလိုက်၏။
“မင်း ကြည့်ရတာ တော်တော်လေး ပုံမှန်မဟုန်ပေမဲ့ ငါ့ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်နောင် တစ်ခုခု အခက်အခဲရှိရင် ငါ့ဆီ လာရှာလို့ရတယ်”
နာရီပေါင်းများစွာကြာအောင် ပင့်ကူမျှင်များဖြင့် တင်းတင်းကျပ်ကျပ် အချည်ခံထားရသဖြင့် သူ၏ ခန္ဓာကိုယ်မှာ ကောင်းစွာမလှုပ်ရှားနိုင်သေးပေ။ ကိုယ်အပေါ်ပိုင်းမှာ ပြဿနာမရှိသော်လည်း ကိုယ်အောက်ပိုင်း၊ အထူးသဖြင့် ညာဘက်ခြေထောက်မှာ ပင့်ကူမျှင်များကြောင့် ထုံကျင်နေဆဲ ဖြစ်သည်။ ပုံမှန်ပြန်ဖြစ်ရန် အချိန်အတန်ကြာဦးမည်ဟု သူ ခန့်မှန်းမိ၏။
ဖေးချောင် သူ၏ ညာဘက်ခြေထောက်ကို ပွတ်သပ်နေစဉ်မှာပင် ဂူအတွင်း၌ ထူးဆန်းသော တီးတိုးရေရွတ်သံများ ထပ်မံထွက်ပေါ်လာပြန်သည်။ ထိုအသံကြောင့် ဖေးချောင်မှာ အလွန်စိတ်အနှောင့်အယှက်ဖြစ်သွားပြီး ဆဲဆိုလိုက်ပြန်၏။
ဖုန်းပုစီး ဂူဝဘက်သို့ လှမ်းကြည့်ကာ မေးလိုက်သည်။
“တစ်ကောင်တည်းလား”
ထိုရေရွတ်သံမှာ ဝေဝါးသော အရိပ်ထံမှ လာခြင်းဖြစ်၏။ ခုနကပင် ထိုအရိပ်သည် ပင့်ကူနက်ကြီး ပြန်လာပြီဖြစ်ကြောင်း ဖုန်းပုစီးအား သတင်းပေးခဲ့သလို ဖုန်းပုစီးလည်း အသံလှိုင်းတုန်ခါမှု မှတစ်ဆင့် ပင့်ကူရှိနေကြောင်း လျင်မြန်စွာ သိရှိလိုက်သည်။
ထိုအရိပ်က ပြန်ပြောလိုက်သည်။
“အင်း... တစ်ကောင်တည်းပဲ။ ဖေးချောင်ကို အသံမထွက်ဖို့ ပြောလိုက်ဦး၊ ပြီးရင် မင်းတို့ နှစ်ယောက်လုံး အရင်နေရာမှာပဲ ငြိမ်ငြိမ်လေးနေ။ ဒီလို ပင့်ကူသားရဲမျိုးတွေက ဉာဏ်ရည်နိမ့်ပြီး အမြင်အာရုံ မကောင်းကြဘူး။ မင်းတို့နှစ်ယောက်လုံး တိတ်တိတ်လေး နေနေရင် မင်းတို့ လွတ်သွားပြီဆိုတာကို သိမှာမဟုတ်ဘူး။ အာ...အချိန်မရတော့ဘူးဟေ့ ပြန်မှရတော့မယ်”
ဖုန်းပုစီး ဇဝေဇဝါဖြင့် ကြည့်နေစဉ်မှာပင် အရိပ်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း မှေးမှိန်သွားသည်ကို မြင်တွေ့လိုက်ရသည်။
“ငါပြောတဲ့အတိုင်းလုပ်။မင်းတို့ နှစ်ယောက်လုံး အသက်ရှင်အောင် ကြိုးစား။ အဲဒါမှ...”
သူ စကားမဆုံးခင်မှာပင် အရိပ်၏ ခန္ဓာကိုယ်မှာ မီးခိုးငွေ့များကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားပြီး အစပျိုးမြို့၏ အောက်ဘက်ရှိ နေရာတစ်ခုသို့ ပြန်လည်ရောက်ရှိသွားလေသည်။
“သူတို့တွေ အဆင်ပြေပြေနဲ့ မြို့ထဲကို ပြန်လာနိုင်ပါ့မလား။ အော်... သူ့နာမည်ကိုတောင် ငါ မမေးလိုက်ရဘူး”
ထိုအရိပ်က သက်ပြင်းချရင်း ဆိုသည်။ ယခုအချိန်တွင် သူ ဘာမှမတတ်နိုင်တော့ဘဲ မနက်ဖြန်အထိ စောင့်ရန်သာ ရှိတော့သည်။ ဖုန်းပုစီးနှင့် သူ အကြိမ်ပေါင်းများစွာ ဆုံခဲ့ဖူးသည်ကို ထိုအရိပ်မှာ လုံးဝမသိရှိပေ။ ဖုန်းပုစီးသည် အလွန်မထင်မရှား နေထိုင်တတ်ပြီး၊ အစပျိုးမြို့ ၌ ခုနစ်ရက်တိုင်တိုင် လူအရောက်ပေါ်နည်းသောနေရာ၌ ထိုင်၍တီးတိုးသံများအား ဆင်ခြင်သုံးသပ်နေခဲ့သဖြင့် အရိပ်မှာ ထိုသို့သောသူတစ်ယောက် ရှိနေသည်ကို သတိမပြုမိခဲ့ခြင်း ဖြစ်သည်။
“ဒီအရိပ်က တစ်နေ့မှာ ပေါ်လာနိုင်တဲ့ အချိန်အကန့်အသတ် ရှိပုံပဲ”
ဖုန်းပုစီး တွေးမိလိုက်သည်။
“ဒီကောင်လေး ဘာတွေ ထပ်ပြီး ရေရွတ်နေပြန်တာလဲ”
ဖေးချောင် မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“လာဦး၊ ငါ့ကို လာတွဲပေး။ ပြီးရင် ငါ မင်းကို မြို့ထဲကို ပြန်ခေါ်သွားမယ်။ လမ်းမှာ ငါ့နားကနေ မခွာနဲ့။ ငါအဲဒီဂေါ်ဘလင်တွေကို မကြောက်ပေမဲ့ ဒီကောင်တွေက ပုန်းကွယ်ပြီး ချောင်းမြောင်း တိုက်ခိုက်တတ်တော့ မင်းကို ကောင်းကောင်း မကာကွယ်ပေးနိုင်မှာ စိုးလို့”
ဖုန်းပုစီး ဘာမှပြန်မပြောဘဲ ဂူဝကိုသာ စိုက်ကြည့်နေဆဲပင်။ ဖေးချောင်လည်း တစ်စုံတစ်ခုကို ခံစားမိသွားဟန်ဖြင့် ဂူဝဘက်သို့ လှမ်းကြည့်လိုက်ရာ၊ သုံးမီတာခန့် ရှည်လျားသော ပင့်ကူနက်ကြီး ဂူထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသဖြင့် လန့်ဖျန့်သွားတော့သည်။
“အား... လခွမ်းပဲ ဒီသားရဲက ဘာလို့ ပြန်လာတာလဲ”
ဖေးချောင်၏ ရင်ထဲတွင် စိတ်ပျက်ဒေါသထွက်မှုများ ပြည့်နှက်သွားသည်။ ကာရေဘီယံ ပင်လယ်ဓားပြတစ်ဦးဖြစ်သည့်အတွက် သတ္တိကတော့ အပြည့်ရှိသည်။ ဤမျှ ကြီးမားသော ပင့်ကူနှင့် ရင်ဆိုင်ရလျှင်ပင် တိုက်ခိုက်ရန် ဝန်မလေးပေ။
သို့သော် ပထမအချက်မှာ သူ့ဓားမှာ ပျောက်ဆုံးနေ၍ လက်နက်မရှိခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ သူသည် လွတ်ရုံမျှသာရှိသေးသဖြင့် ခြေထောက်များမှာ ထုံကျင်နေဆဲပင်။ ပင့်ကူကို တိုက်ခိုက်ရန် မဆိုထားနှင့်၊ မတ်တပ်ရပ်ပြီး လမ်းလျှောက်ရန်ပင် အလွန်ခက်ခဲနေသည်။
၎င်းကိုတွေးမိသောအခါ ဖေးချောင်က အသက်ကို ပြင်းပြင်းရှူ၍ ဖုန်းပုစီးအား ကြည့်၍ပြောလိုက်သည်။
“ချာတိတ်၊ ငါ့ခြေထောက်တွေ ထုံနေလို့ လှုပ်လို့မရဘူး။ ငါတော့ လွတ်မှာမဟုတ်တော့ဘူး ထင်တယ်။ မင်း ငါ့အသက်ကို ကယ်ခဲ့တာဆိုတော့ အခု ငါ့အသက်နဲ့ မင်းကို ပြန်ကယ်ပေးမယ်။ အဲဒီ ပင့်ကူသားရဲကြီး လာတဲ့အခါ ငါ တစ်နည်းနည်းနဲ့ ဆွဲထားပေးမယ်၊ အဲဒီအချိန်ကျရင် မင်း မြို့ဘက်ကို အမြန်ပြေးတော့။ အော်... မင်း အခွင့်သာရင် ငါ့အတွက် အမျှဝေပေးဖို့ မမေ့နဲ့ဦး”
ဖေးချောင်ကို လူကောင်းတစ်ယောက်ဟု မဆိုနိုင်သော်လည်း သူ၏ စိတ်ထဲတွင်တော့ လူသားဆန်မှုအချို့ ရှိနေသေး၏။ မိမိ မလွတ်နိုင်တော့သဖြင့် အခြားတစ်ယောက်ကို ကယ်တင်ရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဖေးချောင် လက်သီးလက်မောင်းတန်းကာ ပင့်ကူကို ရင်ဆိုင်ရန်ပြင်ဆင်လိုက်သည် ။ သူ၏ လက်မောင်းများမှာလည်း အနည်းငယ် ထုံကျင်နေသော်လည်း ပုံမှန်အတိုင်း အားစိုက်နိုင်သေးသည်။ ပင့်ကူကို ခဏမျှတော့ တားဆီးထားနိုင်လိမ့်မည်ဟု သူ ထင်နေ၏။ သူ ပင့်ကူ၏ ခန္ဓာကိုယ်ကို လက်နှစ်ဖက်ဖြင့် ဖမ်းချုပ်ထားရန် ပြင်လိုက်စဉ်...
“ဟာ... သွားပြီ၊ မင်း ဘာလုပ်နေတာလဲ… ရူးနေတာလား။ တောက် ငါက မင်းအတွက် အသက်စွန့်ဖို့တောင် လုပ်နေတာကို မင်းကတော့...” ဖေးချောင် အလန့်တကြား အော်ဟစ်လိုက်သည်။
သူမြင်လိုက်ရသည်မှာ ဖျားနာနေပုံပေါက်သည့် ဖုန်းပုစီးသည် ပင့်ကူကြီးရှိရာသို့ ကိုယ့်ကိုယ်ကိုယ် အစာအဖြစ်ကျွေးရန် သွားနေသည့်အလား သွားနေသောကြောင့်ပင်ဖြစ်၏။ ဖေးချောင်၏ အော်ဟစ်မှုကို ဖုန်းပုစီးက ဘာမှပြန်မရှင်းပြပေ။ သူ၏ အာရုံအားလုံးကို ပင့်ကူနက်ကြီးအပေါ်တွင်သာ ထားရှိပြီး ပင့်ကူ၏လှုပ်ရှားမှုတိုင်းကို ဂရုစိုက်၍ စောင့်ကြည့်နေလိုက်သည်။
သူအသက်ရှင်ဖို့အတွက် ဖေးချောင်က အသက်စွန့်ပေးမည်ဟူသော အကြံပြုချက်ကို ဖုန်းပုစီးက လုံးဝလက်ခံမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဖေးချောင် ပင့်ကူကို ဆွဲထားနိုင်မည့် အခွင့်အရေးမှာ အလွန်နည်းပါးပြီး၊ နောက်ဆက်တွဲ ပြဿနာများလည်း အများကြီး ရှိလာနိုင်သောကြောင့် ဖြစ်သည်။ ဖေးချောင်ကို သတ်ပြီးနောက် ပင့်ကူ သူ့နောက် မလိုက်လာဘူးဟု မည်သူမှ အာမမခံနိုင်ပေ။
အရိပ်ပြောသကဲ့သို့ ငြိမ်ငြိမ်လေး နေနေလျှင်လည်း ရနိုင်သော်လည်း ထိုသို့လုပ်ခြင်းမှာလည်း အန္တရာယ်အချို့ ရှိနေသည်။ ဂူအနီးတစ်ဝိုက်သည် ဤပင့်ကူ၏ နယ်မြေဖြစ်သဖြင့် အနီးနားတွင် အခြား ပင့်ကူမျှင်ထောင်ချောက်များ ရှိနေနိုင်ခြေ အလွန်များသည်။ အကယ်၍ သူနှင့် ဖေးချောင်တို့ ထွက်သွားစဉ် ပင့်ကူမျှင်ထောင်ချောက်ထဲ မိသွားချိန်၌ ဤပင့်ကူကြီး ပေါ်လာခဲ့လျှင် ပင့်ကူမျှင်များကြား သူတို့မှာ လုံးဝခုခံနိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။
ထိုအချက်များနှင့် နှိုင်းယှဉ်လျှင် ဤပင့်ကူကို တိုက်ရိုက်သတ်ပစ်ခြင်းက ပို၍ လက်တွေ့ကျသော ရွေးချယ်မှု ဖြစ်၏။ ဤနည်းအားဖြင့် အကယ်၍ ပင့်ကူမျှင်ထောင်ချောက်ထဲ ထပ်မိသွားလျှင်ပင် အေးအေးဆေးဆေး ပြန်လည်လွတ်မြောက်အောင် လုပ်နိုင်သည်။
ဖုန်းပုစီး ပင့်ကူဆီသို့ ခြေလှမ်းဆယ်လှမ်းခန့် လျှောက်သွားပြီးနောက် ရပ်တန့်လိုက်ကာ ပင့်ကူချဉ်းကပ်လာသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်၏။ သူသည် ပင့်ကူများ၏ အလေ့အထကို ကောင်းစွာနားလည်သည်။ ပုံမှန်အားဖြင့် ပင့်ကူများသည် ငြိမ်သက်နေသော အရာဝတ္ထုများကို တိုက်ခိုက်လေ့မရှိပေ။
သူ့နောက်မှ ဖေးချောင်မှာ အလွန်ဇဝေဇဝါ ဖြစ်နေသည်။ ဖုန်းပုစီး သေမင်းထံ သွားနေသည်ဟု ထင်လိုက်သော်လည်း ရုတ်တရက် အဘယ်ကြောင့် ရပ်တန့်သွားသည်ကို သူ နားမလည်နိုင်ပေ။ ဖုန်းပုစီး ဘာလုပ်မလဲဆိုသည်ကို သူလုံးဝမသိသလို၊ ဖုန်းပုစီး ဘာလုပ်ချင်သည်ကိုလည်း သူ ဘယ်တုန်းကမှ နားမလည်ခဲ့ပေ။
အမှန်စင်စစ် ဖေးချောင်တစ်ယောက်တည်း ဇဝေဇဝါ ဖြစ်နေသည်မဟုတ်ဘဲ ပင့်ကူနက်ကြီးမှာလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။ ပင့်ကူကြီးသည် ခေါင်းကိုစောင်းကာ သူ၏ ရှေ့မှအစာကို စူးစူးစိုက်စိုက် ကြည့်နေ၏။ ဤအစာမှာ စောနက လှုပ်ရှားနေသော်လည်း ယခုအခါတွင်တော့ ငြိမ်သက်နေပြန်သည်။သူ ဤအစာကို ပင့်ကူမျှင်ဖြင့် ချည်နှောင်ထားခဲ့သော်လည်း နေရာက အတွင်းမှာမဟုတ်ဘဲ အနည်းငယ်လွဲနေသည်။ ငါ အရင်က နေရာမှားထားမိတာလားဟု ပင့်ကူကြီးက တွေးနေပုံရ၏။
ပင့်ကူနက်ကြီးသည် ဖုန်းပုစီးအား ဂူ၏ အနက်ရှိုင်းဆုံးနေရာသို့ ရွှေ့ရန် ပြင်လိုက်သည်။ ပင့်ကူ၏ ခြေထောက် ဖုန်းပုစီး၏ ခန္ဓာကိုယ်ကို ထိတွေ့ရန် ပြင်လိုက်ချိန်မှာပင် ဖုန်းပုစီး စတင်လှုပ်ရှားလိုက်တော့သည်။
သွေးသားကန့်သတ်ချက်ကို ထပ်မံချိုးဖျက်လျက် ဖုန်းပုစီးသည် သူ၏ ညာဘက်လက်ဖြင့် သွေးထားသည့် အရိုးဓားကို အသုံးပြုကာ ပင့်ကူ၏ ပါးစပ်အစိတ်အပိုင်း၊ အတိအကျဆိုရလျှင် ပင့်ကူ၏ အာရုံခံအင်္ဂါများကြားရှိ နေရာသို့ ရုတ်တရက် ထိုးစိုက်လိုက်သည်။ ထိုနေရာမှာ ပင့်ကူ၏ အပေါ်မေးရိုးဖြစ်ပြီး ပင့်ကူဦးခေါင်း၏ အားနည်းချက်လည်း ဖြစ်၏။ အရိုးဓားမှာ ပင့်ကူမျှင်များကို ဖြတ်ရန် ပြဿနာမရှိသော်လည်း ခိုင်ခံ့မှုမရှိသဖြင့် အားနည်းဆုံးနေရာကိုသာ ရွေးချယ်တိုက်ခိုက်ခဲ့ခြင်းပင်။
တစ်စုံတစ်ခု ကွဲအက်သွားသည့် အသံနှင့်အတူ ဖုန်းပုစီး၏ အရိုးဓားမှာ ပစ်မှတ်အား အောင်မြင်စွာ ထိမှန်သွားခဲ့သည်။ လက်ချောင်းတစ်ချောင်းမှာ ကျိုးသွားခဲ့သော်လည်း ကျန်ရှိသော လက်ချောင်းများမှာ ပင့်ကူ၏ ဦးခေါင်းအတွင်းသို့ တိုးဝင်သွားပြီး ဦးနှောက်ဆီသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် ဦးခေါင်းအတွင်းသို့ ဝင်သွားသည့် လက်ချောင်းများဖြင့် အားကုန် မွှေနှောက်လိုက်တော့သည်။
သာမန် နို့တိုက်သတ္တဝါဆိုလျှင် ဖုန်းပုစီး၏ ဤတိုက်ခိုက်မှုကြောင့် ချက်ချင်းသေဆုံးသွားနိုင်သော်လည်း ပင့်ကူမှာ အဆစ်ရှိ သတ္တဝါတစ်မျိုး ဖြစ်သည်။ ၎င်း၏ ဦးနှောက် ပျက်စီးသွားသော်လည်း ပင့်ကူကြီးမှာ ပြန်လည်တိုက်ခိုက်သေး၏။ ၎င်း၏ အစွယ်များဖြင့် ဦးခေါင်းအတွင်း ရောက်နေသော ဖုန်းပုစီး၏ လက်မောင်းကို တိုက်ရိုက်ကိုက်လိုက်ပြီး ခြေထောက်များက ဖုန်းပုစီး၏ ခန္ဓာကိုယ်ကို ဖိထားကာ ဝမ်းဗိုက်မှ ထွက်လာသော ပင့်ကူမျှင်များဖြင့် ဒေါသတကြီး စတင်ပတ်နှောင်လေတော့သည်။ ၎င်းမှာ ပင့်ကူများ၏ ဗီဇလှုပ်ရှားမှုဖြစ်ပြီး အစာကို ပင့်ကူမျှင်များဖြင့် တင်းကျပ်စွာ ပတ်နှောင်လေ့ရှိသော နည်းလမ်းပင် ဖြစ်သည်။
ဖုန်းပုစီးလည်း ငြိမ်ခံမနေခဲ့ပေ။ ပင့်ကူ၏ အစွယ်များ သူ၏ ညာဘက်လက်မောင်းကို ကိုက်လိုက်သည်ကို သိရှိလိုက်သည်နှင့် သူသည် ဘယ်ဘက်လက်ဖြင့် ညာဘက်တံတောင်ဆစ်ကို ကိုင်ကာ၊ ရှိသမျှအင်အားအကုန်လွှဲ၍ ဆွဲဖြတ်လိုက်သည်။
မိမိ၏ ညာဘက်လက်မောင်းကို မိမိဘာသာ အားကုန်ဆွဲဖြတ်ပစ်လိုက်ခြင်းပင် ဖြစ်၏။
သွေးများ နေရာအနှံ့ စဉ်ထွက်သွားတော့သည်။ ညာဘက်လက်မောင်းမှ အဆိပ်များ တစ်ကိုယ်လုံးသို့ မပြန့်နှံ့ခင်၊ ဖုန်းပုစီးသည် သွေးသားကန့်သတ်ချက် ချိုးဖျက်ခြင်းမှ ရရှိလာသော စွမ်းအားကို အသုံးပြု၍ သူ၏ ညာဘက်လက်မောင်းအား တံတောင်ဆစ်မှ ဆွဲဖြတ်လိုက်ပြီး အဆိပ်များ ကိုယ်ထဲမဝင်အောင် တားဆီးလိုက်ခြင်းပင်။
ဦးနှောက် ပြင်းထန်စွာ ပျက်စီးသွားသဖြင့် ပင့်ကူနက်ကြီး၏ လှုပ်ရှားမှုများမှာ တဖြည်းဖြည်း နှေးကွေးသွားခဲ့သည်။ ၎င်း၏ ဝမ်းဗိုက်မှ ပင့်ကူမျှင်များ ထွက်လာခြင်း ရပ်တန့်သွားသလို၊ ဖုန်းပုစီးအားဖိထားသည့် ခြေထောက်များမှာလည်း လျော့ရဲသွားတော့သည်။ အဆုံးတွင်တော့ ဦးနှောက်တွင် အပြင်းအထန် ဒဏ်ရာရသွားသဖြင့် ပင့်ကူကြီး သေဆုံးသွားခဲ့လေပြီ။
ဖုန်းပုစီး ပင့်ကူ၏ ခြေထောက်များကြားမှ ရုန်းထွက်လိုက်သည်။ ပင့်ကူ၏ ဝမ်းဗိုက်မှ ပင့်ကူမျှင်များ ဆွဲထုတ်ကာ ပြတ်တောက်သွားသည့် သူ၏ ညာဘက်လက်မောင်းကို တင်းကျပ်စွာ ပတ်နှောင်လိုက်ပြီး၊ သွေးအလွန်အကျွံ မထွက်စေရန် သွားဖြင့် ကိုက်ကာ ထုံးထားလိုက်သည်။
ကိုက်ခံလိုက်ရသော သူ၏ လက်မောင်းတစ်ဝက်မှာမူ ပင့်ကူအဆိပ်ကြောင့် မည်းနက်သွားပြီး အဆိပ်သင့်နေသော အသားစများမှာ တရှဲရှဲအသံနှင့်အတူ မြေပေါ်၌ အရည်ပျော်ကျနေသည်။ ပင့်ကူနက်ကြီး၏ အဆိပ်မှာ အလွန်ပြင်းထန်လှပေ၏။ အကယ်၍သူသာ ညာဘက်လက်မောင်းအား အဆုံးရှုံးမခံခဲ့လျှင် ယခုအချိန်၌ သူလည်း အသက်ရှိတော့မည်မဟုတ်ချေ။
ဖုန်းပုစီး သွေးသားကန့်သတ်ချက် ချိုးဖျက်ထားသော အခြေအနေကို ပယ်ဖျက်လိုက်၏။ သူ့ ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ခါလာပြန်သည်။ မြေပြင်ပေါ်သို့ လဲကျသွားပြီး ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးများမှ သွေးများ ထွက်လာတော့သည်။ ယခုအကြိမ် ခံစားရသော တန်ပြန်ရိုက်ခတ်မှု မှာ လမ်းတွင် ဂေါ်ဘလင်များနှင့် ရင်ဆိုင်ခဲ့ရစဉ်ကထက် ပိုမိုပြင်းထန်လှသည်။
“ငါ့ရဲ့ လက်ရှိ ခန္ဓာကိုယ် အခြေအနေအရဆိုရင် အချိန်တိုအတွင်းမှာ နောက်ထပ် နှစ်ကြိမ်ထက် ပိုပြီးတော့ ကန့်သတ်ချက်တွေကို မချိုးဖျက်နိုင်တော့ဘူး။ တတိယအကြိမ် ချိုးဖျက်လိုက်ရင် ငါလည်း တန်ပြန်ရိုက်ခတ်မှုကြောင့်ပဲ သေသွားနိုင်တယ်”
ဖုန်းပုစီ တစ်ယောက် မြေပြင်ပေါ်၌ မိမိခန္ဓာကိုယ်၏ ကန့်သတ်ချက်များအားတွေးမိနေတော့သည်။