အခန်း (၇) - ဓားသွားကို အသွားတင်ခြင်း
“ချာတိတ် မင်းမှာဓားပါတာပဲ၊ ငါတော့ သွားပြီလို့အောက်မေ့နေတာ။ စိတ်မပူနဲ့ ငါ မင်းကိုသိပ်ကြည့်မရပေမဲ့ မင်းငါ့ကိုကယ်မယ်ဆိုရင် နောက်ကျ ငါမင်းကို ကောင်းကောင်း ပြန်ပေးဆပ်ပါ့မယ်”
“ဟားဟားဟား... ငါ့ဘဝက ဒီမှာတင် အဆုံးမသတ်သေးဘူးကွ”
“ချာတိတ် မင်းငါ့အစွမ်းအစကို မသိသေးဘူးထင်တယ်။ အပြင်က အစိမ်းရောင် လူပုလေးတွေကို ငါ ဓားတစ်ချက်တည်းနဲ့ တစ်ကောင်ပြီးတစ်ကောင် ခုတ်သတ်ခဲ့တာ။ ငါသာ အမှုမှတ်မဲ့ ဖြစ်မသွားခဲ့ရင် ဒီပင့်ကူသားရဲကိုလည်း ခုတ်သတ်ပစ်လိုက်လို့ ရတယ်”
ဖုန်းပုစီးက ဓားရှိကြောင်း ပြောလိုက်သည်ကို ကြားသောအခါ ဖေးချောင်မှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သော်လည်း အတန်ကြာသည်အထိ ဖုန်းပုစီးထံမှ မည်သည့်တုံ့ပြန်မှုမျှ ပြန်မရခဲ့ပေ။
“ချာတိတ် ဘာလို့ ပြန်တိတ်သွားတာလဲ။ ဪ ဒါနဲ့ မင်းခုနက ရွတ်နေတာက ဘာတွေလဲ ပြီးတော့ မင်းပြောတဲ့ စကားတွေကလည်း တစ်ခုနဲ့တစ်ခု မဆက်စပ်သလိုပဲ... မင်းက...မင်းက...”
ပြောရင်းဆိုရင်းနှင့် ဖေးချောင် တစ်စုံတစ်ခုကို သတိပြုမိသွားကာ ဖုန်းပုစီး၏ ခန္ဓာကိုယ်ကို သေချာကြည့်လိုက်သည်။
“မဟုတ်သေးပါဘူး။ သူ့မှာလည်း ဓားမပါပါလား”
“သူပြောတာတွေကလည်း ပေါက်ကရတွေ။ ဒီကောင် မြူခိုးထဲက တီးတိုးသံတွေကြောင့် စိတ်ဖောက်ပြန်သွားတာများလား”
ဖေးချောင်သည် ဤကမ္ဘာသို့ ပြန်လည်ဝင်စားလာပြီးနောက် သူတွေ့ကြုံခဲ့ရသော လူများကို ပြန်လည်အမှတ်ရမိ၏။ လူအချို့မှာ မြူခိုးများကြားတွင် ရူးသွပ်သွားကြပြီး မြူခိုးပြင်ပတွင် အတန်ကြာ နေထိုင်ပြီးမှသာ သတိပြန်လည်လာတတ်ကြသည်။ အချို့မှာမူ မည်သည့်အခါမျှ သတိပြန်မရတော့ပေ။
“တောက် အလကား ဝမ်းသာလိုက်ရတာ။ သူလည်း မြူခိုးတွေကြောင့် ကြောင်သွားတာပဲကိုး...”
ဖေးချောင်က ဒေါသတကြီး ကျိန်ဆဲလိုက်သော်လည်း ထိုအချိန်မှာပင် ဖုန်းပုစီး၏ လှုပ်ရှားမှုတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်သည်။
ဖုန်းပုစီးသည် ပင့်ကူမျှင်များကြားမှ သူ၏ ညာဘက်လက်ဝါးကို ဆန့်ထုတ်လိုက်၏။ သူ၏ ညာဘက်လက်မောင်းရှိ ပင့်ကူမျှင်များမှာ ကျဲနေသဖြင့် လက်ကောက်ဝတ်ကို အနည်းငယ် လှုပ်ရှား၍ ရပေသည်။
ဖုန်းပုစီးအတွက် လက်ရှိ လွတ်မြောက်နိုင်မည့် အမြန်ဆုံးနည်းလမ်းမှာ ခန္ဓာကိုယ်၏ ကန့်သတ်ချက်ကို ချိုးဖျက်ပြီး ညာဘက်လက်မောင်းဖြင့် ပင့်ကူမျှင်များကို ဆွဲဖြဲပစ်ရန် ဖြစ်၏၏။ သို့သော် ဤပင့်ကူမျှင်များမှာ အလွန်ခိုင်မာလှပြီး သူ့ခန္ဓာကိုယ်မှာလည်း အားနည်းနေသေးသည်။
ထိုနည်းလမ်းမှာ လွတ်မြောက်နိုင်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ ပိုမိုအားနည်းသွားမည်ဖြစ်၍ အကယ်၍ ထိုအချိန်တွင် ပင့်ကူကြီး ရောက်လာပါက ခုခံနိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။
ထို့ကြောင့်ပ ဖုန်းပုစီးသည် ပိုမိုဘေးကင်းသော နည်းလမ်းဖြစ်သည့် ‘ဓားဖြင့် ဖြတ်ခြင်း’ ကို ရွေးချယ်လိုက်ခြင်း ဖြစ်၏။ ကြိုးများကို ဆွဲဖြဲရန် ခွန်အားအမြောက်အမြား လိုအပ်သော်လည်း ဓားဖြင့်ဆိုပါက လွယ်ကူစွာ ဖြတ်နိုင်ပေသည်။ ဤပင့်ကူမျှင်များမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်၏။
ဓားကို ဘယ်ကရမလဲဆိုလျှင်မူ ဤဂူ၏နံရံမှာ ပစ္စည်းများသွေးရန်အတွက် အကောင်းဆုံးပင် ဖြစ်သည်။
ဖေးချောင်နှင့် ထိုအရိပ်တို့၏ နားမလည်နိုင်သော အကြည့်များအောက်တွင် ဖုန်းပုစီးသည် သူ၏ လက်ချောင်းများကိုစုစည်းကာ လက်ဝါးပုံစံပြုလုပ်လိုက်ပြီး လက်ထိပ်များကို နံရံနှင့် ပွတ်တိုက်လိုက်လေသည်။ သူ၏ လက်ချောင်းထိပ် အရိုးများကို ‘အရိုးဓား’ အဖြစ် သွေးရန် ရည်ရွယ်ထားခြင်း ဖြစ်၏။
အရိုးဓားသည် ပင့်ကူမျှင်များကို ဖြတ်နိုင်ရုံသာမက မြို့လယ်ရင်ပြင်ရှိ ကျောက်စာတိုင်၏ [ ကုသခြင်း ] စွမ်းဆောင်ရည်ကို စမ်းသပ်ရန်အတွက်လည်း အသုံးချနိုင်မည် ဖြစ်သည်။ အမှန်စင်စစ် ယခုကဲ့သို့ လက်ရိုးကို မသွေးလျှင်ပင် [ ကုသခြင်း ] စွမ်းဆောင်ရည်ကို စမ်းသပ်ရန်အတွက် မိမိကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်ဆောင်မည် ဖြစ်သည်။ သို့မှသာ ထိုစွမ်းဆောင်ရည်၏ အလုပ်လုပ်ပုံကို အပြည့်အဝ နားလည်နိုင်မည် မဟုတ်ပါလား။ ဤသည်မှာ တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်ပင် ဖြစ်လေ၏။
ဖုန်းပုစီး၏ လက်ချောင်းများ နံရံနှင့် အဆက်မပြတ် ပွတ်တိုက်နေသည်။ မုတ်ဆိတ်ဗလပွ ဖေးချောင်မှာ အစပိုင်းတွင် နားမလည်နိုင်ဖြစ်နေသော်လည်း နောက်ပိုင်းတွင် ထိတ်လန့်အံ့သြလာရ၏။ ဖုန်းပုစီး၏ လက်ထိပ်မှ သွေးသားများ ကွာကျသွားပြီး အရိုးနှင့် နံရံ ပွတ်တိုက်သံများ ထွက်ပေါ်လာချိန်တွင် ဖေးချောင်မှာ ကြောက်လန့်တကြားဖြင့် မထိန်းချုပ်နိုင်အောင်ပင် သွားချင်းရိုက်ကာ တုန်ယင်နေတော့သည်။
ဤခုနစ်ရက်အတွင်း မြူခိုးကြောင့် ရူးသွပ်သွားသူပေါင်း ဒါဇင်နှင့်ချီ တွေ့ခဲ့ရသော်လည်း ဖုန်းပုစီးကဲ့သို့ လူမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ဖေးချောင်သာမက ကောင်းကင်ယံ၌ ဝဲပျံနေသော အရိပ်မှာလည်း အလွန်အမင်း စိတ်မသက်မသာ ဖြစ်လာရသည်။
ဖုန်းပုစီးသည် တိုတောင်းသော ဓားမြှောင်တစ်လက်ကို အသေအချာ သွေးနေသကဲ့သို့ တည်ငြိမ်အေးဆေးစွာပင် သွေးနေလေသည်။ သို့သော် သူ သွေးနေသည်မှာ ဓားမဟုတ်ဘဲ... သူ၏ လက်ချောင်းများ ဖြစ်နေခြင်းကသာ အဆိုးဆုံးပင်။
ဖုန်းပုစီး၏ မျက်နှာတွင် နာကျင်သည့် အရိပ်အယောင်မျှပင် မရှိချေ။ ထိုသို့ နာကျင်မှု မရှိခြင်းကပင် ပို၍ ကြောက်စရာကောင်းနေတော့သည်။ ဤသည်မှာ သာမန်လူသား တစ်ယောက် လုပ်နိုင်သည့် အရာမဟုတ်ပါချေ။
နောက်ဆုံးတွင် ဖေးချောင်မှာ ဆက်မကြည့်ရက်တော့ဘဲ အော်ဟစ်လိုက်တော့သည်။
“မင်း..မင်း ဘာလုပ်နေတာလဲ။ရပ်လိုက်စမ်း ခုချက်ချင်း ရပ်လိုက်။ မင်း ရူးနေပြီ... မင်း ရူးနေပြီ”
“တော်တော့… ခုချက်ချင်း ရပ်လိုက်တော့”
“စိတ္တဇကောင်.. တောက်.. အား…”
ဖေးချောင်၏ အော်ဟစ်သံများကြားတွင် ဖုန်းပုစီးမှာမူ ဂရုမစိုက်ဘဲ သူ၏ လက်ချောင်းများကို တစ်ခုပြီးတစ်ခု စည်းချက်မှန်မှန် ပွတ်တိုက်နေဆဲပင်။
ဖေးချောင်၏ အော်ဟစ်သံများ အနည်းငယ် ငြိမ်ကျသွားပြီးနောက် ဖုန်းပုစီး ရှင်းပြလိုက်၏။
“စိတ်မပူပါနဲ့ ၊ရင်ပြင်အလယ်က ကျောက်စာတိုင်ဆီ ပြန်ရောက်တာနဲ့ ချောက်နက်အမှတ် ၁၀၀ သုံးပြီး [ ကုသခြင်း ] စွမ်းဆောင်ရည်နဲ့ ငါ့လက်ကို ပြန်ပြင်လို့ ရပါတယ်”
ဖုန်းပုစီး၏ ရှင်းပြချက်မှာ ဖေးချောင်အတွက်သာမက ဂူအတွင်းရှိ အရိပ်အတွက်ပါ ရည်ရွယ်ခြင်း ဖြစ်သည်။ အမှန်စင်စစ် ဖုန်းပုစီး၏ မူလပင်ကိုယ်စရိုက်အရဆိုလျှင် ဤသို့ ရှင်းပြနေမည် မဟုတ်ပေ။ သို့သော် ယခု တာမို၏ မှတ်ဉာဏ်များ နိုးထလာချိန်တွင် သူ၏ စရိုက်မှာ အနည်းငယ် ပြောင်းလဲလာခဲ့သည်။
သူသည် တာမို ဖြစ်သွားခြင်းမဟုတ်ပါ။ တာမိုသည် သူဖြစ်သော်လည်း သူသည် တာမို မဟုတ်ချေ။ အဆုံးစွန်၌ တာမိုဆိုသည်မှာ သူ၏ ပြန်လည်ဝင်စားခြင်း မှတ်ဉာဏ်တစ်ခုသာ ဖြစ်လေသည်။
သူသည် ဖုန်းပုစီး အဖြစ်သာ ရှိနေဆဲဖြစ်သော်လည်း အရာရာကို ကြည့်မြင်သည့် အမြင်မှာ တာမို၏ လွှမ်းမိုးမှုကို ခံလိုက်ရခြင်း ဖြစ်၏။ ယခင်က သူသည် သာမန်လူသားများအား ကျင့်ကြံသူတစ်ဦး၏ အမြင်ဖြင့် အထက်စီးမှ ကြည့်မြင်ခဲ့သော်လည်း တာမို၏ မှတ်ဉာဏ်များ နိုးထလာပြီးနောက်တွင်မူ ပိုမို တည်ငြိမ်ရင့်ကျက်လာခဲ့သည်။ သူသည် လောကီလောကကို စွန့်ခွာရမည် မဟုတ်ဘဲ လောကီထဲမှာပင် တာအိုကို ရှာဖွေရမည် ဖြစ်သည်။
“နှမြောစရာပဲ၊ တာမိုက နောက်ဆုံးမှာ မသေမျိုးလမ်းစဉ်ကို အဆုံးထိ မလျှောက်နိုင်ခဲ့ဘူး။ မဟုတ်ရင် ငါ အဲ့လို တာအိုလမ်းစဉ်မထွန်းကား ဝိညာဉ်စွမ်းအင်ခြောက်ခမ်းနေတဲ့ ကမ္ဘာမှာ မွေးဖွားလာမှာ မဟုတ်ဘူး။ တစ်နည်းအားဖြင့်ပြောရရင် တာမိုရဲ့လမ်းစဉ်ကလည်း အပြည့်အဝ မမှန်ကန်ခဲ့ဘူးပေါ့...”
ဖုန်းပုစီးက သက်ပြင်းချလိုက်ပြီးနောက် သူ၏ လက်ချောင်းမှ အရိုးဓားမှာလည်း သွေးပြီးသွားခဲ့ပြီ ဖြစ်သည်။ နံရံနှင့်မြေပြင်ပေါ်တွင် သွေးများစီးကျနေသဖြင့် ကြည့်ရသည်မှာ ကျောချမ်းစရာကောင်းလှသော်လည်း သွေးထွက်မှုမှာ အလွန်အမင်း မများလှပေ။
ဖုန်းပုစီးပြုံးလိုက်ပြီးနောက် အရိုးဓားဖြင့် သူ့အား ချည်နှောင်ထားသည့် ပင့်ကူမျှင်များကို အသာအယာ လှီးဖြတ်လိုက်၏။ သူ ထင်ထားသည့်အတိုင်းပင် ပင့်ကူမျှင်များသည် ခိုင်မာသော်လည်း ဓားနှင့်ဆိုပါက လွယ်ကူစွာပင် ပြတ်တောက်သွားတော့သည်။ ဤသည်မှာ လက်ဖြင့် ဆွဲဖြဲရန် ခက်ခဲသော်လည်း ကတ်ကြေးဖြင့် အလွယ်တကူ ညှပ်နိုင်သည့် ပလတ်စတစ်အိတ်များကဲ့သို့ပင်။
သူသွေးထားသော အရိုးဓားမှာ အလွန်တရာ မထက်လှသော်လည်း ပင့်ကူမျှင်များကိုတော့ အလွယ်တကူ ဖြတ်တောက်နိုင်ပေသည်။ ထို့ကြောင့် မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ဖုန်းပုစီးသည် ဖေးချောင်နှင့် ထိုအရိပ်တို့၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင် ပင့်ကူမျှင်များကြားမှ လွတ်မြောက်လာခဲ့တော့သည်။
သူ၏ ခန္ဓာကိုယ်မှာ အားနည်းနေသေးသော်လည်း ယခင်က ဂေါ်ဘလင်သွေးများကို သောက်ထားခဲ့သဖြင့် အခြေအနေမှာ တော်တော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။ လက်သွေးထားသည့် ဒဏ်ရာမှာလည်း သွေးအများကြီး မထွက်သဖြင့် ခန္ဓာကိုယ်အပေါ် သက်ရောက်မှု သိပ်မရှိလှပေ။
ဖုန်းပုစီး ကောင်းကင်ယံမှ အရိပ်ကို တစ်ချက်ပြုံးပြလိုက်ပြီး ဖေးချောင်ရှိရာသို့ လျှောက်သွားလိုက်သည်။ သို့သော် ဖေးချောင်ကို ချည်နှောင်ထားသည့် ပင့်ကူမျှင်များကို ဖြတ်ပေးရန် ပြင်ဆင်လိုက်စဉ် ဖုန်းပုစီး ရုတ်တရက် ရပ်တန့်လိုက်ပြီး တွေဝေသွားဟန် ပြလိုက်၏။
ဖေးချောင်က ပြောလိုက်သည်။
“မင်း... မင်း ငါ့ကို ကယ်မှာလား၊ မကယ်ဘူးလား..။ ကယ်မှာဆိုလည်း မြန်မြန်လုပ်ပါ၊ မကယ်ဘူးဆိုရင်လည်း သွားတော့”
ဖုန်းပုစီး၏ ကြောက်စရာကောင်းသော မိမိကိုယ်ကိုယ် နှိပ်စက်မှုအား မြင်တွေ့ပြီးနောက် ဖေးချောင်၏ စကားသံများမှာ ယခင်ကထက် ပိုမို နူးညံ့သွားခဲ့သည်။ သူသည် ‘ချာတိတ်’ ဟု မသုံးနှုန်းတော့သလို ကျိန်ဆဲခြင်းလည်း မပြုတော့ပေ။ ဖုန်းပုစီးကို ကြည့်သည့် သူ၏ မျက်ဝန်းထဲတွင်ပင် ကြောက်ရွံ့မှု အရိပ်အယောင်အချို့ ပါဝင်နေ၏။
ယခုအချိန်တွင် ဖေးချောင်၏ မျက်နှာ၌ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်တို့ ရောပြွမ်းနေသည်။ သေရမည့်အစား အရှက်တကွဲ ရှင်သန်ရခြင်းက ပိုကောင်းသည် မဟုတ်ပါလား။ ဖုန်းပုစီး သူ့ကို ကယ်တင်ပေးရန် အမှန်တကယ် မျှော်လင့်နေမိသည်။
ဖုန်းပုစီးက ဖေးချောင်၏ မာနကို ဂရုမစိုက်ဘဲ ပြုံးလျက် ခေါင်းခါကာ ပြောလိုက်၏။
“ဆောရီး၊ ငါ တစ်ခုခုကို စဉ်းစားနေလို့ပါ။ မင်းကို ကယ်မှာပေါ့။ ဒါပေမဲ့ ငါသွေးထားတဲ့ အရိုးဓားက နည်းနည်း အသွားတုံးသွားလို့ မင်းကို မကယ်ခင် ခဏလောက် ပြန်သွေးလိုက်ဦးမယ်”
မကြာမီမှာပင် ဖုန်းပုစီး၏ အရိုးသွေးသံက ဂူအတွင်း၌ ထပ်မံ ပဲ့တင်ထပ်နေလေတော့သည် …။၊