အခန်း (၆) - ပြန်လည်ဝင်စားခြင်းမှတ်ဉာဏ်များ နိုးထလာခြင်းနှင့် တာမို
လွန်ခဲ့သော ခုနစ်ရက်ခန့်က ဖေးချောင်သည် ရှည်လျားလှသည့် အိပ်မက်ဆိုးတစ်ခုမှ နိုးထလာသကဲ့သို့ ဤခြောက်ကပ်လှသော ကမ္ဘာကြီးထဲသို့ ရောက်ရှိလာခဲ့၏။ အတိအကျဆိုရလျှင် ဤနေရာသည် ငှက်တစ်ကောင်တောင် မရှိသော ကမ္ဘာကြီးဖြစ်၏။ ငှက်မပြောနှင့်၊ ကြွက်တစ်ကောင်ပင် မြင်ရသည်မဟုတ်ပေ။
ဖေးချောင်၏ မူလအစီအစဉ်မှာ သူ၏ အသက်မွေးဝမ်းကျောင်း အလုပ်ဟောင်းဖြစ်သည့် ပင်လယ်ဓားပြအလုပ်ကို ပြန်လုပ်ရန်ဖြစ်သည်။ သို့သော် ဤဝန်းကျင်၌ ပင်လယ်မရှိ၍ ပင်လယ်ဓားပြ မလုပ်ရလျှင်လည်း တောပုန်းဓားပြ လုပ်မည်ဟု သူ စဉ်းစားထားခဲ့သည်။ စိတ်တူကိုယ်တူ ညီအစ်ကိုများ စုစည်းပြီး အလုပ်ကြီးတစ်ခု လုပ်ရန် သူ စီစဉ်ခဲ့၏။ ကာရေဘီယံပင်လယ်ရှိ ကျွန်းစုများတွင် လူအများစုမှာ သူ့ကဲ့သို့ပင် စဉ်းစားတတ်ကြသည်။
သို့သော် ဤကမ္ဘာတွင်တော့ သူ၏ အကြံအစည်မှာ ပျက်ပြယ်ခဲ့ရ၏။ ဤကမ္ဘာသို့ ရောက်ရှိလာသူပေါင်း ၂၀,၀၀၀ ကျော်ရှိပြီး ၉၀ ရာခိုင်နှုန်းမှာ တရုတ်လူမျိုးများ ဖြစ်ကြ၍ ဆူပူသောင်းကျန်းသည့် နိုင်ငံမှ လာသူမှာ အလွန်နည်းပါးပြီး အများစုမှာ တည်ငြိမ်သောနိုင်ငံမှ လာသူများ ဖြစ်ကြသည်။
ထို့ကြောင့် ညီအစ်ကိုများ စုစည်းရန် သူ၏ပထမခြေလှမ်းမှာ ကျဆုံးခဲ့ရပြီး မရိန်းရေတပ်သား တစ်ဦး၏ ပစ်သတ်ခြင်းကိုပင် ခံရလုနီးပါး ဖြစ်ခဲ့သေးသည်။ သို့သော် ကာရေဘီယံတွင် အန္တရာယ်ကြား၌ ရှင်သန်ခဲ့ရသော အတွေ့အကြုံများကြောင့် သူသည် ဤထူးဆန်းခြောက်ခြားဖွယ် ကမ္ဘာသစ်၌ လျင်မြန်စွာ အသားကျသွားခဲ့သည်။
ရက်အနည်းငယ်အတွင်းမှာပင် ဖေးချောင် ဂေါ်ဘလင်အကောင် ၂၀ ခန့်ကို သတ်ဖြတ်နိုင်ခဲ့၏။ တဖြည်းဖြည်းဖြင့် သားရဲများအား သတ်ဖြတ်ရာ၌ ပိုမိုကျွမ်းကျင်လာပြီး တိုက်ခိုက်ရသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းသည် ဟူ၍ပင် ခံစားလာရသည်။
ထိုအတောအတွင်း သူသည် အစပျိုးမြို့လယ်ရှိ ကျောက်စာတို်ငတွင် ၂၅ မှတ်တန် [တော်ဝင် ရိက္ခာ] များကို အကြိမ်အနည်းငယ် လဲလှယ်စားသောက်ခဲ့ပြီး တစ်ကြိမ်တွင်မူ တရုတ်ပြည်၏ နာမည်ကျော် ‘မော်တိုင်’ အရက် တစ်ပုလင်းကိုပင် ကံကောင်းထောက်မစွာဖြင့် သောက်ခဲ့ရသေးသည်။
ဖေးချောင်သည် ယမန်နေ့ကမှ အချို့သော စည်းမျဉ်းစည်းကမ်းများကြောင့် ကျောက်ကန်းတို့အဖွဲ့နှင့် အကြီးအကျယ် စကားများခဲ့ပြီး တစ်ကိုယ်တော်သမားအဖြစ် လမ်းခွဲထွက်လာခဲ့ခြင်းဖြစ်၏။
ထို့ကြောင့် နောက်နေ့ နံနက်ခင်းတွင် တစ်ညလုံး အိပ်မပျော်ခဲ့သော ဖေးချောင်သည် မြူခိုးများအတွင်းသို့ တစ်ဖန်ပြန်လည်ဝင်ရောက်ခဲ့သည်။ သူ ခြေဦးတည့်ရာ လျှောက်သွားနေရင်း ဂေါ်ဘလင်အချို့ကို ထပ်မံသတ်ဖြတ်ပြီးနောက် တစ်စုံတစ်ခုက သူ့အား ဖိတ်ခေါ်နေသကဲ့သို့ ခံစားလိုက်ရသည်။
ဖေးချောင်သည် ထိုနေရာဆီသို့ တွေဝေငေးမောစွာဖြင့် လျှောက်လှမ်းသွားခဲ့၏။ ထို့နောက်တွင်တော့ သူသည် သတိမမူမိဘဲ ပင့်ကူအိမ်များဖြင့် ငြိတွယ်ခံရပြီး ဓားမလည်း ပြုတ်ကျသွားခဲ့သည်။ ပင့်ကူကြီး၏ ထပ်ခါတလဲလဲ ချည်နှောင်ခြင်းကို ခံရပြီးနောက် ဤဂူအတွင်းသို့ ဆွဲခေါ်လာခြင်း ခံခဲ့ရလေတော့သည်။
" တိရစ္ဆာန်ကောင် သတ္တိရှိရင် ငါ့ကို လွှတ်ပေးလိုက်စမ်း… ငါ မင်းကို ခုတ်သတ်ပစ်မယ်"
"ငါ့ကို မလွှတ်ပေးဘူးဆိုရင်လည်း စားလိုက်လေ၊ မစားရင်လည်း မြန်မြန်ဆန်ဆန်ပဲ သတ်လိုက်စမ်းပါ"
လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက အတွေ့အကြုံများကို ပြန်လည်တွေးတောမိရင်း ဖေးချောင်ပို၍ပင် ဒေါသထွက်လာကာ ထပ်မံအော်ဟစ် ဆဲဆိုနေတော့သည်။
သို့သော် ဂူအတွင်း၌ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ ဖေးချောင် ကျယ်လောင်စွာ နှစ်ကြိမ်မျှ အော်ဟစ်ပြီးနောက် တိတ်ဆိတ်သွားပြန်ရာ ဂူတစ်ခုလုံးမှာ ထူးဆန်းသော တီးတိုးရေရွတ်သံများဖြင့် ပြန်လည်ဖုံးလွှမ်းသွားသည်။
သူ့ရှေ့ကအရိပ်က စကားပြန်ပြောနေသည်ကိုတော့ ဖေးချောင် သတိမထားမိပေ။ ထိုတီးတိုးရေရွတ်သံများသည် ခြင်များကဲ့သို့ပင် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စေသည်။
အစပျိုးမြို့ရှိ အခြားသူများနှင့်နှိုင်းယှဉ်လျှင် ဖေးချောင်၏ တီးတိုးရေရွတ်သံများအပေါ် ခံနိုင်ရည်မှာ သိသိသာသာ ပိုမိုအားကောင်းလှ၏။ နာရီပေါင်းများစွာ ချည်နှောင်ခံထားရသော်လည်း အားအင်အပြည့် ရှိနေဆဲဖြစ်သော ဖေးချောင်ကို ကြည့်ပြီး ထိုအရိပ်မှာ ချီးကျူးလိုသော အမူအရာမျိုး ရှိနေသည်။
ဖေးချောင်၏ ပါရမီမှာ သူထင်ထားသည်ထက်ပင် ပိုမိုအားကောင်းလှပြီး မြူခိုးထဲက တီးတိုးရေရွတ်သံများ၏ သက်ရောက်မှုကို လုံးဝ ခံရပုံမပေါ်ပေ။ ယင်းမှာ ဖေးချောင်သည် စိတ်ကျင့်စဉ် အဆင့်၌ 'စိတ်စင်ကြယ်ခြင်း' နယ်ပယ်သို့ရောက်ရှိနေပြီဟု ဆိုလိုခြင်းပင်ဖြစ်လေသည်။
စိတ်စင်ကြယ်ခြင်း ဆိုသည်မှာ မိမိ၏ ပင်ကိုယ်သဘာဝကို သိမြင်ခြင်းဖြစ်ရာ ထိုထူးဆန်းသော တီးတိုးရေရွတ်သံများ၏ သက်ရောက်မှုကို ခံရခြင်း မရှိသလောက်ပင် ဖြစ်သည်။
ဤနယ်ပယ်မှာ လူအများစုအတွက် ကျင့်ကြံမှုအဆင့်တစ်ခုသို့ ရောက်ရှိပြီးသည့်တိုင်အောင်ပင် ကျွမ်းကျင်ရန် ခက်ခဲလှသော နယ်ပယ်တစ်ခု ဖြစ်သည်။ သို့မဟုတ်ပါက လူအများအပြားမှာ အဆင့်တစ်ခုသို့ ရောက်ပြီးနောက်တွင် ထူးဆန်းသော ညှဉ်းပန်းနှိပ်စက်မှုများနှင့် သည်းမခံနိုင်သော နာကျင်မှုများကို ခံစားကြရမည် မဟုတ်ပေ။
ဖေးချောင်မှာမူ အဆင့်တစ်ခုသို့ မရောက်ရှိသေးသည့်အပြင် ထူးဆန်းသော အရာများနှင့် ပေါင်းစပ်ပြီးနောက် ဗီဇပြောင်းလဲမှုအဆင့်ကိုပင် မစတင်ရသေးသော်လည်း စိတ်စင်ကြယ်ခြင်းနယ်ပယ်သို့ ရောက်နေပြီ ဖြစ်သည်။ ဖေးချောင်ကို ကြည့်ရင်း အရိပ် ထပ်မံသက်ပြင်းချလိုက်သည်။
"ငါ့ရဲ့ အခု ခန္ဓာကိုယ်နဲ့ဆိုရင် သူ့ကို ကယ်လိုက်တာနဲ့ ငါလည်း ပြိုကွဲပျက်စီးသွားလိမ့်မယ်။ ဒါပေမဲ့ မကယ်ဘူးဆိုရင်လည်း ငါ့ရဲ့ စိတ်ထဲ လိပ်ပြာလုံမှာ မဟုတ်ဘူး။"
အချိန်အတော်ကြာပြီးနောက် ထိုအရိပ်က သက်ပြင်းချကာ ရေရွတ်လိုက်၏။
"ငါ့ရဲ့ ဖြစ်တည်မှုက အဓိပ္ပာယ် မရှိတော့တာ ကြာပါပြီ။ ဆက်ပြီး ရှင်သန်နေတာကလည်း တစ္ဆေတစ်ကောင်လို ကြည့်နေရုံပဲ ရှိတာ။ ဒါကြောင့် မင်းကို ငါ ကယ်မယ်။ နောင်ကို ဂရုစိုက်ပြီး အသက်ရှင်သန်နိုင်ပါစေလို့ မျှော်လင့်ပါတယ်..."
ထိုအရိပ်သည် မြူခိုးသဖွယ် လက်မောင်းကို ဆန့်ထုတ်ကာ ဖေးချောင်၏ ပါးကို ထိတွေ့ရန် ကြိုးစားသော်လည်း မည်သည့်အရာကိုမျှ မထိတွေ့နိုင်ပေ။
"ငါ လုပ်လိုက်မယ်"
အရိပ်၏ နောက်ကွယ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအရိပ်ကတော့ အသံကို ဂရုမစိုက်ဘဲ သူ၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေပြီး နောက်ဆုံးစွမ်းအားကို ထုတ်သုံးရန် ဆုံးဖြတ်ထားသည်။
"ငါ ပြောနေတယ်လေ၊ ငါ လုပ်လိုက်မယ်လို့"
အရိပ် ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ဖုန်းပုစီး မျက်လုံးများဖွင့်ကာ သူ့အားကြည့်နေသည်ကို တွေ့လိုက်ရ၏။
"မင်း ဘာပြောလိုက်တာလဲ၊ မင်း လုပ်မယ် ဟုတ်လားချာတိတ် ၊ မင်းက သေချင်ယောင်ဆောင်နေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး အသက်ပြန်ရှင်လာတာလဲ"
ဖုန်းပုစီး၏ စကားနှစ်ခွန်းက ဖေးချောင်၏ အာရုံကို ဖမ်းစားသွားသည်။ ဖေးချောင် လှောင်ပြောင်လိုက်သော်လည်း ဖုန်းပုစီးမှာ သူ့အား လုံးဝ ဂရုမစိုက်ပေ။
အရိပ်သည် ဖုန်းပုစီးအား စိုက်ကြည့်လိုက်၏။ သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားကြည့်ရာ ဖုန်းပုစီး သူ့ကို အမှန်တကယ်ပင် ကြည့်နေကြောင်း တွေ့လိုက်ရသည်။
ထိုအရိပ်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"ခုနက မင်း ငါ့ကို စကားပြောနေတာလား... မဟုတ်ဘူး ငါ ပြောချင်တာက မင်းက ဘယ်လိုလုပ် ငါပြောတာကို နားလည်ပြီး ငါ့ကို မြင်နေရတာလဲ"
ဖုန်းပုစီး စကားမပြောဘဲ ပြုံးလိုက်သည်။ သူ၏ အပြုံးမှာ နူးညံ့ပြီး ကရုဏာစိတ် အပြည့်ရှိနေကာ မြင်ရသူအား အေးချမ်းမှု ပေးစွမ်းနိုင်သည်။
“အဝလောကိတေ မဟာကျင့်ကြံသူကြီးသည် နက်နဲလှသော ‘ထာဝရပညာ မြော်မြင်ခြင်း’ နိယာမကို ကျင့်ကြံအားထုတ်နေစဉ်အတွင်း... ဤစကြဝဠာ၏ အနှစ်သာရမှာ ‘ဟင်းလင်းပြင်’ သဘောတရားမျှသာ ဖြစ်ကြောင်း ထိုးထွင်းသိမြင်သွားခဲ့၏။ ထိုခဏ၌ပင် သူသည် လောကီအနှောင်အဖွဲ့ဟူသမျှကို ဖြတ်တောက်ကာ ဒုက္ခပင်လယ်မှ လွတ်မြောက်၍ မြင့်မြတ်သော နယ်ပယ်သစ်သို့ တက်လှမ်းနိုင်ခဲ့လေသည်။ ထျန်းရှင်း... နားထောင်လော့။ ဤလောကတွင် ရုပ်ဒြပ်သည် ဗလာဖြစ်၍၊ ဗလာသည်ပင် ရုပ်ဒြပ်ဖြစ်၏။ ခံစားချက်နှင့် သိစိတ်တို့သည်လည်း ထိုနည်းတူပင်။ ထျန်းရှင်း...စစ်မှန်သော တာအို၏ သဘောတရား၌ ဖြစ်တည်ခြင်း၊ ပျက်စီးခြင်း၊ ညစ်နွမ်းခြင်း၊ စင်ကြယ်ခြင်းဟူ၍ မရှိ။ ထို 'ဗလာနယ်ပယ်' အတွင်း၌ ရုပ်နာမ်ခန္ဓာတို့ မရှိ၊ အာရုံခံစားမှုတို့ ကွယ်ပျောက်၏။ အသိဉာဏ်အမှောင်ထုလည်းမရှိ၊ ထိုအမှောင်ထု ကုန်ဆုံးခြင်းလည်း မရှိ။ အိုခြင်း၊ သေခြင်း နိယာမတို့သည်လည်း ထိုနေရာတွင် အလုပ်မလုပ်တော့ပေ။ နောက်ဆုံး၌... ဒုက္ခဟူသည်လည်း မရှိ၊ ထိုဒုက္ခမှ လွတ်မြောက်ရာ လမ်းစဉ်ဟူသည်လည်း မရှိတော့ပြီ။ ဉာဏ်ပညာဟူသည်လည်း မရှိ၊ ရယူပိုင်ဆိုင်ခြင်းဟူသည်လည်း မရှိခြင်းသည်သာ အမြင့်ဆုံးသော အောင်မြင်မှုပင်တည်း။”
‘မဟာပညာ ဗလာနယ်မြေ၏ နှလုံးသားကျမ်း’ တစ်ခုလုံးကို ရွတ်ဆိုပြီးနောက် ဖုန်းပုစီး စိတ်ကြည်လင် လန်းဆန်းသွားကာ အတွေးများလည်း ချောမွေ့သွားတော့သည်။
သူ၏ ပြန်လည်ဝင်စားခြင်း မှတ်ဉာဏ်မှာ အောင်မြင်စွာ နိုးထလာခဲ့ပြီဖြစ်ရာ ဖုန်းပုစီးသည် မည်သူမည်ဝါ၏ ပြန်လည်ဝင်စားခြင်း ဖြစ်ကြောင်း သိသွားပြီဖြစ်သည်။
သူသည် ကမ္ဘာမြေပေါ်၌ မြင့်မြတ်သော လမ်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ပြန့်ပွားစေခဲ့ပြီး ကမ္ဘာအနှံ့ လှည့်လည်ကာ အသက်ရှည်ကြောင်း ကျင့်စဉ်များ ကျင့်ကြံ၍ အောင်မြင်မှုများစွာ ရရှိခဲ့သော တာမို ၏ ပြန်လည်ဝင်စားခြင်းပင် ဖြစ်သည်။
သူ၏ ပြန်လည်ဝင်စားခြင်း မှတ်ဉာဏ်မှာ ရှင်းလင်းနေဆဲဖြစ်ပြီး အဖြစ်အပျက် အများအပြားကို မှတ်မိသော်လည်း စိတ်မကောင်းစရာတစ်ခုမှာ တာမို၏ ကျင့်ကြံမှုမှတ်ဉာဏ်များ အနည်းငယ် ဝေဝါးနေခြင်းပင်။
သို့သော် တာမိုတွင် လက်ဆင့်ကမ်းလာခဲ့သော “အရိုးအကြောပြောင်းလဲခြင်းကျမ်း”၊ “လက်တစ်ချောင်းကျမ်း” နှင့် "ရိုးတွင်းခြင်ဆီ သန့်စင်ခြင်းကျမ်း" ကဲ့သို့သော ကျင့်စဉ်များစွာ ရှိသည်။
သူသည် ငယ်စဉ်ကတည်းက စာအုပ်ပေါင်းများစွာ ဖတ်ရှုခဲ့ပြီး မြင်သမျှကို ချက်ချင်း မှတ်မိနိုင်သော မှတ်ဉာဏ်ရှိသဖြင့် ထိုစာအုပ်များ၏ အကြောင်းအရာများကို အတိအကျ ပြန်လည်ရေးသားနိုင်သည်။ ထိုစာအုပ်များကို ပထမဆုံးအကြိမ် ဖတ်စဉ်က မည်သည့်ထူးခြားချက်ကိုမျှ ရှာမတွေ့ခဲ့သော်လည်း ယခုအခါတွင်မူ ဆန်းကျယ်သောအသိမြင်များ ရရှိခဲ့ပြီဖြစ်သည်။
“မဟာပညာ ဗလာနယ်မြေ၏ နှလုံးသားကျမ်း” တစ်ပိုဒ်သည် အနားရှိ အရိပ်နှင့် ဖေးချောင်ကို တိတ်ဆိတ်သွားစေသည်။ ထိုကျမ်းစာ၏အဓိပ္ပာယ်ကို သူတို့မသိသော်လည်း နှစ်ဦးလုံးမှာ အံ့သြမှင်သက်သွားကြ၏။
အဓိက အကြောင်းရင်းမှာ ဖုန်းပုစီး အသံနေအသံထားနှင့် စည်းချက်ညီညီ မှန်ကန်စွာ ရွတ်ဆိုနိုင်ခဲ့ခြင်းကြောင့် ဖြစ်၏။
ဖုန်းပုစီး ကျမ်းစာရွတ်ဆိုပြီး အတန်ကြာမှ ထိုအရိပ်က တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ပြောလိုက်သည်။
“မင်း ခုနက 'ငါ လုပ်လိုက်မယ်' လို့ ပြောလိုက်တာလား။ မင်း သူ့ရဲ့ ပင့်ကူမျှင်တွေကို ဖြည်ပေးနိုင်လို့လား။ ဘယ်လို ဖြည်မှာလဲ။မင်း သူ့ကို ကူညီချင်ရင်တောင် မင်းကိုယ်တိုင် အရင် လွတ်အောင်လုပ်ရမှာမလား။ မဟုတ်သေးဘူး… ငါ ပြောချင်တာ အဲဒါ မဟုတ်ဘူး။ မင်း အနုစိတ်အာရုံ နယ်ပယ်ကို ဘယ်လိုလုပ် ရောက်သွားတာလဲ။”
“ပြီးတော့ သာမန် အနုစိတ်အာရုံ နယ်ပယ် လည်း မဟုတ်ဘူး၊ အဆင့်မြင့် အနုစိတ်အာရုံ နယ်ပယ် ဖြစ်ရမယ်။ မဟုတ်ရင် မင်း ငါ့ကို မြင်နိုင်ရင်တောင် စကားပြောနိုင်မှာ မဟုတ်ဘူး။ဒါပေမဲ့ အနုစိတ်အာရုံနယ်ပယ်ကို ရောက်ဖို့ဆိုရင် ထူးဆန်းတဲ့ အရာတွေကို ထိန်းချုပ်နိုင်ရမယ်။ မင်းက အဆင့်တစ်ခုကိုတောင် မရောက်သေးသလို ဗီဇပြောင်းလဲမှု အဆင့်ကိုလည်း မဖြတ်သန်းရသေးဘူး။ ဒီနယ်ပယ်ကို ဘယ်လိုလုပ် ရောက်နိုင်မှာလဲ…”
ထိုအရိပ်၏ စကားသံများသည် ထူးဆန်းသော တီးတိုးရေရွတ်သံများအဖြစ် ပြောင်းလဲသွားပြီး ဂူအတွင်း၌ ပဲ့တင်ထပ်နေလေသည်။
"အနုစိတ်အာရုံနယ်ပယ်ဆိုတဲ့ အဲ့နာမည်က တော်တော်လေးသင့်တော်တာပဲ။ မင်းပြောတဲ့ ဗီဇပြောင်းလဲမှု အဆင့်ဆိုတာ ဒီကမ္ဘာက ကျင့်ကြံခြင်း နည်းလမ်းကို ပြောတာလား"
ဖုန်းပုစီးက ညင်သာစွာ မေးလိုက်သော်လည်း ထိုအရိပ်မှာ ငေးငိုင်နေပြီး ပြန်မဖြေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူ မည်သို့ လွတ်မြောက်မည်ကို ရှင်းပြလိုက်၏။
“ပင့်ကူမျှင်တွေက ခိုင်ခံ့ပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်း ရှိတော့ တိုက်ရိုက် ရုန်းထွက်ဖို့က ခက်လိမ့်မယ်။ ဒါပေမဲ့ ပိုလွယ်တဲ့ နည်းလမ်းတစ်ခု ရှိတယ်၊ အဲ့ဒါကတော့ ဓားနဲ့ ဖြတ်လိုက်ရုံပဲလေ။”
အရိပ်က ဖုန်းပုစီးကို ဇဝေဇဝါဖြင့် ကြည့်နေသည်။ ဖုန်းပုစီး၏ ခန္ဓာကိုယ်ပေါ်တွင် ဓားနှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှ သူ မတွေ့ရပါချေ...။