အခန်း (၅) - မုတ်ဆိတ်ဗလပွနှင့် ပင်လယ်ဓားပြ
ပျက်စီးယိုယွင်းနေသော မြို့ဟောင်း၏ အရှေ့ဘက်ခြမ်းရှိ တောအုပ်အတွင်း၌ ဖုန်းပုစီး ရှေ့သို့ ဆက်လက်လျှောက်လှမ်းနေဆဲပင် ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သွေးသားကန့်သတ်ချက် ချိုးဖျက်ခြင်း၏ တန်ပြန်ရိုက်ခတ်မှုများမှာ အတန်ငယ် သက်သာလာပြီဖြစ်၍ ယခင်ကကဲ့သို့ ယိမ်းထိုးမနေတော့ပေ။ သို့သော် သူ၏ခန္ဓာကိုယ် အခြေအနေမှာ အလွန်ပင် အားနည်းနေသေးသဖြင့် ခရီးတွင်ခြင်း မရှိလှချေ။
ရုတ်တရက် ဖုန်းပုစီး ရပ်တန့်လိုက်ပြီး အရှေ့တောင်ဘက်ရှိ နေရာတစ်ခုသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာရှိ မြူခိုးများမှာ အလွန်ပင် ထူထပ်လွန်းလှသဖြင့် အစိုင်အခဲဖြစ်နေသည် ဟူ၍ပင် ထင်မှတ်ရလေသည်။ သာမန်လူများအတွက်မူ မြူခိုးများအတွင်းသို့ စတင်ခြေချလိုက်သည်နှင့် အရာအားလုံး ကြည်လင်ပြတ်သားသွားပြီး မြို့အပြင်ဘက်ရှိ မြူများက သူတို့၏ အမြင်အာရုံအား ပိတ်ပင်ထားခြင်းမရှိဟု ခံစားရတတ်သော်လည်း ပို၍နက်ရှိုင်းစွာ ဝင်ရောက်သွားသောအခါ ထိုသို့မဟုတ်ကြောင်း သိရှိသွားကြရသည်။
မြူခိုးများ၏ ထူထပ်မှုမှာ နေရာတိုင်းအတွက် မတူညီချေ။ အချို့နေရာများတွင် ပါးလွှာပြီး အချို့နေရာများတွင်မူ ထူထပ်လှသည်။ မှတ်သားစရာ အမှတ်အသားများ မရှိသည့်အတွက် မြူခိုးများနှင့်တောအုပ်မှာ ဝင်္ကပါကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး လူများမှာလည်း အလွယ်တကူ လမ်းပျောက်နိုင်ပေသည်။ လွန်ခဲ့သော ခုနစ်ရက်အတွင်း မြူခိုးများအတွင်းသို့ စူးစမ်းလေ့လာရင်း ပြန်မလာနိုင်တော့သော လူသားများထဲတွင် ဂေါ်ဘလင်များနှင့် အခြားသားရဲများ၏ သတ်ဖြတ်ခြင်းကို ခံရသူများအပြင် မြူခိုးထဲ၌ လမ်းပျောက်သွားသူများလည်း မြောက်မြားစွာ ပါဝင်နေသည်။
မြူခိုးထဲမှ ထူးဆန်းသော တီးတိုးရေရွတ်သံများမှာလည်း အစဉ်မပြတ် ပဲ့တင်ထပ်နေ၏။ လူတို့ ၏စိုးရိမ်ကြောင့်ကြမှုနှင့် ကြောက်ရွံ့မှုများ ပိုမိုပြင်းထန်လာလေလေ၊ ထိုရေရွတ်သံများမှာ ပိုမိုကျယ်လောင်လာလေလေ ဖြစ်ပြီး နောက်ဆုံးတွင် ထိုလမ်းပျောက်နေသူများသည် ကြောက်ရွံ့တုန်လှုပ်ရင်းဖြင့်ပင် အသက်ပျောက်သွားကြရတော့သည်။
ယခု ဖုန်းပုစီးသည် ထိုကဲ့သို့သေဆုံးနေသော အလောင်းတစ်ခုကို တွေ့ရှိလိုက်ခြင်းဖြစ်သည်။ ထိုအမျိုးသားမှာ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် လက်နှစ်ဖက်ဖြင့် သူ၏နားကို တင်းတင်းကျပ်ကျပ် ပိတ်ထားကာ ကြောက်လန့်တုန်လှုပ်နေသော မျက်နှာနှင့် ဟောင်းလောင်းဖြစ်နေသော မျက်ဝန်းများ ရှိနေ၏။ အလောင်း၏ အခြေအနေကို စစ်ဆေးရန် လက်လှမ်းလိုက်သောအခါတွင်မူ သူ့လက်ချောင်းများဖြင့် ထိလိုက်သည်နှင့် အလောင်းမှာ တစစီ ပြိုကျပျက်စီးသွားသော အဆောက်အဦးအိုကြီးကဲ့သို့ မြေပြင်ပေါ်သို့ ပုံပျက်ပန်းပျက် လဲကျသွား လေတော့သည် ။
ပုပ်စပ်နေသော အသားများနှင့် ဆွေးမြည့်နေသော အရိုးများမှာ ဟိုတစ်စဒီတစ်စ လွင့်စင်သွားပြီး အနံ့ဆိုးလှသော အညိုရောင်ရည်အချို့ စီးထွက်လာသော်လည်း ထိုသူ၏ အဝတ်အစားများမှာမူ ထိုအရည်များနှင့် ပုပ်စပ်နေသောအသားများ စိုရွှဲနေသည်မှလွဲ၍ မူလအတိုင်းပင် ရှိနေသေးသည်။
“ဒီအလောင်းရဲ့ ပုပ်သိုးနှုန်းက တကယ့်ကို ပုံမှန်မဟုတ်ဘူး။ ပထမအချက် ပုပ်သိုးတဲ့ အရှိန်က မြန်လွန်းတယ်။ ခုနစ်ရက်အတွင်းမှာ လူသေတစ်ယောက်က ဒီလောက်အထိ မပုပ်သိုးနိုင်ဘူး။ ဒုတိယအချက်ကတော့ ပုပ်သိုးနေတုန်းမှာ အလောင်းရဲ့ အသွင်အပြင်က ဘာမှပြောင်းလဲမသွားဘဲ လက်နဲ့ ထိလိုက်မှပဲ ပြောင်းလဲသွားတာ”
“ဒီနေရာက မြူခိုးတွေမှာ ပုပ်သိုးမှုကိုမြန်စေတဲ့ အာနိသင် တစ်မျိုးမျိုး ရှိနေတာများလား”
ဖုန်းပုစီး တိုးတိုးလေး ရေရွတ်လိုက်၏။ ဆွေးမြည့်ပျက်စီးသွားသော အလောင်းကို မြင်လိုက်ရသောအခါ သူ၏ ပြန်လည်ဝင်စားခြင်းမှတ်ဉာဏ်များ နိုးထလာရန် အစပြုလာပြန်သည်။ သို့သော်လည်း စိတ်မကောင်းစွာဖြင့်ပင် နောက်ဆုံးခြေလှမ်းကိုလှမ်းရန် အနည်းငယ် လိုအပ်နေသေးပြီး လုံးဝနိုးထခြင်းအဆင့်သို့ မရောက်ရှိနိုင်သေးပေ။
ဖုန်းပုစီး တစ်စုံတစ်ခုကို ဝိုးတဝါး အာရုံခံမိလိုက်သည်။ မြူခိုးများအတွင်းသို့ ပိုမိုနက်ရှိုင်းစွာဆက်လက် လျှောက်လှမ်းသွားရာ မည်မျှကြာအောင် လျှောက်ခဲ့သည်ကို သူကိုယ်တိုင်ပင် မသိတော့သော်လည်း “မင်း စွမ်းအားတွေ ပိုင်ဆိုင်ချင်သလား” ဟူသော နေရာနှင့် အလွန်နီးကပ်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
ထို့နောက် သူလျှောက်လှမ်းနေစဉ်မှာပင် တစ်စုံတစ်ခုသော ယန္တရားအား ထိမိသွားသကဲ့သို့ ဖြစ်သွားပြီး မရေမတွက်နိုင်သော အမျှင်တန်းများက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်တော့သည်။ ထိုအမျှင်များသည် သက်ရှိလည်းမဟုတ် သေပြီးသော အလောင်းလည်း မဟုတ်သည့်အတွက် မြူခိုးထဲမှ ရေရွတ်သံများ၏ အာရုံခံမှုဖြင့်လည်း သတိမပြုမိခဲ့ခြင်းဖြစ်၏။
ထိုအမျှင်များသည် အစပိုင်းတွင် အလွန်စေးကပ်နေသော်လည်း တခဏအတွင်းမှာပင် စေးကပ်မှုမရှိတော့ဘဲ မာကျောလာကာ ကျုံ့သွားပြီးနောက် ဖုန်းပုစီး၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ချည်နှောင်လိုက်လေသည်။ မကြာမီမှာပင် သုံးမီတာခန့်ရှိသော ဧရာမ ပင့်ကူကြီးတစ်ကောင် ရောက်ရှိလာ၏။ ဧရာမပင့်ကူကြီးက ပင့်ကူမျှင်များကို ဆွဲလိုက်ရာ ချည်နှောင်ခြင်းခံထားရသော ဖုန်းပုစီးသည်လည်း ၎င်းနောက်သို့ ပါသွားတော့သည်။
ဖုန်းပုစီးသည် သူ၏သွေးသားကန့်သတ်ချက်များကို ချိုးဖောက်၍ ရုန်းကန်ခြင်း မပြုခဲ့ပေ။ ထိုဧရာမပင့်ကူကြီးသည် သူ့အားတိုက်ခိုက်မည့် အရိပ်အယောင်မပြသဖြင့် ထိုအတိုင်းသာ လွှတ်ထားလိုက်၏။ အကြောင်းမှာ ထိုဧရာမပင့်ကူကြီးအား မြင်လိုက်ရသည့် ခဏ၌ပင် သူ၏ ပြန်လည်ဝင်စားခြင်းမှတ်ဉာဏ်များ စတင်နိုးထလာသောကြောင့်ဖြစ်သည်။
ထိုမှတ်ဉာဏ်များ အပြည့်အဝ နိုးထလာရန် အချိန်အနည်းငယ် လိုအပ်မည်ဖြစ်ရာ ဖုန်းပုစီးသည် အခွင့်အရေးကို လက်လွှတ်မခံလိုပေ။ ဤသို့ဖြင့် ပင့်ကူမျှင်ဖြင့် ဆွဲခေါ်သွားခံရပြီးနောက် ကျောက်ဂူတစ်ခုအတွင်းသို့ ရောက်ရှိသွားရာ ထိုနေရာတွင် မျက်မှန်းတန်းမိနေသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။
တစ်ယောက်မှာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မကြာခဏ တွေ့ရတတ်သည့် အရိပ်ဖြစ်ပြီး အခြားတစ်ယောက်မှာမူ လွန်ခဲ့သော ခုနစ်ရက်က မြို့အတွင်း စူးစမ်းလေ့လာစဉ် တွေ့ခဲ့ဖူးသော မုတ်ဆိတ်ဗလပွနှင့်အမျိုးသားပင် ဖြစ်သည်။ ထိုအမျိုးသားတွင် ဓားမတစ်လက် ရှိသည်ကို ဖုန်းပုစီး မှတ်မိနေသေးပြီး ထိုစဉ်က ဓားကိုမည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသနည်းဟုပင် ခဏမျှ စစ်ဆေးကြည့်လိုက်သေးသည်။ သို့သော် ယခုတွင်မူ သူ့ထံ၌ ထိုဓားမအား မတွေ့ရတော့ပေ။
ထိုမုတ်ဆိတ်ဗလပွမှာလည်း ပင့်ကူမျှင်များဖြင့် ချည်နှောင်ခြင်း ခံထားရပြီး သူ့ခန္ဓာကိုယ်ပေါ်မှ ချည်မျှင်များမှာ ဖုန်းပုစီးထက် ပိုမိုထူထပ်နေ၏။ ၎င်းမှာ ပင့်ကူတို့၏သဘာဝဖြစ်ပြီး သူတို့၏ ပိုက်ကွန်ပေါ်ရှိ သားကောင်က အပြင်းအထန်ရုန်းကန်လေလေ၊ ထိုသားကောင် မရုန်းကန်နိုင်တော့သည့်အထိ ပင့်ကူမျှင်များကို ပိုမိုထပ်ကာ ရစ်ပတ်လေ့ရှိသောကြောင့် ဖြစ်သည်။
လက်ရှိတွင် ထိုမုတ်ဆိတ်မှာ သူ၏ပြင်းထန်သော ရုန်းကန်မှုများကြောင့် ပင့်ကူမျှင်များကြားတွင် တင်းကျပ်စွာချုပ်နှောင်ခံထားရပြီး မျက်လုံးနှင့်ပါးစပ်ကိုသာ လှုပ်ရှားနိုင်တော့သည်။ အခြားတစ်ဖက်တွင်မူ ဖုန်းပုစီးသည် သူ၏ ပြန်လည်ဝင်စားခြင်း မှတ်ဉာဏ်များကို နိုးထစေရန် အာရုံစိုက်နေသဖြင့် ပင့်ကူ၏ ဆွဲခေါ်ခြင်းကိုခံရစဉ်အတွင်း လုံးဝရုန်းကန်ခြင်း မရှိခဲ့သောကြောင့် သူ့အပေါ်ရှိ ပင့်ကူမျှင်များမှာ များစွာလျော့နည်းနေခြင်း ဖြစ်သည်။
သို့သော်လည်း ၎င်းမှာ နှိုင်းယှဉ်ချက်အရသာဖြစ်ပြီး ဖုန်းပုစီးမှာလည်း သာမန်လူတစ်ယောက် လွယ်လွယ်နှင့် ရုန်းမထွက်နိုင်လောက်အောင် ပင့်ကူမျှင်များဖြင့် ရစ်ပတ်ခံထားရဆဲပင် ဖြစ်၏။
“တောက် သောက်သားရဲ၊ ငါ့ကို လာစားလိုက်စမ်းပါ၊ လာလေ.. ဘာပဲဖြစ်ဖြစ် ငါလည်း ဆက်မရှင်ချင်တော့ဘူး”
“လာလေ ငါ့ကို လာကိုက်စမ်းပါ တိရစ္ဆာန်ရဲ့၊ မြန်မြန်သာ အပြတ်ရှင်းလိုက်စမ်းပါ...”
ဖုန်းပုစီးအား ဧရာမပင့်ကူကြီးက ဆွဲခေါ်လာသည်ကို မြင်သောအခါ မုတ်ဆိတ်ဗလပွက ဆဲဆိုကြိမ်းမောင်းတော့သည်။ သို့သော်လည်း ပင့်ကူကြီးမှာ လောလောဆယ်တွင် အစာစားချင်စိတ် မရှိပုံရသဖြင့် ဂူအတွင်းမှ အမြန်ပြန်ထွက်သွားလေသည်။
“ဟေး မင်းက ဘယ်လိုဖြစ်ပြီး အဖမ်းခံလိုက်ရတာလဲ၊ မင်းတစ်ယောက်တည်းလား”
“ဟေ့ကောင် မင်းက အ, နေတာလား”
“သေသွားတာများလား”
မုတ်ဆိတ်ဗလပွသည် ဖုန်းပုစီးကို ကြည့်နေသော်လည်း မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ပါ။ ဖုန်းပုစီး၏ ရင်ဘတ်မှာ အသက်ရှူနေသဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်ကိုပင် သူ မမြင်ရပေ။ ဖုန်းပုစီး၏ အသက်ရှူသံမှာ တည်ငြိမ်လွန်းသည်ဟုသာ ဆိုရပေမည်။
မုတ်ဆိတ်ဗလပွ ဘေးဘယ်ညာကို ကြည့်လိုက်ရာ သူနှင့် ဖုန်းပုစီး၏ အနီးအနားတွင် လူသားများနှင့် ဂေါ်ဘလင်များ၏ အလောင်းအကြွင်းအကျန် အချို့ကို တွေ့လိုက်ရသည်။ ထိုအလောင်းများသည် အရည်စုပ်ယူခြင်းခံထားရပြီးမှ ကြိတ်ခြေခံထားရသကဲ့သို့ အပိုင်းအစများ ဖြစ်နေ၏။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ထိုပင့်ကူသည် အသက်ရှိသော သတ္တဝါများကိုသာ စုပ်ယူစားသောက်လိုပြီး သေဆုံးနေသော အလောင်းများကိုမူ စိတ်မဝင်စားကြောင်း ထင်ရှားပေသည်။
“ဒီကောင် သေချင်ယောင်ဆောင်နေတာပဲ ဖြစ်ရမယ်”
“မင်း အသက်ရှင်နေသေးတာ ငါသိတယ်၊ သေချင်ယောင်ဆောင်မနေနဲ့”
“ငါ့ရှေ့မှာ သေချင်ယောင်မဆောင်နဲ့လို့ ပြောနေတယ်လေ”
“တစ်ခုခုတော့ ပြန်ပြောစမ်းပါဦး”
“လခွမ်းပဲကွာ...တောက်”
“အား...”
မုတ်ဆိတ်ဗလပွ ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း ဖုန်းပုစီးမှာမူ လုံးဝလှုပ်ရှားခြင်း မရှိပေ။
ဂူအတွင်းမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီးနောက် ဂူ၏အနက်ရှိုင်းဆုံးနေရာမှ မကြားတကြား တီးတိုးရှိုက်သံတစ်ခု ထွက်ပေါ်လာပြန်သည်။ ထိုအရိပ်မှာ နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်ခြင်း ဖြစ်၏။ ထိုအရိပ်သည် ဖုန်းပုစီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချည်နှောင်ခံထားရသော မုတ်ဆိတ်ဗလပွအား စိတ်ပျက်ဝမ်းနည်းစွာဖြင့် ဆက်လက်ကြည့်ရှုနေလိုက်သည်။
ခဏအကြာတွင် ထိုအရိပ်က စကားပြောလာ၏။ “မင်း ဘာလို့ ဒီလောက်လွယ်လွယ်နဲ့ အဖမ်းခံလိုက်ရတာလဲ၊ မင်းက ဒီမြို့မှာ ပါရမီအကောင်းဆုံး လူတစ်ယောက်ပဲကို”
ထိုအရိပ်၏ စကားသံများသည် ထူးဆန်းသော တီးတိုးရေရွတ်သံများအဖြစ် ပြောင်းလဲသွားပြီး ဂူအတွင်း၌ အစဉ်မပြတ် ပဲ့တင်ထပ်နေလေသည်။ သူ၏ စကားများကို မုတ်ဆိတ်ဗလပွက မကြားနိုင်သော်လည်း ထိုအသံများကြောင့် စိတ်ပိုမိုရှုပ်ထွေးလာကာ ဒေါသထွက်လာစေသည်။
မုတ်ဆိတ်ဗလပွသည် စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်၏။
“တောက် သောက်ကျိုးနည်းပဲ၊ ဘာလို့ ငါက ဒီလိုကျိန်စာသင့်နေတဲ့ နေရာကိုရောက်နေရတာလဲ”
ထိုမုတ်ဆိတ်ဗလပွ၏ အမည်မှာ ဖေးချောင် ဖြစ်၏။ သူသည် ငယ်စဉ်ကတည်းက ကာရေဘီယံပင်လယ်ရှိ ကျွန်းငယ်လေးတစ်ခုတွင် နေထိုင်ခဲ့သူ ဖြစ်သည်။ နောက်ပိုင်းတွင် သူ၏ မိဘများ မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့ပြီးနောက် မည်သို့မည်ပုံ ပင်လယ်ဓားပြ ဖြစ်လာခဲ့သည်ကို မမှတ်မိသော်လည်း နောက်ဆုံးတွင် လူအင်အားဒါဇင်ပေါင်းများစွာကို အုပ်ချုပ်ရသော ပင်လယ်ဓားပြခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။
ပင်လယ်ဓားပြဆိုသည်မှာ အထူးသဖြင့် ကာရေဘီယံပင်လယ်တွင် အလွန် ဘေးအန္တရာယ်များလှသော အသက်မွေးဝမ်းကျောင်းတစ်ခုပင် မဟုတ်ပါလား။ အမှန်အတိုင်းဆိုလျှင် ဖေချောင်းသည် သူ၏ယခင်ဘဝ၌ မည်သို့သေဆုံးခဲ့သည်ကို ကောင်းကောင်း မမှတ်မိတော့ပေ။ သူမှတ်မိသမျှမှာ ထိုနေ့က ရွက်လွှင့်ခဲ့ပြီးနောက် ခဏချင်းမှာပင် အလွန်တောက်ပသော အလင်းတန်းတစ်ခု ပေါ်လာကာ ဘာကိုမှ မသိတော့ခြင်းသာ ဖြစ်လေတော့သည်။