အခန်း ၄ - လေးလောင်းပြိုင် သတ်ဖြတ်ခြင်း
ဖုန်းပုစီး ထိုနေရာငါးခုအား လေ့လာစူးစမ်းရင်း မိမိ၏ ပြန်လည်ဝင်စားခြင်းမှတ်ဉာဏ်များ နိုးထလာစေရန် အရေးပါသောအဆင့်ကို မကြာမီ တက်လှမ်းနိုင်တော့မည်ဟု ကြိုတင်အာရုံရနေလေသည်။
ဤနေရာ၌ ဆောင်းဦးရာသီ ရောက်ရှိနေပြီဖြစ်ရာ ဘုဇပတ်တောအုပ်အတွင်းမှ သစ်ရွက်များ တဖွဲဖွဲကြွေကျနေပြီး၊ ပျက်စီးယိုယွင်းနေသော မြို့ဟောင်း ၏ ကောင်းကင်ယံကိုလည်း မပြယ်လွင့်နိုင်သော မြူခိုးများက အစဉ်အမြဲ ဖုံးလွှမ်းထားလေသည်။
မြူခိုးများထဲသို့ ပိုမိုနက်ရှိုင်းစွာ တိုးဝင်လာသည်နှင့်အမျှ တီးတိုးရေရွတ်သံများက ပိုမိုပီပြင်လာ၏။ ထိုထူးဆန်းသော ရေရွတ်သံများသည် ထူထပ်သော တောအုပ်အတွင်း အစဉ်မပြတ် ရိုက်ခတ်နေပြီး ပုံစံအမျိုးမျိုး ပြောင်းလဲနေကာ၊ ဖုန်းပုစီးသည်လည်း ထူးခြားသော အာရုံခံစားမှုတစ်ခုကို သတိပြုမိလိုက်လေသည်။
မြူခိုးများအတွင်းသို့ နှစ်ကီလိုမီတာခန့် လျှောက်လှမ်းပြီးနောက် ဖုန်းပုစီး ခဏရပ်တန့်လိုက်၏။
“ဂေါ်ဘလင်တွေများလား။ သူတို့က ငါ့ရဲ့ အရေးပါတဲ့အဆင့်အတွက် အထောက်အကူ ဖြစ်မလားပဲ…”
ဖုန်းပုစီး၏ နှုတ်ခမ်းအစုံ အနည်းငယ်ကွေးညွတ်သွားပြီး တောလမ်း၏ ဘေးတစ်ဖက်တစ်ချက်ဆီသို့ ဝေ့ဝဲကြည့်လိုက်လေသည်။
ကျဉ်းမြောင်းသော တောလမ်း၏ ဘေးတစ်ဖက်တစ်ချက်ရှိ သစ်ရွက်ခြောက်ပုံများနှင့် သစ်ပင်များနောက်တွင် အသားရောင် စိမ်းဖန့်ဖန့်ရှိသော သားရဲလေးကောင် ပုန်းကွယ်နေကြ၏။ ၎င်းတို့သည် ဖုန်းပုစီး လွန်ခဲ့သော ခုနစ်ရက်ကတည်းက လိုက်လံရှာဖွေနေခဲ့သော်လည်း မတွေ့ရှိခဲ့သည့် ဂေါ်ဘလင်များပင် ဖြစ်ကြသည်။
ဂေါ်ဘလင်လေးကောင်သည် သားကောင် ထောင်ချောက်ထဲ သက်ဆင်းလာမည့်အချိန်ကို စောင့်ဆိုင်းနေသော ဝါရင့်မုဆိုးများကဲ့သို့ အလွန်တိတ်ဆိတ်ငြိမ်သက်နေကြ၏။
လမ်းပေါ်တွင် လူသားတစ်ဦးတည်းသာ ဖြတ်သန်းသွားလာနေခြင်းဖြစ်ပြီး ဤလူသားသည် သန်မာပုံမရဘဲ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာလည်း အလွန်အားနည်းကာ ဖျားနာနေသူနှင့် တူလှသဖြင့် ဂေါ်ဘလင်များအား အနည်းငယ် စိတ်ပျက်သွားစေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အစပျိုးမြို့က လူသားများကို လိုက်လံဖမ်းဆီးခဲ့ရာမှ သူတို့သည် အမဲလိုက်ခြင်း၏ အရသာကို စွဲလန်းနေကြပြီ ဖြစ်၏။ သူတို့သည် ပိုမိုသန်မာသော လူသားများကိုသာ အမဲလိုက်လိုကြသည် ယင်းက သူတို့အား ပိုမိုစိတ်လှုပ်ရှားစေသောကြောင့်ပင်။
ဤလူသားမျ အမှန်တကယ်ပင် အားနည်းလွန်းနေပုံရ၏။ သို့သော်လည်း မည်မျှပင် အားနည်းသော သားကောင်ဖြစ်စေကာမူ ဂေါ်ဘလင်တို့သည် သူတို့၏ အင်အားအပြည့်ကို အသုံးပြု၍ တိုက်ခိုက်ကြမည်သာ ဖြစ်လေသည်။
“ဒီကောင်တွေ မလှုပ်ရှားကြသေးဘူးလား ဒါမှမဟုတ် ငါက တစ်ယောက်တည်းမို့လို့ တိုက်ခိုက်ဖို့ မတန်ဘူးလို့ ထင်နေတာများလား...”
မိမိကပင် စတင်တိုက်ခိုက်ရမလားဟု ဖုန်းပုစီး တွေးတောနေမိ၏။ လမ်းဘေးဝဲယာတွင် ချုံခိုနေသော ဂေါ်ဘလင်များကို ကျော်လွန်လာခဲ့သော်လည်း သူ့အား ချောင်းမြောင်းတိုက်ခိုက်ခြင်း မပြုကြသေးပေ။
သူသည် ထိုသို့ ပုန်းကွယ်နေသော ဂေါ်ဘလင်များကို မြူခိုးများအတွင်း လွင့်ပျံ့နေသော ရေရွတ်သံများကြောင့် သိရှိခဲ့ခြင်း ဖြစ်၏။ အမှန်စင်စစ် ဖုန်းပုစီးသည် ထိုရေရွတ်သံများ၏ ထူးခြားချက်ကို မကြာသေးမီကမှ သိရှိခဲ့ခြင်း ဖြစ်သည်။
ရေရွက်သံများသည် မြူခိုးများမှတစ်ဆင့် အစဉ်မပြတ် ပျံ့နှံ့နေကြခြင်းဖြစ်၏။ ထိုအသံများသည် သက်ရှိသတ္တဝါများနှင့် တွေ့ကြုံသောအခါ လင်းနို့များ၏ အသံလွန်လှိုင်းတုံ့ပြန်မှု သို့မဟုတ် ရေငုပ်သင်္ဘောများ၏ ဆိုနာစနစ်ကဲ့သို့ အထူးပြောင်းလဲမှုအချို့ကို ဖြစ်ပေါ်စေသည်။ သာမန်လူတစ်ဦးအဖို့မူ ထိုသို့သော အပြောင်းအလဲများကို သိရှိနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
အကြောင်းမှာ ၎င်းအသံများသည် အလွန်ဆန်းကျယ်၍ အချိန်ကြာမြင့်စွာ နားထောင်မိပါက ခေါင်းမူးဝေခြင်း၊ အတွေးအာရုံဝေဝါးခြင်းနှင့် စိတ်အာရုံချောက်ချားခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့်ပင်။ လူသားတို့သည် များသောအားဖြင့် တေးတိုးရေရွတ်သံများကို ခုခံတွန်းလှန်ကြပြီး ယင်းတို့၏ လွှမ်းမိုးမှုကို မခံရစေရန် ကြိုးစားနေကြရသဖြင့် ဖုန်းပုစီးကဲ့သို့ မည်သူမျှ သေချာအာရုံခံခြင်း မရှိကြချေ။
သာမန်လူများအဖို့ ထိုအသံများအတွင်း၌ “မင်း စွမ်းအားတွေ ပိုင်ဆိုင်ချင်သလား..” ဆိုသော အရိပ်အမြွက် ပါဝင်နေသည်ကိုပင် သိရှိနိုင်ရန် အလွန်ခက်ခဲလှသည်ဟု ဆိုနိုင်သည်။
လက်ရှိတွင် အစပျိုးမြို့ရှိ လူပေါင်းနှစ်သောင်းအနက် မြူခိုးတီးတိုးသံများတွင် စွမ်းအားရရှိနိုင်မည့် သဲလွန်စများ ပါဝင်နေသည်ကို လူအနည်းငယ်သာ သိရှိကြပြီး ထိုသူတို့ သိရှိသော သဲလွန်စများသည်လည်း အလွန်ဝေဝါးလှပေသည်။
သူတို့သည် ထိုတေးတိုးသံများ၌ အသံအနေထားငါးမျိုးရှိပြီး နေရာငါးခုမှ မြစ်ဖျားခံလာသည်ကို လုံးဝမသိရှိကြသည့်အပြင် ပိုမိုမြင့်မားသော ဆိုနာကဲ့သို့ အာရုံခံနည်းစနစ်ကိုလည်း တတ်မြောက်ခြင်း မရှိကြပေ။
အတိုချုပ်ဆိုရလျှင် ဖုန်းပုစီးသည် ထို ဆိုနာကဲ့သို့သော စွမ်းရည်ကို အသုံးပြု၍ ပုန်းကွယ်နေသော ဂေါ်ဘလင်လေးကောင်ကို အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်လေသည်။
ဖုန်းပုစီး မိမိဘက်မှ စတင်တိုက်ခိုက်ရမလားဟု ဝေခွဲမရဖြစ်နေစဉ် သူ့အရှေ၌ ဂေါ်ဘလင်တစ်ကောင် ပေါ်လာပြီး လမ်းအား ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရ၏။
“ထပ်ပြီး စဉ်းစားနေစရာ မလိုတော့တာပေါ့ ”
ဤဂေါ်ဘလင်သည် အရပ် ၅ ပေခန့်ရှိပြီး ဂေါ်ဘလင်လေးကောင်အနက် ခပ်သွယ်သွယ် ဖြစ်သည်။ ၎င်းသည် ဟောင်းနွမ်းနေသော သားရေချပ်ဝတ်အား ဝတ်ဆင်ထားပြီး သံဓားတိုတစ်လက်ကို ကိုင်ဆောင်ထားသည်။
ဂေါ်ဘလင်၏ မျက်လုံးများသည် ရန်လိုမှု ပြင်းထန်နေပြီး သံဓားတိုကို ဘယ်လက်မှ ညာလက်သို့၊ ညာလက်မှ ဘယ်လက်သို့ ပြောင်းလဲကိုင်ဆောင်ကာ လည်ချောင်းအတွင်းမှလည်း တဂုဂု အသံများ ထွက်ပေါ်နေ၏။ ၎င်းမှာ ဖုန်းပုစီးအား တောရိုင်းထဲတွင် ဝံပုလွေအုပ်နှင့် ရင်ဆိုင်ခဲ့ရသော အတွေ့အကြုံကို ပြန်လည်သတိရသွားစေသည်။
ယခု လမ်းပိတ်ထားသော ဂေါ်ဘလင်နှင့် ထိုတောရိုင်းဝံပုလွေတို့၏ မျက်လုံးချင်းမှာ အလွန်တူလှပေသည်။
“ ရွှီး.. ”
မြားတစ်စင်း လျင်မြန်စွာ လွင့်ပျံလာ၏။ လမ်းပိတ်ထားသော ဂေါ်ဘလင်သည် တိုက်ခိုက်တော့မည့်ဟန် ပြနေသော်လည်း ၎င်းမှာ အာရုံလွှဲရန်သာ ဖြစ်ပြီး အမှန်တကယ် သေစေနိုင်သော တိုက်ခိုက်မှုမှာ နောက်ဖက်စောင်းစောင်းရှိ ဂေါ်ဘလင်မြားပစ်သမားထံမှ လာခြင်းဖြစ်လေသည်။
သို့သော် ဖုန်းပုစီးသူ၏ ခန္ဓာကိုယ်ကို အနည်းငယ် တိမ်းစောင်းလိုက်သဖြင့် ဦးခေါင်းကို ထိမှန်ရမည့် မြားမှာ လွဲချော်သွားလေသည်။
ထိုသို့တွေ့လိုက်ရသောအခါ လမ်းပိတ်ထားသော ဂေါ်ဘလင်သည် အော်ဟစ်လိုက်ပြီး သံဓားတိုကို ဘယ်လက်မှ ညာလက်သို့ လွှဲပြောင်းကိုင်ဆောင်လိုက်ကာ ခန္ဓာကိုယ်ကို နိမ့်ချ၍ ဖုန်းပုစီး၏ လည်ချောင်းဆီသို့ ဦးတည်ကာ အပြင်းအထန် ထိုးနှက်လိုက်လေသည်။
သို့သော် ရှေ့သို့ တိုးဝင်လာစဉ် ပစ်မှတ်ထားခဲ့သော လူသား၏ လည်ချောင်းသည် မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။ လည်ချောင်းသာမက တစ်ကိုယ်လုံးပင် သူ၏ ရှေ့မှ ပျောက်ကွယ်သွားခြင်း ဖြစ်လေသည်။
“ အပေါ်မှာ ”
ဂေါ်ဘလင်သည် ခေါင်းပေါ်ရှိ တစ်ခုခုကို ရုတ်တရက် သတိထားမိလိုက်၏။ သတိထားမိပြီးချက်ချင်းတွင်ပင် မိမိ၏ လည်ပင်းကို ကြီးမားသော ခွန်အားတစ်ခုက ဆုတ်ကိုင်ထားသည်ဟု ခံစားလိုက်ရသည်။ အရိုးများ ကျိုးကြေသွားသည့် အသံနှင့်အတူ လမ်းပိတ်ထားသော ဂေါ်ဘလင်၏ အသိစိတ်များ ပျောက်ကွယ်သွားပြီး သေဆုံးသွားလေတော့သည်။
မြားပစ်ခံရသည်နှင့် တစ်ပြိုင်နက် ဖုန်းပုစီးသည် မိမိခန္ဓာကိုယ်ပေါ်ရှိ ကန့်သတ်ချက်အားလုံးကို ဖွင့်ချလိုက်ခြင်း ဖြစ်၏။
ပုံမှန်စားသောက်ခြင်း မရှိဘဲ ခုနစ်ရက်ကြာ ဖြတ်သန်းခဲ့ရသဖြင့် သူ၏ ခန္ဓာကိုယ်မှာ အလွန်အားနည်းနေသော်လည်း ကန့်သတ်ချက်များ ချိုးဖျက်လိုက်ခြင်းက ခွန်အား၊ မြန်ဆန်မှုနှင့် တုံ့ပြန်မှုများကို ဘက်စုံတိုးတက်စေခဲ့လေသည်။
တိုက်ခိုက်ပွဲဖြစ်မည့် နေရာအား အကဲခတ်ပြိးနောက် သူသည် မြားကို အလွယ်တကူ ရှောင်တိမ်းကာ လမ်းပိတ်ထားသော ဂေါ်ဘလင် တိုးဝင်လာစဉ် အပေါ်သို့ မြင့်မားစွာ ခုန်တက်ပြီး ဂေါ်ဘလင်၏ လည်ပင်းကို ဆုပ်ကိုင်၍ လိမ်ချိုးလိုက်ခြင်း ဖြစ်၏။
လမ်းပိတ်ထားသော ဂေါ်ဘလင်ကို သတ်ဖြတ်ပြီးနောက် ဖုန်းပုစီး ဂေါ်ဘလင်မြားပစ်သမားဆီသို့ အပြေးသွားလေသည်။ ထိုအချိန်တွင် ဂေါ်ဘလင်မြားပစ်သမားသည် အခြားမြားတစ်စင်းကို ကောက်ယူနေသော်လည်း ၎င်း၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ လွှမ်းမိုးနေပြီ ဖြစ်၏။
ဂေါ်ဘလင်က လေးကို အပြည့်ဆွဲ၍ ဒုတိယမြားကို မပစ်နိုင်မီမှာပင် ဖုန်းပုစီး ၎င်း၏ လက်ထဲမှ မြားကို လုယူလိုက်သည်။ ဂေါ်ဘလင်၏ ထိတ်လန့်နေသော မျက်လုံးများအား မြားဖြင့် ထိုးစိုက်လိုက်ပြီး ဦးနှောက်အတွင်းထိ နက်ရှိုင်းစွာ ထိုးသွင်းလိုက်၏။
ဂေါ်ဘလင်မြားပစ်သမား၏ ခန္ဓာကိုယ်သည် နှစ်ကြိမ်ခန့် အကျောငင် ပြီးနောက် လဲကျသွားလေသည်။ ဖုန်းပုစီး ရှေ့သို့ ဆက်လက်တိုးဝင်သွားရာ ဂေါ်ဘလင်မြားပစ်သမား၏ အလောင်း မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် တတိယမြောက် ဂေါ်ဘလင်ရှိရာသို့ ရောက်ရှိသွားပြီ ဖြစ်၏။
တတိယမြောက် ဂေါ်ဘလင်သည် ခန္ဓာကိုယ် အထွားဆုံးဖြစ်ပြီး အရပ် ၅ ပေ ၃ လက်မခန့် ရှိကာ ၎င်း၏ ခွန်အားမှာ သာမန်ဂေါ်ဘလင်များထက် သိသိသာသာ သာလွန်၍ အရွယ်ရောက်ပြီးသူ လူသားတစ်ဦးထက်ပင် အနည်းငယ် ပိုမိုသန်မာပုံရသည်။ သို့သော်လည်း ကန့်သတ်ချက်များ ချိုးဖျက်ထားသော ဖုန်းပုစီးနှင့် နှိုင်းယှဉ်ပါက များစွာ အားနည်းနေသေးပေသည်။
ဖုန်းပုစီးသည် ဂေါ်ဘလင်၏ ခါးအောက်ပိုင်းသို့ အပြင်းအထန် ကန်လိုက်ပြီးနောက် အနီးကပ် ချဉ်းကပ်ကာ ဂေါ်ဘလင်ကို လှဲသိပ်လိုက်ရင်း ၎င်း၏ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အားကုန် လိမ်ချိုးလိုက်လေသည်။
“ ဂျွတ် ”
၎င်း၏ လည်ပင်းကျိုးသွားပြီး တတိယမြောက် ဂေါ်ဘလင်လည်း အသက်ပျောက်သွားလေ၏။ ဖုန်းပုစီးသည် ထိုအကောင် လက်လွှတ်လိုက်သော လက်ကိုင်ပုဆိန်ကို ကောက်ယူကာ အနီးရှိ သစ်ရွက်ခြောက်ပုံဆီသို့သွား၍ ပုဆိန်ဖြင့် ခုတ်ချလိုက်လေသည်။
ထိုသစ်ရွက်ခြောက်ပုံထဲတွင် စတုတ္ထမြောက် ဂေါ်ဘလင် ပုန်းအောင်းနေခြင်း ဖြစ်၏။ ဤဂေါ်ဘလင်သည် အစမှအဆုံး မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ဘဲ အခွင့်အရေးကို စောင့်ဆိုင်းနေခြင်း သို့မဟုတ် ကြောက်ရွံ့လွန်းသဖြင့် မလှုပ်ရှားနိုင်ခြင်း တစ်ခုခု ဖြစ်ပေလိမ့်မည်။
ထိတ်လန့်နာကျင်စွာ အော်ဟစ်သံနှင့်အတူ သစ်ရွက်ခြောက်ပုံထဲ ပုန်းနေသော စတုတ္ထမြောက် ဂေါ်ဘလင်လည်း အသက်ဆုံးရှုံးသွားလေတော့သည်။
အချိန်အနည်းငယ်အတွင်းမှာပင် ဂေါ်ဘလင် လေးကောင်လုံး သေဆုံးသွားခဲ့လေပြီ။ ဂေါ်ဘလင်များ သေဆုံးသွားသည်နှင့်အမျှ မိမိခန္ဓာကိုယ်အတွင်းသို့ တစ်စုံတစ်ခု စီးဝင်လာသည်ကို ဖုန်းပုစီးခံစားလိုက်ရသည်။ ၎င်းမှာ ရင်ပြင်အလယ်တွင် သူအသုံးပြုခဲ့သော ချောက်နက်အမှတ်များ ဖြစ်ပေလိမ့်မည်။
မြို့ပြင်ရှိ ဤသားရဲများကို အမဲလိုက်ခြင်းမှာ ချောက်နက်အမှတ်များ ရရှိနိုင်သော နည်းလမ်းတစ်ခု ဖြစ်ပုံရသည်။
ဖုန်းပုစီး ကန့်သတ်ချက်များ ချိုးဖျက်ထားသော အခြေအနေကို ပယ်ဖျက်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ခါသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
ပြင်းထန်၍ စူးရှသော နာကျင်မှုသည် သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ဖုန်းပုစီး၏ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးအချို့ စိမ့်ထွက်နေလေသည်။
မြေပြင်မှထရပ်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မထိန်းနိုင်ဘဲ ပြန်လည်လဲကျသွား၏။ ကန့်သတ်ချက်များကို အပြည့်အဝ ချိုးဖျက်ခြင်း၏ တန်ပြန်ရိုက်ခတ်မှုမှာ အလွန်ကြီးမားလှပေသည်၊ အထူးသဖြင့် ယခုကဲ့သို့ အားနည်းနေချိန်တွင် ပို၍ပင် ဆိုးရွားလှ၏။
မိနစ်အနည်းငယ် ကြာပြီးနောက်မှသာ ဖုန်းပုစီး မြေပြင်မှ ခဲယဉ်းစွာ ပြန်လည်ထရပ်နိုင်လေသည်။
“ခုနစ်ရက်လုံးလုံး ပုံမှန်အစားအစာ မစားရတာက ငါ့အပေါ်မှာ တော်တော်လေး သက်ရောက်မှု ရှိတာပဲ၊ ပြီးတော့ ငါရဲ့ တိုက်ခိုက်ရေးနည်းလမ်း တွေကိုလည်း သိပ်မလေ့ကျင့်ရသေးဘူး။ ကန့်သတ်ချက် ချိုးဖျက်ပြီး ရလာတဲ့ စွမ်းအားကိုပဲ အားကိုးနေရတာ။ မဟုတ်ရင် ဒီလိုလေးကောင်အတွက်နဲ့တော့ ခုလိုမျိုး ဖြစ်ပျက်နေစရာမလိုဘူး”
ဖုန်းပုစီးဂေါ်ဘလင်အလောင်း တစ်ခုဆီသို့ ခဲယဉ်းစွာ သွားရောက်ပြီး ၎င်း၏ လည်ပင်းအား အားကုန် ကိုက်လိုက်လေသည်။ သူ၏ ခန္ဓာကိုယ် အာဟာရဓာတ်အချို့ လိုအပ်နေသောကြောင့် ဖြစ်၏။
နွေးထွေးသော သွေးများသည် သူ၏ လည်ချောင်းမှတစ်ဆင့် အစာအိမ်အတွင်းသို့ စီးဝင်သွားလေသည်။ အတန်ကြာပြီးနောက် ဖုန်းပုစီး သူ၏ ပါးစပ်ကို သုတ်လိုက်ပြီး ပြုံးလိုက်၏။
လက်ရှိတွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ အလွန်ဆိုးရွားနေသော်လည်း ဤအခြေအနေမျိုးကပင် မြူခိုးများအတွင်းရှိ ထူးဆန်းသော တီးတိုးသံများကို ပိုမိုပီပြင်စွာ ခံစားရစေပြီး ပြန်လည်ဝင်စားခြင်းမှတ်ဉာဏ်များ နိုးထလာစေရန် အရေးပါသော ခြေလှမ်းသို့ ပိုမိုနီးကပ်စေခဲ့လေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ဖုန်းပုစီးသည် သူ၏ အတွင်းစိတ်အာရုံခံစားချက်အတိုင်း ဦးတည်ချက် ပြောင်းလဲလိုက်၍ တီးတိုးသံများ အဝေးဆုံးထွက်ပေါ်လာရာ အရပ်သို့ ရွေးချယ်ကာ မြူခိုးများအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဆက်လက်တိုးဝင်သွားလေတော့သည်။