အခန်း (၃) - ခုနစ်ရက်တာ တိတ်ဆိတ်ငြိမ်သက်ခြင်း
“[အခြေခံကျင့်ကြံမှု အထောက်အကူ] ကဏ္ဍအတွက် ချောက်နက်အမှတ် ၂၅ မှတ် လိုတယ်ဆိုတော့၊ ဒီချောက်နက်အမှတ်တွေက ငွေကြေးပုံစံတစ်မျိုးနေမယ်”
“ကျောက်သလင်းတုံးပေါ်က အချက်အလက်တွေမှာ လူသားမျိုးနွယ်လို့ သီးသန့်ဖော်ပြထားတာကို ကြည့်ရင် အတိအလင်း မပြောထားပေမဲ့ ဒီကမ္ဘာမှာ လူသားတွေအပြင် တခြားမျိုးနွယ်တွေလည်း ရှိနေနိုင်သေးတယ်ဆိုတဲ့ သဘောပဲ”
ဖုန်းပုစီး မိမိဘာသာ တိုးတိုးရေရွတ်ရင်း အလင်းမျက်နှာပြင်ပေါ်ရှိ အခြားရွေးချယ်စရာများကို ဆက်လက်ကြည့်ရှုနေလိုက်သည်။ [ရိက္ခာ] ဟူသော ကဏ္ဍကို စိတ်အာရုံဖြင့် နှိပ်လိုက်သောအခါ အလင်းမျက်နှာပြင် ပြောင်းလဲသွားပြီး ရွေးချယ်စရာ သုံးခု ပေါ်လာလေသည်။ ၎င်းတို့မှာ [ရှင်သန်ရုံရိက္ခာ]၊ [အဝစားရိက္ခာ] နှင့် [တော်ဝင်ရိက္ခာ] တို့ ဖြစ်ကြ၏။
[ရှင်သန်ရုံရိက္ခာ] အတွက် ချောက်နက်အမှတ် ၁ မှတ်၊ [အဝစားရိက္ခာ] အတွက် ၅ မှတ် နှင့် [တော်ဝင်ရိက္ခာ] အတွက် ၂၅ မှတ် အသီးသီး လိုအပ်ပေသည်။ ရမှတ်များဖြင့် လဲလှယ်ရသော ရိက္ခာများမှာ အမျိုးအစား တစ်မျိုးတည်းမဟုတ်ပေ။
ထိုအချိန်တွင် ရင်ပြင်၌လည်း ရိက္ခာ လဲလှယ်နေကြသူများ ရှိနေသည်။ ဖုန်းပုစီး၏ လေ့လာမှုအရ ရှင်သန်ရုံရိက္ခာတွင် ပေါင်မုန့်၊ ဘီစကစ်၊ ပေါက်စီ၊ ဆန်ပြုတ်နှင့် အချဉ်များ ပါဝင်လေ့ရှိပြီး ပလတ်စတစ်အိတ်များဖြင့် ရိုးရိုးရှင်းရှင်း ထုပ်ပိုးထားတတ်သည်။
အဝစားရိက္ခာတွင်တော့ ထမင်း၊ ဟင်းနှင့် စွပ်ပြုတ် သို့မဟုတ် အချိုရည်များ ပါဝင်ကာ တစ်ခါသုံး ပန်းကန်ခွက်ယောက်များလည်း ပါရှိပြီး ပမာဏမှာလည်း အတော်အတန် များပြားပေသည်။
တော်ဝင်ရိက္ခာမှာမူ အသားကင်၊ ပုစွန်ထုပ် သို့မဟုတ် ဂဏန်းကဲ့သို့သော ဈေးကြီးရိက္ခာများ ပါဝင်သည့်အပြင် သတ္တုဓား၊ ခက်ရင်း၊ အကင်တံစို့များနှင့် အရက်ပုလင်းများပါ ပါဝင်လေသည်။ ဟင်းလျာအမျိုးအစားများမှာ များပြားလှပြီး ကျပန်းရရှိပုံရ၏။ တရုတ်စာ၊ အနောက်တိုင်းစာနှင့် ကာရီဟင်းအနှစ်များပါ ပါဝင်နေသောကြောင့် မည်သည်ကို ရရှိမည်ဆိုသည်မှာ ကံတရား အပေါ်တွင်သာ မူတည်နေသည်။
ဖုန်းပုစီး ရှင်သန်ရုံရိက္ခာကိုသာ ရွေးချယ်လိုက်၏။ အနက်ရောင်ကျောက်သလင်းတုံး၏ အစွမ်းကြောင့် ဖုန်းပုစီးသည် တစ်စုံတစ်ခု ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအချိန်တွင် [ သတင်းအချက်အလက် ] ကဏ္ဍရှိ ချောက်နက်အမှတ်များမှာလည်း ၃၂၄ မှတ်မှ ၃၂၃ မှတ်သို့ ပြောင်းလဲသွားရာ သူယခုလေးတင် ဆုံးရှုံးလိုက်ရသည်မှာ ချောက်နက်အမှတ်များဖြစ်ကြောင်း သိသာလှပေသည်။
မကြာမီပင် ဖုန်းပုစီး၏ရှေ့ရှိ ဟင်းလင်းပြင်ထဲ၌ လှိုင်းတွန့်လေးများ ပေါ်လာပြီးနောက် ပေါင်မုန့်ရှည်တစ်ဝက်နှင့်အတူ ၂၅၀ မီလီလီတာခန့်ရှိသော ရေသန့်အိတ်လေးတစ်အိတ် ကျလာတော့သည်။ ဖုန်းပုစီးသည် ရေကို တစ်ကျိုက်တည်း သောက်လိုက်၏။ ရေမှာ အခန်းအပူချိန်အတိုင်းရှိပြီး ကျိုချက်ပြီးသား ရေအေးလေးနှင့် တူလှသည်။ ပေါင်မုန့်မှာမူ ဖိုထဲမှ ခုလေးတင် ထွက်လာသကဲ့သို့ နွေးနေသေးပြီး အရသာမှာလည်း အတော်လေး ကောင်းမွန်လှပေသည်။
ချောက်နက်အမှတ် ၃၂၃ မှတ်သာ ရှိတော့ပြီး ထိုအမှတ်များကို မည်သို့ထပ်မံရယူရမည်ကိုလည်း မသိသေးသော ဖုန်းပုစီးသည် [ အခြေခံကျင့်ကြံမှု အထောက်အကူ ] နှင့် [ ကုသခြင်း ] စွမ်းရည်များကို ချက်ချင်း စမ်းသပ်ခြင်းမပြုသေးပေ။
နောက်ဆုံးဖြစ်သော [ အဆင့်မြှင့်တင်ခြင်း ] ကဏ္ဍကို စိတ်အာရုံဖြင့် ထိတွေ့ကြည့်သောအခါတွင်မူ သူ၏ခန္ဓာကိုယ်မှာ ထူးဆန်းသောစွမ်းအင်များနှင့် တသားတည်း မဖြစ်သေးသဖြင့် လောလောဆယ်တွင် အသုံးမပြုနိုင်သေးကြောင်း၊ အချက်အလက်များကို ကြည့်ရှု၍မရနိုင်သေးကြောင်း အကြောင်းကြားစာ ပေါ်လာလေသည်။
သူ ပေါင်မုန့်ကို ဝါးရင်း ရင်ပြင်ပြင်ပသို့ လျှောက်လာခဲ့သည်။ ပေါင်မုန့်စားပြီးသွားချိန်တွင် ဖုန်းပုစီးသည် အစပျိုးမြို့၏ ဗဟိုရင်ပြင်မှ ထွက်ခွာလာခဲ့ပြီ ဖြစ်၏။ ရင်ပြင်အနီးတွင် နေထိုင်ခြင်းက [ အခြေခံကျင့်ကြံမှု အထောက်အကူ ] နှင့် [ ကုသခြင်း ] ဆိုင်ရာ သတင်းအချက်အလက်များကို ပိုမိုရရှိနိုင်စေမည် ဖြစ်သော်လည်း တစ်ဆင့်စကားထက် ကိုယ်တိုင်ကြုံရသည်က ပို၍ ထိရောက်ပေသည်။ ထိုစွမ်းရည်နှစ်ခုကို သူကိုယ်တိုင် စမ်းသပ်ရန် လိုအပ်ဦးမည်ဖြစ်ရာ ဤနေရာတွင် ဆက်နေစရာအကြောင်း မရှိတော့ပေ။
[ အခြေခံကျင့်ကြံမှုအထောက်အကူ ] နှင့် [ ကုသခြင်း ] လုပ်ဆောင်ချက်များကို မစမ်းသပ်မီ သူ၏ ပြန်လည်ဝင်စားခြင်းမှတ်ဉာဏ်များကို နိူးထရန် ဖုန်းပုစီး ဆုံးဖြတ်လိုက်သည်။ ထိုမှတ်ဉာဏ်များ နိုးထလာစေရန် မည်သို့လုပ်ရမည်ကို သူစိတ်ကူးရပြီးသားဖြစ်၏။ ၎င်းမှာ မြို့အစွန်ရှိ ထူးဆန်းသော မြူခိုးများပင် ဖြစ်သည်။
မြို့အပြင်ဘက်ရှိ မြူခိုးများထဲတွင် ချောက်ချားဖွယ်ရာ တီးတိုးရေရွတ်သံများ ရှိနေသည်။ ယခင်က စူးစမ်းခဲ့မှုများအရ ထိုထူးဆန်းသော ရေရွတ်သံအချို့၏ အဓိပ္ပာယ်ကို သူ အကြမ်းဖျင်း နားလည်ခဲ့သည်။ “မင်း စွမ်းအားတွေ ပိုင်ဆိုင်ချင်လား” ဟူ၍ ဖြစ်သည်။ ထိုရေရွတ်သံများကို နားစွင့်နေခြင်းက သူ၏ ပြန်လည်ဝင်စားခြင်းမှတ်ဉာဏ်များကို အနည်းငယ် နိုးကြွလာစေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ဖုန်းပုစီးသည် မြို့၏တောင်ဘက်ခြမ်းရှိ မြူခိုးများဖုံးလွှမ်းနေသော နယ်နိမိတ်သို့ ရောက်ရှိလာကာ တင်ပျဉ်ခွေ ထိုင်လိုက်လေသည်။ ဤနေရာမှာ မြို့ကို စူးစမ်းစဉ်က သူ ရွေးချယ်ထားခဲ့သော နေရာဖြစ်သည်။ မြို့၏ အရှေ့နှင့် အနောက်ဘက်တို့တွင် မြို့တံခါးများရှိပြီး မြောက်ဘက်နှင့် တောင်ဘက်တို့တွင်တော့ တံတိုင်းများဖြင့် ဝန်းရံထားသည်။ ဤနေရာမှာ တိတ်ဆိတ်ငြိမ်သက်လှသဖြင့် မည်သူမျှ သူ့အား အနှောင့်အယှက် ပေးနိုင်မည်မဟုတ်ပေ။
“အားသွင်းစရာလည်း မရှိဘူး၊ ဒီသီချင်းဖွင့်စက်က ဘယ်နှရက်ခံမလားပဲ”
ဖုန်းပုစီးသည် သီချင်းဖွင့်စက်ကို ပိတ်ကာ နားကြပ်ကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်၏။ သူသည် ‘နောက်ထပ် နှစ်ပေါင်းငါးရာလောက် ဆက်အသက်ရှင်ချင်တယ်’ ဟူသော သီချင်းကို နှစ်သက်ဆဲပင်။ ၎င်းမှာ သာမန်လူသားတစ်ဦး၏ အသက်ရှည်လိုသော ဆန္ဒကို ဖော်ပြနေခြင်း ဖြစ်သည်။
သူ အခြားအတွေးများကို ဖယ်ထုတ်ကာ မျက်စိမှိတ်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ ထို့နောက် မြူခိုးထဲမှ ရေရွတ်သံများကို အာရုံစိုက် နားစွင့်နေလိုက်၏။ သူ၏ စိတ်ထဲတွင် ရှုပ်ထွေးနေသော အတွေးများမှာ တဖြည်းဖြည်း လွင့်ပါးသွားလေသည်။ လေယူရာမှ ပါလာသော အသံများနှင့် မြူခိုးထဲမှ ပေါ်ထွက်လာသော ထူးဆန်းသည့် ရေရွတ်သံများမှာ ပို၍ ထင်ရှားလာတော့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ဖုန်းပုစီး မျက်စိဖွင့်လိုက်၏။ သူ အရင်က ခံစားခဲ့ရသည့်အတိုင်းပင် မြူခိုးထဲမှ ရေရွတ်သံများသည် သူ့အား စွမ်းအားများ ပိုင်ဆိုင်ချင်လားဟု မေးမြန်းနေပြီး ဝေဝါးသော လမ်းကြောင်းတစ်ခုဆီသို့ မသိမသာ လမ်းညွှန်နေကြသည်။ ထိုနေရာသို့ သွားမည်ဆိုလျှင် စွမ်းအားများကို ရရှိနိုင်မည့်ပုံရ၏။ ထိုရေရွတ်သံများထဲတွင် နှစ်မြှုပ်နေစဉ်မှာပင် သူ၏ ပြန်လည်ဝင်စားခြင်းမှတ်ဉာဏ်များမှာလည်း တစ်ဖန်ပြန်လည် နိုးကြွလာသကဲ့သို့ ခံစားလိုက်ရသည်။ မကြာမီပင် ဖုန်းပုစီး မျက်စိကိုပြန်မှိတ်ကာ စိတ်ကို ထပ်မံကြည်လင်စေပြီး မြူခိုးထဲမှ ထူးဆန်းသော ရေရွတ်သံများအား တည်ငြိမ်စွာ ဆက်လက် နားစွင့်နေလိုက်တော့သည်။
အချိန်များ ကုန်လွန်သွားခဲ့ရာ ခုနစ်ရက်နှင့် ခုနစ်ည ကြာပြီးနောက်တွင်လည်း ဖုန်းပုစီးမှာ မူလနေရာ၌ပင် ဆက်လက် ထိုင်နေဆဲ ဖြစ်၏။ ဤခုနစ်ရက်အတွင်း သူသည် ခန္ဓာကိုယ်လိုအပ်အတွက် နှင်းရည်အချို့နှင့် သစ်ခေါက်၊ သစ်မြစ် အနည်းငယ်တို့ကိုသာ စားသုံးခဲ့ပြီး ကျန်ရှိသော အချိန်များကို ထိုနေရာ၌ပင် ထိုင်နေခဲ့ခြင်း ဖြစ်သည်။ အနည်းငယ် ပိန်သွားသည်မှအပ အခြားပြောင်းလဲမှု မရှိဘဲ တက်ကြွသော လူငယ်လေးတစ်ဦးအသွင် ရှိနေဆဲပင်။
ညင်သာသော လေပြေနှင့်အတူ ဝေဝါးသော အရိပ်တစ်ခုသည် ဖုန်းပုစီး၏ဘေးမှ ဖြတ်ကျော်သွားပြီး ခပ်တိုးတိုး သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။ ဖုန်းပုစီး မျက်စိဖွင့်ကြည့်လိုက်ကာ အရိပ် လွင့်ပါးသွားသည့် ဘက်သို့ လှမ်းကြည့်လိုက်၏။ အမှန်တကယ်တော့ ဖုန်းပုစီးသည် ထိုအရိပ်ကို အစပိုင်းတွင် မမြင်နိုင်ခဲ့ပေ။ အရိပ်မှ ထွက်ပေါ်လာတတ်သော ထူးဆန်းသည့် သက်ပြင်းချသံများကိုသာ တစ်ခါတရံ ကြားခဲ့ရခြင်း ဖြစ်သည်။
လွန်ခဲ့သော ခုနစ်ရက်က မြို့ကို စူးစမ်းစဉ်ကလည်း သက်ပြင်းချသံ နှစ်ကြိမ်မျှကို သူ ခပ်ဝါးဝါး ကြားခဲ့ရဖူးသည်။ နောက်ပိုင်းတွင် မြို့အစွန်၌ လူသားများ ဂေါ်ဘလင်များ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဟူသော သတင်းကို ကြားရချိန်တွင်လည်း အလားတူ သက်ပြင်းချသံများ ကြားခဲ့ရသေးသည်။ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း မြူခိုးထဲမှ ရေရွတ်သံများကို အစဉ်တစိုက် နားစွင့်နေခဲ့ရာမှ ထိုထူးဆန်းသော အရာများနှင့် ပတ်သက်၍ သူ၏ နားလည်မှုမှာ တဖြည်းဖြည်း နက်ရှိုင်းလာခဲ့သည်။
လွန်ခဲ့သော လေးရက်ခန့်ကပင် သူသည် ဤဝေဝါးသော အရိပ်ကို စတင် မြင်တွေ့ခဲ့ရခြင်း ဖြစ်၏။ ဤအရိပ်မှာ လမ်းပျောက်နေသော ဝိညာဉ်တစ်ခုကဲ့သို့ လူသားတစ်ဦးနှင့် ခပ်ဆင်ဆင် တူလှသည်။ ထိုဝိညာဉ်သည် ပျက်စီးယိုယွင်းနေသော မြို့ဟောင်းအတွင်း လှည့်လည်သွားလာရင်း တစ်ခါတရံ သက်ပြင်းချတတ်သလို တစ်ခါတရံတွင်လည်း သူ၏ စိတ်ကူးများအား တစ်ယောက်တည်း ရေရွတ် ပြောဆိုနေတတ်သည်။
ဖုန်းပုစီး နေထိုင်သည့် နေရာမှာ အလွန်တိတ်ဆိတ်လှ၏။ မြို့၏တောင်ဘက်ခြမ်းမှာ တံတိုင်းကာရံထားသဖြင့် ဤခုနစ်ရက်အတွင်း လူသူဖြတ်သန်းမှု မရှိသလောက် နည်းပါးသော်လည်း ဤအရိပ်မှာ တံတိုင်းများကို ဖြတ်ကျော်နိုင်သောကြောင့် သူ့အနီးသို့ မကြာခဏ ရောက်ရှိလာတတ်ခြင်း ဖြစ်၏။
“နောက်တစ်ယောက် ထပ်ပြီး သေသွားပြန်ပြီလား”
ဖုန်းပုစီး စိတ်ထဲမှ တွေးလိုက်မိသည်။ ထိုအရိပ်၏ ကိုယ့်ဘာသာ ပြောဆိုနေမှုများမှာ အလွန်ထူးဆန်းလှပြီး မြူခိုးထဲမှ “မင်း စွမ်းအားတွေကို ပိုင်ဆိုင်ချင်လား” ဟူသော တိုးတိုးရေရွတ်သံများနှင့် ဆင်တူသော်လည်း အဓိပ္ပာယ်မှာတော့ လုံးဝ ကွဲပြားပေသည်။
ဖုန်းပုစီး ထိုအရိပ်၏ စကားများကို နားလည်နိုင်သည်။ အရိပ်၏ ပုံသဏ္ဌာန်ကို သူ စတင်မြင်တွေ့နိုင်သည်နှင့် ၎င်း၏ ဘာသာစကားကိုလည်း နားလည်သွားခဲ့ခြင်း ဖြစ်၏။ ထိုအရိပ်သည် လူသားများ သေဆုံးမှုအတွက် အမြဲတမ်း ဝမ်းနည်းပူဆွေးကာ သက်ပြင်းချနေတတ်ပြီး တစ်ခါတရံတွင် မိမိကိုယ်မိမိ အပြစ်တင်၍ မိမိ၏ အစွမ်းမဲ့မှုကို ညည်းတွားနေတတ်သည်။
သူ အကြာကြီး တွေးမနေတော့ဘဲ ထရပ်လိုက်၏။ အာဟာရဓာတ် ချို့တဲ့နေမှုကြောင့် ရုတ်တရက် ထရပ်လိုက်သည့်အခါ အနည်းငယ် ခေါင်းမူးသွားသော်လည်း ထိုခံစားချက်မှာ သည်းခံနိုင်သော အဆင့်တွင်သာ ရှိပေသည်။ ထို့နောက် ဖုန်းပုစီး မြူခိုးများအတွင်းသို့ ပိုမို နက်ရှိုင်းစွာ လျှောက်လှမ်းသွားတော့သည်။
ထိုသို့သွားခြင်းမှာ ဝေဝါးသော အရိပ်နောက်သို့ လိုက်ရန်မဟုတ်ဘဲ သူ၏ ပြန်လည်ဝင်စားခြင်းမှတ်ဉာဏ်များကို နိုးထလာစေရန် ဖြစ်သည်။ ရက်အတော်ကြာ မြူခိုးထဲမှ ရေရွတ်သံများကို နားစွင့်နေခဲ့ခြင်းက သူ၏ မှတ်ဉာဏ်များကို များစွာ နိုးကြွလာစေခဲ့သော်လည်း နောက်ဆုံးအဆင့်သို့ ရောက်ရန် အနည်းငယ်သာ လိုသေးသည်။ ဤနေရာမှာ ဆက်နေပြီး ဆင်ခြင်နေခြင်းမှာ အကျိုးမရှိတော့သဖြင့် မြူခိုးများအတွင်းသို့ ဝင်ရောက်ပြီး နောက်ဆုံးခြေလှမ်းကို လှမ်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ခုနစ်ရက်တာ နားစွင့်ခဲ့ပြီးနောက် မြူခိုးထဲမှ ရေရွတ်သံများ၏ သဘောကို သူ ပိုမို နက်ရှိုင်းစွာ နားလည်လာခဲ့သည်။ ထိုရေရွတ်သံများ၏ အဓိပ္ပာယ်မှာ “မင်း စွမ်းအားတွေ ပိုင်ဆိုင်ချင်လား” ဟူ၍ ဖြစ်သော်လည်း ထိုရေရွတ်သံများမှာ အသံနေအထား ကွဲပြားမှုများ ရှိနေသည်။
ဖုန်းပုစီးသည် ထိုရေရွတ်သံများထဲတွင် ကွဲပြားသော အသံနေအထား ငါးမျိုးကို ခွဲခြားနိုင်ခဲ့သည်။ ထိုအထဲမှ လေးမျိုးမှာ ပိုမို ထင်ရှားပြီး ကျယ်လောင်သော်လည်း ကျန်တစ်မျိုးမှာမူ အတော်လေး ဝေဝါးနေလေသည်။ ထိုအသံ ငါးမျိုးမှာ မတူညီသော နေရာငါးခုဆီသို့ အသီးသီး ညွှန်ပြနေကြခြင်းပင် ဖြစ်၏...။