အခန်း (၂၉) - စတော့ဟုမ်း ကျင့်စဉ်
မျက်နှာထား တည်တင်းနေသော အရိပ်ကို ကြည့်ရင်း ဖုန်းပုစီး ရှင်းပြလိုက်သည်။
"အစကတော့ လွန်ခဲ့တဲ့ သုံးရက်ကတည်းက ကျိန်စာဖြေဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ ဆက်ပြီး စမ်းသပ်စရာလေး ရှိသေးလို့ လောလောဆယ်တော့ ဒီကျိန်စာကိုထားထား လိုက်ဦးမယ်"
ဖုန်းပုစီး၏ အဖြေကို ကြားရသောအခါ အရိပ်မှာ ပို၍ပင် မကျေမနပ် ဖြစ်သွားတော့သည်။
လူသားမျိုးနွယ်အချင်းချင်း သတ်ဖြတ်ခြင်းကို တားမြစ်ထားသည့် ဤကျိန်စာသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။ ဤကျိန်စာနှင့် ထိတွေ့မိသော သာမန်လူအများစုမှာ ၎င်း၏ သက်ရောက်မှုကြောင့် စိတ်ဖောက်သွားတတ်ကြပြီး မြို့ပြင်ရှိ မြူခိုးများထဲသို့ ရူးသွပ်စွာ ပြေးဝင်သွားကာ သားရဲများ၏ ကိုက်ဖြတ်ခြင်း ခံကြရသည်။
အကယ်၍ ပထမလှိုင်းမှ အံ့သြဖွယ်ရာ အသက်ရှင်ကျန်ရစ်ခဲ့လျှင်ပင် သူတို့၏ နားထဲတွင် ကျိန်စာကြောင့် ဖြစ်ပေါ်လာသော ရေရွတ်သံများမှာ အဆက်မပြတ် မြည်ဟီးနေလိမ့်မည်။ မြူခိုးထဲသို့ မဝင်မချင်း ထိုအသံများမှာ ဘယ်တော့မှ ရပ်တန့်သွားမည်မဟုတ်ဘဲ မြူခိုးထဲသို့ ဝင်ပြန်လျှင်လည်း ရူးသွပ်နေသော သားရဲများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ပုံမှန်အားဖြင့် ကျိန်စာဖြေရန် အခွင့်အရေးရှိလျှင် လည်ပင်းထက်၌ တင်ထားသော ဓားသဖွယ် ထိုကျိန်စာအား ဖယ်ရှားရန် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို သုံးကြမည်မှာ မလွဲဧကန်ပင်။ သို့သော် ဖုန်းပုစီးမှာမူ လွန်ခဲ့သော ၁၀ ရက်ကပင် ယစ်ပူဇော်ရန် လုံလောက်သော ပစ္စည်းများ စုဆောင်းမိနေပြီ ဖြစ်သော်လည်း ကျိန်စာဖြေရန် အရိပ်အယောင်ပင် မပြခဲ့ပေ။
မှန်ပါသည်၊ လွန်ခဲ့သော ၁၀ ရက်ကတည်းကပင်။
ဝမ်ချန်းအား သတ်ပြီးနောက်တစ်နေ့မှာပင် ဖုန်းပုစီးနှင့် ဖေးချောင်တို့ ဂေါ်ဘလင် ဦးခေါင်းပေါင်း ၅၀၀ နီးပါးကို စုဆောင်းခဲ့ကြပြီး ၎င်းမှာ လိုအပ်သော ယစ်ပူဇော်ရန် ပမာဏထက် ၅ ဆ ပိုများနေသည်။
ထိုနေ့မနက်က သူ မည်မျှအထိ မျှော်လင့်တကြီး စိတ်လှုပ်ရှားစွာဖြင့် ဖုန်းပုစီးနှင့် ဖေးချောင်တို့ နောက်သို့ လိုက်ပါခဲ့သည်ကို အရိပ် မှတ်မိနေဆဲ ဖြစ်သည်။ သူတို့နှစ်ဦးမှာ ဂေါ်ဘလင် ဦးခေါင်းများကို တစ်နာရီကျော်ကြာ သယ်ယူပို့ဆောင်ခဲ့ပြီး နောက်ဆုံးတွင် မြို့တောင်ဘက်ရှိ မြေကွက်လပ်သို့ အားလုံး ရွှေ့ပြောင်းပြီးစီးခဲ့သည်။
သို့သော်လည်း နောက်ပိုင်းတွင် ထိုဦးခေါင်းများမှာ ပုပ်သိုးကုန်တော့သည်။
ဖုန်းပုစီးသည် ထိုဦးခေါင်းများကို မြို့လယ်ရင်ပြင်ရှိ ကျောက်စာတိုင်သို့ ပူဇော်ရန် လုံးဝ စိတ်မကူးခဲ့ပေ။ သူသည် ၎င်းတို့ကို ပုံထားရုံသာ ပုံထားပြီး လျစ်လျူရှုထားခဲ့သည်။ နောက်တစ်နေ့တွင် သူ ပြန်ရောက်လာသောအခါ ထိုဦးခေါင်းများမှာ ပုပ်သိုးနေပြီဖြစ်ပြီး ဖုန်းပုစီးနှင့် ဖေးချောင်တို့မှာလည်း ဂေါ်ဘလင် ၅၀၀ ကျော်ကို ထပ်မံ သတ်ဖြတ်ခဲ့ကြပြန်သည်။
စုစုပေါင်း ဂေါ်ဘလင် ဦးခေါင်း ၁၀၀၀ ခန့်ကို ဖုန်းပုစီးက စွန့်ပစ်ခဲ့သည်။ အရိပ်က တစ်နေ့လုံး တောင်းပန်တိုးလျှိုးခဲ့သော်လည်း ဖုန်းပုစီးမှာ ဂရုမစိုက်ခဲ့ပေ။ ထို့နောက်တွင် ဖုန်းပုစီးသည် ဤသို့လုပ်ခြင်းမှာ အနည်းငယ် နှမြောစရာကောင်းသည်ဟု ရိပ်မိသွားပုံရကာ ဤတွင်းကြီးကို တူးပြီး ဂေါ်ဘလင် ဦးခေါင်းများကို စနစ်တကျ ပြုပြင်ကာ သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ထိုတွင်းကြီးမှာ ပြည့်လျှံနေပြီ ဖြစ်သော်လည်း ဖုန်းပုစီးမှာ မည်သည့် လှုပ်ရှားမှုမျှ မပြသေးပေ။ ထိုဦးခေါင်းများကို ပုပ်မသိုးစေရန် နည်းလမ်းအချို့ဖြင့် စီမံထားပြီး အတွင်းမှ သွေးသားအချို့ကို ဖယ်ရှားထားသော်လည်း မြူခိုးများ၏ လှုံ့ဆော်မှုကြောင့် ထိုဦးခေါင်းများမှာ ပုပ်သိုးသွားနိုင်ပေသည်။
မှန်ပါသည်၊ ဤအချိန်၌ တွင်းအောက်ခြေရှိ ဦးခေါင်းအချို့မှာ စတင် ပုပ်သိုးနေပြီ ဖြစ်သည်။ အရိပ်သည် ဖုန်းပုစီး၏ ရှေ့တွင် မကျေမနပ်ဖြင့် ရပ်နေခဲ့၏။ သူသည် ဖုန်းပုစီး၏ စိတ်ကို ပြောင်းလဲစေရန်နှင့် ကျိန်စာကို အမြန်ဆုံး ဖြေခိုင်းရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ သူ ပြောသမျှကို ဖုန်းပုစီးက လျစ်လျူရှုမည်မှန်း သိနေသော်လည်း သူ ဆက်လက် ကြိုးစားနေခဲ့သည်။ အကြောင်းမှာ ဖုန်းပုစီးမှလွဲ၍ သူ့တွင် ဆက်သွယ်ပြောဆိုရန် အခြားသူ မရှိသောကြောင့်ပင်။
"ဆရာဖုန်း... သူ ခုနက ပြောတာကို ကျွန်တော် နားမလည်ပေမဲ့ ဒီအရိပ်ရဲ့ လေသံက တော်တော်လေး မကျေမနပ် ဖြစ်နေသလိုပဲ။ သူ ဘာဖြစ်နေတာလဲ” ဖေးချောင် ရုတ်တရက် မေးလိုက်သည်။
ဖေးချောင် စကားပြောလိုက်သည်နှင့် အရိပ်သည် ချက်ချင်းပင် ဖေးချောင်အနားသို့ ပျံသန်းသွားပြီး သူ့အား အဆက်မပြတ် ပတ်ချာလည် ပျံဝဲနေတော့သည်။ သူ ပတ်ချာလည် ပျံနေသမျှ ကာလပတ်လုံး ဖေးချောင်၏ အကြည့်မှာလည်း သူ့နောက်သို့ အဆက်မပြတ် လိုက်ပါနေခဲ့သည်။
ဖေးချောင်၏ မျက်လုံးများက သူ့ကို အမှန်တကယ် မြင်နေရသလော။
ဖေးချောင်သည်လည်း အနုစိတ်အာရုံ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပုံရသည်။ သို့သော် ဖုန်းပုစီးကဲ့သို့ သူနှင့် စကားပြောနိုင်သည့် အဆင့်မြင့်ပိုင်းအထိတော့ မရောက်သေးပေ။ အရိပ်က အံ့သြတကြီးဖြင့် ရေရွတ်လိုက်သည်။
"အနုစိတ်အာရုံ... နောက်ထပ် အနုစိတ်အာရုံ တစ်ယောက်၊ သူ့ခန္ဓာကိုယ်က ထူးဆန်းတဲ့ အရာတွေနဲ့တောင် မပေါင်းစပ်ရသေးဘဲ အနုစိတ်အာရုံ အဆင့်ကို ဘယ်လိုမျိုး ရောက်သွားတာလဲ"
စိတ်လှုပ်ရှားနေသော အရိပ်ကို ကြည့်ရင်း ဖုန်းပုစီးက ပြန်ဖြေလိုက်သည်။
"ရှင်ခြင်းနဲ့ သေခြင်း ကြားထဲမှာ ဖြစ်နိုင်ခြေတွေ အတိုင်းအဆမဲ့ရှိတယ်။ ဒီကမ္ဘာက ထူးဆန်းတဲ့ ကမ္ဘာတစ်ခု ဖြစ်တာကြောင့် ငါ ကျင့်ကြံ တဲ့အခါမှာ ပိုပြီးတော့ ထူးခြားတဲ့ လေ့ကျင့်ရေးပုံစံတွေကို အသားပေးခဲ့တာ။ အခုကြည့်ရတာ ထိရောက်မှုက တော်တော်လေး ကောင်းပုံပဲ"
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖေးချောင် စတုတ္ထမြောက် ဆေးရည်ကို သောက်ပြီးနောက်တွင် ဖုန်းပုစီးသည် စတုတ္ထမြောက် နှင့် ပဉ္စမမြောက်ဆေးရည်များကို ထပ်မံ ဖော်စပ်ခဲ့သည်။ ပဉ္စမမြောက်ဆေးရည်ကို သူကိုယ်တိုင် သောက်သုံးပြီး စတုတ္ထမြောက် ဆေးရည်ကို ဖေးချောင်ကို တိုက်ကျွေးကာ ဆေးပမာဏကို တဖြည်းဖြည်း တိုးမြှင့်ခဲ့လေသည်။
ရှင်ခြင်းနှင့် သေခြင်းကြား လေ့ကျင့်မှုများ၊ မြို့လယ်ရင်ပြင်ရှိ ကျောက်စာတိုင်မှ [အခြေခံ ကျင့်ကြံခြင်း အထောက်အကူ] တို့နှင့် ပေါင်းစပ်လိုက်သောအခါ ဖေးချောင်သည် လွန်ခဲ့သော နှစ်ရက်ခန့်မှစ၍ မြူခိုးထဲမှ ရွေရွတ်သံများကို လုံးဝ လျစ်လျူရှုနိုင်လာခဲ့သည်။ ယခုကြည့်ရသည်မှာ ဖေးချောင်သည် မြူခိုးထဲမှ အသံများကို လျစ်လျူရှုနိုင်ရုံသာမက အရိပ်ပြောသော အနုစိတ်အာရုံနယ်ပယ်၏ အစောပိုင်းအဆင့်သို့ပါ မသိမသာ ရောက်ရှိသွားပုံ၏။
သို့သော် ဖုန်းပုစီး၏ စိတ်ဓာတ်ကျင့်စဉ် အဆင့်မှာမူ ဤ ၁၀ ရက်အတွင်း သိသိသာသာ ပြောင်းလဲခြင်း မရှိဘဲ အနုစိတ်အာရုံ ၏ နောက်ဆုံးအဆင့်မှာပင် ရှိနေသေးသည်။ ဖုန်းပုစီးသည် ဖေးချောင်ကို ကြည့်ကာ ယခင်မေးခွန်းကို ပြန်ဖြေလိုက်၏။
"မင်း ခံစားမိတာ မှန်တယ်။ ဒီအရိပ်ရဲ့ စကားတွေက တကယ်ပဲ မကျေမနပ် ဖြစ်နေတာ။ သူ ဒီလိုဖြစ်နေတာက ငါ့ကို နာမည်နီကျိန်စာ ဖြေခိုင်းနေလို့ပဲ၊ ဒါပေမဲ့ ငါက သဘောမတူသေးဘူး"
"နာမည်နီကျိန်စာကို ဖြေမလို့လား"
ဖေးချောင်သည် ညဘက်တွင် ဆရာဖုန်းအနားသို့ ရောက်လာသော ဂေါ်ဘလင်များ၏ မျက်လုံးမှာ သွေးရောင်လွှမ်းကာ မည်မျှအထိ ရူးသွပ်နေတတ်သည်ကို ပြန်လည် အမှတ်ရလိုက်သည်။ ပုံမှန်အားဖြင့် ညဘက်တွင် ဂေါ်ဘလင်များ၏ မျက်လုံးမှာ အစိမ်းရောင် ဖြစ်သော်လည်း ဆရာဖုန်းအနားရှိ ဂေါ်ဘလင်များမှာမူ မျက်လုံးနီနေတတ်သည်။ အကယ်၍ ထိုကျိန်စာကို ဖြေလိုက်လျှင် ထိုဂေါ်ဘလင်များမှာ အားနည်းသွားမည်ဖြစ်ရာ သူ လေ့ကျင့်ရသည်မှာ ပို၍ လွယ်ကူသွားပေလိမ့်မည်...။
ဤသို့ တွေးလိုက်မိသည်နှင့် ဖေးချောင်မှာ ခေါင်းကို ခါယမ်းလိုက်တော့သည်။ သူသည် မနီးမဝေးရှိ အရိပ်ဆီသို့ လျှောက်သွားကာ ပြောလိုက်၏။
"မလုပ်ပါနဲ့... တကယ်လို့ နာမည်နီကျိန်စာကို ဖြေလိုက်ရင် အဲဒီဂေါ်ဘလင်တွေ အားနည်းသွားမှာပေါ့။ အဲဒါဆိုရင် လေ့ကျင့်ရတာက ထိရောက်မှု မရှိတော့ဘူး။ ဆရာဖုန်းက ကျွန်တော့်ကို အနားယူချိန် လုံလုံလောက်လောက် ပေးထားပြီးသားပဲ။ အခုလို ပျော့ညံ့နေဖို့ မသင့်တော်ဘူး"
ဤသို့ပြောပြီးနောက် ဖေးချောင်သည် အားရပါးရ အော်ဟစ်လိုက်ကာ သူ၏ ဓားမကို ကိုင်ပြီး အနီးအနားတစ်နေရာ၌ အဆက်မပြတ် ခုတ်ပိုင်းခြင်း လေ့ကျင့်ခန်းများကို လုပ်ဆောင်ပါတော့သည်။ အရိပ်မှာမူ အားကြိုးမာန်တက် လေ့ကျင့်နေသော ဖေးချောင်အား ဖော်ပြရခက်သော အကြည့်ဖြင့် ကြည့်နေမိသည်။
လွန်ခဲ့သော ၁၀ ရက်ခန့်က ဖုန်းပုစီး၏ ဖိအားပေး လေ့ကျင့်မှုများကြောင့် မုတ်ဆိတ်ရှည် ဖေးချောင်၏ မျက်နှာမှာ တစ်ခါတစ်ရံ ထုံထိုင်းနေတတ်ပြီး၊ တစ်ခါတစ်ရံ ပြင်းပြင်းထန်ထန် ပြန်လည် ခုခံတတ်ကာ၊ တစ်ခါတစ်ရံတွင်မူ အသံကုန် အော်ဟစ်ငိုယိုခဲ့သည်ကို အရိပ် မှတ်မိနေဆဲ ဖြစ်သည်။ နောက်ပိုင်းတွင် ဖေးချောင်မှာ လမ်းလျှောက်နေသော အလောင်းကောင်ကဲ့သို့ ဘာမှမပြောတော့ဘဲ ငြိမ်သက်သွားခဲ့၏။
သို့သော် လွန်ခဲ့သော ငါးရက်ခန့်မှစ၍ ဖေးချောင်၏ မျက်နှာမှာ အသက်ဝင်လာခဲ့ပြီး ယခု ရက်အနည်းငယ်အတွင်းမှာတော့ ဖေးချောင်မှာ အများကြီး ပြန်လည်ကောင်းမွန်လာပုံရကာ အရင်အတိုင်း တစ်ခါတစ်ရံ ဆဲဆိုတတ်လာသည်။ ဖေးချောင်မှာ နဂိုအတိုင်း ပြန်ဖြစ်သွားပြီဟု အရိပ် ထင်ခဲ့သော်လည်း အမှန်တကယ်တွင်မူ ဖေးချောင်မှာ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
သူ မသိလိုက်ခင်မှာပင် ဤဖေးချောင်သည် ဖုန်းပုစီး ပုံဖော်ပေးထားသည့် ပုံစံအတိုင်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
အရိပ် ဘာတွေးနေသည်ကို မြင်နေရသကဲ့သို့ ဖုန်းပုစီးက ပြောလိုက်သည်။
"သူ့ရဲ့ ပင်ကိုယ်စိတ်နေစိတ်ထားက မဆိုးပါဘူး။ ဒါပေမဲ့ သူက ပါရမီရော ဇွဲရော အားနည်းနေတာကြောင့် ငါ သူ့အပေါ်မှာ စတော့ဟုမ်း ကျင့်စဉ်ကို သုံးလိုက်တာ"
အရိပ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"စတော့ဟုမ်း ကျင့်စဉ် ဟုတ်လား"
ဖုန်းပုစီးလည်း စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်၏။
"စိတ်ပညာမှာ စတော့ဟုမ်း ရောဂါလက္ခဏာစု ဆိုတာ ရှိတယ်။ ဒီရောဂါလက္ခဏာစုက ပြောရရင် နှိပ်စက်ခံရသူတွေက သူတို့ကို နှိပ်စက်တဲ့သူတွေအပေါ်မှာ သနားစိတ် ဒါမှမဟုတ် အသိအမှတ်ပြုစိတ်လိုမျိုး ကောင်းမွန်တဲ့ ခံစားချက်တွေ ဖြစ်လာတတ်တာမျိုးပေါ့ ။ အခု ဖေးချောင်က အဲဒီအခြေအနေထဲကို ရောက်နေပြီ။
သူ့ကို ငါ အစပိုင်းမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လေ့ကျင့်ပေးခဲ့ပြီး နောက်ပိုင်းကျတော့ လေ့ကျင့်ခန်း ပြင်းအားကို နည်းနည်း လျှော့ပေးလိုက်တယ်။ ရလဒ်အနေနဲ့ သူ ငါ့ရဲ့ နောက်ပိုင်း လေ့ကျင့်ခန်း တွေကို တဖြည်းဖြည်း လက်ခံလာပြီး အဲဒီကနေမှ ပျော်ရွှင်မှုနဲ့ ကျေနပ်မှုကို ခံစားလာရတာပေါ့။ ဒီနည်းနဲ့ ငါ သူ့ကို မကူညီတော့ရင်တောင် သူ ခုလက်ရှိ လေ့ကျင့်ခန်း ပြင်းအားအတိုင်း ဆက်ပြီး ကျင့်ကြံသွားတော့မှာပဲ..."