အခန်း (၂၇) - ကျိန်စာ
အဆုံးအစမဲ့ပြီး ခြောက်ခြားဖွယ်ကောင်းသည့် သွေးရောင်အလင်းတန်းများသည် ဖုန်းပုစီး ၏ ခန္ဓာကိုယ်ကိုသာမက ဝမ်ချန်း၏ အသက်မရှိတော့သော ခန္ဓာကိုယ်အပေါ်၌ လွှမ်းခြုံသွားတော့သည်။
ဖုန်းပုစီး၏ မြင်ကွင်းတွင် ထင်ယောင်ထင်မှား ဖြစ်ရပ်တစ်ခု ပေါ်လာသကဲ့သို့ အေးစက်ပျက်စီးနေသော အုတ်နံရံများသည် နီမှောင်သော သွေးသားနံရံကြီးများအဖြစ် ပြောင်းလဲသွားခဲ့၏။ ထိုနံရံများသည် အသက်ရှိနေသကဲ့သို့ နွေးထွေးသော ခံစားချက်ကို ပေးစွမ်းနေပြီး အတွင်း၌ သွေးများ အဆက်မပြတ် စီးဆင်းနေကြသကဲ့သို့ပင်။
ယေဘုယျအားဖြင့် နာမည်နီကျိန်စာသင့်သော သူများသည် ရှုပ်ထွေးပွေလီလှသည့် သွေးရောင်ပုံရိပ်များကိုသာ မြင်တွေ့ရမည်ဖြစ်သော်လည်း ဖုန်းပုစီးမှာမူ အနုစိတ်အာရုံ အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ထိုထူးဆန်းသော ဖြစ်ရပ်များအား အတိုင်းအတာ တစ်ခုအထိ အဓိပ္ပာယ်ဖော်နိုင်စွမ်း ရှိနေသည်။ သူ့မျက်လုံးထဲတွင် ၎င်းတို့သည် ရှင်းလင်းသော မြင်ကွင်းများအဖြစ် ပုံပေါ်လာခဲ့၏။
ကြောက်မက်ဖွယ်ကောင်း၍ ထူးဆန်းသော လက်တံရှည်များ မြေပြင်မှ ထွက်ပေါ်လာကာ ဝမ်ချန်း၏ အလောင်းကို အဆက်မပြတ် ဆွဲဖြဲနေကြ၏။ ထိုစဉ်မှာပင် ဝမ်ချန်းမှာ အသက်ပြန်ဝင်လာခဲ့သည်။ ပို၍ တိတိကျကျ ပြောရလျှင် ဝမ်ချန်းသည် ထူးဆန်းသော သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲကာ အသက်ဝင်လာခြင်း ဖြစ်သည်။
လက်ပေါင်းများစွာက သူ့မျက်နှာကို ဆွဲဖြဲနေကြသော်လည်း ဝမ်ချန်းမှာ ကြောက်မက်ဖွယ်ကောင်းပြီး မိစ္ဆာဆန်သော အပြုံးကို ပြုံးနေခဲ့၏။
"မင်းကို ငါအလွှတ်မပေးဘူး... လုံးဝအလွှတ်မပေးဘူး"
ဝမ်ချန်း၏ စကားလုံးများသည် အေးစက်လှသော တီးတိုးသံများအဖြစ် ပြောင်းလဲကာ ဖုန်းပုစီး၏ စိတ်ထဲသို့ စီးဝင်လာသည်။ သို့သော် ဖုန်းပုစီမှာ တည်ငြိမ်စွာပင် ဝမ်ချန်း၏ မျက်လုံးများအား စိုက်ကြည့်နေခဲ့၏။ ဤအချိန်၌ ဝမ်ချန်းသည်လည်း ဖုန်းပုစီး မိမိကို မြင်နေရသည်ဟု ရိပ်မိသွားပုံရသည်။
ဖုန်းပုစီး၏ ခံစားချက်မဲ့သော အကြည့်အောက်တွင် ဝမ်ချန်းမှာ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ ၎င်းမှာ ‘ကြောက်ရွံ့ခြင်း’ ပင် ဖြစ်သည်။ သူကိုယ်တိုင်ပင် အဘယ်ကြောင့် ကြောက်နေရသနည်းဟု နားမလည်နိုင်ဖြစ်နေ၏။ ထူးဆန်းသော သတ္တဝါအဖြစ် ပြောင်းလဲသွားပြီးနောက်တွင်ပင် သူသည် ကြောက်ရွံ့မှုကို ခံစားနေရဆဲ ဖြစ်သည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။
ဝမ်ချန်း ဒေါသတကြီးဖြစ်လာပြီး အတိုင်းအဆမဲ့သော အမျက်ဒေါသများမှာ သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်တော့မတတ် ဖြစ်လာသည်။ ကံဆိုးစွာပင် သူ့အတွက် အခွင့်အရေး မရှိတော့ပေ။ သွေးသားနံရံများမှ လက်ပေါင်းများစွာသည် သူ့အား ဖမ်းဆွဲကာ အောက်သို့ ဆွဲချသွားကြလေ၏။
မည်သူမျှ သတိမထားမိစဉ်မှာပင် မြေပြင်ပေါ်၌ နက်မှောင်သည့် လမ်းကြောင်းကြီးတစ်ခု ပေါ်လာပြီး ထိုလမ်းကြောင်းမှ သွေးရောင်အလင်းတန်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေသည်။ လက်ပေါင်းများစွာ၏ ဆွဲခေါ်ခြင်းကို ခံရကာ ဝမ်ချန်းမှာ အောက်သို့ ကျဆင်းသွားတော့သည်။ သူသည် ထိုလက်များမှ လွတ်မြောက်ရန် အဆက်မပြတ် ရုန်းကန်သော်လည်း အော်ဟစ်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်တော့ပေ။
ရုတ်တရက် အော်ဟစ်သံများ ရပ်တန့်သွားပြီးနောက် ခဏအတွင်းမှာပင် ဝမ်ချန်း၏ ရူးသွပ်ယုတ်မာသော ရယ်မောသံကို ထွက်ပေါ်လာသည်။ ဖုန်းပုစီး၏ အမြင်အာရုံထဲတွင် ဝမ်ချန်း၏ ရုပ်သွင်မှာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူ့တွင် မိစ္ဆာဦးချိုများ ပေါက်လာပြီး ခန္ဓာကိုယ်၌လည်း ကြောက်မက်ဖွယ်ကောင်းသော အကြေးခွံများ ထွက်ပေါ်လာခဲ့၏။
မြေပြင်အောက်ဘက်ရှိ လမ်းကြောင်းမှ ဝမ်ချန်း၏ ကျိန်စာတိုက်သံနှင့် ခြိမ်းခြောက်သံများ လွင့်ပျံလာသည်။ နောက်ဆုံးတွင် ထိုထူးဆန်းပြီး နက်ရှိုင်းသော လမ်းကြောင်းကြီး ပိတ်သွားကာ မြေပြင်သည်လည်း မူလအတိုင်း သွေးသားနံရံသဏ္ဍာန် ပြန်ဖြစ်သွားသည်။ ထိုလမ်းကြောင်းသည် အမှန်စင်စစ် မည်သည့်အရာအား ကိုယ်စားပြုသနည်းဆိုကို ဖုန်းပုစီး နားလည်သွားခဲ့သည်။ ၎င်းမှာ အရိပ် အမြဲတစေပြောနေသော ချောက်နက်ပင် ဖြစ်၏။
ဖုန်းပုစီးသည် အကြည့်ကို ရုပ်သိမ်းလိုက်ရာ နဖူးပေါ်မှ အေးစက်သော ချွေးစက်နှစ်စက်မှာ အလိုအလျောက် စီးကျလာခဲ့သည်။ ယင်းမှာ မိစ္ဆာအဖြစ် ပြောင်းလဲသွားသော ဝမ်ချန်း ကြောင့်လည်းမဟုတ်၊ သူ၏ ခြိမ်းခြောက်ကျိန်စာများကြောင့်လည်း မဟုတ်ပေ။ ချောက်နက်ကို စိုက်ကြည့်နေစဉ်အတွင်း သူ၏ စိတ်တည်ငြိမ်မှု သမာဓိများ တုန်လှုပ်သွားကာ ထိုချောက်နက်ထဲသို့ ခုန်ချချင်စိတ် ပေါ်ပေါက်လာခဲ့သောကြောင့်ပင်ဖြစ်သည်။
မြင်ကွင်းမှာ တစ်ဖန် ပြန်လည်ပြောင်းလဲသွားပြန်၏။ သွေးသားမြေပြင်ပေါ်ရှိ လက်မောင်းများ ပျောက်ကွယ်သွားပြီး ၎င်းတို့၏ နေရာတွင် နံရံများပေါ်၌ မျက်လုံးနှင့် ပါးစပ်ပေါင်းများစွာ ပေါ်လာခဲ့သည်။ ထိုမျက်လုံးများသည် သူ့အား ဒေါသ၊ ရန်လိုမှု၊ မထေမဲ့မြင်ပြုမှုနှင့် ရွံရှာမှုတို့ဖြင့် စိုက်ကြည့်နေကြသည်။ မကြာမီမှာပင် ထိုပါးစပ်များ စကားပြောလာကြ၏။
"မင်းမှာ အပြစ်ရှိတယ်"
"ကိုယ့်မျိုးနွယ်အချင်းချင်း သတ်ဖြတ်တာဟာ ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုပဲ"
"မင်း လူသားမျိုးနွယ်ကို သစ္စာဖောက်ခဲ့ပြီ"
"သေစမ်း"
"အပြစ်သား"
"လူသားမျိုးနွယ်ရဲ့ သစ္စာဖောက်"
"ခွင့်မလွှတ်နိုင်ဘူး"
ထိုပါးစပ်များမှ စကားသံများနှင့်အတူ ဖုန်းပုစီး နဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။ သူ ချောက်နက်ကို စိုက်ကြည့်ခဲ့စဉ် ဖြစ်ပေါ်လာသော ကြောက်ရွံ့မှုထဲ၌ နစ်မြုပ်နေဆဲဖြစ်သည်။ ထိုအရာနှင့် ယှဉ်လျှင် မျက်လုံးများ၏ စိုက်ကြည့်မှုနှင့် ပါးစပ်များ၏ စကားသံများမှာ မပြောပလောက်တော့ပေ။
ထိုမျက်လုံးပေါင်းများစွာ၏ အကြည့်အောက်တွင် ဖုန်းပုစီး တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ငါ့မှာ အပြစ်မရှိဘူး"
ဖုန်းပုစီး စကားပြောလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ပါးစပ်များအားလုံး တစ်ပြိုင်နက် ရပ်တန့်သွားကြပြီး မျက်လုံးများသည်လည်း သူ့ကို ဆက်မကြည့်တော့ဘဲ အကြည့်လွှဲသွားကြသည်။ မျက်လုံးပေါင်းများစွာမှာ သွေးသားနံရံထဲသို့ တစ်ခုပြီးတစ်ခု ပိတ်ကာ ပျောက်ကွယ်သွားကြပြီး ပါးစပ်များမှာမူ စုစည်းသွားကာ အလွန်ကြီးမားသော ပါးစပ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"မင်းကိုယ်မင်း အပြစ်ကင်းတယ်လို့ ယူဆလည်း ကိုယ့်မျိုးနွယ်ကို သတ်ခဲ့တာကြောင့် အပြစ်ဖြေရမယ်"
ထိုပါးစပ်ကြီးက ပြောလိုက်၏။
ထို့နောက်တွင် ပါးစပ်ကြီးနှင့်အတူ သွေးသားနံရံများအားလုံး ပြိုကွဲပျောက်ကွယ်သွားကာ ပတ်ဝန်းကျင်ရှိ ထင်ယောင်ထင်မှား ဖြစ်ရပ်များအားလုံး ပျောက်ဆုံးသွားခဲ့သည်။
ခန္ဓာကိုယ်၌ သွေးရောင်အလင်းတန်းများလွှမ်းခြုံထားသော ဖုန်းပုစီးသာ ကျန်ရှိနေပြီး ထိုအလင်းတန်းတို့သည် သူ၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ပေါင်းစပ်သွားခဲ့သည်။ သူသည် ထိုသွေးရောင်အလင်းတန်းများ ပျောက်ကွယ်သွားစေရန်အတွက် မြို့လယ်ရင်ပြင်ရှိ မြို့ပြကျောက်စာတိုင်တွင် သားရဲ ဦးခေါင်း ၁၀၀ ကို ပူဇော်ရမည်ဖြစ်ပြီး၊ ဤသည်မှာ သူလုပ်ဆောင်ရမည့် အပြစ်ဖြေခြင်းပင် ဖြစ်သည်။ သွေးရောင်အလင်းတန်းများ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခြင်းကြောင့် စိတ်ထဲတွင် ဆူညံသောတီးတိုးသံများ ပေါ်ပေါက်လာသော်လည်း သူ့အား များစွာ အနှောင့်အယှက် မပေးနိုင်ခဲ့ပေ။
ဖုန်းပုစီး ရှေ့သို့လှမ်းကာ ဝမ်ချန်း၏ အလောင်းတွင် စိုက်ဝင်နေသော ငွေရောင်ပုဆိန်ကို ပြန်ယူလိုက်သည်။ ပုဆိန်ဆွဲထုတ်လိုက်သည်နှင့် ဝမ်ချန်း၏ အလောင်းမှာ ချက်ချင်းပင် ပုပ်စပ်နံစော်နေသော သွေးသားအညစ်အကြေးပုံအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။ ဝမ်ချန်း၏ ဆွေးမြည့်နေသော အလောင်းကို ခေတ္တစစ်ဆေးပြီးနောက် ဖုန်းပုစီး တိုးတိုးလေး ပြောလိုက်သည်။
"ဝမ်ချန်း သေပြီးနောက်မှာ တကယ်ပဲ ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့တာပဲ"
အနီးအနားရှိ အရိပ်မှာမူ အာရုံလွင့်နေပုံရပြီး ဖုန်းပုစီး ပြန်ရန်အတွက် တံခါးဆီသို့ လျှောက်သွားသောအခါမှ သတိပြန်ဝင်လာကာ သူ့ရှေ့သို့ ပျံသန်းလာ၍ ပြောလိုက်သည်။
"မင်း ကျိန်စာတိုက်ခံလိုက်ရပြီး ခဏတော့ တောင့်ခံထားနိုင်ခဲ့ပုံပဲ။ မင်းရဲ့ စိတ်ဓာတ် ကျင့်ကြံမှုအဆင့် က အနုစိတ်အာရုံနယ်ပယ်ရဲ့ နောက်ဆုံးအဆင့်ကို ရောက်နေတာဆိုတော့ သိပ်မခက်ခဲပါဘူး။ ဒါပေမဲ့ ဒါက ပထမခြေလှမ်းပဲ ရှိသေးတယ်။ မင်းအပေါ်မှာရှိတဲ့ ကျိန်စာက မြူခိုးထဲက သားရဲတွေကို ပိုပြီး ရူးသွပ်လာစေလိမ့်မယ်။ နေ့ဘက်မှာရှိတဲ့ သားရဲတွေက ညဘက် သားရဲတွေလို ဖြစ်လာမယ်၊ ညဘက်မှာဆိုရင်တော့ သားရဲတွေက ပိုပြီး သန်မာလာလိမ့်မယ်။ ဒါ့အပြင် ဆန်းကြယ်စွမ်းအားတွေကို အသုံးချနိုင်တဲ့ သားရဲတွေတောင် မြူခိုးထဲကနေ ထွက်လာပြီး မင်းကို တိုက်ခိုက်လိမ့်မယ်။ အကယ်၍ မင်း ဒီကျိန်စာကနေ လွတ်မြောက်ချင်ရင်..."
အရိပ်မှာ စကားမဆုံးခင်မှာပင် သူ၏ ဦးခေါင်းကို ပြန်လည်ဆုပ်ကိုင်နေခဲ့၏။ သူ၏ မှတ်ဉာဏ်များထဲတွင် ကျိန်စာနှင့် ပတ်သက်သောအရာများစွာ ရှိနေသော်လည်း အရေးကြီးဆုံးဖြစ်သည့် ကျိန်စာဖြေနည်းမှာ ပျောက်ဆုံးနေခဲ့သည်။
၎င်းကို မြင်သောအခါ ဖုန်းပုစီးက ပြောလိုက်၏။
"အပြစ်ဖြေဖို့အတွက် မြို့ကျောက်စာတိုင်မှာ သားရဲခေါင်း ၁၀၀ ကို ပူဇော်ရမယ်။ ငါ့မှာ အပြစ်မရှိပေမဲ့ လူသားမျိုးနွယ်တစ်ယောက်ကို သတ်ခဲ့မိတာကြောင့် အပြစ်ဖြေရမှာပဲ"
အရိပ်က အံ့သြတကြီးဖြင့် မေးလိုက်သည်။
"မင်း ကျိန်စာဖြေနည်းကို ဘယ်လိုသိတာလဲ။ ငါ မင်းကို မပြောရသေးဘူးမလား"
"သူတို့ ငါ့ကို ပြောပြတာ" ဖုန်းပုစီး ပြန်ဖြေလိုက်၏။
အရိပ်က ဇဝေဇဝါဖြင့် ထပ်မေးလိုက်သည်။
"သူတို့ဆိုတာ ဘယ်သူတွေကို ပြောတာလဲ"
အရိပ်၏ မျက်နှာအမူအရာမှာ အလွန်ပင် နားမလည်နိုင်ဖြစ်နေ၏၊ ယခင်က ပေါ်လာခဲ့သော အမြင်အာရုံများအား ဖုန်းပုစီး တစ်ယောက်တည်းသာ မြင်တွေ့ခဲ့ရခြင်း ဖြစ်ပုံရသည်။
ဖုန်းပုစီး သွေးသားနံရံများပေါ်တွင် ပေါ်လာခဲ့သော မျက်လုံးများနှင့် ပါးစပ်များအား ပြန်လည်အမှတ်ရကာ ပြောလိုက်သည်။
"သူတို့က မင်းနဲ့အတူ ဒီမြို့ကို စောင့်ရှောက်ခဲ့တဲ့ လူတွေ ဖြစ်မယ်။ ဒီမြို့က တစ်ခုခု ပြောင်းလဲသွားပြီး စွန့်ပစ်ခံလိုက်ရတယ်လို့ မင်းအရင်က ပြောခဲ့ဖူးတယ်မလား။ ဒီမြို့ ဘယ်လိုမျိုး စွန့်ပစ်ခံလိုက်ရလဲဆိုတာ ငါ့ကို ပြောပြလို့ရလား"
အရိပ်လည်း သူသိထားသည်များကို လျင်မြန်စွာ ပြန်ပြောပြလိုက်သည်။
ဤမြို့တွင် ရာသီဥတု အပြောင်းအလဲ မရှိပေ။ မြို့ပြင်ဘက်တွင် အမြဲတမ်း ဆောင်းဦးရာသီ ဖြစ်နေပြီး ခြောက်သွေ့နေသော သစ်ပင်များမှ သစ်ရွက်များမှာလည်း အဆုံးမရှိ ကြွေကျနေသည်။ ဤ နှစ်သောင်းခန့်သောလူသားများ မရောက်လာခင်အထိ ဤနေရာတွင် နေ့ရက်တိုင်းမှာ အတူတူပင်ဖြစ်ရာ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို အရိပ်ပင် မသိရှိပေ။
သို့သော် အရိပ် အသေအချာ သိထားသည်မှာ ဤအစပျိုးမြို့ကို မစွန့်ပစ်ခင်အထိ မြို့၏လုပ်ဆောင်ချက်များ အဆက်မပြတ် လည်ပတ်နေခဲ့ခြင်းပင် ဖြစ်သည်။ ၎င်းမှာ တစ်နှစ်လျှင် တစ်ကြိမ် လည်ပတ်မှုရှိပုံရပြီး နှစ်စဉ် လူသားအစုအဖွဲ့သစ်များ ပေါ်ပေါက်လာတတ်၏။ အရိပ်သည် ဤမြို့ကြီးမှာ လုံးဝ ပျက်စီးသွားပြီဟု ထင်မှတ်လားသော်လည်း လွန်ခဲ့သော ရက်အနည်းငယ်ကမှ ရုတ်တရက် ပြန်လည်အသက်ဝင်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။