အခန်း ၂၆ - ဝမ်ချန်းအား သတ်ဖြတ်ခြင်း
အပြန်အလှန်ကူညီရေးအသင်း၏ ဌာနချုပ်တွင် ဝမ်ချန်းသည် သူ၏ရုံးခန်းထဲ၌ တစ်ယောက်တည်း ထိုင်နေ၏။
ဌာနချုပ်ဟု ခေါ်သော်လည်း ထိုနေရာတွင် အလုပ်လုပ်သူ အများအပြားမရှိပေ။ အမှန်စင်စစ် အပြန်အလှန်ကူညီရေးအသင်းမှာ အသစ်စက်စက်တည်ထောင်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် ယုံကြည်စိတ်ချရသော ဝန်ထမ်းများလည်း မရှိသေးပေ။ ကိစ္စရပ်အတော်များများအား ဝမ်ချန်းကိုယ်တိုင်သာ ကိုင်တွယ်ဖြေရှင်းနေရသည်။
မကြာသေးမီက ချင်ချန်မင်း သတင်းပို့သွားသည်များကို ပြန်လည်စဉ်းစားရင်း ဝမ်ချန်း အတွေးနက်နေမိ၏။
ဒေါက်တာနော်တန်၏ သုတေသနပြုမှုအချို့၊ ကျောက်ကန်းအဖွဲ့၏ မြူခိုးစူးစမ်းမှုတို့နှင့် နှိုင်းယှဉ်လျှင် သူ၏နည်းလမ်းများမှာ အလွန်ပင် နူးညံ့လွန်းနေသေးသည်။
သူသည် အပြန်အလှန်ကူညီရေးအသင်းကို ဆောင်ပုဒ်များ သို့မဟုတ် လူသားချင်းစာနာစိတ်များဖြင့်သာ ထိန်းချုပ်ရန် မည်သည့်အခါကမျှ မစဉ်းစားခဲ့ပေ။
သူ၏ ဝှက်ဖဲအစစ်အမှန်မှာ တကယ်တော့ တစ်ခုတည်းသာရှိသည်။ ၎င်းမှာ မြို့လယ်ရင်ပြင်မှ ရေရှည်သိုလှောင်ထားသော ရိက္ခာများပင် ဖြစ်၏။
ငတ်မွတ်မှုဒဏ်ကို မကြုံဖူးသော ငြိမ်းချမ်းသောခေတ်တွင် နေထိုင်လာကြသူများမှာ ရိက္ခာ၏ အရေးပါမှုကို အမှန်တကယ် နားမလည်ကြပေ။
သူတို့သည် ရိက္ခာအရေးကြီးကြောင်း သိကောင်းသိနိုင်သော်လည်း၊ အမှန်တကယ် မည်မျှအထိ အရေးပါကြောင်းကိုမူ သိကြလိမ့်မည်မဟုတ်ပါ။
ဤကမ္ဘာသို့ ရောက်ရှိလာသူတိုင်း၌ ကနဦး ချောက်နက်အမှတ် ၂၀၀ ခန့်စီ ရှိကြ၏။
ထိုအမှတ် ၂၀၀ ကို ရိက္ခာနှင့် လဲလှယ်ရန် သို့မဟုတ် ဒဏ်ရာများအား ကုသပေးသည့် [ကုသခြင်း]လုပ်ဆောင်ချက်အတွက် အသုံးပြုနိုင်ကြသည်။ ၎င်းမှာ ဤနေရာတွင် လူတို့ရှင်သန်ရန် အခြေခံပင် ဖြစ်သည်။
ချောက်နက်အမှတ်များ ရရှိရန်အတွက်မူ လက်ရှိတွင် သိထားသည့် တစ်ခုတည်းသော နည်းလမ်းမှာ မြူခိုးထဲသို့သွားကာ သားရဲများကို သတ်ဖြတ်ခြင်းပင်ဖြစ်လေသည်။
သို့သော်လည်း ယင်းမှာ အလွန်အန္တရာယ်များသောကြောင့် ရောက်လာသူများ၏ ၂ ရာခိုင်နှုန်းခန့်သာ သားရဲများကို သတ်ဖြတ်ရန် စွန့်စားရဲကြသည်။
ဆိုလိုသည်မှာ အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက လူများ၏ ကနဦးအမှတ်များမှာ တဖြည်းဖြည်း လျော့နည်းလာမည်ဖြစ်သည်။ နောက်ဆုံးတွင် ကုန်ဆုံးသွားသည့်အခါ သူတို့မှာ ငတ်မွတ်မှုနှင့် ရင်ဆိုင်ရပေတော့မည်။
ထိုအချိန်ကျမှသာ သူစုဆောင်းထားသော ရိက္ခာများမှာ အသုံးဝင်လာမည်ဖြစ်သည်။ ဤသို့ဖြင့် အပြန်အလှန်ကူညီရေးအသင်းကို သူ၏လက်အောက်တွင် အကြွင်းမဲ့ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး၊ ထိုရိက္ခာများကို အသုံးပြု၍ တည်ငြိမ်သော အုပ်ချုပ်မှုယန္တရားတစ်ခုကို တည်ဆောက်နိုင်ပေမည်။
"ရိက္ခာစုဆောင်းမှုကို ပိုပြီး အရှိန်မြှင့်ရမယ်၊ အချိန်တိုအတွင်းမှာ သိုလှောင်ရလွယ်ကူတဲ့ ရိက္ခာတွေကို ပိုရအောင်ယူရမယ်၊ ပြီးတော့ သတင်းအမှားလွှင့်ပြီး သာမန်လူတွေကို တော်ဝင်ရိက္ခာတွေနဲ့ လဲခိုင်းတာမျိုး ဒါမှမဟုတ် သိပ်အသုံးမဝင်တဲ့ [အခြေခံကျင့်ကြံမှု အထောက်အကူ]တွေကို သုံးခိုင်းတာမျိုးလုပ်ပြီး လူတွေရဲ့အမှတ်တွေကို အမြန်ဆုံးကုန်အောင် လုပ်ရမယ်။ ဒါမှသာ..." ဝမ်ချန်းတစ်ယောက်တည်း ရေရွတ်နေမိသည်။
ဝမ်ချန်း အတွေးနက်နေစဉ်မှာပင် လူတစ်ယောက် အခန်းထဲသို့ ဝင်လာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။ ၎င်းမှာ တစ်ကိုယ်လုံးတွင် ခြောက်ကပ်နေသော သွေးခဲများဖြင့် ပေပွနေသည့် ဖုန်းပုစီးပင် ဖြစ်၏။
ဝမ်ချန်း၏ မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျုံ့သွားသည်။ ဤအချိန်တွင် ဖုန်းပုစီး ရောက်ရှိလာခြင်းမှာ ရိုင်ယန် တစ်ခုခုဖြစ်သွားပြီဖြစ်ကြောင်း သိသာထင်ရှားနေသည်။
"အဲ့ဒီမရိန်းရေတပ်သားက တကယ်အားကိုးလို့မရဘူးပဲ။"
ဝမ်ချန်းသည် ယုံကြည်မှုအပြည့်ရှိနေခဲ့သော ရိုင်ယန်ကို စိတ်ထဲမှ အပြစ်တင်နေမိသည်။
သူသည် ခုနကဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် တိုက်ပွဲအကြောင်းကို လုံးဝမသိရှိပေ။ အမှန်စင်စစ် အကယ်၍သာ ဖုန်းပုစီး မဟုတ်ခဲ့ပါက၊ ဤမြို့ထဲရှိ မည်သူမဆို ရိုင်ယန်၏ ခြုံခိုတိုက်ခိုက်မှုအောက်တွင် အလောင်းဖြစ်သွားမည်သာ ဖြစ်သည်။
စိတ်ထဲတွင် ရိုင်ယန်ကို အပြစ်တင်နေသော်လည်း၊ ဝမ်ချန်းသည် သူ၏ ပုံမှန်အတိုင်း ကြင်နာတတ်ပြီး ဖော်ရွေသော အပြုံးမျက်နှာဖုံးကို တပ်ဆင်ထားဆဲပင်။
ဖုန်းပုစီးရောက်လာခြင်းမှာ အနည်းငယ် မျှော်လင့်မထားသော အခြေအနေဖြစ်သော်လည်း ဝမ်ချန်းမှာ မစိုးရိမ်သလို၊ ကြောက်ရွံ့မှုလည်း မရှိပေ။
ဤမြို့အတွင်း၌ ရှိနေသရွေ့ လူသားအချင်းချင်း တိုက်ခိုက်၍ မရပေ၊ တိုက်ခိုက်ပါက မြို့လယ်ရှိ မြို့ပြကျောက်စာတိုင်၏ အပြစ်ပေးမှုကို ခံရမည်ဖြစ်ပြီး၊ သွေးနီရောင်အလင်းတန်းများ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာမည်ဖြစ်သည်။
သာမန် ရန်ဖြစ်ရုံမျှဖြင့်ပင် သွေးနီရောင်အလင်း၏ အပြစ်ပေးမှုကြောင့် သေဆုံးနိုင်သည်။
ထို့ပြင် လူတစ်ယောက်ကို သေသည်အထိ တိုက်ခိုက်ပြီးနောက် သွေးနီရောင်အလင်း စီးဝင်ခြင်းခံရသူ မည်သူမဆို နောက်တစ်နေ့အထိ အသက်ရှင်နိုင်သူ မရှိပေ။
ဝမ်ချန်းက ပြောလိုက်သည်။ "ဒါနဲ့ မင်းက ဆန်းကြယ်စွမ်းအားတစ်ခု ရထားတာလား၊ ဆွေးနွေးညှိနှိုင်းလို့ မရတဲ့အရာဆိုတာ မရှိပါဘူး။ ငါတို့ကြားမှာ တစ်ခုခု နားလည်မှုလွဲနေတာ ရှိမယ်လို့ ငါထင်တယ်"
ဝမ်ချန်း စကားပြောနေရင်း ဖုန်းပုစီး၏ မျက်နှာအမူအရာကို အကဲခတ်နေသည်။
ဖုန်းပုစီး ရောက်လာကတည်းက မြူခိုးထဲသို့ ဝင်မှသာ ကြားရတတ်သည့် ထူးဆန်းသော တိုးတိုးရေရွတ်သံကို သူ ကြားနေရ၏။ ထိုအသံမှာ ဖုန်းပုစီး၏ ဘေးတွင်ရှိသော အရိပ်ထံမှ လာနေခြင်းဖြစ်ကြောင်း ဝမ်ချန်း မသိသည်မှာ ရှင်းလှသည်။
ထိုအချိန်တွင် အရိပ်မှာ ဖုန်းပုစီး၏ ဘေးတွင် အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေသည်။
"မင်း ရူးနေလား၊ဒီမှာ သူ့ကို သတ်လို့မရဘူး၊ ရန်ပြုလို့တောင် မရဘူး။"
"ဒီမြို့က စွန့်ပစ်ခံထားရတာ ကြာပြီဆိုပေမဲ့ အခြေခံ လုပ်ဆောင်ချက်တချို့က အသက်ဝင်နေတုန်းပဲ။
လူသားအချင်းချင်း သတ်လို့မရဘူး၊ ဒါမှမဟုတ်ရင် 'နာမည်နီကျိန်စာ' သင့်လိမ့်မယ်။"
"မင်း အဲ့ဒီနောက်ဆက်တွဲဆိုးကျိုးကို ခံနိုင်မှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး မလုပ်ပါနဲ့၊ ဟုတ်ပြီလား"
"လူသားမျိုးနွယ်အချင်းချင်း သတ်ဖြတ်တာမျိုးက မလုပ်သင့်ဘူး..."
"အေး ပြောမရရင်လည်းထားတော့၊ မင်း သူ့ကို တကယ် သတ်ချင်တယ်ဆိုရင်တောင် မြို့အပြင်ဘက် ရောက်တဲ့အထိ စောင့်၊ မဟုတ်ရင် မင်း နာမည်နီကျိန်စာကြောင့် သေဖို့ အခွင့်အလမ်း အများကြီးရှိတယ်။ အဲ့ဒါက ထိုက်တန်တယ်လို့ မင်းထင်လို့လား"
အရိပ်သည် ဖုန်းပုစီးကို တားဆီးရန် သူ၏ရှေ့တွင် ရပ်နေသော်လည်း အချည်းနှီးသာ ဖြစ်သည်။ ဖုန်းပုစီးမှာ အရိပ်ကို လုံးဝဥပေက္ခာပြုထားပြီး၊ သူ၏ အကြည့်မှာ အရိပ်ကိုကျော်လွန်၍ ဝမ်ချန်း၏ မျက်လုံးများပေါ်တွင်သာ စွဲမြဲနေသည်။
ဖုန်းပုစီးက ပြောလိုက်၏။ "မင်းရဲ့ ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်ဖို့က ပိုအရေးကြီးတယ်လို့ တစ်ယောက်ယောက်က မင်းကို ပြောခိုင်းလိုက်တယ်"
ဝမ်ချန်းမှာ ဘာကြောင့် ဖုန်းပုစီးက ဤသို့ပြောနေရသနည်းဆိုသည်ကို နားမလည်ဘဲ ကြောင်အမ်းအမ်း ဖြစ်သွားကာ မေးလိုက်၏။
ဝမ်ချန်း ဇဝေဇဝါဖြင့်မေးလိုက်သည်။ "ရိုင်ယန်က မင်းကို ပြောခိုင်းလိုက်တာလား၊ ဒါမှမဟုတ် ဖေးချောင်လား၊ ကျောက်ကန်းလား"
ဖုန်းပုစီးက ခေါင်းခါပြပြီး ပြောလိုက်သည်။ "သူက... မှတ်ဉာဏ်တချို့ ပျောက်ဆုံးနေတဲ့ သူရဲကောင်း ဝိညာဉ်တစ်ခုပဲ။ လူသားတစ်ယောက် ဖြစ်ခဲ့ပုံရတယ်၊ ပြီးတော့ ဒီမြို့ကိုလည်း သူကိုယ်တိုင် တည်ဆောက်ခဲ့တာ ဖြစ်နိုင်သလို၊ ဒါမှမဟုတ် ဒီမြို့ကို တည်ဆောက်ပြီး စောင့်ရှောက်ခဲ့တဲ့ လူတွေထဲက တစ်ယောက် ဖြစ်နိုင်တယ်။ အကြောင်းပြချက် တစ်ခုခုကြောင့် သူတစ်ယောက်တည်း ကျန်နေခဲ့တာ"
ဖုန်းပုစီး စကားပြောနေစဉ် အရိပ်၏ တားဆီးသံများ ရပ်တန့်သွားသည်။
ဖုန်းပုစီးအား အလွန်အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် ဦးခေါင်းကို အုပ်ထားလိုက်သည်။ သူသည် အတိတ်က အတွေ့အကြုံများကို ပြန်လည်အမှတ်ရချင်သော်လည်း ဘာမှ မမှတ်မိနိုင်ပေ။
ဝမ်ချန်းက ပြုံးပြီး မေးလိုက်၏။ "အင်း ဟုတ်ပါပြီ၊ ဒါနဲ့ မင်း ဘာကို ဆိုလိုချင်တာလဲ"
ဝမ်ချန်းသည် ဖုန်းပုစီး၏ စကားများကို အဓိပ္ပာယ်မရှိဟု ထင်မြင်ပြီး၊ ဖုန်းပုစီးတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ရှိနေသည်ဟုသာ ယူဆလိုက်သည်။
ဖုန်းပုစီးက ဆက်၍ ပြောသည်။
"သူက ငါ့ကို လူသားအချင်းချင်း မသတ်သင့်ဘူးလို့ ပြောတယ်၊ ပြီးတော့ သတ်ရင် ဒီမြို့ရဲ့ ကျိန်စာသင့်မယ်လို့လည်း ပြောတယ်။ ငါသူ့ကို ပြန်ပြောချင်တာက တကယ်လို့ လူသားတွေအားလုံးက ကြုံလာသမျှကို သည်းခံပြီး ဆုတ်ခွာနေကြမယ်ဆိုရင်၊ ပြီးတော့ ထူးဆန်းတဲ့ အရာတွေနဲ့ နာမည်နီကျိန်စာကို ကြောက်လို့ ရှေ့ဆက်မတိုးတော့ဘူးဆိုရင်၊ သူ မျှော်လင့်ထားတဲ့ လူသားမျိုးနွယ်ဟာ အနာဂတ်ရှိမှာ မဟုတ်ဘူးဆိုတာပဲ"
ဖုန်းပုစီး စကားပြောနေစဉ် ဝမ်ချန်းမှာ နောက်သို့ တရွေ့ရွေ့ ဆုတ်နေမိသည်။ သူကြည့်နေစဉ်မှာပင်ဖုန်းပုစီးသည် သူ၏ခါးမှ သွေးစွန်းနေသော ပုဆိန်ကို ဆွဲထုတ်လိုက်သည်။ ဝန်မခံချင်သော်လည်း၊ ဖုန်းပုစီးသည် သူ့ကို သတ်ရန် အမှန်တကယ် ရောက်ရှိလာခြင်း ဖြစ်ပုံရသည်။
ဝမ်ချန်း၏ နှလုံးခုန်သံမှာ ပြင်းထန်လာသည်။ သူသည် တည်ငြိမ်သောအသံဖြင့် ပြောရန် ကြိုးစားလိုက်၏။
"မင်း ငါ့ကို သတ်လို့မရဘူး။ ငါက အပြန်အလှန်ကူညီရေးအသင်းကို တည်ထောင်ခဲ့သူပဲ။ ငါသာ ရုတ်တရက် သေသွားရင် ဒီမြို့ထဲက လူတွေကြားမှာ ဘယ်လိုရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားမလဲ မင်းသိလား။ ဒါ့အပြင် မင်း ငါ့ကို သတ်ရင် မင်းလည်း နာမည်နီကျိန်စာ သင့်ပြီး သေလိမ့်မယ်။ မင်း ငါ့ကို သတ်တာထက် ငါတို့ကြားက ပြဿနာကို ဖြေရှင်းဖို့ ပိုကောင်းတဲ့ နည်းလမ်း ရှိမှာပါ။ ငါ မင်းကို သေချာပေါက် ကျေနပ်အောင် လုပ်ပေးမှာပါ..."
ဖုန်းပုစီး ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီးနောက် ပုဆိန်အားလွှဲချလိုက်သည်။
"ဟမ်"
ဖုန်းပုစီး အနည်းငယ် အံ့သြသွားခဲ့သည်။ ဝမ်ချန်း၏ ဦးခေါင်းကို ထိမှန်ရမည့် ပုဆိန်မှာ ဝမ်ချန်း၏ ရှောင်တိမ်းမှုကြောင့် ရင်ဘတ်ကိုသာ ထိမှန်သွားသောကြောင့်ပင်။
သေခြင်းတရားနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရသော ဝမ်ချန်းသည် ရုတ်တရက် အားအင်များ ပေါက်ကွဲထွက်လာပြီး သူ၏ဦးခေါင်းကို နှစ်ခြမ်းကွဲစေမည့် ပုဆိန်အား ရှောင်တိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ရလဒ်မှာ များစွာ ပြောင်းလဲသွားမည်မဟုတ်ပေ။ ရင်ဘတ်ကို ပုဆိန်ထိမှန်သွားခြင်းမှာ ဝမ်ချန်း သေဆုံးမည်ဖြစ်ကြောင်း သေချာနေပြီး ချက်ချင်းကြီး မသေဆုံးသေးခြင်းသာ ဖြစ်သည်။
"သောက်ရမ်းနာတယ် …အား.. အောက်တန်းစား... မင်း ငါ့ကို တကယ်သတ်ရဲတယ် ငါ မင်းကို အရမ်းမုန်းတယ်၊ အရမ်းမုန်းတယ်၊ အရမ်းမုန်းတယ်။ ခံပြင်းလိုက်တာ… ငါ့အစီအစဉ်တွေ အောင်မြင်ခါနီးမှ မင်းလို တဇွတ်ထိုး စိတ္တဇကောင်နဲ့ လာတွေ့ရတယ်လို့.. မင်း... မင်း သေချာပေါက်... ပြန်ပေးဆပ်..."
စကားမဆုံးခင်မှာပင် နံရံကိုမှီထားသော ဝမ်ချန်း၏ခြေထောက်များမှာ ခန္ဓာကိုယ်ကို မထောက်ထားနိုင်တော့ဘဲ လျှောကျသွားပြီး နောက်ဆုံးတွင် အသက်ပျောက်သွားတော့သည်။
ထိုအချိန်မှာပင် ဖုန်းပုစီး၏ အမြင်အာရုံထဲ၌ အဆုံးမဲ့သော သွေးနီရောင် အလင်းတန်းများ ပေါ်ထွက်လာလေတော့သည်။