အခန်း (၂၅) - မေးစရာလိုသေးလို့လား အပြတ်ရှင်းဖို့ပေါ့
“ထူးဆန်းတဲ့အရာတွေ အကြောင်း သူသိသမျှကို အရင်မေးလိုက်သင့်တာ”
လည်ပင်းလိမ်ချိုးခံထားရသော ရိုင်ယန်အား ကြည့်ရင်း ဖုန်းပုစီး အနည်းငယ် နောင်တရမိသွားသည်။ သူ၏လက်ချောင်းများကို အသုံးပြု၍ ဘယ်ဘက်ပခုံးရိုးတွင် စိုက်ဝင်နေသော ကျည်ဆန်ကို ဖယ်ရှားလိုက်ပြီးနောက် ကျောပြင်တွင် စိုက်နေသော မြေမြှုပ်မိုင်း အပိုင်းအစများကိုလည်း ဆက်လက် ရှင်းလင်းလိုက်သည်။ ထိုမိုင်းကြောင့် သူ၏ကျောပြင်မှာ သွေးချင်းချင်းနီနေသော်လည်း ဒဏ်ရာမှာ အသက်အန္တရာယ်ရှိလောက်အောင် မပြင်းထန်ပေ။
လူသားခန္ဓာကိုယ်၏ ကန့်သတ်ချက်များကို ချိုးဖျက်ထားပြီးဖြစ်သဖြင့် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ သာမန်လူထက် ၄.၈ ဆ ရှိနေပြီဖြစ်သည်။ အပိုင်းအစများကို အကုန်ဖယ်ရှားပြီးနောက် ဖုန်းပုစီးမှာ တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။
“ငါ့ကိုယ်ထဲမှာ အပိုင်းအစတွေ ရှိနေသေးရင် ရင်ပြင်က ကျောက်သလင်းတုံးရဲ့ [ကုသခြင်း] လုပ်ဆောင်ချက်က ငါ့ကို ကုသပေးနိုင်မလား။ ကိုယ်ထဲက အပိုင်းအစကရော ဘာဖြစ်သွားမလဲ”
ဖုန်းပုစီး စဉ်းစားရင်း အပိုင်းအစတစ်ခုကို သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်လိုက်ကာ နောက်မှ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မနေ့ညက ဂေါ်ဘလင် လေးရာကျော် သတ်ခဲ့သဖြင့် စမ်းသပ်မှုအတွက် သုံးရန် ချောက်နက်အမှတ်များစွာ ရှိနေပေလိမ့်မည်။
သူသည် များများစားစား စဉ်းစားမနေတော့ဘဲ ရိုင်ယန်၏ အလောင်းနားသို့ လျှောက်သွားကာ ရိုင်ယန်၏ လက်မောင်းနှစ်ဖက်ကို ဆွဲဖြုတ်ပြီး သေချာစွာ လေ့လာလိုက်သည်။ ဤလက်မောင်းနှစ်ဖက်မှာ ရိုင်ယန် ဆန်းကြယ်စွမ်းအင်ကို အသက်သွင်းလိုက်ချိန်တွင် အမည်းရောင် မြူခိုးများ ထွက်ပေါ်လာပြီး ခွန်အားနှင့် မာကျောမှုတို့ တိုးလာခဲ့ခြင်းဖြစ်သည်။ ရိုင်ယန် သေဆုံးသွားပြီးနောက်တွင်မူ လက်မောင်းနှစ်ဖက်မှာ ထူးခြားသော ပြောင်းလဲမှုမရှိဘဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ရုတ်တရက် ဖုန်းပုစီးသည် လှုပ်ရှားသံတိုးတိုးလေး တစ်ခုကို ကြားလိုက်ရသည်။ လက်မောင်းနှစ်ဖက်ဆီမှ အားနည်းသော ထူးဆန်းသည့် ရေရွတ်သံများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူသည် ပုဆိန်ကို သုံး၍ လက်မောင်းတစ်ဖက်ကို ဖျက်ဆီးလိုက်ပြီး ၎င်းထဲမှ လက်မအရွယ်ခန့်ရှိသော အမည်းရောင် သွေးခဲအသားစတစ်ခုကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။ ဤအမည်းရောင် အသားစမှာ သက်ရှိတစ်ကောင်ကဲ့သို့ တဆတ်ဆတ် လှုပ်ရှားနေ၏။
ထိုအမည်းရောင် အသားစဆီမှ ဗိုက်ဆာနေကြောင်းနှင့် ချမ်းနေကြောင်း ပြောဆိုနေသည့်အလား တိုးတိုးရေရွတ်သံများ ထွက်ပေါ်နေသည်။ ဖုန်းပုစီးသည် ရိုင်ယန်၏ အခြားလက်မောင်းတစ်ခုမှလည်း လက်သည်းခွံအရွယ်ခန့်ရှိသော အမည်းရောင် အသားစတစ်ခုကို ထပ်မံထုတ်ယူလိုက်သည်။ အမည်းရောင် အသားစနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ဆွဲငင်သွားကြပြီး ဖုန်းပုစီး၏ လက်ဖဝါးထဲတွင် တစ်ခုတည်းအဖြစ် လျင်မြန်စွာ ပေါင်းစည်းသွားတော့သည်။
“ဒီလို အသားစမျိုးကို ကိုယ့်ရဲ့ သွေးသားထဲ ထည့်သွင်းလိုက်ရင် ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲ”
စဉ်းစားနေရင်း ဖုန်းပုစီး သူ၏ပုဆိန်ကို ထုတ်ကာ ဘယ်ဘက်လက်မောင်းအား အနည်းငယ် ခွဲလိုက်ပြီး ဤအမည်းရောင် အသားစကို စမ်းသပ်ထည့်သွင်းရန် ဆုံးဖြတ်လိုက်သည်။ ၎င်းမှာ ဆန်းကြယ်စွမ်းအင်ကို ကျင့်ကြံခြင်း မဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်မှာ အခြေခံ မတည်ဆောက်ရသေးသဖြင့် ယခုအချိန်တွင် ဆန်းကြယ်စွမ်းအင်ကို ကျင့်ကြံရန် မရွေးချယ်သေးချေ။ ဤသည်မှာ ထူးဆန်းသော စွမ်းအားကို စမ်းသပ်ကြည့်ရုံသာ ဖြစ်သည်။
ဤအသားစကြောင့် သူ၏ ဘယ်ဘက်လက်မောင်းမှာ မည်သို့ပင် ပြောင်းလဲသွားပါစေ၊ ၎င်းက သူ့အား ထူးဆန်းသော စွမ်းအားကို ထိန်းချုပ်ခွင့်ပေးသည်ဖြစ်စေ သို့မဟုတ် သူ၏ခန္ဓာကိုယ်ကို တိုက်စားမည့် အန္တရာယ်ဖြစ်စေ၊ သူသည် ဘယ်ဘက်လက်မောင်းကို ဖြတ်ပစ်လိုက်ရုံသာ ရှိသည်။ ထို့နောက် မြို့လယ်ရင်ပြင်ရှိ ကျောက်သလင်းတုံးတွင် လက်မောင်းအသစ်တစ်ခုကို [ကုသခြင်း]လုပ်လိုက်ရုံပင်။
ဖုန်းပုစီးသည် စဉ်းစားပြီးနောက် အသားစကို သူ၏လက်မောင်းထဲသို့ ထည့်သွင်းတော့မည့်ဆဲဆဲမှာပင် အံ့အားသင့်သည့် အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။ နေ့ဘက်ဖြစ်သဖြင့် ထိုအရိပ် ပြန်ရောက်လာခြင်း ဖြစ်သည်။
“ရပ်လိုက်စမ်း၊ မင်း ဘာလုပ်နေတာလဲ။ မင်း ရူးနေတာလား”
ဖုန်းပုစီးက ‘ဆန်းကြယ်ရင်းမြစ်’ အား မိမိ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းရန် ပြင်နေသည်ကို အဝေးမှ မြင်လိုက်ရသဖြင့် အရိပ်က သတိပေးရန် ချက်ချင်း ပြေးလာခြင်း ဖြစ်သည်။ ဖုန်းပုစီး ရပ်လိုက်သည်ကို မြင်မှသာ ထိုအရိပ်က အလေးအနက် ပြောလေသည်။
“ဆန်းကြယ်ရင်းမြစ်ကို ခန္ဓာကိုယ်ထဲ ထည့်သွင်းတာက ဆန်းကြယ်စွမ်းအင် ကို ရရှိနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်တာတော့ မှန်ပါတယ်။ အောင်မြင်မှုနှုန်း ၅၀ ရာခိုင်နှုန်း ရှိပေမဲ့ အဲဒါက လျှို့ဝှက်ဆေးဝါးတွေရဲ့ အကူအညီ လိုအပ်တယ်။ ဒီအတိုင်း တိုက်ရိုက် ထည့်သွင်းမယ်ဆိုရင် အောင်မြင်မှုနှုန်းက ၁၀ ပုံ ၁ ပုံတောင် မရှိနိုင်ဘူး။ ကံကောင်းလို့ အောင်မြင်ခဲ့ရင်တောင် ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိလိမ့်မယ်။”
“ပြီးတော့ အတိုချုပ်ပြောရရင် မြို့ပြင်မှာ အဆုံးမဲ့ချောက်နက် ယဇ်ပလ္လင် ရှိနေတာပဲ၊ အဲဒါက ဆန်းကြယ်စွမ်းအင်ကို ရဖို့ ပိုပြီး အန္တရယ်ကင်းတဲ့ နည်းလမ်းပဲ။ မင်းက အနုစိတ်အာရုံနယ်ပယ်ကို ရောက်နေပြီလေ၊ မင်း ကြိုက်တဲ့ အမျိုးအစားကိုတောင် ရွေးချယ်လို့ ရသေးတယ်။ ဘာလို့ ဒီရင်းမြစ်ကို သုံးချင်ရတာလဲ”
ဖုန်းပုစီးသည် သူ၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး လက်ထဲရှိ အမည်းရောင် အသားစကို မြှောက်ပြကာ မေးလိုက်သည်။
“ဒီဟာကို ဆန်းကြယ်ရင်းမြစ်လို့ ခေါ်တာလား”
ထိုအရိပ်က ရှင်းပြသည် “ဆန်းကြယ်ရင်းမြစ် ဒါမှမဟုတ် မူလရင်းမြစ် လို့လည်း အလွယ်ခေါ်ကြတယ်။ ဆန်းကြယ်စွမ်းအင် နိုးထခြင်းဆေးရည်ကို သုံးပြီး ဒါမှမဟုတ် အဆုံးမဲ့ချောက်နက် ယဇ်ပလ္လင်ကနေ အပ်နှင်းမှုကို ရပြီးရင် လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပထမဆုံး ဆန်းကြယ်ရင်းမြစ် ဖြစ်တည်လာတယ်။ အဲ့ ဆန်းကြယ်ရင်းမြစ် က သွေးသားထဲကို တဖြည်းဖြည်း ပေါင်းစပ်သွားပြီး နောက်ဆုံးမှာ တည်ငြိမ်တဲ့ ဆန်းကြယ်အင်္ဂါ ဖြစ်လာတာပဲ။ အဲဒါက ငါ အရင်က ပြောခဲ့တဲ့ ဗီဇပြောင်းလဲမှု အဆင့်ပေါ့။ အဲဒီကနေမှ ခန္ဓာကိုယ်ထဲမှာ လည်ပတ်မှုတစ်ခု တည်ဆောက်ပြီး ကျင့်ကြံခြင်း ပထမ အဆင့် ကို ရောက်သွားတာ။”
“ယေဘူယျအနေနဲ့ကတော့ ဗီဇပြောင်းလဲမှု အဆင့်ကို မရောက်သေးခင်မှာ သက်ဆိုင်ရာ အင်္ဂါကို ဖယ်ထုတ်လိုက်ရင် ဆန်းကြယ်ရင်းမြစ်က သွေးသားထဲကနေ ပြန်ကွာကျလာတတ်တယ်။ ဒီလို ဆန်းကြယ်ရင်းမြစ်ကို အစောဆုံး ဖယ်ရှားရမယ်။ တည်ငြိမ်တဲ့ ဆန်းကြယ်အင်္ဂါနဲ့ မတူတာက နာရီအနည်းငယ်အတွင်းမှာပဲ ဒီဆန်းကြယ်ရင်းမြစ်က သွေးသားတွေကို ဝါးမြိုပြီး သားရဲတစ်ကောင် ဖြစ်လာတတ်တာပဲ... နေဦး၊ မင်းက ဒီဆန်းကြယ်ရင်းမြစ်ကို ဘယ်က ရတာလဲ”
ထိုအရိပ်သည် ရုတ်တရက် သတိထားမိသွားကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ရိုင်ယန်၏ အလောင်းကို မြင်လိုက်ရသည်။ အရိပ်၏ မျက်နှာတွင် ဖော်ပြရခက်သော အမူအရာတစ်ခု ပေါ်လာပြီး သက်ပြင်းချကာ ပြောသည်။
“ရိုင်ယန်လား... သူ့ရဲ့ ပါရမီက တကယ်တော့ မဆိုးလှပါဘူး။ မင်း သူ့ကို သတ်လိုက်တာလား။ လူသားတွေက ဘာလို့ တစ်မျိုးနွယ်တည်း ဖြစ်လျက်နဲ့ အချင်းချင်း သတ်နေကြတာလဲ”
“အဲဒီမေးခွန်းကို မင်း သူ့ကိုပဲ မေးသင့်တာ”
ဖုန်းပုစီးက ပြောလိုက်သည်။ ထို့နောက် သူသည် ဆန်းကြယ်ရင်းမြစ်ကို သိမ်းလိုက်ပြီး မြို့ရိုးဆီသို့ လျှောက်သွားတော့သည်။
မူလက သူသည် ဆန်းကြယ်ရင်းမြစ်ကို သူ၏လက်မောင်းထဲ ထည့်သွင်းစမ်းသပ်ရန် စီစဉ်ခဲ့သော်လည်း အရိပ်၏ စကားကြောင့် ဖြေရှင်းရမည့် ကိစ္စတစ်ခု ကျန်သေးကြောင်း သူ သတိရသွားသည်။ ၎င်းမှာ ဝမ်ချန်း ပင် ဖြစ်သည်။ ဝမ်ချန်း သူ့ကို ဘာကြောင့် ပစ်မှတ်ထားသလဲဆိုသည်ကို သူ မသိသော်လည်း ၎င်းမှာ သိပ်မအရေးကြီးပေ။ သူ လုပ်ရမည့်အရာမှာ ဝမ်ချန်းကို ရှင်းပစ်ရန်သာ ဖြစ်သည်။
ဖုန်းပုစီး မြို့ရိုးဆီသို့ လျှောက်သွားသည်ကို မြင်သောအခါ ထိုအရိပ်က ဇဝေဇဝါဖြင့် မေးသည်။ “ဖေးချောင်က ဒီနားမှာတင် ရှိနေတာလေ၊ သူ့ကို ဒီအတိုင်း ထားခဲ့မှာလား။ မင်း ဘာသွားလုပ်မလို့လဲ”
“ငါ အရင်ဆုံး ဖြေရှင်းစရာလေး တစ်ခု ရှိလို့။ ပြီးမှ သူ့ကို ပြန်လာခေါ်ပြီး ရင်ပြင်မှာ နောက်ထပ် ကျင့်ကြံမှုတွေ လုပ်ပေးမယ်” ထိုသို့ပြောပြီးဖုန်းပုစီးသည် မြို့ရိုးအနီးသို့ ရောက်သည်နှင့် မြို့ရိုးပေါ်သို့ ခုန်တက်လိုက်သည်။
အရိပ် ခေတ္တစဉ်းစားပြီးနောက် ဖုန်းပုစီး ဘာလုပ်မလဲဆိုသည်ကို သိချင်သဖြင့် နောက်မှ လိုက်လာခဲ့သည်။ ယခင်အတိုင်းပင် ဖုန်းပုစီးသည် မြို့ထဲရှိ အဆောက်အအုံများပေါ်တွင် ပြေးလွှားနေပြီး တစ်ခါတစ်ရံ မြင့်သောနေရာများမှနေ၍ တစ်စုံတစ်ခုကို ရှာဖွေနေပုံရသည်။
ထိုအရိပ်က ပြောလိုက်သည်။
“မင်းတစ်ယောက်ယောက်ကို ရှာနေတာလား။ ငါက ဒီမြို့လေးထဲက လူတော်တော်များများကို မှတ်မိတယ်။ မင်း တစ်ယောက်ယောက်ကို ရှာနေရင် ငါ့ကို မေးလို့ရတယ်”
“ဝမ်ချန်း အခု ဘယ်မှာလဲဆိုတာ မင်း သိလား”
အရိပ် ဖြေလိုက်သည်။ “အပြန်အလှန်ကူညီရေးအသင်းကို တည်ထောင်ခဲ့တဲ့ ဝမ်ချန်းလား။ တကယ်တော့ သူက ဖေးချောင်၊ ကျောက်ကန်းနဲ့ နော်တန်တို့လိုပဲ မြူခိုးရဲ့ သက်ရောက်မှုကို တော်တော်လေးခုခံနိုင်တဲ့သူတွေထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ သူက မြို့ထဲမှာပဲ အမြဲအောင်းနေတတ်တယ်။ သူ ဒီအဖွဲ့အစည်းကို တည်ဆောက်ခဲ့တဲ့ နည်းလမ်းတွေကတော့ အတော်လေး အထင်ကြီးစရာပဲ။ သူ [အဆင့်မြှင့်တင်ခြင်း] လုပ်ပြီး တကယ့်ကမ္ဘာကို သွားတဲ့အခါ ဒီနည်းလမ်းတွေနဲ့ လူသားမျိုးနွယ်ရဲ့ ကျောရိုးတစ်ခု ဖြစ်လာနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ခွန်အားကို မြှင့်တင်ဖို့က အရေးကြီးဆုံးပဲ။ ဖြစ်နိုင်ရင် သူ့ကို သတိပေးဖို့ ငါ့ကို ကူညီပေးပါဦး”
“ကောင်းပြီ” ဖုန်းပုစီးက ခေါင်းငြိမ့်ပြပြီးနောက် မေးလိုက်၏။ “မင်း အခုလေးတင် ပြောလိုက်တဲ့ [အဆင့်မြှင့်တင်ခြင်း] ပြီးရင် တကယ့်ကမ္ဘာကို သွားရမယ်ဆိုတော့ ဒီနေရာက ဘာလဲ”
ထိုအရိပ်က သူ၏ဦးခေါင်းကိုကိုင်ကာ ခေတ္တစဉ်းစားပြီးနောက် ခေါင်းယမ်းကာ ပြောသည်။ “ငါ့မှတ်ဉာဏ်တွေက သိပ်မပြည့်စုံဘူး၊ သိပ်မရှင်းဘူး။ ဒါက ကမ္ဘာကြီးရဲ့ အပြင်ဘက်က အက်ကြောင်းတစ်ခုခု ဖြစ်လိမ့်မယ်။ ဒီလို အက်ကြောင်းတွေ အများကြီး ရှိနိုင်တယ်...”
“မင်း ဝမ်ချန်းကို ရှာနေတာဆိုရင် ငါ့နောက်ကို လိုက်ခဲ့”
ထိုအရိပ်၏ လမ်းပြမှုဖြင့် ဖုန်းပုစီးသည် ဝမ်ချန်းရှိရာ အဆောက်အအုံမြင့်ကြီးဆီသို့ လျင်မြန်စွာ ရောက်ရှိလာသည်။
ထိုအရိပ်က မေးလိုက်၏။ “ဒါနဲ့... မင်း ဝမ်ချန်းကို ဘာလုပ်ဖို့ရှာနေတာလဲ”
“ဘာလုပ်ရမှာလဲ... သူ့ကို သတ်ဖို့ပေါ့”
ပြောပြီးသည်နှင့် ဖုန်းပုစီးသည် အနီးရှိ အဆောက်အအုံပေါ်မှ ခုန်ဆင်းကာ ဝမ်ချန်းရှိရာ အဆောက်အအုံမြင့်ကြီးထဲသို့ ဝင်ရောက်သွားတော့သည်...။