အခန်း ၂၄ - အမှောင်ထဲက သေနတ်သံ၊ လုပ်ကြံသတ်ဖြတ်ခြင်း
ဖုန်းပုစီး ကမ်းပေးသော စတုတ္ထမြောက် ဆေးရည်ပုလင်းကို ကိုင်ထားစဉ် ဖေးချောင်၏ ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။ သူ၏ စိတ်ထဲတွင် ငြင်းဆန်ရန် စေ့ဆော်နေသော်လည်း သတ္တိမမွေးနိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ယနေ့တွင် သူသည် နှစ်ကြိမ်တိုင်တိုင် ငြင်းဆန်ခဲ့ဖူးပြီး ထိုသို့လုပ်မိတိုင်း သူခံစားရသော လေ့ကျင့်မှု (နှိပ်စက်မှု) မှာ ပို၍ပင် ပြင်းထန်လာသောကြောင့် ဖြစ်သည်။
နောက်ဆုံးတွင် ‘ပေါက်တဲ့နဖူးမထူးတော့ပါဘူးလေ’ ဟုတွေးကာ ပုလင်းဝက်ခန့်ရှိသော ဆေးရည်များကို ကုန်အောင် သောက်လိုက်တော့သည်။ သူ၏ ဦးခေါင်းမှာ နောက်တစ်ကြိမ် မူးဝေသွားပြန်၏။ ဖေးချောင်၏ အသိစိတ်များ တဖြည်းဖြည်း ပြန်လည်ကြည်လင်လာချိန်တွင် သူသည် ဖုန်းပုစီးနောက်သို့ လိုက်ပါကာ မြူခိုးထဲသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး မြူခိုးအတွင်းပိုင်းမှ စိမ်းဖျော့ဖျော့ မျက်လုံးများကို မြင်လိုက်ရသည်။ ၎င်းတို့မှာ ဂေါ်ဘလင် များပင် ဖြစ်၏။
အကယ်၍ မနေ့ညကဆိုလျှင် သူသည် သွေးကြွကာ သူ၏ဓားဖြင့် အတင်းဝင်ရောက် တိုက်ခိုက်မိမည် ဖြစ်သော်လည်း ယနေ့ တစ်နေ့လုံး ဝဋ်ခံပြီးနောက်တွင်မူ သူသည် အေးအေးဆေးဆေးသာ အနားယူချင်တော့သည်။
ကြမ်းတမ်းရက်စက်သော မျက်နှာထားဖြင့် ဂေါ်ဘလင်တစ်ကောင်က သူ့ထံသို့ ပြေးဝင်လာသည်။ ဖေးချောင်သည် သူ၏ဓားကို အနည်းငယ် နောက်ကျပြီးမှ မြှောက်လိုက်ရာ ရှေ့ရှိဂေါ်ဘလင်မှာ ရုတ်တရက် အရှိန်မြင့်လာသည်ကို သတိထားမိလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဂေါ်ဘလင်၏ လက်ထဲရှိ ပုဆိန်မှာ သူ၏ မျက်နှာဆီသို့ ပိုင်းချရန် ရောက်ရှိနေပြီဖြစ်သည်။
ဤပုဆိန်ချက်က သူ့ကို သေစေနိုင်သည်။ သေရေးရှင်ရေးကြား လှုံ့ဆော်မှုက ဖေးချောင်အား အမြန်ဆုံးပင် စိတ်နှင့်လူနှင့် ပြန်ကပ်သွားစေသည်။ ရှင်သန်လိုစိတ်သည် သက်ရှိတိုင်း၏ အခြေခံဗီဇပင် မဟုတ်ပါလား ။
“တောက်”
ဖေးချောင် ကျိန်ဆဲလိုက်ပြီး သူ၏ ငိုင်တိုင်တိုင် ဖြစ်နေသော မျက်နှာထားမှာ ရုတ်တရက် ရက်စက်ကြမ်းကြုတ်သော အသွင်သို့ ပြောင်းလဲသွားသည်။ ခဏချင်းမှာပင် သူသည် မနေ့ညက ဂေါ်ဘလင်များနှင့် တိုက်ခိုက်စဉ်က အခြေအနေမျိုးသို့ ရောက်ရှိသွားပုံရကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ နှေးကွေးသွားသလို ခံစားရသည်။ ပြီးတော့ မနေ့ကနှင့် မတူသည်မှာ ယနေ့တွင် သူ ပိုမိုသန်မာလာခြင်းပင် ဖြစ်သည်။
သူသည် ရှေ့ရှိဂေါ်ဘလင်ကို ကန့်လန့်ဖြတ် ပိုင်းချကာ နှစ်ပိုင်းပိုင်းလိုက်ပြီးနောက် ဘေးနားရှိ အခြားဂေါ်ဘလင်တစ်ကောင်ပေါ်သို့ ခုန်အုပ်ကာ လည်ပင်းကို လှီးဖြတ်လိုက်သည်။ ဖေးချောင်သည် လျင်မြန်စွာ ပြန်ထလာပြီး နောက်ထပ် ဂေါ်ဘလင်တစ်ကောင်ဆီသို့ ပြေးဝင်သွားသည်။ သူ၏ ရင်ထဲတွင် ပေါက်ကွဲလုနီးပါး ဖြစ်နေသော မီးတောက်တစ်ခု ရှိနေပြီး သူ၏ စိတ်ဓာတ်ကျမှုကို ဤဂေါ်ဘလင်များအပေါ်တွင် ပုံချချင်နေသည်။
“မင်းတို့လို အကောင်တွေကို ငါ အပိုင်းပိုင်း ပိုင်းပစ်မယ်”
...
မီတာအနည်းငယ်အကွာတွင် ဖုန်းပုစီးသည် ဂေါ်ဘလင်တစ်ကောင်၏ လည်ပင်းကို သူ၏ပုဆိန်ဖြင့် အေးအေးဆေးဆေးပင် ခုတ်ဖြတ်လိုက်ကာ ခေါင်းကို အနည်းငယ် ငြိမ့်လိုက်သည်။ သူ ဖေးချောင်ကို စောင့်ကြည့်နေခြင်း ဖြစ်သည်။
ဖေးချောင်၏ လက်ရှိ စွမ်းဆောင်ရည်အရ ယနေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သော နောက်ဆုံး [ အခြေခံကျင့်ကြံမှု အထောက်အကူ ] သုံးကြိမ်၏ အာနိသင်မှာ သူထင်ထားသလောက် မဆိုးလှပေ။ ယခုအချိန်တွင် ဖေးချောင်၏ ဂေါ်ဘလင် သတ်ဖြတ်နှုန်းမှာ အလွန်မြင့်မားနေသော်လည်း နေ့ဘက် လေ့ကျင့်စဉ်က ဤကဲ့သို့ စွမ်းဆောင်ရည်မျိုး မပြခဲ့ပေ။ နေ့ဘက်က ဖေးချောင်သည် လေ့ကျင့်မှုအပြီးတွင် သူ၏ ခန္ဓာကိုယ် စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးမချနိုင်ခဲ့ပုံရသည်။
တစ်နည်းအားဖြင့်ဆိုသော် ဖေးချောင်၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်းမှာ အလွန်နိမ့်ကျနေပြီး ပုံမှန်အားဖြင့် သူသည် ခွန်အားအစစ်အမှန်၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်သာ ထုတ်ဖော်နိုင်ပုံရသည်။ သေရေးရှင်ရေး လှုံ့ဆော်မှုအောက်တွင်သာ ခွန်အားအပြည့်ကို ထုတ်ဖော်နိုင်ခြင်းဖြစ်သည်။
‘သူ့ကို အရိုးအကြောပြောင်းလဲခြင်းကျမ်းထဲက ဟန် ၁၂ မျိုးကိုပါ လေ့ကျင့်ခိုင်းရင် ကောင်းမလား။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ် ပျော့ပျောင်းမှုက အတော်လေး ညံ့နေသေးတော့ တချို့ လှုပ်ရှားမှုတွေကို သူ လုပ်နိုင်မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် [အခြေခံကျင့်ကြံမှု အထောက်အကူ] နဲ့ နောက်ထပ် လေ့ကျင့်မှု အနည်းငယ် လုပ်ပြီးရင်တော့ သူ့ရဲ့ ပျော့ပျောင်းမှုက တိုးတက်လာမှာပါ’
‘ဒါဆိုရင် ဒီနေ့ သူ့ကိုခေါ်ပြီး ချောက်နက်အမှတ်တွေ ပိုရအောင် လုပ်ရမယ်။ အဲဒါအပြင် ထူးဆန်းတဲ့ အရာတွေရဲ့ စွမ်းအားကိုလည်း နားလည်အောင် ငါ ကြိုးစားကြည့်ဖို့ လိုတယ်’
‘အရိပ်ကစကားအရမ်းများပေမယ့် သူပြောတာတွေထဲ မှန်တာတချို့တော့ ရှိနေတာပဲ’
ဖုန်းပုစီးသည် တွေးနေရင်းပင် ပုဆိန်ကို ဝှေ့ယမ်းကာ ဂေါ်ဘလင်နှစ်ကောင်၏ ဦးခေါင်းခွံကို ရိုက်ခွဲလိုက်သည်။ သွေးသားကန့်သတ်ချက်များကို မချိုးဖျက်ထားလျှင်ပင် သူ၏ ခွန်အားမှာ ကန့်သတ်ချက်ကို ချိုးဖျက်ပြီးချိန်၏ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီ ဖြစ်သည်။ ဤဂေါ်ဘလင်များမှာ သူ့အတွက် မည်သည့်ခြိမ်းခြောက်မှုမျှ မရှိတော့ပေ။ ဖုန်းပုစီးသည် ဂေါ်ဘလင်အားလုံးကို သတ်မပစ်ဘဲ မလှမ်းမကမ်းရှိ ဖေးချောင်အတွက် အချို့ကို ချန်ထားပေးသည်။
တစ်နေရာတည်းတွင် ကြာမြင့်စွာ နေထိုင်ခြင်းကြောင့် မြူခိုးထဲမှ ဂေါ်ဘလင်များမှာ ပို၍စုဝေးလာကြသည်။ ဖေးချောင်လည်း ဖိအားများအောက်တွင်ပင် ဟိန်းဟောက်လိုက်ပြီး တစ်ချက်တည်းဖြင့် ဂေါ်ဘလင်နှစ်ကောင်ကို ထိုးသတ်လိုက်သည်။ ထို့နောက် ဓားကို အမြန်ပြန်နုတ်ကာ ရှေ့သို့ တိုးဝင်လိုက်ရာ နောက်ထပ် ဂေါ်ဘလင်တစ်ကောင် လဲကျသေဆုံးသွားပြန်သည်။
မနေ့ညက စွမ်းဆောင်ရည်နှင့် နှိုင်းယှဉ်လျှင် ယနေ့ ဖေးချောင်မှာ ပိုမိုသန်မာလာ၏။ မိနစ်အနည်းငယ် ကြာပြီးနောက် သတ္တိခဲ ဖေးချောင်သည် ဂေါ်ဘလင် ၂၇ ကောင် သတ်ဖြတ်နိုင်ခဲ့ရာ မနေ့က ၁၅ ကောင်ထက် အများကြီး သာလွန်သွားသည်။ ထိုအတောအတွင်း ဖုန်းပုစီးသည်လည်း ဂေါ်ဘလင် ၄၈ ကောင်ကို ပုဆိန်ဖြင့် ခုတ်သတ်ခဲ့သည်။
မနေ့ညကဆိုလျှင် မြူခိုးထဲမှ ဂေါ်ဘလင်များ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာမည် ဖြစ်သော်လည်း သူတို့နှစ်ဦး ဂေါ်ဘလင် ၇၀ ကျော် သတ်ဖြတ်ပြီးနောက်တွင် ဂေါ်ဘလင်များ စုဝေးလာမှုမှာ သိသိသာသာ လျော့နည်းသွားသည်။ စုဝေးမှု ရပ်တန့်သွားခြင်း မဟုတ်ဘဲ အစပိုင်းကထက် အရေအတွက် သိသိသာသာ နည်းပါးသွားခြင်း ဖြစ်သည်။
မြူခိုးအတွင်းရှိ သတ်မှတ်ထားသော ဧရိယာတစ်ခုတွင် ဂေါ်ဘလင်များ ထွက်ပေါ်နှုန်းမှာ ကန့်သတ်ချက်ရှိမည်ဟု ဖုန်းပုစီး ခန့်မှန်းလိုက်သည်။ သူတို့၏ သတ်ဖြတ်မှုနှုန်’က ဂေါ်ဘလင်များ ထွက်ပေါ်လာသည်ထက် သာလွန်သွားသောအခါ ဂေါ်ဘလင်အရေအတွက် နည်းသွားသည်ကို သတိထားမိခြင်း ဖြစ်သည်။
မနေ့ညက ထိုသို့မခံစားရခြင်းမှာ သူရော ဖေးချောင်ပါ ယနေ့ထက် အများကြီး ပိုမိုအားနည်းခဲ့ပြီး ဂေါ်ဘလင်များအားသတ်ဖြတ်မှုနှုန်းမှာ မလုံလောက်ခဲ့သောကြောင့် ဖြစ်သည်။
သူသည် မြူခိုးအတွင်းရှိ အခြားဧရိယာများသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်ကြည့်သောအခါ သူ၏ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ အကွာအဝေးတစ်ခုအထိ ရှေ့တိုးသွားပြီးနောက် မြူခိုးထဲမှ ထွက်ပေါ်လာသော ဂေါ်ဘလင်များ အမှန်တကယ် တိုးလာခဲ့ပြီး အတန်ကြာအောင် ရှင်းလင်းပြီးနောက် အသစ်ထွက်လာသော ဂေါ်ဘလင်များမှာ ပြန်လည်နည်းပါးသွားပြန်သည်။
...
တစ်ညလုံးတွင် ဖုန်းပုစီးသည် မြူခိုးထဲ၌ အတော်ဝေးဝေးအထိ လေ့လာရေး ခရီးထွက်ခဲ့သည်။ သူသည် သတိလစ်ကာ မောပန်းနေသော ဖေးချောင်ကို ပိုး၍ မူလပင့်ကူဂူဆီသို့ပင် ပြန်သွားခဲ့သော်လည်း ထိုပင့်ကူမိစ္ဆာနှင့် မတွေ့ဆုံခဲ့ပေ။ ညဘက်မြူခိုးထဲတွင် ဂေါ်ဘလင်များသာ ရှိပုံရသည်။
တစ်ညလုံးတွင် သူသည် ဂေါ်ဘလင် စုစုပေါင်း ၄၃၅ ကောင်ကို သတ်ဖြတ်ခဲ့သည်။ မုတ်ဆိတ်ဗလပွ ဖေးချောင်သည်လည်း အလွန်ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး ဂေါ်ဘလင် ၅၃ ကောင် သတ်ဖြတ်အပြီးတွင်တော့ မောပန်းနွမ်းနယ်ကာ လဲကျသွားခဲ့သည်။ သူ၏ ကိုယ်ပေါ်ရှိ ဒဏ်ရာများမှာလည်း မနေ့ကထက် ပိုမိုနည်းပါးသွားသည်။
မိုးလင်းလာသောအခါ ‘ဂေါ်ဘလင်သတ်ဖြတ်သူ’ ဟူသော ဘွဲ့မှာ အာနိသင်ပြလာပြီး အနီးအနားရှိ ဂေါ်ဘလင်များမှာ ထိတ်လန့်တကြား ထွက်ပြေးသွားကြသည်။ ထိုအချိန်တွင် သူ၏အာရုံခံမှုကို အသုံးပြု၍ သေချာစွာ စောင့်ကြည့်ရာ မိုးလင်းပြီးနောက် မြူခိုးထဲတွင် ဂေါ်ဘလင်နှစ်ကောင်မှာ လေထဲတွင်ပင် ပျောက်ကွယ်သွားသည်ကို တွေ့ရှိခဲ့သည်။ ဤဂေါ်ဘလင်များသည် ညမှောင်ချိန်တွင် ရောက်ရှိလာပြီး နေ့ဘက်တွင် ပျောက်ကွယ်သွားကြခြင်း ဖြစ်သည်။ ဤအချက်က နေ့ဘက်ထက် ညဘက်တွင် မြူခိုးထဲ၌ သားရဲများ ဘာကြောင့် ပိုများနေရသနည်းဆိုသည်ကို ရှင်းပြနေပုံရသည်။
ဖုန်းပုစီးသည် စဉ်းစားသုံးသပ်ရင်း သတိလစ်နေသော ဖေးချောင်ကို ပိုးကာ မြို့၏ တောင်ဘက်ခြမ်းရှိ မြေကွက်လပ်သို့ ပြန်လာခဲ့၏။
‘အရိပ်ကတော့ မြူခိုးထဲက ဂေါ်ဘလင်တွေက ထူးဆန်းတဲ့အရာတွေကနေ ဖြစ်တည်လာတဲ့ သားရဲသတ္တဝါတွေဖြစ်ပြီး အဆုံးမဲ့ချောက်နက်ကနေ လာတယ်ပြောတယ်’
‘အဆုံးမဲ့ချောက်နက် ဆိုတာက ဘာလဲဆိုတာကိုတော့ အရိပ်က ဘယ်တော့မှ အတိအကျ မပြောဘူး။ အဲဒီ ယဇ်ပလ္လင် ၅ ခုကို သွားဖို့ပဲ သူက တိုက်တွန်းနေပြီး အဲဒီ ထူးဆန်းတဲ့အရာတွေနဲ့ ခန္ဓာကိုယ် ပေါင်းစပ်သွားရင် အားလုံးကို သိရလိမ့်မယ်လို့ပဲ ပြောနေတယ်’
ဖေးချောင်ကို မြေပြင်ပေါ်တွင် ချလိုက်ရင်း ဖုန်းပုစီးက တိုးတိုးလေး ရေရွတ်လိုက်သည်။ ရုတ်တရက် ဆဌမအာရုံကဲ့သို့ တစ်စုံတစ်ခုကို အာရုံရလိုက်၍ ဘေးသို့ အနည်းငယ် တိမ်းစောင်းလိုက်၏။
“ဖတ်”
သူ၏ ဘယ်ဘက်ပခုံးတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ အပစ်ခံလိုက်ရခြင်း ဖြစ်သည်။ ဖုန်းပုစီး မြေပြင်ပေါ်တွင် အဆက်မပြတ် လိမ့်လိုက်၏။ နောက်ထပ် သေနတ်သံအချို့ ထွက်ပေါ်လာပြီး ကျည်ဆန်များက မြေပြင်ကို အဆက်မပြတ် ထိမှန်သွားသော်လည်း ဖုန်းပုစီးက အောင်မြင်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။
မီတာသုံးရာအကွာမှ ပစ်မှတ်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို မှန်ပြောင်းထဲမှ မြင်လိုက်ရသော ရိုင်ယန်၏ သူငယ်အိမ်မှာ ကျုံ့သွားပြီး သေနတ်ကိုကိုင်ကာ ချက်ချင်း ပြေးဖို့ပြင်လိုက်သည်။ ကံမကောင်းစွာပင် သူ၏ နောက်ဆုတ်မှုမှာ နှေးကွေးလွန်းနေခဲ့၏။
စက္ကန့်ပိုင်းမှာပင် ဖုန်းပုစီးသည် ရိုင်ယန် ပစ်ခတ်ခဲ့သော နေရာသို့ ရောက်ရှိလာသည်။ ရိုင်ယန်မှာမူ မီတာနှစ်ဆယ်အကွာတွင် လက်မြှောက်ကာ ရပ်နေပြီး မချိပြုံး ပြုံးနေလေသည်။ အရမ်းမြန်လွန်းသည်။ စက္ကန့်အနည်းငယ်အတွင်းမှာတင် ဖုန်းပုစီးသည် တစ္ဆေတစ်ကောင်လို သူ့ထံသို့ ပြေးဝင်လာခဲ့ရာ ဆုတ်ခွာရန် အခွင့်အရေး လုံးဝမရှိခဲ့ပေ။ နောက်တစ်ကြိမ်သာ ပြင်ဆင်ခွင့်ရမည်ဆိုလျှင် ဤလုပ်ကြံမှုကို သူ ဘယ်တော့မှ လက်ခံမိမည် မဟုတ်ပေ။ ဝမ်ချန်း ပေးသော ဆုလာဘ်မှာ နည်းလွန်းလှသည်...
ရိုင်ယန်က ခါးသီးစွာ ပြုံးရင်း …
“ဟေ့ သူငယ်ချင်း... ငါ မင်းကို ပစ်ခဲ့ပေမဲ့ အဲဒါ ငါ့ဆန္ဒမဟုတ်ပါဘူး။ ဒါတွေအားလုံးက ဝမ်ချန်းကြောင့်ပါ။ သူ့ရဲ့ ဟန်ဆောင်ကောင်းတဲ့ မျက်နှာဖုံးကိုခွာဖို့ ငါမင်းကို ကူညီနိုင်ပါတယ်၊ ငါ...”
ရိုင်ယန်၏ စကားမှာ ရုတ်တရက် ရပ်တန့်သွားပြီး သူက အောင်နိုင်သူအကြည့်ဖြင့် ကြည့်လိုက်သည်။
သူ ထောင်ထားခဲ့သော မိုင်းထောင်ချောက် အလုပ်လုပ်သွားပြီ ဖြစ်သည်။
“ဘုန်း”
မြေအောက်တွင် မြှုပ်ထားသော မိုင်းပေါက်ကွဲမှုက ဖုန်းပုစီးကို လေထဲသို့ လွင့်စင်သွားစေသည်။ သို့သော် ရိုင်ယန် အောင်ပွဲမခံနိုင်ခင်မှာပင် လွင့်စင်သွားသော ဖုန်းပုစီးသည် နောက်တစ်ကြိမ် တစ္ဆေတစ်ကောင်ကဲ့သို့ သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
ဖုန်းပုစီး၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လွန်းလှသည်။ သူ သေနတ်ကိုမြှောက်ကာ ပစ်ခတ်ရန် အချိန်မရခင်မှာပင် သူ၏လက်ထဲမှ သေနတ်မှာ ဖုန်းပုစီး၏ ကန်ချက်ကြောင့် လွင့်ထွက်သွားတော့သည်။ ထိတ်လန့်တကြားဖြင့် ရိုင်ယန်သည် သူ၏ ဆန်းကြယ်စွမ်းအားအား အသက်သွင်းလိုက်သည်။ အမည်းရောင် မြူခိုးများက သူ၏ ညာဘက်လက်မောင်းတွင် စုစည်းလာပြီး လက်မောင်းတစ်ခုလုံး မည်းနက်သွားကာ ဖုန်းပုစီးကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။
“ဘန်း”
ရိုင်ယန်၏ အမည်းရောင် လက်သီးမှာ ဖုန်းပုစီး၏ လက်ထဲတွင် အဖမ်းခံလိုက်ရသည်။ ပြုတ်တူဖြင့် ညှပ်ခံလိုက်ရသကဲ့သို့ ခံစားရကာ လုံးဝ ရုန်းထွက်၍မရပေ။
ဖုန်းပုစီးက “ဒါ မင်းရထားတဲ့ ထူးဆန်းတဲ့ စွမ်းအားလား” ဟု မေးသည်။
“ဟုတ်တယ်... ငါ... အား…”
ရိုင်ယန်၏ စကားမဆုံးခင်မှာပင် သူ၏ လက်မောင်းမှာ လိမ်ချိုးခံလိုက်ရပြီး သူ၏လည်ပင်း၌ ကြီးမားသော အားတစ်ခုကို ခံစားလိုက်ရသည်။ သူသည် ဖုန်းပုစီး၏ လက်ဖြင့် လည်ပင်းညှစ်ခြင်း ခံလိုက်ရပြီး အရိုးများ ကျိုးကြေသွားသည့် အသံနှင့်အတူ သူ၏ အသိစိတ်မှာ ထာဝရ ပျောက်ကွယ်သွားတော့သည်…။