အခန်း ၂၂ - မင်းက လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ဖျက်စီးနေတာပဲ
“အဓိပ္ပာယ်မရှိလိုက်တာ”
“မင်း ဘာလို့ ဒီလိုလုပ်နိုင်ရတာလဲ”
“မင်းဘာသာမင်း ချောက်နက်အမှတ်တွေကို ဒီလိုမျိုး ဖြုန်းတီးတာ ထားပါတော့၊ ဘာလို့ တခြားသူတွေကိုပါ ဆွဲချနေရတာလဲ။ ဖေးချောင်က ဒီမြို့မှာ ပါရမီအရှိဆုံးသူပဲ၊ ဘာလို့သူ့ရဲ့ပါရမီကို ဒီလို ဖျက်ဆီးပစ်နိုင်ရတာလဲ”
“မဟုတ်သေးဘူး... ဒေါသထွက်တာနဲ့ ရောကုန်ပြီ။ ဒီမြို့မှာ ပါရမီအရှိဆုံးသူက မင်းပဲ။”
“ဒါပေမဲ့ ဒီလိုမျိုးလုပ်နေတာက မင်းရဲ့ပါရမီနဲ့ ထိုက်တန်ရဲ့လား”
“ဒီမြို့ကို တည်ဆောက်ခဲ့တဲ့သူနဲ့ရော ထိုက်တန်ရဲ့လား...”
“ဒီမြို့ကို ဘယ်သူတည်ဆောက်ခဲ့တာလဲ... ငါ ဘာလို့ သေချာမမှတ်မိတော့တာလဲ”
“ပြောရရင် ဒီလိုမျိုး အားကောင်းတဲ့ပါရမီရှိတာမို့ မင်းမှာ ပိုကြီးမားတဲ့ တာဝန်ရှိတယ်။ မင်းရဲ့အရည်အချင်းကို အခုလို ဖြုန်းတီးနေတာက လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို လည်ပင်းညှစ်သတ်နေတာပဲ။”
“အခြေခံကျင့်ကြံမှု အထောက်အကူ တစ်ခုနဲ့ တော်ဝင်ရိက္ခာ တစ်ခုက ချောက်နက်အမှတ် ၅၀ ကုန်တယ်။ မင်းက ဘာလို့ တော်ဝင်ရိက္ခာ နှစ်ခုတောင် သုံးရတာလဲ။ တစ်ခုဆို လုံလောက်နေပြီလေ၊ မင်း အပိုစားလိုက်တာတွေက အစာမကြေနိုင်လို့ ခန္ဓာကိုယ်ထဲကနေ ပြန်စွန့်ထုတ်လိုက်ရမှာပဲ။”
“ဒီချောက်နက်အမှတ်တွေက မိုးပေါ်က ကျလာတယ်လို့ မင်းထင်နေတာလား။ ချောက်နက်အမှတ်တွေကို ဒီလိုမျိုး ဖြုန်းတီးနေတာဟာ လူသားတစ်ယောက်ဆိုတဲ့ မင်းရဲ့ဂုဏ်သိက္ခာနဲ့ ထိုက်တန်ရဲ့လား”
ထိုအရိပ်သည် အလွန်အမင်း စိတ်မကြည်မလင် ဖြစ်နေသည်မှာ သိသာလှပြီး တတွတ်တွတ် ဆက်တိုက်ပြောနေတော့သည်။ သူ၏စကားသံများသည် ထူးဆန်းသော တိုးတိုးရေရွတ်သံများအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွား၏။ အခြားတစ်ဖက်တွင် ရိက္ခာတန်းစီနေသော လူအများအပြားမှာ ထိုအရိပ်၏ စကားသံများကြောင့် စိတ်အာရုံထွေပြားကာ ခေါင်းမူးဝေသည့် လက္ခဏာများ ခံစားလာရသည်။
သို့သော် ဖေးချောင်အတွက်မူ သိသိသာသာ သက်ရောက်မှု မရှိပေ။ ဖေးချောင် လက်ထဲရှိ အရိုးကို စုပ်ယူလိုက်ပြီးနောက် ကျန်ရှိနေသော ဝူလျန်ယဲ့ အရက်ပုလင်းလေးကို မော့ချလိုက်သည်။
ယခုတစ်ကြိမ် သူ၏ [တော်ဝင်ရိက္ခာ]မှာ သိုးနံရိုးနှင့် အရက်ဖြူတို့ဖြစ်ပြီး အလွန်ပင်အရသာရှိလှသည်။ သူသည် [တော်ဝင်ရိက္ခာ] တစ်ခုသာ စားသော်လည်း သုံးပုံနှစ်ပုံခန့် စားပြီးချိန်မှာပင် ကျေနပ်မှုကို ခံစားနေရပြီဖြစ်သည်။ ၎င်းမှာ ဗိုက်ပြည့်သွားခြင်းမျိုး မဟုတ်ဘဲ ထူးဆန်းသော ကျေနပ်နှစ်သိမ့်မှုမျိုး ဖြစ်သဖြင့် ကျန်ရှိသော သုံးပုံတစ်ပုံကိုလည်း အမြန်စားလိုက်သည်။
စားသောက်ပြီးသွား၍ ကျေနပ်နေသော ဖေးချောင်သည် ရုတ်တရက် ကိုယ်လက်ဆန့်ထုတ်လိုက်ရာ ရင်ဘတ်နှင့် ကျောပြင်မှ ဒဏ်ရာများကြောင့် ချက်ချင်းပင် မျက်နှာရှုံ့တွသွားတော့သည်။ [အခြေခံကျင့်ကြံမှု အထောက်အကူ]သည် ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုနှင့် ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးကာ စိတ်ပင်ပန်းမှုကို ပြန်လည်ကောင်းမွန်စေသော်လည်း ရင်ဘတ်နှင့် ကျောပြင်မှ ဒဏ်ရာများကိုမူ ပျောက်ကင်းအောင် မကုသပေးနိုင်ပေ။
ဖေးချောင်သည် နာကျင်မှုကို သည်းခံ၍ အမြန်လှုပ်လှုပ်ရှားရှား လုပ်လိုက်ရာ အရိုးများဆီမှ တဂျောက်ဂျောက် အသံများ ထွက်ပေါ်လာသည်။ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက နာကျင်သော်လည်း ကြွက်သားနှင့် အရိုးများကို ဆွဲဆန့်လိုက်ရခြင်းမှာ တကယ်ပင် နေလို့ကောင်း၏။
ခေတ္တမျှ လှုပ်ရှားပြီးနောက် ဘေးရှိ ဖုန်းပုစီးကို မေးလိုက်သည် “ဆရာဖုန်း... ဟို အရိပ်ကြီးက ဘာဖြစ်နေတာလဲ။ တဝီဝီနဲ့ မနားတမ်း ပြောနေတော့တာ။ သူ့ကို ခဏလောက် နားခိုင်းလို့ မရဘူးလား”
ဖေးချောင် စကားပြောပြီးသည်နှင့် တပြိုင်နက် ထူးဆန်းသော အမည်းရောင် အခိုးအငွေ့များက သူ့ထံသို့ လွင့်စင်လာပြီး တိုးတိုးရေရွတ်သံများ ပိုမိုနီးကပ်လာသည်။
ထိုအရိပ်က ဒေါသတကြီးဖြင့် ပြောသည်လိုက်သည်။
“ငါ့ကို နားခိုင်းမယ် ဟုတ်လား။ ငါက မင်းအတွက် စေတနာနဲ့ သူ့ကို ဖျောင်းဖျနေတာ သိရဲ့လား။ မင်းရဲ့ ချောက်နက်အမှတ်တွေ အလကား ဖြစ်ကုန်ပြီ။”
“အမှတ် ၅၀ တောင်၊ မင်းက အမှတ် ၅၀ အကုန် ဖြုန်းတီးပစ်လိုက်တာ၊ အဲဒီ အမှတ် ၅၀ ရဖို့က ဂေါ်ဘလင် ၁၀ ကောင် သတ်မှရတာကွ။”
“မင်းက ဂေါ်ဘလင်တွေကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ်လို့ ကြွားနေပေမဲ့ အဲဒါက တကယ်တမ်း ဘယ်လောက် အန္တရာယ်များလဲ မင်းမသိဘူးလား”
ထိုအရိပ်၏ စကားနာထိုးမှုများကို ရင်ဆိုင်ရသော ဖေးချောင်သည် နားနှစ်ဖက်ကို လက်ဖြင့် အုပ်လိုက်သော်လည်း ချက်ချင်းပင် ပြန်လွှတ်လိုက်သည်။
နားကိုအုပ်ခြင်းက အသုံးမဝင်ပေ။ ထိုထူးဆန်းသော ရေရွတ်သံများသည် ခြင်များတဝီဝီ မြည်နေသကဲ့သို့ သူ၏ စိတ်ထဲသို့ တိုးဝင်နေဆဲ ဖြစ်သည်။ သို့သော် ဖေးချောင်၏ စိတ်ကျင့်စဉ်မှာ စိတ်စင်ကြယ်ခြင်းနယ်ပယ်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ဤရေရွတ်သံများကို ခံနိုင်ရည် ပိုရှိလာကာ လျင်မြန်စွာပင် လျစ်လျူရှုနိုင်ခဲ့သည်။
ဖေးချောင် သူ၏ ခန္ဓာကိုယ်ကို အာရုံခံကြည့်လိုက်ရာ ပြောင်းလဲမှုတစ်ခုကို ရှာဖွေတွေ့ရှိသွား၏။ သူ၏ ညာဘက်လက်မောင်းကို ထိန်းချုပ်ကာ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ပြောလိုက်သည်။၊ “ကျွန်တော့်ကိုယ်ပေါ်က ဒဏ်ရာတွေက နည်းနည်းနာနေပေမဲ့ ကျွန်တော့်ရဲ့ ခွန်အားကတော့ တိုးလာသလိုပဲ။ တကယ် မယုံနိုင်စရာကောင်းလိုက်တာ။”
ဖေးချောင် သူ၏ ဓားကို ကောက်ကိုင်ကာ နှစ်ချက်ခန့် ဝှေ့ယမ်းကြည့်ပြီး နေရာတွင်ပင် နှစ်ကြိမ်ခန့် ခုန်ကြည့်လိုက်ရာ သူ၏ ခန္ဓာကိုယ်က အမှန်တကယ်ပင် သန်မာလာကြောင်း အတည်ပြုနိုင်ခဲ့သည်။
ဖေးချောင်သည် ရုတ်တရက် နားလည်သွားပြီး ပြောလိုက်၏။
“ကျွန်တော် သိပြီ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပြီးနောက်မှာ ဒီ [ အခြေခံကျင့်ကြံမှု အထောက်အကူ ] နဲ့ [ တော်ဝင်ရိက္ခာ ] ကို တွဲသုံးတာက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကိုပိုပြီး သန်မာစေတာပဲ။ ကျောက်ကန်းတို့ လူစုက [ အခြေခံကျင့်ကြံမှု အထောက်အကူ ] ကို မသုံးတတ်ကြလို့ အဲဒါက အသုံးမဝင်ဘူးလို့ ထင်နေကြတာ။”
ကြွက်သားများဖြင့် ဗလတောင့်တင်းသော်လည်း ဖေးချောင်မှာ အရာရာကိုခွန်အားဖြင့်သာ စဉ်းစားတတ်သောသူတော့ မဟုတ်ပေ။ မနေ့ညက သူ့အား အပြင်ခေါ်ထုတ်သွားပြီး တိုက်ခိုက်စေခဲ့သည့် ဖုန်းပုစီး၏ ရည်ရွယ်ချက်ကို သူ ချက်ချင်း နားလည်သွားပြီး ဖုန်းပုစီး၏ အကူအညီအတွက် ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်သွားသည်။ မကောင်းတာတစ်ခုမှာ မနေ့ညက ဖုန်းပုစီးသည် သူ့အား ကျင့်ကြံခိုင်းသည်မှလွဲ၍ ဘာမှ ရှင်းမပြခဲ့ခြင်းပင် ဖြစ်သည်။
ဖေးချောင် စဉ်းစားနေစဉ်မှာပင် ဖုန်းပုစီးက သူ့အား ကြည့်ကာ ပြောလိုက်သည်။
“ပထမအကျော့ အခြေခံကျင့်ကြံမှု အထောက်အကူက ပြီးပြီ။ အခု ဒုတိယအကျော့ကို ဆက်သွားလို့ရပြီ။ မင်းမှာ ချောက်နက်အမှတ် ဘယ်လောက် ကျန်သေးလဲ”
“ကျွန်တော့်မှာ ၂၅၈ မှတ် ကျန်သေးတယ် ဆရာဖုန်း။ ကျွန်တော်တို့ ဒီလောက်တောင် လောဖို့ လိုလို့လား။ သေချာလေး နားသင့်တာ မဟုတ်ဘူးလား”
ဖုန်းပုစီးက ခေါင်းယမ်းလိုက်ပြီး …
“အခုက မိုးကောင်းတုန်း ရေခံရမယ့်အချိန်ပဲ၊ ပြီးတော့ ဒီလို ပြင်းထန်တဲ့ ကျင့်ကြံမှုက စိတ်ကျင့်စဉ်ကို လေ့ကျင့်ရာမှာလည်း အသုံးဝင်တယ်။ အရေးပေါ်ကိစ္စတွေအတွက်တော့ ချောက်နက်အမှတ် ၁၀၀ ချန်ထားရမယ်၊ ဆိုလိုတာက မင်းမှာ သုံးလို့ရတာ ၁၅၈ မှတ်ပဲ ရှိတယ်။ မင်းက သွေးသားကန့်သတ်ချက် တွေကို မချိုးဖျက်နိုင်သေးတော့ တစ်ခါသုံးရင် တော်ဝင်ရိက္ခာ တစ်ခုဆို လုံလောက်တယ်။ ဒီ ၁၅၈ မှတ်နဲ့ဆို ကျင့်ကြံမှုသုံးကြိမ် လုပ်လို့ရတယ်။ အခုပဲ စကြစို့၊ ငါ့နောက်ကို လိုက်ခဲ့။”
ဖုန်းပုစီး စကားပြောနေစဉ် အရိပ်မှာ ဒေါသကို မထိန်းနိုင်တော့ပေ။ ဖုန်းပုစီးက အဘယ်ကြောင့် ကျိုးကြောင်းပြချက်များအား နားမထောင်ရတာလဲဆိုသည်ကို သူ နားမလည်နိုင် ဖြစ်နေသည်။ ဒေါသထွက်နေသော အရိပ်သည် ဖုန်းပုစီး၏ ခန္ဓာကိုယ်ကို ထပ်ခါတလဲလဲ ဝင်တိုက်သော်လည်း အသုံးမဝင်ပေ။ သူသည် ခွန်အားမရှိသည့် အရိပ်တစ်ခုမျှသာ ဖြစ်လေသည်။
အရိပ်၏ ရေရွတ်သံများကြောင့် တွေဝေငေးမောနေသောချင်ချန်မင်း၏ ရှေ့တွင် ဖုန်းပုစီးသည် သူနားမလည်သော စကားများကို ပြောဆိုပြီးနောက် ဖေးချောင်အား ခေါ်ဆောင်ကာ ခပ်သွက်သွက် ထွက်ခွာသွားတော့သည်။
ချင်ချန်မင်းသည် ခုနက မြူခိုးထဲတွင်သာ တွေ့ရတတ်သော ထူးဆန်းသည့် ရေရွတ်သံများကဲ့သို့ အသံမျိုး ကြားလိုက်ရသလိုဖြစ်ပြီး သူ့ကို စိတ်ရှုပ်ထွေးသွားစေသည်။ သို့သော် ယခုမူ ထိုအသံများ ပျောက်ကွယ်သွားပုံရသည်။
ချင်ချန်မင်းသည် ဘေးနားတွင် မေ့လဲသွားသောလူနှစ်ဦးကို ကူညီရန် သူ၏ လက်အောက်ငယ်သားများကို အမြန်ခိုင်းစေလိုက်သည်။ ခုနက ထူးဆန်းသော ရေရွတ်သံများကြောင့် သူတို့အားလုံးသည် မြို့ပြင်က မြူခိုးထဲသို့ ရောက်သွားသလို ခံစားလိုက်ရပြီး စိတ်အာရုံများ မကြည်မလင် ဖြစ်ကာ အချို့မှာ မေ့ပင်လဲသွားကြခြင်း ဖြစ်သည်။
အလုပ်ရှုပ်နေစဉ်မှာပင် ဥက္ကဋ္ဌ ဝမ်ချန်း အမြန်လျှောက်လာသည်ကို ချင်ချန်မင်း တွေ့လိုက်ရသည်။ ရောက်လာပြီးနောက် ဝမ်ချန်းက မေးလိုက်၏။
“မနေ့ညက ဖုန်းပုစီးနဲ့ ဖေးချောင်တို့ ဒီကို ပြန်ရောက်လာတယ်လို့ ကြားတယ်။ သူတို့ ဘယ်မှာလဲ”
“သူတို့ အရှေ့ဘက်လမ်းအတိုင်း အခုလေးတင်ပဲ ထွက်သွားကြပြီ”
ချင်ချန်မင်းသည် ခုနက ဖြစ်ပျက်ခဲ့သည်များကို အမြန်ရှင်းပြလိုက်သည်။ ထူးဆန်းသော ရေရွတ်သံများကြောင့် သူ၏ မှတ်ဉာဏ်မှာ သိပ်မကြည်လင်ဘဲ အသေးစိတ် မပြောနိုင်သော်လည်း ယေဘုယျ ဖြစ်စဉ်ကိုမူ ရှင်းလင်းစွာ ပြောပြနိုင်ခဲ့သည်။
ဝမ်ချန်းက ခက်ထန်သော မျက်နှာထားဖြင့် မေးလိုက်သည်။
“မင်းပြောချင်တာက ဖေးချောင်လည်း ဖုန်းပုစီးလိုပဲ ဒီမှာ [တော်ဝင်ရိက္ခာ]ကို စားသွားတယ်ပေါ့ ဟုတ်လား”
ဝမ်ချန်း၏ ပုံမှန်မဟုတ်သော မျက်လုံးများကို ကြည့်ရင်း ချင်ချန်မင်းက ခေါင်းငြိမ့်ပြလိုက်သည်။
‘သူတို့ရဲ့ ဆက်ဆံရေးက ငါထင်ထားတာထက်တောင် ပိုနီးစပ်နေပါလား။ ဖေးချောင်ကိုတောင် ချောက်နက်အမှတ်တွေ ဖြုန်းတီးအောင် လုပ်နေတာ။ ဒီဖုန်းပုစီးကို အရှင်ထားလို့တော့ မဖြစ်တော့ဘူး’ ဟု ဝမ်ချန်း စိတ်ထဲမှ ကြိတ်ကြံကာ မြို့လယ်ရင်ပြင်မှ အမြန်ထွက်ခွာသွားတော့သည်။