အခန်း ၂၁ - ဂေါ်ဘလင်သတ်ဖြတ်သူ
“သူ ဒီတိုင်းပဲ တက်သွားတာလား”
အရိပ် ထပ်၍အံ့အားသင့်သွားပြန်သည်။ မြို့ရိုးမှာ အလွန်မမြင့်ဘဲ ငါးမီတာခန့်သာ ရှိသဖြင့် တွားတက်ရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သို့သော် ဖုန်းပုစီးသည် အရပ် ၁.၉၅ မီတာမြင့်ပြီး အလေးချိန် ၁၀၀ ကီလိုဂရမ်ခန့်ရှိသည့် ဖေးချောင်ကို ကျောပိုးထားခြင်း ဖြစ်သည်။ ၎င်းအပြင် ဖုန်းပုစီးနှင့် ဖေးချောင်တို့၏ ကိုယ်ပေါ်တွင် ကီလို ၂၀ ခန့် လေးလံသော ထူးဆန်းသည့် အလေးတုံးများကိုလည်း ချည်နှောင်ထားသေး၏။ အဓိကအချက်မှာ ဖုန်းပုစီးသည် အားစိုက်ထုတ်ရဟန် မရှိဘဲ အလွန်ပင် ပေါ့ပေါ့ပါးပါး တက်သွားခြင်းပင်။
အရိပ်သည် ဇဝေဇဝါဖြင့် မြို့ရိုးကို ဖြတ်ကျော်ဝင်ရောက်လာရာ မြို့အတွင်းရှိ အဆောက်အအုံများပေါ်၌ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသော ဖုန်းပုစီးကို မြင်လိုက်ရသည်။
“မြန်လိုက်တာ...”
သူ၏အမြင်တွင် ဖုန်းပုစီးသည် လျင်မြန်ဖျတ်လတ်သော မျောက်ဝံတစ်ကောင်ကဲ့သို့ အဆောက်အအုံ ခေါင်မိုးများပေါ်တွင် အဆက်မပြတ် ခုန်ပျံပြေးလွှားနေ၏။ အရိပ်သည်လည်း အမှီလိုက်ရန် အမြန်ကြိုးစားရတော့သည်။ သူ၏ခန္ဓာကိုယ်မှာ အားအင်မရှိသော်လည်း အရှိန်မှာ မဆိုးလှပေ။ သို့သော်လည်း ဖုန်းပုစီးကို အမှီလိုက်နိုင်ရန် အတော်လေး အားထုတ်လိုက်ရ၏။
“မင်းက အရှိန်အဝါကို ဖုံးကွယ်ထားနိုင်တဲ့ ထူးဆန်းတဲ့ အရာတစ်ခုခုနဲ့ ပေါင်းစပ်ထားတာလား... ဟုတ်မှာပါ၊ မင်း အဲဒါနဲ့ ပေါင်းစပ်ထားလို့ပဲ ဖြစ်ရမယ်”
အရိပ်က ဆက်တိုက်မေးနေသော်လည်း ဖုန်းပုစီးထံမှ မည်သည့်အဖြေမျှ မရရှိသဖြင့် ဖုန်းပုစီး၏ ခန္ဓာကိုယ်ကိုသာ စူးစိုက်လေ့လာနေတော့သည်။ ယုတ္တိဗေဒအရ ဖုန်းပုစီးသာ အရှိန်အဝါဖုံးကွယ်နိုင်သော အရာနှင့် ပေါင်းစပ်ထားပါက သူ၏မျက်စိထဲတွင် သဲလွန်စအချို့ မြင်ရမည်ဖြစ်သော်လည်း အတော်ကြာအောင် ကြည့်သော်လည်း မည်သည်ကိုမျှ ရှာမတွေ့ပေ။
ဖုန်းပုစီး ပြောခဲ့သည့်အတိုင်း သူသည် လူသားမျိုးနွယ် ခန္ဓာကိုယ်၏ ပင်ကိုယ်ခွန်အားကိုသာ အသုံးပြုနေပုံရသည်။ သို့သော် ၎င်းက မည်သို့ဖြစ်နိုင်မည်နည်း။ လူသားမျိုးနွယ်၏ ခန္ဓာကိုယ်သာ ဤမျှသန်မာမည်ဆိုလျှင် လူသားမျိုးနွယ်မှာ...
ထိုအရိပ်သည် အတိတ်မှတ်ဉာဏ်များကို ပြန်လည်ဖော်ထုတ်ရန် သူ၏ဦးခေါင်းကို ဖိနှိပ်ထားမိသည်။ သို့သော် အချိန်များစွာ ကုန်ဆုံးသွားပြီ ဖြစ်၍သော်လည်းကောင်း သို့မဟုတ် သူ၏ခန္ဓာကိုယ်တွင် တစ်စုံတစ်ခု မှားယွင်းနေ၍သော်လည်းကောင်း မှတ်မိရန် ခဲယဉ်းနေတော့သည်။
...
နံနက်စောစော ဖြစ်သောကြောင့် မြို့လယ်ရင်ပြင်တွင် ရိက္ခာလဲလှယ်ရန် လူအများအပြား တန်းစီစောင့်ဆိုင်းနေကြ၏။ ထိုနေရာတွင် စည်းကမ်းထိန်းသိမ်းရေး တာဝန်ယူထားသူမှာ မနေ့ညက ချင်ချန်မင်း ပင် ဖြစ်သည်။ တစ်ညလုံး မအိပ်ရသေးသော ချင်ချန်မင်းသည် သမ်းဝေနေမိ၏။ ပုံမှန်ဆိုလျှင် ယခုအချိန်၌ တာဝန်လဲရမည် ဖြစ်သော်လည်း အပြန်အလှန်ကူညီရေးအသင်းမှာ တည်ထောင်စသာ ရှိသေးသဖြင့် လူအင်အား မလုံလောက်သေးပေ။
တာဝန်လဲပေးရမည့်သူကိုလည်း ဝမ်ချန်းက တခြားအလုပ်များ ခိုင်းထားသဖြင့် သူသည် ယနေ့အတွက်ပါ ဆက်လက်တာဝန်ယူနေရခြင်း ဖြစ်သည်။ ထိုအချိန်မှာပင် အသံတစ်ခု ကြားလိုက်ရ၍ လှည့်ကြည့်လိုက်ရာ သွေးအလိမ်းလိမ်းဖြစ်နေသော လူတစ်ယောက်သည် အဆောက်အအုံပေါ်မှ ခုန်ဆင်းလာသည်ကိုတွေ့လိုက်ရ၏။ ၎င်းမှာ ဖေးချောင်ကို ကျောပိုးထားသော ဖုန်းပုစီးပင်ဖြစ်သည်။
ဖုန်းပုစီးသည် ဂေါ်ဘလင်များထံမှ ရရှိသော သားရေဝတ်စုံအကြမ်းကို ဝတ်ဆင်ထားပြီး ထိုဝတ်စုံနှင့် သူ့ခန္ဓာကိုယ်တွင် စေးကပ်နေသော သွေးညိုများ ပေကျံနေသည်။ သွေးများမှာ လေထုနှင့် ထိတွေ့မှု ကြာမြင့်နေပြီဖြစ်သဖြင့် အရောင်များပင် ပြောင်းလဲနေပြီ ဖြစ်သည်။ အဝတ်အစားများ ပြောင်းလဲသွားသလို လက်မောင်းနှင့် ခြေထောက်များတွင်လည်း (ကျောက်ခဲများ ထည့်ထားသော) ထူးဆန်းသည့် အလေးတုံးများ ချည်နှောင်ထားသော်လည်း ချင်ချန်မင်းသည် ဖုန်းပုစီးအား တစ်ချက်ကြည့်ရုံနှင့် မှတ်မိလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် မနေ့ညက ဖုန်းပုစီး ချန်ရစ်ခဲ့သော ပုံရိပ်မှာ အလွန် မေ့ဖျောက်ရန်ခက်သောကြောင့်ပင်။
ဖုန်းပုစီး ကျောပိုးထားသော မုတ်ဆိတ်ဗလပွ ဖေးချောင်ကိုလည်း ချင်ချန်မင်း သိထားပြီးသား ဖြစ်သည်။ ချင်ချန်မင်း ဇဝေဇဝါ ဖြစ်သွားရ၏။ မနေ့ညက ဖေးချောင်သည် လက်တစ်ဖက်ပြတ်ကာ ဒဏ်ရာပြင်းထန်နေသော ဖုန်းပုစီးကို ပိုးလာခဲ့ခြင်း ဖြစ်သည်။ ယခုမူ ဖေးချောင်မှာ အသက်ငင်နေသည့်အလား အားနည်းနေပြီး ကျောပြင်တွင်လည်း ဒဏ်ရာများစွာ ရရှိထားသည်ကို မြင်တွေ့လိုက်ရသည်။
ဘာတွေများ ဖြစ်ပျက်ခဲ့သနည်း။ ဖုန်းပုစီးသည် ဒေါက်တာနော်တန်နှင့်အတူ အသင်း၏ဆေးရုံသို့ ကုသမှုခံယူရန် လိုက်သွားခဲ့သည်ဟု ချင်ချန်မင်း မှတ်မိနေသေးသည်။ ချင်ချန်မင်း စဉ်းစားနေစဉ်မှာပင် ဖုန်းပုစီးသည် မနေ့ညက ဖေးချောင် လုပ်ခဲ့သကဲ့သို့ပင် စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ကာ ရင်ပြင်အလယ်ရှိ ကျောက်စာတိုင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားတော့သည်။
၎င်းကို မြင်သောအခါ ချင်ချန်မင်း အမြန်လိုက်သွားပြီး “မင်း ဒီလိုလုပ်စရာ မလိုပါဘူး။ ဒဏ်ရာရနေရင် ကျောက်စာတိုင်ကို အရင်သုံးလို့ရပါတယ်၊ မင်း...”
သူ စကားပြောနေရင်းမှာပင် ကျောက်စာတိုင်နားသို့ ရောက်ခါနီး ဖုန်းပုစီးသည် ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားကာ သွေးတစ်လုတ် ထွေးထုတ်လိုက်သည်။ လဲကျသွားပြီးနောက် ဖုန်းပုစီး၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ယင်နေတော့သည်။ ချင်ချန်မင်း သူ့အား အမြန်ထူပေးလိုက်ပြီး ဘေးနားရှိ အသင်းဝင်များကိုလည်း ဘေးသို့ လဲကျနေသော ဖေးချောင်ကို ကြည့်ရှုပေးရန် ခိုင်းစေလိုက်၏။
ခန္ဓာကိုယ် တုန်ယင်နေသော ဖုန်းပုစီးမှာ ရင်ပြင်ရှိ ကျောက်စာတိုင်ဆီသို့ တွားသွားရန် ကြိုးစားနေပုံရသည်။ ယင်းကိုမြင်သောအခါ ချင်ချန်မင်းက ဖုန်းပုစီးကို ကျောက်စာတိုင်ဆီသို့ ရောက်အောင် ကူညီတွဲပေးလိုက်၏။ ကျောက်စာတိုင်မှာ မီတာအနည်းငယ်သာ ကွာဝေးသဖြင့် သူသည် ဖုန်းပုစီး ထိတွေ့နိုင်စေရန် လျင်မြန်စွာ ကူညီပေးလိုက်သည်။
“ကျေးဇူးပဲ။”
ချင်ချန်မင်းကို ကျေးဇူးတင်စကား ပြောပြီးနောက် ဖုန်းပုစီးသည် ကျောက်စာတိုင်မှ အချက်အလက်များကို ဖွင့်ကြည့်လိုက်သည်။
...
[ကိုယ်ရေးအချက်အလက်]
အမည် - ဖုန်းပုစီး
ဘွဲ့ထူး - ‘ ဂေါ်ဘလင်သတ်ဖြတ်သူ’ (အသက်သွင်းထားသည်)
(လက်ရှိတွင် ဘွဲ့ထူး ၁ ခုကို အသက်သွင်းနိုင်သည်)
မျိုးနွယ် - လူသားမျိုးနွယ်
ကျင့်ကြံမှုအဆင့် - အဆင့်မသတ်မှတ်ရသေး
ဝိညာဉ်အဆင့် - အဆင့်မရှိမသတ်မှတ်ရသေး
ချောက်နက်အမှတ် - ၈၃၈ (+၆၉၉) ...
‘ဂေါ်ဘလင်သတ်ဖြတ်သူ’
“ကြောက်လန့်ခြင်းတွေသယ်ဆောင်လာသူ။ ငိုကြွေးခြင်းတွေသယ်ဆောင်လာသူ။ မင်းဟာ သတ်ဖြတ်သူပဲ။မင်းက မိစ္ဆာတစ်ကောင်ပဲ။ ဂေါ်ဘလင်တွေအတွက်တော့ မင်းဟာ အဆုံးမရှိတဲ့ အိပ်မက်ဆိုးပဲ။"
‘ဘွဲ့ထူးအာနိသင်’
အဆင့်နိမ့် သားရဲအားလုံး သင့်ရှေ့တွင် ကြောက်ရွံ့တုန်လှုပ်နေလိမ့်မည်။ နေ့ဘက်တွင် သင့်ကို အရင်စ၍ တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။ အဆုံးမဲ့ချောက်နက်အတွင်း၌ ဤဘွဲ့ထူး၏ အာနိသင်မှာ နှစ်ဆ ဖြစ်လိမ့်မည်။
လက်ရှိ ဤဘွဲ့ထူးကို ရရှိထားသူ စုစုပေါင်း - ၃၉၂၇၆ ဦး
ဤဘွဲ့ထူးကို ရရှိရန် လိုအပ်သော အခြေအနေများ
၁။ တစ်ရက်အတွင်း ဂေါ်ဘလင် ၁၀၀ ကို တစ်ဦးတည်း သတ်ဖြတ်နိုင်ရမည်။
၂။ အချက် (၁) ကို လုပ်ဆောင်နေစဉ်အတွင်း အနည်းဆုံး ညဘက်ရူးသွပ်နေသော ဂေါ်ဘလင် တစ်ကောင်ကို စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားအောင် ပြုလုပ်နိုင်ရမည်။
၃။ အချက် (၁) နှင့် (၂) ကို လုပ်ဆောင်နေစဉ်အတွင်း သင်၏ကျင့်ကြံမှုမှာ ပထမအဆင့် ထက် မကျော်လွန်စေရ။
...
တစ်ညလုံး သတ်ဖြတ်ပြီးနောက် သူ့ချောက်နက်အမှတ်မှာ ၈၃၈ မှတ်သို့ ရောက်ရှိသွားသည်။ ဂေါ်ဘလင် ၁၃၉ ကောင် သတ်ဖြတ်မှုမှ သူ့အတွက် ချောက်နက်အမှတ် ၆၉၉ မှတ် ရရှိခဲ့သဖြင့် တစ်ကောင်လျှင် ပျမ်းမျှ ၅ မှတ် ရရှိခြင်း ဖြစ်သည်။ ယခင်က ဂေါ်ဘလင် လေးကောင်နှင့် ပင့်ကူကြီး တစ်ကောင် သတ်ဖြတ်မှုတွင် ၇၀ မှတ် ရရှိခဲ့သဖြင့် ပင့်ကူကြီး၏ ချောက်နက်အမှတ်မှာ ၅၀ ခန့် ဖြစ်မည်ဟု တွက်ဆရသည်။
ထို့ပြင် သူသည် ‘ဂေါ်ဘလင်သတ်ဖြတ်သူ’ ဟူသော ဘွဲ့ထူးကိုလည်း ရရှိခဲ့ပြီး ၎င်းကို နှိပ်ကြည့်လိုက်သောအခါ အသေးစိတ် အချက်အလက်များကို မြင်တွေ့ရ၏။ ဤဘွဲ့ထူးကြောင့်ပင် မိုးလင်းပြီးနောက် သူနှင့် နီးကပ်လာသော ဂေါ်ဘလင်များမှာ ခပ်လှမ်းလှမ်းမှ ရှောင်ကွင်းသွားကြခြင်း ဖြစ်ပုံရသည်။
ဖုန်းပုစီး များများစားစား စဉ်းစားမနေတော့ဘဲ [ အခြေခံကျင့်ကြံမှု အထောက်အကူ ] ကို လျင်မြန်စွာ ရွေးချယ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ပိုမိုခိုင်မာလာသလို တစ်ချိန်တည်းမှာပင် ဆာလောင်မှုများ ပြန်လည်ပေါ်ပေါက်လာ၏။ ထို့နောက် [ တော်ဝင်ရိက္ခာ ] နှစ်ခုကို လျင်မြန်စွာ လဲလှယ်လိုက်သည်။ ပထမတစ်ခုတွင် ကျောက်ပုစွန်ကြီးတစ်ကောင် ရရှိခဲ့ပြီး နောက်တစ်ခုမှာ ပူပူနွေးနွေး အမဲသားပြား ဖြစ်သည်။
ချင်ချန်မင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် စောနကပင် သွေးများအန်နေသည့် ဖုန်းပုစီးသည် နောက်တစ်ကြိမ် အားရပါးရ စားသောက်နေပြန်တော့သည်။ ချင်ချန်မင်းသာမက အရိပ်သည်လည်း အံ့အားသင့်သွားလေသည်။
သို့သော် သူတို့၏ အံ့အားသင့်ရခြင်း အကြောင်းရင်းမှာ ကွဲပြားနေသည်။ အရိပ်၏ အမြင်တွင် ဖုန်းပုစီး၏ လုပ်ရပ်မှာ အလွန်ပင် ဖြုန်းတီးလွန်းလှသည်။
စကားများသော ထိုအရိပ်က ပြောပြန်၏။
“၇၄၃၉၆ အစပျိုးမြို့မှာပဲရှိတဲ့ [အခြေခံကျင့်ကြံမှု အထောက်အကူ] ဆိုတာကို မင်း အသုံးချတတ်တာကတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ မင်းရဲ့ နည်းလမ်းက အရမ်းဖြုန်းတီးရာ ရောက်နေတယ်။ ငါ မင်းကို စောင့်ကြည့်နေတာ ကြာပြီ။ မင်း ဖေးချောင်ကိုပိုးပြီး ဘာလို့ ဒီလောက်မြန်မြန် ပြေးနိုင်လဲဆိုတာ မသိပေမဲ့ မင်းရဲ့ခန္ဓာကိုယ်က ထူးဆန်းတဲ့ အရာတွေနဲ့ မပေါင်းစပ်ရသေးဘူး မလား။
“ငါ မင်းကို အကြံတစ်ခုပေးမယ်၊ မင်း ယဇ်ပလ္လင်ကို သွားပြီး အဲဒီက ထူးဆန်းတဲ့အရာတစ်ခုခုနဲ့ အရင် ပေါင်းစပ်လိုက်။ မင်းရဲ့ ခန္ဓာကိုယ်က အဲဒီဟာတွေနဲ့ ပေါင်းစပ်ပြီးမှပဲ [အခြေခံကျင့်ကြံမှု အထောက်အကူ]ကို အကောင်းဆုံး အသုံးချနိုင်မှာ။ ပြောင်းလဲသွားတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို လေ့ကျင့်ပေးရင် အဲဒီအစိတ်အပိုင်းတွေရဲ့ ဗီဇပြောင်းလဲမှုကို မြန်ဆန်စေပြီး ကျင့်ကြံမှုအဆင့်ဆီကို ပိုမြန်မြန် ရောက်စေနိုင်တယ်။”
“မင်း အခုလုပ်နေတာက ခန္ဓာကိုယ်ကို ဒီတိုင်း လေ့ကျင့်နေရုံပဲ၊ ဒါက ဘာမှ အဓိပ္ပာယ်မရှိဘူး။ လက်နက်ကို အသုံးပြုတာနဲ့ ဥပမာပြောရရင် တခြားသူတွေက လူကြီးတွေဖြစ်ပြီး ပန်းပဲဖိုမှာ သံမဏိဓားတွေကို သွန်းလုပ်နေကြချိန်မှာ မင်းက ကလေးတစ်ယောက် သစ်သားဓားကို အပင်ပန်းခံ ထွင်းထုနေသလိုပဲ၊ ။ မင်း သူတို့ကို ယှဉ်နိုင်မယ် ထင်လို့လား”
အရိပ်၏ ပြောဆိုမှုကို ဖုန်းပုစီး ပြန်မဖြေဘဲ သူ့ကို တစ်ချက်သာ လှမ်းကြည့်လိုက်သည်။ သူ ဤအရိပ်နှင့် စကားအရှည်ကြီး မပြောချင်ပေ။
ထိုအရိပ်သည် ဖုန်းပုစီး၏ အကြည့်ကို နားလည်သွားကာ တုံ့ပြန်လိုက်၏။
“မင်းက အခြေခံကောင်းဖို့လိုတဲ့ အကြောင်းကို ပြောချင်တာလား။ ဒါပေမဲ့ ငါ မင်းကို မပြောခဲ့ဖူးဘူးလား၊ မင်းက အနုစိတ်အာရုံနယ်ပယ်ကို ရောက်နေပြီလေ၊ မင်းရဲ့ အခြေခံက ခိုင်မာလွန်းလှပြီ။ မင်းရဲ့ အခြေခံသာ မခိုင်မာဘူးဆိုရင် ငါတို့အားလုံး သေတာပဲ ကောင်းမယ်။ ကျင့်ကြံမှုအဆင့် မရှိသေးတဲ့သူ မပြောနဲ့ဦး၊ တတိယအဆင့်၊ စတုတ္ထအဆင့် ရောက်နေတဲ့သူတွေထဲမှာတောင် အနုစိတ်အာရုံနယ်ပယ်ကို ရောက်တဲ့သူက ရှားမှရှား...”
စကားများသော ထိုအရိပ်မှာ ဆက်တိုက် ရေရွတ်နေသော်လည်း ဖုန်းပုစီးက ဂရုမစိုက်ပေ။ တော်ဝင်ရိက္ခာ နှစ်ခုကို စားသောက်ပြီးနောက် အားနည်းနေသော ဖေးချောင်ကို ကျောက်စာတိုင်ဆီသို့ ရွှေ့ပေးလိုက်ကာ ကျောက်သလင်းအား ထိတွေ့စေသည်။ မကြာမီမှာပင် [အခြေခံကျင့်ကြံမှု အထောက်အကူ] အသုံးပြုပြီးနောက် ဖေးချောင်သည်လည်း တော်ဝင်ရိက္ခာကို ငမ်းငမ်းတက် စားသောက်တော့သည်။
ထိုအချိန်၌ စကားများသော အရိပ်မှာ ဒေါသတကြီးဖြင့် အော်ဟစ်နေ၏။ ဖုန်းပုစီး တစ်ယောက်တည်း ချောက်နက်အမှတ်များကို ဖြုန်းတီးနေသည်မှာ ကိစ္စမရှိသော်လည်း ယခုမူ ဖေးချောင်ကိုပါ လိုက်၍ ဖျက်ဆီးနေသည် မဟုတ်ပါလား...။