အခန်း (၂၀) - ချောက်နက်ယဇ်ပလ္လင်ငါးခု၏ လျှို့ဝှက်ချက်
“ဆရာ..ဆရာဖုန်း... ခင်ဗျားဘေးက အဲ့ဒါကြီးက ဘာကြီးလဲ”
ဖေးချောင်၏ အက်ရှရှအသံ ထွက်ပေါ်လာသည်။ အရိပ် သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော မုတ်ဆိတ်ဗလပွ ဖေးချောင်အား အံ့အားသင့်စွာ လှည့်ကြည့်လိုက်ပြီးနောက် သူ၏ရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားကာ မေးလိုက်သည်။
“မင်းလည်း ငါ့ကို မြင်ရတာလား။ မင်းရဲ့ စိတ်ကျင့်စဉ်က အနုစိတ်အာရုံနယ်ပယ်ကို ရောက်သွားပြီလား”
ဖေးချောင်သည် သူ၏ရှေ့မှ အမည်းရောင် မီးခိုးငွေ့များကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး မေးပြန်သည်။
“ဆရာဖုန်း... ဒီအကောင်က ထူးဆန်းတဲ့ ရေရွတ်သံတွေ ထွက်နေသလိုပဲ။ အဲ့ဒါ ဘာကြီးလဲ”
ဖေးချောင်၏ စကားကို ကြားရသောအခါ အရိပ် ၏ အံ့အားသင့်မှုမှာ အနည်းငယ် လျော့ပါးသွားပြီး ရေရွတ်လိုက်သည်။
“သူ့ရဲ့ စိတ်ကျင့်စဉ် အဆင့်က စိတ်စင်ကြယ်ခြင်းနယ်ပယ်မှာပဲ ရှိသေးတာပဲ၊ ဒါပေမဲ့ အရင်ကထက်တော့ ပိုပြီး တိုးတက်လာပုံရတယ်။ မဟုတ်ရင် ငါ့ကို အာရုံခံနိုင်မှာ မဟုတ်ဘူး။ သူ့ရဲ့ စိတ်ကျင့်စဉ်က ဘယ်လိုလုပ် ဒီလောက် မြန်မြန် တိုးတက်သွားတာလဲ”
အရိပ်၏ ဇဝေဇဝါဖြစ်မှုကို ဖုန်းပုစီးက ရှင်းပြလိုက်၏။
“သေခြင်းနဲ့ ရှင်ခြင်းကြား အခိုက်အတန့်တွေကို ကြုံတွေ့ရတာက လူတစ်ယောက်ရဲ့ စိတ်ကျင့်စဉ်ကို ပိုမိုခိုင်မာစေသလို ခန္ဓာကိုယ်ထဲက အောင်းနေတဲ့ စွမ်းအင်တွေကိုလည်း လှုံ့ဆော်ပေးနိုင်တယ်။ မနေ့ညက သူ သေမင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အခိုက်အတန့်ပေါင်း နှစ်ဆယ်ကျော်လောက် ရှိတယ်။ အဲ့ဒါကြောင့် သူ့ရဲ့ စိတ်ကျင့်စဉ် က အနည်းငယ် တိုးတက်လာတာ ဖြစ်လိမ့်မယ်”
ဖေးချောင်မှာမူ ဖုန်းပုစီး သူ့အကြောင်း ပြောနေသည်ကို သတိမထားမိပေ။ သူသည် ထိုထူးဆန်းသော အမည်းရောင် မီးခိုးငွေ့များကိုသာ ကြောင်တောင်တောင် ကြည့်နေမိသည်။
အတန်ကြာမှ ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားကာ အံ့အားသင့်စွာ မေးလိုက်သည်။
“ဆရာဖုန်း... ခင်ဗျားက ဒီကောင်နဲ့ စကားပြောနေတာလား”
ဖုန်းပုစီးက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“တကယ်တော့ သူက မနေ့က ဂူထဲမှာကတည်းက ရှိနေတာ၊ ဒါပေမဲ့ အဲ့ဒီတုန်းက မင်း သူ့ကို မမြင်ရသေးဘူး။ ညရောက်တော့ သူ ကန့်သတ်ချက်တစ်ခုခုကြောင့် ထွက်သွားခဲ့တာ။ မင်း သူ့ကို စကားပြောချင်တယ်ဆိုရင်တော့ မြူခိုးထဲက ထူးဆန်းတဲ့အရာတွေအပေါ် မင်းရဲ့ နားလည်မှုကို ပိုပြီး နက်ရှိုင်းရအောင် လုပ်ရလိမ့်မယ်”
ဖေးချောင် နားလည်သွားခဲ့ပြီ။
“ဪ... ဒါကြောင့် ဆရာဖုန်းက တစ်ယောက်တည်း စကားပြောနေတာကိုး။ ဒါနဲ့ မနေ့ညက မြို့လယ်ရင်ပြင်မှာ ကျောက်စာတိုင်က [ ကုသခြင်း] စွမ်းရည်ကို ချက်ချင်းမသုံးဘဲ ရိက္ခာတွေ အရင်စားတာကလည်း အကြောင်းရင်းတစ်ခုခု ရှိလို့လား”
“ခဏနေရင် မင်း ကျောက်စာတိုင်ကို သုံးတဲ့အခါ ပထမဆုံး [ အခြေခံကျင့်ကြံမှု အထောက်အကူ ] ကို အရင်ရွေး၊ ပြီးရင် [တော်ဝင်ရိက္ခာ]ကို လဲလှယ်ပြီး စားကြည့်လိုက်၊ အဲ့ဒီအခါကျရင် ငါ ဘာလို့ အဲ့လိုလုပ်လဲဆိုတာ မင်း သိသွားလိမ့်မယ်”
ပြောပြီးနောက် ဖုန်းပုစီး ဖေးချောင်ကို ကျောပိုးလိုက်သည်။ ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့သဖြင့် ကျင့်ကြံရန်အတွက် မြို့ထဲသို့ ချက်ချင်းပြန်ရန် ဆုံးဖြတ်လိုက်\။ သို့သော် ခြေလှမ်းအနည်းငယ်ပင် မလှမ်းရသေးမီ အရိပ်က လမ်းကို ပိတ်လိုက်ပြန်သည်။
ထို့နောက် မြေပြင်ပေါ်ရှိ ဂေါ်ဘလင် အလောင်းများကို ကြည့်ကာ ပြောလိုက်၏’။
“ဒီအတိုင်း ထားခဲ့ရမှာတော့ နှမြောစရာပဲ။ ဖြစ်နိုင်ရင် ဂေါ်ဘလင်ခေါင်းတွေကို သယ်နိုင်သလောက် မြို့လယ်ရင်ပြင်ကို ယူသွားပါလား”
ဖုန်းပုစီးက အရိပ် ကို နားမလည်သလို ကြည့်လိုက်သည်။
အရိပ်က ဆက်လက်၍ ရှင်းပြလိုက်၏။
“ဒီဦးခေါင်းတွေကို ကျောက်စာတိုင်မှာ ယဇ်ပူဇော်လို့ ရတယ်။ ယဇ်ပူဇော်ပြီးရင် ဒီမြို့ကို [ အဆင့်မြှင့်တင်ခြင်း ] လုပ်နိုင်သလို လူသားမျိုးနွယ်အတွက်လည်း အထောက်အကူ ဖြစ်စေလိမ့်မယ်။ မင်း...”
အရိပ်မှာ စကားဆုံးအောင် ပြောခွင့်မရလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ဖုန်းပုစီးသည် ဖေးချောင်ကို ပိုးလျက် အရိပ်၏ ကိုယ်ထည်အတွင်းမှ တိုက်ရိုက် ဖြတ်လျှောက်သွားသောကြောင့်ပင်။
“နောက်တစ်ခါမှပေါ့။ ဒီအလောင်းတွေဆီက ခေါင်းတွေကို ဖြတ်ယူဖို့က အချိန်အများကြီး ပေးရမှာဖြစ်သလို ငါ့မှာ ထည့်စရာ အိတ်လည်း မရှိဘူး”
ထိုအခါ အရိပ်က လမ်းကို ထပ်မံပိတ်ဆို့ကာ နားချပြန်၏။
“ဒီလို ယဇ်ပူဇော်တာက မင်းအတွက်လည်း အကျိုးရှိတယ်။ မင်း ဆန်းကြယ်စွမ်းအားတွေနဲ့ မပေါင်းစပ်ရသေးဘူးမလား။ တကယ်လို့ပေါင်းစပ်လိုက်ရင် ဒီယဇ်ပူဇော်မှုက အဲ့ဒီစွမ်းအားတွေကို ထိန်းညှိပေးနိုင်ပြီး ပိုပြီး ယဉ်ပါးလာစေလိမ့်မယ်။ ဒါတင်မကသေးဘူး... မင်း အဆုံးမဲ့ချောက်နက် ထဲကို ဝင်တဲ့အခါမှာလည်း အကျိုးကျေးဇူးတွေ အများကြီး ရှိဦးမှာ...”
အရိပ်က စကားတွေ အများကြီး ပြောနေသော်လည်း ဖုန်းပုစီးမှာမူ တဖြည်းဖြည်း ဝေးရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အရိပ် အပြေးအလွှား လိုက်သွားရာ ဖုန်းပုစီး၏ စကားသံကို ကြားလိုက်ရသည်။
“ငါက လောလောဆယ် ဆန်းကြယ်စွမ်းအားတွေကို ထိတွေ့ဖို့ အစီအစဉ် မရှိသေးဘူး။ အဲ့ဒါတွေကို မလုပ်ခင်မှာ ငါ့ရဲ့ခန္ဓာကိုယ်ကို အစွမ်းကုန် မြှင့်တင်ပြီး အခြေခံကို ခိုင်မာအောင် လုပ်ချင်သေးတယ်”
အရိပ်လည်း အားမလိုအားမရဖြစ်ကာ အိတ်သွန်ဖာမှောက် ရှင်းပြလေတော့သည်။
“အခြေခံ ခိုင်မာအောင် လုပ်မယ်ဟုတ်လား.. ဘာ အခြေခံ လဲ။ မင်းရဲ့ စိတ်ကျင့်စဉ် အဆင့်က အနုစိတ်အာရုံနယ်ပယ်ကို ရောက်နေပြီ၊ အဲ့ဒါတောင် အနုစိတ်အာရုံနယ်ပယ်ရဲ့ နှောင်းပိုင်းကို ရောက်နေတာ။ မင်းအနေနဲ့ ဆန်းကြယ်စွမ်းအားတွေကို ခန္ဓာကိုယ်ထဲ တိုက်ရိုက် ပေါင်းစပ်လိုက်လို့ ရနေပြီပဲ။”
“နောက်ပြီး မင်းက အနုစိတ်အာရုံနယ်ပယ်မှာဆိုတော့ မြို့ပြင်မှာရှိတဲ့ ယဇ်ပလ္လင် လေးခုခွဲရဲ့ နေရာတွေကိုလည်း သတိထားမိလောက်မှာပါ။ မင်းနဲ့ ကိုက်ညီမယ့် တစ်ခုကို ရွေးပြီး ဆန်းကြယ်စွမ်းအားတွေကို ပေါင်းစပ်လိုက်ရုံပဲ။”
“မင်းက အနုစိတ်အာရုံနယ်ပယ်မှာဖြစ်တဲ့အတွက် မင်းရရှိမယ့် ဆန်းကြယ်စွမ်းအား အမျိုးအစားကိုလည်း မင်းကိုယ်တိုင် ရွေးချယ်နိုင်ခွင့် ရှိဦးမှာ။ ဖြစ်နိုင်ရင်တော့ အမြန်ဆုံး ပေါင်းစပ်လိုက်ပါလား။ ဒီမြို့ကနေ [ အဆင့်မြှင့်တင်ခြင်း ] ကတစ်ဆင့် ပထမဆုံး ထွက်ခွာနိုင်တဲ့သူက အပိုဆုလာဘ်တွေ အများကြီး ရမှာဖြစ်သလို အဲ့ဒီဆုလာဘ်တွေက အရမ်းကို တန်ဖိုးရှိတယ်။”
“မြို့နဲ့ အနီးဆုံး ယဇ်ပလ္လင်ကတော့ ခြေလက် တွေကို ကိုယ်စားပြုတာ။ အဲ့ဒါကို အသက်သွင်းလိုက်ရင် မင်းရဲ့ ခြေလက်အင်္ဂါ တစ်ခုခုက ဆန်းကြယ်စွမ်းအားတွေနဲ့ ပေါင်းစပ်သွားပြီး ပုံမှန်မဟုတ်ဘဲ စွမ်းအားရှိတဲ့ ခြေလက်အဖြစ် ပြောင်းလဲသွားလိမ့်မယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက လူတချို့ အဲ့ဒီယဇ်ပလ္လင်မှာ အောင်အောင်မြင်မြင် ပေါင်းစပ်နိုင်ခဲ့ကြတာပဲ။”
“မြို့ရဲ့ အနောက်တောင်ဘက်မှာတော့ ဒုတိယမြောက် ယဇ်ပလ္လင် ရှိပြီး၊ အဲ့ဒါက အာရုံငါးပါး ကို ကိုယ်စားပြုတယ်။ ပေါင်းစပ်ပြီးရင် မင်းရဲ့ အာရုံခံစားမှု တစ်ခုခုက ပုံမှန်ထက် ပိုကောင်းလာလိမ့်မယ်။”
“တတိယ ယဇ်ပလ္လင်ကတော့ မနေ့က မင်းတို့ အဖမ်းခံခဲ့ရတဲ့ ပင့်ကူဂူအနီးမှာ ရှိတယ်။ ဖေးချောင်က အဲ့ဒီယဇ်ပလ္လင်ရဲ့ ဆွဲဆောင်မှု ခံခဲ့ရပုံရတယ်။ အဲ့ဒီယဇ်ပလ္လင်က ကိုယ်တွင်းအင်္ဂါ တွေကို ကိုယ်စားပြုပြီး ပေါင်းစပ်ပြီးရင် မင်းရဲ့ ကိုယ်တွင်းအင်္ဂါ တစ်ခုခုက ပုံမှန်မဟုတ်တဲ့ အစွမ်းတွေ ရလာမှာ။”
“စတုတ္ထယဇ်ပလ္လင်ကတော့ မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိပြီး အားအကောင်းဆုံးနဲ့ အန္တရာယ်အရှိဆုံး ယဇ်ပလ္လင်ပဲ၊ အဲ့ဒါက ဦးနှောက် ကို ကိုယ်စားပြုတယ်။ အဲ့ဒါကို အသက်သွင်းလိုက်ရင် မင်းရဲ့ ဦးနှောက်က ထူးဆန်းစွမ်းအားတွေနဲ့ ပေါင်းစပ်သွားပြီး ဝိညာဉ်ရေးရာ စွမ်းအင်တွေ ရလာလိမ့်မယ်။”
“အရမ်းစွမ်းပေမဲ့လည်း အဲ့ဒီစွမ်းအားတွေရဲ့ ထိန်းချုပ်မှုကို ခံရဖို့ ပိုလွယ်သလို နောက်ဆုံးမှာ သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်တယ်။ ဒါပေမဲ့ မင်းက အနုစိတ်အာရုံနယ်ပယ် အဆင့်ဆိုတော့ မင်းကို ဒီယဇ်ပလ္လင်ကို သုံးဖို့ အကြံပေးချင်တယ်။ တခြားလူတွေအတွက် အန္တရာယ်ရှိနိုင်ပေမဲ့ မင်းအတွက်တော့ ဘာမှမပြောပလောက်ဘူး။”
“နောက်ဆုံး ‘ယဇ်ပလ္လင်တစ်ဝက်’ ကတော့ ဘယ်လိုသတ်မှတ်ရမှန်း ငါလည်းမသိဘူး။ အဲ့ဒါက ဆံပင်၊ သွေး၊ ခြေသည်းလက်သည်း၊ သွား... အဲ့လိုမျိုး အစိတ်အပိုင်းတွေနဲ့ ပေါင်းစပ်ပေးတာ။ ဒီယဇ်ပလ္လင်ကတော့ အထူးခြားဆုံးပဲ။ ပေါင်းစပ်ပြီးရင် အရမ်းစွမ်းတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ရနိုင်သလို အသုံးမကျတာတွေကိုလည်း ရနိုင်တယ်။ ဒါပေမဲ့ မင်းက အနုစိတ်အာရုံနယ်ပယ် အဆင့်ဆိုတော့ မင်းကိုယ်တိုင် ရွေးချယ်နိုင်မှာမို့ စမ်းကြည့်သင့်တယ်။ ပြဿနာရှိတာတစ်ခုက အဲ့ဒီယဇ်ပလ္လင်ရဲ့ လုပ်ဆောင်ချက်က သိပ်မပြည့်စုံသေးတော့ မတော်တဆတွေ ဖြစ်နိုင်တာပဲ...”
ဖုန်းပုစီး တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဪ... အဲ့ဒါကြောင့်ကိုး။ မြူခိုးထဲမှာ စွမ်းအားတွေ ရနိုင်တဲ့ နေရာငါးခုထဲက တစ်ခုက ဘာလို့ ဝေဝေဝါးဝါး ဖြစ်နေတာလဲဆိုတာ အခုမှ သိတော့တယ်”
အရိပ်၏ မရပ်မနား ရှင်းပြနေမှုများအကြား သူတို့ မြို့၏ တောင်ဘက်တံတိုင်းသို့ ရောက်ရှိလာကြ၏။ အရိပ် မှာ စကားပြောဖော်မရှိဘဲ တစ်ယောက်တည်း အကြာကြီး နေခဲ့ရသဖြင့် ဖုန်းပုစီးနှင့် စကားပြောခွင့်ရသည့်အခါ မရပ်မနား ပြောနေခြင်း ဖြစ်ပုံရသည်။
အရိပ်က မေးလိုက်သည်။
“မင်း နောက်ထပ် ဘာလုပ်မှာလဲ။ မြို့ထဲကို ဝင်ချင်ရင် အရှေ့ဘက်ကို သွားရမှာလေ၊ အဲ့ဒီမှာ မြို့တံခါးလမ်း ရှိတယ်။ မင်းက ဘာလို့ ဒီဘက်ကို လာနေတာလဲ”
မေးနေစဉ်မှာပင် ဖေးချောင်ကို ပိုးလျက် ဖုန်းပုစီး တံတိုင်းပေါ်သို့ ခုန်တက်သွားသည်ကို မြင်လိုက်ရသည်။
ဖုန်းပုစီး သူ၏ ခန္ဓာကိုယ် ကန့်သတ်ချက်ကို ထပ်မံ၍ ချိုးဖျက်လိုက်ခြင်းဖြစ်သည်။ [ အခြေခံကျင့်ကြံမှု အထောက်အကူ ] ကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ် အရည်အသွေး မြှင့်တင်လိုက်သည့် အခါတွင် ထိုကဲ့သို့ ကန့်သတ်ချက်များ ချိုးဖျက်မှုကို ခံနိုင်ရည်ရှိသည့် အချိန်မှာလည်း ပို၍ ပို၍ ကြာရှည်လာခဲ့သည်။
ပထမဆုံးအကြိမ် [ အခြေခံကျင့်ကြံမှု အထောက်အကူ ] မပြုလုပ်မီက သူ ကန့်သတ်ချက် ချိုးဖျက်နိုင်သည့် အချိန်မှာ စက္ကန့် ၄၀ ကျော်ခန့်သာ ရှိခဲ့၏။ ထိုအချိန်မှာ သူ၏ ခန္ဓာကိုယ်အတွက် အလွန် ခံရခက်လှပေသည်။
တစ်ကြိမ်ပြုလုပ်ပြီးနောက် မြို့လယ်ရင်ပြင်တွင် ထိုင်ကာ ကန့်သတ်ချက် ချိုးဖျက်ခဲ့စဉ်ကမူ ၃ မိနစ်ခန့်အထိ ခံနိုင်ရည် ရှိခဲ့သည်။ ယခု နှစ်ကြိမ်ပြုလုပ်ပြီးနောက်တွင်မူ သူ၏ ခန္ဓာကိုယ်သာ အကောင်းဆုံးအခြေအနေ ဖြစ်နေပါက ၅ မိနစ်မှ ၇ မိနစ်ခန့်အထိ ခံနိုင်ရည် ရှိနိုင်မည် ဖြစ်သည်။
သို့သော်လည်း မနေ့ညက သုံးခဲ့ရမှုများကို ထည့်တွက်ပါက ယခုအချိန်တွင် နောက်ထပ် ၂ မိနစ်ခန့်သာ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ ဖုန်းပုစီးသည် ထို ၂ မိနစ်အတွင်း မြို့လယ်ရင်ပြင်သို့ အရောက်သွားရန် ဆုံးဖြတ်လိုက်ပြီး ရောက်သည်နှင့် [ အခြေခံကျင့်ကြံမှု အထောက်အကူ ] ကို အသုံးပြု၍ ဆက်လက် ကျင့်ကြံတော့မည်ဖြစ်ပေသည်...။