အခန်း (၂) - ထူးဆန်းသော မြို့ဟောင်း
မှန်ပေသည်၊ ပြန်လည်ဝင်စားခြင်းပင်ဖြစ်၏။
မည်သူ့ထံမှ ဝင်စားလာသည်ကို သူကိုယ်တိုင် တိတိကျကျ မသိသော်လည်း၊ မသေမျိုးလမ်းစဉ်အား ရှာဖွေနေသည့် ကျင့်ကြံသူတစ်ဦးဦး၏ ဝိညာဉ်ဝင်စားလာခြင်း ဖြစ်မည်ဟူ၍ အသေအချာ ယုံကြည်နေမိသည်။
ဖုန်းပုစီးသည် မိမိကိုယ်မိမိ ပြန်လည်ဝင်စားသူတစ်ဦးဖြစ်ကြောင်း အသက် ငါး နှစ်အရွယ်ကတည်းက သတိပြုမိခဲ့ခြင်း ဖြစ်၏။ အစပိုင်းတွင် ထိုခံစားချက်မှာ ဝေဝါးနေခဲ့သော်လည်း အသက် ကိုးနှစ်အရွယ်သို့ ရောက်သောအခါ သေချာအတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။
ယခင်ဘဝ၌ သူသည် လူသားမျိုးနွယ်၏ ကန့်သတ်ချက်ဘောင် ချိုးဖျက်ရန် သုတေသနပြုသည့်အချိန်မှလွဲ၍ ကျန်သည့် အချိန်အားလုံးအား သူ၏ ပြန်လည်ဝင်စားခြင်းမှတ်ဉာဏ်များ နိုးထလာစေရန်သာ အသုံးချခဲ့သည်။ ထိုအတွက်ကြောင့်ပင် သူသည် စာအုပ်ပေါင်းမြောက်မြားစွာကို ဖတ်ရှုခဲ့ပြီး တောရိုင်းမြေများဆီသို့ အကြိမ်ပေါင်းရာချီ သွားရောက်ကာ လောကနိယာမများကို ဆင်ခြင်သုံးသပ်ခဲ့ခြင်း ဖြစ်၏။
သို့သော် ကံမကောင်းစွာဖြင့် ယခင်ဘဝ ပြီးဆုံးသွားသည်အထိ သူ၏ ပြန်လည်ဝင်စားခြင်းမှတ်ဉာဏ်များမှာ နိုးထလာခြင်း မရှိခဲ့ပေ။ ဖုန်းပုစီး သိထားသည်မှာ သူ့အတွေးအခေါ်များသည် ဝိညာဉ်စွမ်းအင် ဆိတ်သုဉ်းရာခေတ်၏ ကန့်သတ်ချက်များအောက်တွင် ပိတ်မိနေသည်ဟူ၍ ဖြစ်သည်။ အကယ်၍ သူ၏ ပြန်လည်ဝင်စားခြင်းမှတ်ဉာဏ်များသာ နိုးထလာခဲ့မည်ဆိုလျှင် ကန့်သတ်ချက်များ ချိုးဖျက်သည့်အခါ စွမ်းအားပမာဏကို ထိန်းချုပ်ရန်မှာ သူ့အတွက် ပြဿနာဖြစ်တော့မည် မဟုတ်ပေ။
ထို့နောက် ဖုန်းပုစီး အနီးအနားရှိ အဆောက်အဦးတစ်ခုပေါ်သို့ တွယ်တက်ကာ အမိုးများပေါ်မှတစ်ဆင့် ခုန်ပျံကျော်လွှားရင်း ပတ်ဝန်းကျင်အား တစ်ခါတည်း အကဲခတ်နေလိုက်၏။
စိတ်ကျန်းမာရေးဆေးရုံ၌ ညဖက်တွင် အဆောက်အဦးများပေါ်သို့ ခိုးတက်လေ့ရှိခြင်းနှင့် တောရိုင်းမြေများ၌ နိယာမများကို ဆင်ခြင်ရန် ဆေးရုံမှခိုးထွက်လေ့ရှိခြင်းများကြောင့် သူသည် အဆောက်အဦးတွေကြား ခုန်ပျံပြေးလွှားခြင်းအနုပညာတွင် ကျွမ်းကျင်နေပြီဖြစ်သည်။ သူ၏ ညာဘက်လက်မောင်းမှာ ဒဏ်ရာရရှိနေ၍ ဘယ်ဘက်လက်တစ်ဖက်တည်းကိုသာ အသုံးပြုနိုင်သော်လည်း သူ၏ လှုပ်ရှားမှုများမှာ ရေစီးသဖွယ် ချောမွေ့နေဆဲပင်။
ဤသို့ဖြင့် နေ့တစ်ဝက်ခန့်ကြာသောအခါ ဖုန်းပုစီး မြို့ဟောင်းကို အကြမ်းဖျင်း စူးစမ်းပြီးသွားပြီ ဖြစ်သည်။ မြို့မှာ စက်ဝိုင်းပုံစံရှိပြီး သိပ်မကြီးလှပေ၊ အချင်း ခုနှစ် ကီလိုမီတာခန့်သာ ရှိ၏။ မြို့ကစက်ဝိုင်းပုံစံအတိအကျ ဖြစ်နေခြင်းထက် မြို့အပြင်ဘက်တွင် ထူထပ်သော မြူခိုးများက ကာရံထား၍ စက်ဝိုင်းပုံစံ ပုံပေါ်နေခြင်းပင်။ မြို့၏အလယ်တွင်တော့ ပျက်စီးယိုယွင်းနေသော အဆောက်အဦးများကနေရာယူထားလေသည်။
မြို့တွင်း၌ သတိမေ့မြောနေသူပေါင်း နှစ်သောင်းခန့်ရှိနေပြီး အများစုမှာ တရုတ်လူမျိုးများ ဖြစ်ကြကာ အသက်နှစ်ဆယ် နှင့် လေးဆယ် ကြား လူငယ်၊ လူလတ်ပိုင်းများ ဖြစ်ကြသည်။ ရံဖန်ရံခါတွင်တော့ ကလေးငယ်များနှင့် လူအိုအချို့ကိုလည်း တွေ့ရတတ်၏။ ဖုန်းပုစီး တိတ်တဆိတ် စုံစမ်းသိရှိခဲ့သမျှအရ အချို့သောသူများသည် သေဆုံးပြီးနောက် ဤကမ္ဘာသို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး အချို့မှာတော့ မည်သို့ရောက်လာသည်ကိုပင် မသိကြပေ။
သူတို့ ခဏတာ အိပ်စက်စဉ် သို့မဟုတ် သန့်စင်ခန်းသွားနေစဉ်မှာပင် ရုတ်တရက် ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ ဖုန်းပုစီး သတိရလာပြီးနောက် နှစ်နာရီအတွင်းမှာပင် ထိုသူများလည်း တဖြည်းဖြည်း နိုးလာကြသည်။ ယေဘုယျအားဖြင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ပိုကောင်းသူများမှာ စောစီးစွာ နိုးလာကြပြီး အားနည်းသူများမှာ နောက်ကျမှ နိုးလာကြခြင်း ဖြစ်၏။
ဖုန်းပုစီးကဲ့သို့ပင် ထိုလူများထဲမှ အချို့မှာ စူးစမ်းမှုများ စတင်နေကြပြီဖြစ်ကာ အချို့မှာမူ မြူခိုးထူထပ်သော ဧရိယာ၏အပြင်ဘက်သို့ပင် သွားရောက် စူးစမ်းနေကြပြီ ဖြစ်သည်။ မြို့ကို ဝန်းရံထားသော မြူခိုးများမှာ ထူးဆန်းလှ၏။ အဝေးမှကြည့်လျှင် အလွန်ထူထပ်ကာ အတွင်းမှ အရာရာကို ဖုံးကွယ်ထားသကဲ့သို့ ရှိသော်လည်း မြူခိုးထဲသို့ အမှန်တကယ် ဝင်ရောက်ကြည့်သောအခါ မြင်ကွင်းမှာ ထင်သလောက် ပိတ်ဆို့မနေဘဲ အဝေးမှ ရှုခင်းအချို့ကိုပင် မြင်တွေ့နိုင်သေးသည်။
မြူခိုးအတွင်းသို့ ခြေချလိုက်သည်နှင့် နားထဲတွင် ချောက်ချားဖွယ်ရာ တီးတိုးရေရွတ်သံများကို ကြားရမည်ဖြစ်သည်။ ထိုအသံများမှာ စိတ်ရှုပ်ထွေးစေပြီး အချို့ဆိုလျှင် ခေါင်းမူးဝေခြင်းကိုပင် ခံစားရတတ်သည်။ ဖုန်းပုစီးလည်း ထိုမြူခိုး၏ သက်ရောက်မှုကို သွားရောက်စမ်းသပ်ကြည့်ရာ ရေရွတ်သံများ ကြားခဲ့ရသော်လည်း သူသည် သာမန်လူသားတစ်ဦး မဟုတ်သည့်အတွက် သူ့အပေါ်တွင် မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ပေ။
ထူးဆန်းသော ရေရွတ်သံများအပြင် မြူခိုးထဲ၌ သတိထားရမည့် အခြားတစ်ခုမှာ သားရဲဆန်းများပင် ဖြစ်၏။ အသားအရောင်မှာ အစိမ်းရောင်ရှိပြီး အရပ် ငါးပေအောက်သာ ရှိကာ ရုပ်ဆိုးအကျည်းတန်လှသော ဂေါ်ဘလင်နှင့်တူသည့် သားရဲများ မြူခိုးထဲတွင် ရှိနေကြသည်။
ပုံမှန်အားဖြင့် ဂိမ်းများထဲတွင် ဂေါ်ဘလင်ဆိုသည်မှာ ကစားသမားသစ်များအတွက် အပျော်တမ်း သတ်ဖြတ်ရန် အားနည်းသော အကောင်လေးများသာ ဖြစ်သော်လည်း ဤနေရာတွင်တော့ ထိုသို့မဟုတ်ပေ။
လူဆယ်ယောက်ကျော်ပါဝင်သော ယာယီစူးစမ်းရေးအဖွဲ့တစ်ခုမှ လူနှစ်ယောက်သာ တုန်လှုပ်ချောက်ချားစွာဖြင့် မြို့ထဲသို့ ပြန်လည်ထွက်ပြေး လွတ်မြောက်လာခဲ့သည်။ သူတို့၏ ပြောပြချက်အရ မြူခိုးထဲတွင် ဂေါ်ဘလင်အုပ်စု၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။ ထိုရက်စက်ကြမ်းကြုတ်သော ဂေါ်ဘလင်များသည် သူတို့အဖွဲ့အား တခဏအတွင်းမှာပင် ဝိုင်းအုံတိုက်ခိုက်ခဲ့ကြသဖြင့် ထိတ်လန့်တုန်လှုပ်ကာ ထွက်ပြေးခဲ့ကြရာမှ သူတို့နှစ်ယောက်သာ လွတ်လာခြင်း ဖြစ်၏။
သူတို့၏အဆိုအရ ထိုအစိမ်းရောင် ဂေါ်ဘလင်ဂျပုများအား လုံးဝယှဉ်ပြိုင်၍ မရနိုင်ဟု ဆိုသည်။ ထိုသူနှစ်ယောက်မှာ အလွန်အမင်း ကြောက်လန့်ကာ စိတ်ချောက်ချားနေပုံရ၏။ ထိုသတင်းမှာ မြို့ထဲ၌ အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီးနောက် မြို့၏ အရှေ့ဘက်ခြမ်းရှိ မြူခိုးထဲသို့ မည်သူမျှ သွားရောက်မစူးစမ်းရဲကြတော့ဘဲ အခြေအနေကိုသာ စောင့်ကြည့်နေကြတော့သည်။
ဖုန်းပုစီးမှာမူ သာမန်လူသားများကဲ့သို့ ကြောက်ရွံ့နောက်ဆုတ်နေမည့်သူ မဟုတ်ချေ။ သူ မြူခိုးထဲသို့ တစ်ဖန်ပြန်ဝင်ကာ စူးစမ်းခဲ့သော်လည်း နာရီဝက်ခန့် ကြာသည်အထိ ဂေါ်ဘလင်များ၏ အရိပ်အယောင်ကို မတွေ့ခဲ့ရပါ။ သို့သော် မြူခိုးထဲမှ ရေရွတ်သံများထဲတွင် ထူးခြားမှုတစ်ခုကို သူ သတိပြုမိခဲ့သည်။
“မင်း စွမ်းအားတွေ ပိုင်ဆိုင်ချင်သလား...”
မြူခိုးထဲမှ ရေရွတ်သံများသည် တစ်စုံတစ်ခုကို ဖော်ပြပြောဆိုနေသကဲ့သို့ ရှိပြီး လူသားများအား စွမ်းအားနောက်သို့ လိုက်ရန် သွေးဆောင်ဖြားယောင်းနေသယောင်ပင်။ အချိန်ကန့်သတ်ချက်ကြောင့် မြူခိုးထဲတွင် အကြာကြီး စူးစမ်းမနေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မြို့အပြင်ဘက်ရှိ မြူခိုးများအပြင် ဤမြို့ထဲ၌ သတိထားရမည့် အခြားနေရာတစ်ခု ရှိနေသေးသောကြောင့် ဖြစ်သည်။ ၎င်းမှာ 'မြို့လယ်ရင်ပြင်' ပင် ဖြစ်၏။
မြို့လယ်ရင်ပြင်၏ အလယ်ဗဟိုတွင် ကျောက်စာတိုင်တစ်ခုကဲ့သို့ ကြီးမားသော အနက်ရောင် ကျောက်သလင်းတုံးကြီးတစ်ခု ရှိနေပြီး ၎င်း၏ အောက်ခြေတွင်တော့ “လူသားမျိုးနွယ် ၇၄၃၉၆” ဟု ရေးထိုးထားသည်။ ၎င်းမှာ နံပါတ်စဉ်တစ်ခု ဖြစ်ဟန်တူ၏။
အစပိုင်း စူးစမ်းချိန်တွင် ဖုန်းပုစီး ထိုကျောက်သလင်းတုံးနှင့် ပတ်သက်၍ ထူးခြားချက်တစ်စုံတစ်ရာ မတွေ့ခဲ့ရပေ။ ထိုစဉ်က သတိရလာသူ အနည်းငယ်သာ ရှိသေးသဖြင့် ရင်ပြင်မှာလည်း တိတ်ဆိတ်နေခဲ့၏။ သူ အဝေးမှ ခဏအကဲခတ်ပြီးနောက် ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။ သို့သော် မြို့၏ အခြားနေရာများကို စူးစမ်းနေစဉ်အတွင်း မြို့လယ်ရင်ပြင်နှင့် ပတ်သက်၍ လူများ ပြောဆိုနေကြသည်ကို သူကြားခဲ့ရသည်။
ထို့ကြောင့် ဖုန်းပုစီးသည် မြို့လယ်ရင်ပြင်ဆီသို့ ပြန်လည်ဦးတည်လာခဲ့သည်။ ရင်ပြင်သို့ နီးကပ်လာသည်နှင့်အမျှ လူအမြောက်အမြား စုရုံးနေကြသည်ကို တွေ့ရ၏။ ဤတကြိမ် ရင်ပြင်သို့ ရောက်သောအခါမူ ရင်ပြင်အလယ်ရှိ အနက်ရောင် ကျောက်စာတိုင်မှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ လူတစ်ယောက်ကို လွှမ်းခြုံထားသည်ကို သူ မြင်လိုက်ရသည်။ ထို့ကြောင့် ဖုန်းပုစီးသည် အနီးအနားရှိ အဆောက်အဦးတစ်ခုပေါ်သို့ တက်ကာ အမြင့်တစ်နေရာမှ စောင့်ကြည့်နေလိုက်၏။ အဖြူရောင်အလင်းတန်းမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ထိုလူမှာ ထူးထူးခြားခြား ပြောင်းလဲသွားပုံမရသော်လည်း သူ့လက်မောင်းအား အံ့သြတုန်လှုပ်သော အမူအရာဖြင့် ငေးကြည့်နေခဲ့သည်။
ထို့နောက် ထိုလူသည် ဘေးပတ်ဝန်းကျင်ရှိ သူ၏ အဖော်များအား တစ်ခုခုပြောနေဟန်ရှိ၍ ဖုန်းပုစီးလည်း အသံများကို သေချာ နားစွင့်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်က ဆူညံနေသဖြင့် အသံများ ဝေဝါးနေသော်လည်း အကြောင်းအရာ အနှစ်သာရကိုတော့ သူ နားလည်လိုက်၏။
ထိုသူသည် စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ဟန်တူသည်။ သူ့လက်မောင်းတွင် ဒဏ်ရာတစ်ခု ရရှိခဲ့သော်လည်း ဤအနက်ရောင် ကျောက်စာတိုင်၏ [ ကုသခြင်း] စွမ်းရည်ဖြင့် ပြန်လည် သက်သာသွားခဲ့ခြင်း ဖြစ်သည်။ ထိုကုသမှုအတွက် ချောက်နက်အမှတ် ၁၀၀ ကုန်ကျခဲ့ပြီး ထိုလူက ဆက်လက်စမ်းသပ်ရန်အတွက် ပို၍ပြင်းထန်သော ဒဏ်ရာများ ရချင်သေးသည်ဟု ပြောနေပုံရ၏။
ရင်ပြင်အလယ်မှ လှုပ်ရှားမှုများကို ကြည့်ရင်း ဖုန်းပုစီး၏ နှုတ်ခမ်းဖျားများမှာ မရည်ရွယ်ဘဲ အပေါ်သို့ အနည်းငယ် ကွေးညွတ်သွားတော့သည်။
"မြို့အပြင်ဘက်မြူခိုးထဲက ရေရွတ်သံတွေရယ် အခုမြင်လိုက်ရတဲ့ အဖြူရောင် အလင်းတန်းရယ်ကို ကြည့်ရင် ဒီကမ္ဘာက ဝိညာဉ်စွမ်းအင် ဆိတ်သုဉ်းနေတဲ့ ခေတ်ကာလ မဟုတ်တာတော့ သေချာသွားပြီ။ ဒါဆိုရင် ငါ့ရဲ့ မသေမျိုးလမ်းစဉ်ကို ဆက်ပြီး လျှောက်လှမ်းလို့ ရနိုင်ပြီပေါ့"
"ဒါပေမဲ့ ဒီလမ်းစဉ်ကို ဆက်လျှောက်နိုင်ဖို့ဆိုရင် ငါ့ရဲ့ ပြန်လည်ဝင်စားခြင်းမှတ်ဉာဏ်တွေကို အမြန်ဆုံး နိုးထလာအောင် လုပ်ရမယ်။ ပြန်လည်ဝင်စားခြင်းမှတ်ဉာဏ်တွေ ရှိနေတဲ့ ကျင့်ကြံခြင်းနဲ့ မရှိတဲ့ ကျင့်ကြံခြင်းဟာ ထိရောက်မှုချင်း အများကြီး ကွာခြားသွားမှာပဲ"
ထို့နောက် သူသည် ထပ်တွေးမနေတော့ဘဲ ရင်ပြင်အလယ်ကိုသာ ဆက်လက် အာရုံစိုက်နေလိုက်သည်။ အမှန်စင်စစ် ယခုမြင်တွေ့လိုက်ရသော ကုသမှုအပြင် ရင်ပြင်ရှိ လူများအတွက် အခြားထူးခြားသည့်အချက်မှာ ရိက္ခာပင်ဖြစ်၏။ အနက်ရောင် ကျောက်သလင်းတုံးကို လက်ဖြင့် ထိတွေ့လိုက်သောအခါ လူများ၏ လက်ထဲတွင် ရိက္ခာများ ပေါ်လာကြသည်။ သို့သော် အချို့က အမြောက်အမြား ရရှိကြသော်လည်း အချို့မှာတော့ ဗိုက်ဝရုံ အနည်းငယ်သာ ရရှိကြသည်ကို တွေ့ရ၏။
ဖုန်းပုစီး အဆောက်အဦးပေါ်မှ ခုန်ဆင်းကာ ရင်ပြင်အလယ်သို့ လျင်မြန်စွာ လျှောက်လှမ်းလာခဲ့သည်။ ဤနေရာတွင် စုရုံးနေသောသူများမှာ တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေပုံရသည်။ သူ ရင်ပြင်အလယ်ရှိ ကျောက်သလင်းတုံးဆီသို့ တိုးကပ်သွားသောအခါ ထိုသူများသည် သူ့ကို အမျိုးမျိုးသော အကြည့်များဖြင့် စူးစမ်းကြည့်ရှုနေကြပြီး အချို့ဆိုလျှင် အဖွဲ့ဖွဲ့ရန်ပင် ဖိတ်ခေါ်ကြသေးသည်။
သူ၏ ချောမောခန့်ညားပြီး တောက်ပသော ရုပ်ရည်ကြောင့် ဖိတ်ခေါ်သူ အမြောက်အမြား ရှိခဲ့၏။ သို့သော် ဖုန်းပုစီးသည် ဤသာမန်လူသားများနှင့် ရောနှောနေထိုင်ရန် အစီအစဉ် မရှိပေ။ သူသည် လူနည်းသော လမ်းကြောင်းမှတစ်ဆင့် အနက်ရောင် ကျောက်သလင်းတုံးကြီးဆီသို့ လျင်မြန်စွာ တိုးကပ်သွားလိုက်သည်။
သူ့လက်ဖဝါးအား ကျောက်သလင်းတုံးပေါ်သို့ တင်လိုက်သောအခါ ထူးခြားသော တုန်ခါမှုအချို့နှင့်အတူ သူ၏ စိတ်အာရုံထဲတွင် အလင်းမျက်နှာပြင် တစ်ခု ပေါ်ထွက်လာလေတော့သည်။
အလင်းမျက်နှာပြင်တွင် ကဏ္ဍငါးခု ခွဲခြားထား၏။ ၎င်းတို့မှာ
[ သတင်းအချက်အလက်] ၊
[ရိက္ခာ]၊
[ အခြေခံကျင့်ကြံမှုအထောက်အကူ] ၊
[ ကုသခြင်း] နှင့်
[ အဆင့်မြှင့်တင်ခြင်း] တို့ ဖြစ်ကြသည်။
[အခြေခံကျင့်ကြံမှု အထောက်အကူ] ကဏ္ဍတွင် (အခြေခံ ကိုယ်ကာယလေ့ကျင့်မှုနှင့် အဆင့်မသတ်မှတ်မီ ကျင့်ကြံခြင်း အဆင့်များကို အရှိန်မြှင့်တင်ပေးသည်) ဟူသော အညွှန်းစာသား ပါရှိသော်လည်း၊ ကျန်ရှိသော ကဏ္ဍများတွင်တော့ ရှင်းလင်းချက်များ ပါဝင်ခြင်း မရှိပေ။
ခဏမျှ စဉ်းစားပြီးနောက် ဖုန်းပုစီးသည် [ သတင်းအချက်အလက်] ကဏ္ဍကို စိတ်အာရုံဖြင့် လျင်မြန်စွာဖွင့်လိုက်ရာ သတင်းအချက်အလက် စာမျက်နှာနှစ်ခု သူ၏အသိစိတ်ထဲသို့ ပေါ်ထွက်လာတော့သည်။
----------------------------------------------------
[ ကိုယ်ရေးအချက်အလက်]
အမည် - ဖုန်းပုစီး
မျိုးနွယ် - လူသားမျိုးနွယ်
ကျင့်ကြံမှုအဆင့် - အဆင့်မသတ်မှတ်ရသေး
ဝိညာဉ်အဆင့် - အဆင့်မသတ်မှတ်ရသေး
ချောက်နက်အမှတ် - ၃၂၄
-----------------------------------------------------
[ မြို့၏ သတင်းအချက်အလက်]
သက်ဆိုင်ရာ မျိုးနွယ် - လူသားမျိုးနွယ်
အမှတ်စဉ် - ၇၄၃၉၆
မြို့တော်၏ ထူးခြားစွမ်းရည် -
[ အခြေခံကျင့်ကြံမှု အထောက်အကူ] (အထူးကောင်းမွန်): လူသားမျိုးနွယ်၏ အမှတ်စဉ် ၇၄၃၉၆ အစပျိုးမြို့အတွက်သာ သီးသန့်ဖြစ်သော ထူးခြားစွမ်းရည်ဖြစ်သည်။
ရှင်းလင်းချက် :
မြို့တွင်းရှိ ကျောက်သလင်းတုံးတွင် အပိုရွေးချယ်မှုအဖြစ် [အခြေခံကျင့်ကြံမှု အထောက်အကူ] ကို ရရှိစေသည်။ လူသားမျိုးနွယ်ဝင်အားလုံးသည် ဤကျောက်သလင်းတုံးမှ တစ်ဆင့် အခြေခံကိုယ်ကာယလေ့ကျင့်မှုနှင့် အဆင့်မသတ်မှတ်မီ ကျင့်ကြံခြင်းအဆင့်များကို အရှိန်မြှင့်တင်နိုင်မည်ဖြစ်၏။ တစ်ကြိမ်အသုံးပြုလျှင် ချောက်နက်အမှတ် ၂၅ မှတ် ကျသင့်မည် ဖြစ်သည်။