အခန်း (၁၉) - ဖုန်းပုစီး၏ သတ်ဖြတ်ခြင်း
“တောက်... သေစမ်းကွာ”
ဖေးချောင် ကျိန်ဆဲလိုက်ရင်း သူ၏ဓားမကြီးကိုမြှောက်ကာ ဒုတိယမြောက် ဂေါ်ဘလင် အုပ်စုကို အားကုန် လွှဲခုတ်လိုက်သည်။
ဆေးရည်သောက်သုံးထားသော ဖေးချောင်သည် အရမ်းမူးနေသူတစ်ယောက်ကဲ့သို့ ခံစားနေရပြီး မူးဝေမှု အရှိန်ကြောင့် သူ၏ကိုယ်ပေါ်တွင် ချည်နှောင်ထားသည့် သဲအိတ်များ၏ အလေးချိန်ကိုပင် မေ့လျော့နေတော့သည်။ ထို့ပြင် အချိန်များမှာလည်း တဖြည်းဖြည်း နှေးကွေးသွားသလို ခံစားရ၏။
သူ၏ ရင်ဘတ်တွင် ဒဏ်ရာ နှစ်ချက်၊ နောက်ကျောတွင် ဒဏ်ရာ လေးချက် ရရှိသွားပြီးနောက် ‘ငါတော့ ဒီမှာတင် သေတော့မှာပဲ’ ဟု တွေးလိုက်မိသည့် အခိုက်အတန့်တွင် အချိန်မှာ သိသိသာသာ နှေးကွေးသွားခဲ့သည်။ သူ၏ ခေါင်းမှာ မူးဝေနေဆဲ ဖြစ်သော်လည်း အာရုံခံစားမှုမှာ ပိုမို ထက်မြက်လာခဲ့သည်။ ဂေါ်ဘလင်များ၏ မျက်နှာပေါ်ရှိ သေးငယ်သော အမူအရာ အပြောင်းအလဲများကိုပင် သူသည် ရှင်းလင်းစွာ မြင်တွေ့နေရ၏။
ညဘက် မြူခိုးအတွင်းရှိ ဂေါ်ဘလင်များမှာ ပိုမိုရက်စက်ကြမ်းကြုတ်သည့် အမူအရာများ ရှိကြပြီး ခွန်အားမှာလည်း ပိုမို သန်မာလာပုံရ၏။ သို့သော် သူ၏ဓားမကြီး ကျရောက်သွားသည့် အခါတိုင်းတွင် ထိုဂေါ်ဘလင်များ၏ မျက်နှာပေါ်၌ မျှော်လင့်ချက်မဲ့မှုနှင့် ကြောက်ရွံ့မှုများ အစားထိုး ဝင်ရောက်လာတော့သည်။ သူ၏ ဓားချက်အောက်တွင် ဂေါ်ဘလင်များမ တစ်ကောင်ပြီး တစ်ကောင် လဲကျသွားခဲ့ရလေသည်...။
...
“ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်... သောက်ကောင်တွေ သေလိုက်ကြစမ်း”
ဖေးချောင် အော်ဟစ်လိုက်ရင်း မျက်လုံးကို ဖွင့်လိုက်ရာ တစ်ဆက်တည်းမှာပင် တဟွတ်ဟွတ်နှင့် ချောင်းများ ဆက်တိုက် ဆိုးတော့သည်။
နေရောင်ခြည် ဖြာကျနေပြီ ဖြစ်ရာ တိုက်ပွဲမှာ ပြီးဆုံးသွားပုံရသည်။ ညက တိုက်ခိုက်ခဲ့သော မြင်ကွင်းအချို့မှာ သူ၏ စိတ်ထဲတွင် ဓာတ်ပုံများကဲ့သို့ တစ်ကွက်ချင်း ပြန်ပေါ်လာ၏။ ဂေါ်ဘလင် များနှင့် တိုက်ခိုက်နေရင်း သူ သတိလစ်သွားခဲ့ခြင်း ဖြစ်ပုံရသည်။
ဖေးချောင် ခန္ဓာကိုယ်ကို လှုပ်ရှားရန် ကြိုးစားကြည့်သော်လည်း တစ်ကိုယ်လုံးမှာ ခဲဆွဲထားသကဲ့သို့ လေးလံကာ နာကျင်ကိုက်ခဲနေသဖြင့် လှုပ်၍ပင် မရတော့ပေ။ တစ်ချိန်က ပင်လယ်ဓားပြဘဝတွင် တိုက်ပွဲရှုံးနိမ့်၍ သင်္ဘောပေါ်မှ ခုန်ချကာ တစ်နေ့နှင့် တစ်ညလုံး ရေကူးပြီး ကမ်းခြေသို့ ရောက်ရှိခဲ့စဉ်က ခံစားခဲ့ရသော ခံစားမှုမျိုးကို သူ ပြန်သတိရလာမိသည်။
ယခုတစ်ကြိမ်မှာတော့ ထိုစဉ်ကထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားလှသည်။ ထိုစဉ်က သူသည် အားယူ၍ ထိုင်နိုင်ခဲ့သော်လည်း ယခုမူ ခန္ဓာကိုယ်မှာ လုံးဝ တုံ့ပြန်မှု မရှိတော့ဘဲ ခေါင်းကိုသာ အနည်းငယ် လှုပ်နိုင်တော့သည်။
“ရေ... ရေငတ်တယ်...”
ဖေးချောင် ခြောက်သွေ့နေသော သူ၏ လျှာကို လှုပ်ရှားရင်း တိုးတိုးလေး ပြောလိုက်သည်။ သူ၏ တစ်ကိုယ်လုံးမှာ နာကျင်ကိုက်ခဲနေသော်လည်း ထုံကျင်နေသည် ပိုများနေသဖြင့် ခံသာသေးသည်။ သို့သော် လည်ချောင်းနှင့် ပါးစပ် ခြောက်သွေ့မှုမှာ အလွန်ပင် ခံရခက်လှသည်။
သူအစွမ်းကုန် အားစိုက်၍ ခေါင်းကို လှည့်ကြည့်လိုက်ရာ မျက်လုံးများ ပြူးသွားရတော့သည်။
ရှေ့တွင် ဂေါ်ဘလင် အလောင်းများမှာ တောင်ပုံရာပုံ ဖြစ်နေပြီး ထိုအလောင်းပုံကြီးပေါ်တွင် သွေးချင်းချင်းနီနေသော ဖုန်းပုစီး ထိုင်နေလေသည်။
ဖုန်းပုစီးသည် ဂေါ်ဘလင် အလောင်းတစ်လောင်း၏ လည်ပင်းကို ကိုင်ကာ ၎င်း၏ သွေးများအား စုပ်သောက်နေသည်။ ခဏအကြာတွင် ထိုအလောင်းကို ပစ်ချလိုက်ပြီး အောက်သို့ ခုန်ဆင်းလာ၏။
မြေပြင်ပေါ်တွင် ဂေါ်ဘလင်တစ်ကောင်မှာ ငိုမလို မျက်နှာဖြင့် တုန်ယင်နေသည်။ ၎င်းသည် ထွက်ပြေးရန်ပင် မကြိုးစားတော့ဘဲ မြေပြင်ပေါ်တွင် ခွေလိပ်ကာ တုန်နေရုံသာ တတ်နိုင်တော့သည်။ ဤကမ္ဘာသို့ သူ ရောက်ရှိလာသည့် ခုနစ်ရက်အတွင်း ဂေါ်ဘလင် တစ်ကောင်က တိုက်ခိုက်ခြင်း မခံရမီမှာပင် ဤမျှလောက်အထိ ကြောက်ရွံ့နေသည်ကို ဖေးချောင် တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။
သိသာလှသည်မှာ ထိုဂေါ်ဘလင်သည် ဖုန်းပုစီး၏ သတ်ဖြတ်ပုံများကြောင့် လုံးဝ စိတ်ဓာတ် ပြိုလဲသွားခဲ့ခြင်းပင်။ မည်သည့် ရုန်းကန်မှုမှမရှိသည့် ထိုဂေါ်ဘလင်ကို ဖုန်းပုစီး လက်ကိုင်ပုဆိန်ဖြင့် ခေါင်းဖြတ်လိုက်သည်။ ထို့နောက် အလောင်းကို သယ်ဆောင်လာကာ ပူနွေးသော သွေးများအား သောက်သုံးလိုက်ပြန်သည်။
...
သတိရလာသော ဖေးချောင်က ရေငတ်သည်ဟု ပြောသဖြင့် ဖုန်းပုစီးသည် အလောင်းကို သယ်ဆောင်လာကာ ပြောလိုက်သည်။
“ဒီနားမှာ ရေတွင်းရေကန် မရှိဘူး။ ရေငတ်ရင် ဂေါ်ဘလင်သွေးကို အရင်သောက်ထားလိုက်၊ အာဟာရလည်း ဖြစ်စေတယ်”
ပြောရင်းနှင့်ပင် ဖုန်းပုစီးသည် မြူခိုးများအတွင်း၌ အသံလှိုင်းအာခံစွမ်းရည်ကိုသုံး၍ ပတ်ဝန်းကျင်အား အကဲခတ်လိုက်သည်။ ညဘက်မြူခိုးအတွင်း၌ တစ်နေရာတည်းတွင် ကြာရှည်စွာ နေထိုင်ပါက ဂေါ်ဘလင်အုပ်စုများ ဆက်တိုက် ပေါ်ထွက်လာလေ့ရှိသော်လည်း နေ့ရောက်လာသည့် အခါတွင်မူ မြူခိုးအတွင်းရှိ ဂေါ်ဘလင် အရေအတွက်မှာ သိသိသာသာ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။
ထို့ပြင် ဖုန်းပုစီး၏အာရုံခံစားမှုအရ မိုးလင်းပြီးနောက်တွင် အချို့သော ဂေါ်ဘလင်များမှာ သူ့ အနီးအနားသို့ မလာဘဲ ရှောင်ကွင်းသွားကြ၏။ ၎င်းမှာ သူတို့၏ သဘာဝ ရန်သူတော်ကြီး အနံ့ကို ရသွားကြသလိုပင်။ ယခုလည်း ဂေါ်ဘလင် အနည်းငယ်မှာ မီတာ တစ်ရာအတွင်းသို့ မရောက်မီမှာပင် တစ်စုံတစ်ခုကို သတိပြုမိသွားသကဲ့သို့ ထိတ်လန့်တကြား ထွက်ပြေးသွားကြသည်။
“ဒီနေရာမှာ ဆက်နေရင်တော့ ဘာမှထူးမှာ မဟုတ်တော့ဘူး။ မြို့လယ်ရင်ပြင်ကို ပြန်ပြီး [ အခြေခံကျင့်ကြံမှု အထောက်အကူ] ကို သုံးတာ ပိုကောင်းမယ်။ ဒါမှလည်း ဖေးချောင်ရဲ့ ခွန်အားက တိုးတက်လာမှာ၊ မဟုတ်ရင် ငါ့နောက် ဆက်လိုက်နေလည်း အသုံးကျမှာမဟုတ်ဘူး”
ညဉ့်နက်ပိုင်း နာရီအနည်းငယ်အတွင်းမှာပင် သူနှင့် ဖေးချောင်တို့သည် ဂေါ်ဘလင် ပေါင်း ၁၅၄ ကောင်ကို သတ်ဖြတ်ခဲ့၏။ ထိုအထဲတွင် သူက ၁၃၉ ကောင် သတ်ခဲ့ပြီး ဖေးချောင်က ၁၅ ကောင် သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အနည်းငယ် ပင်ပန်းနွမ်းနယ်မှုနှင့် ခြေလက်များတွင် ချည်ထားသော ကျောက်ခဲများကြောင့် ပွန်းပဲ့ဒဏ်ရာ ရသည်မှအပ ဖုန်းပုစီး၏ အခြေအနေမှာ အလွန်ပင် ကောင်းမွန်နေသည်။ [ အခြေခံကျင့်ကြံမှု အထောက်အကူ ] ကို နှစ်ကြိမ် ဆက်တိုက် အသုံးပြုခဲ့ခြင်းကြောင့် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ သုံးပုံတစ်ပုံခန့် တိုးတက်လာခဲ့ပြီး သူ၏ အာရုံခံစွမ်းရည်ကြောင့် အန္တရာယ်များကို ကြိုတင်သိရှိနိုင်သဖြင့် ဤဂေါ်ဘလင်များမှာ သူ့အတွက် လွယ်ကူလွန်းလှသည်။
ထို့ပြင် ဂေါ်ဘလင်များကို အမဲလိုက်ရင်း ထက်မြက်သည့် ငွေရောင်လက်ကိုင်ပုဆိန် တစ်လက်ကိုလည်း ရရှိခဲ့ရာ သတ်ဖြတ်မှုနှုန်းမှာ ပို၍မြန်ဆန်လာခဲ့၏။ ညဉ့်နက်ပိုင်း တစ်လျှောက်လုံးတွင် ခန္ဓာကိုယ် ကန့်သတ်ချက်ကို စက္ကန့်အနည်းငယ်မျှ ဖွင့်ထုတ်ခဲ့ရသော အရေးကြီးသည့် အခိုက်အတန့် နှစ်ကြိမ်သာ ရှိခဲ့သည်။ အချိန်မှာ အလွန်တိုတောင်းသဖြင့် ခန္ဓာကိုယ်အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေခဲ့ပေ။
“ဒီညတော့ မြူခိုးထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်စူးစမ်းနိုင်လောက်ပြီ”
ဖုန်းပုစီး တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိပြုမိသွားကာ မြို့ဘက်သို့ လှမ်းကြည့်လိုက်သည်။ မကြာမီမှာပင် မနေ့က ပျောက်ကွယ်သွားခဲ့သော ‘အရိပ်’ ပြန်လည်ရောက်ရှိလာတော့သည်။
အဝေးကပင် ဂေါ်ဘလင် အလောင်းပုံကြီးကို မြင်လိုက်ရသဖြင့် အရိပ်မှာ ဇဝေဇဝါ ဖြစ်သွားလေသည်။ ညဘက် မြူထုအတွင်းရှိ ဂေါ်ဘလင်များမှာ ရံဖန်ရံခါ အချင်းချင်း ပြန်လည် တိုက်ခိုက်တတ်ကြသဖြင့် ယခင်နှစ်များကလည်း ဤကဲ့သို့ အခြေအနေမျိုး မကြာခဏ ဖြစ်ပေါ်ခဲ့ဖူးသည်။ သို့သော်လည်း သူသည် ညဘက်တွင် မြူခိုးအတွင်းသို့ မဝင်နိုင်သဖြင့် ထိုသို့ဖြစ်ရသည့် အကြောင်းရင်းကို မသိရှိခဲ့ပေ။
သို့သော်လည်း ဂေါ်ဘလင် သွေးများကို သောက်နေသော ဖေးချောင်နှင့် သွေးချင်းချင်းနီနေသော ဖုန်းပုစီးကို မြင်လိုက်ရသည့် အခါတွင်တော့ သူ၏ ဇဝေဇဝါ ဖြစ်မှုမှာ အံ့အားသင့်မှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အရိပ်က ဂေါ်ဘလင် အလောင်းပုံကြီးကို ကြည့်ကာ မေးလိုက်သည်။
“ဒီဂေါ်ဘလင်တွေကို မင်းတို့ ညကသတ်ခဲ့တာလား။ သူတို့အချင်းချင်း တိုက်ခိုက်နေကြတာကို တွေ့ခဲ့တာလား။ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြောပြပါဦး”
ဖုန်းပုစီးလည်း ဘာမှ ဖုံးကွယ်မထားဘဲ မနေ့က အတွေ့အကြုံကို အကျဉ်းချုပ် ပြောပြလိုက်သည်။
“မနေ့က ပင့်ကူကြီးကို သတ်ပြီး မြို့ထဲကို ပြန်လာခဲ့တယ်။ [ အခြေခံကျင့်ကြံမှု အထောက်အကူ ] နဲ့ [ ကုသခြင်း] ကို သုံးပြီးတော့ ညဉ့်နက်ပိုင်းရောက်တော့ ချောက်နက်အမှတ်တွေရဖို့ ဒီကိုလာပြီး ဂေါ်ဘလင်တွေ သတ်နေတာ စောနကထိပဲ”
အရိပ်သည် ဖုန်းပုစီးအား နှစ်ပတ်ခန့် ပတ်ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုသော အနံ့ကို ရှူကြည့်သကဲ့သို့ ဖုန်းပုစီး ကိုယ်နားသို့ ကပ်လိုက်သည်။
“မင်းတို့ ဂေါ်ဘလင်တွေ အချင်းချင်း တိုက်ခိုက်နေတာနဲ့ တိုးခဲ့တာ မဟုတ်ဘူးပဲ။ ဒါဆို မင်းတို့ အစွမ်းထက်တဲ့ ဆန်းကြယ်စွမ်းအားတွေ ရထားလို့လား”
အရိပ်၏ အမြင်အရ ဖုန်းပုစီးတို့ ဤမျှလောက် သတ်နိုင်သည်မှာ ချောက်နက်ယဇ်ပလ္လင်ကို ရှာတွေ့ခဲ့ပြီး ထိုမှတစ်ဆင့် စွမ်းအားများ ရရှိလာကာ အစွမ်းထက်လာခြင်း ဖြစ်ရမည်ဟု ယူဆနေခြင်း ဖြစ်သည်။
ဖုန်းပုစီး၏ အနုစိတ်အာရုံနယ်ပယ် စိတ်ကျင့်စဉ်အဆင့်အရ နာရီအနည်းငယ်အတွင်း ဗီဇ ပြောင်းလဲမှု အဆင့်ကို အောင်မြင်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ပင့်ကူဂူထဲမှ လွတ်မြောက်လာခြင်း၊ ချောက်နက်ယဇ်ပလ္လင်သို့ ရောက်ရှိပြီး ဆန်းကြယ်စွမ်းအားများ ရရှိကာ ခွန်အားများ ရုတ်တရက်တိုးလားခြင်း ဟူသော ဇာတ်ညွှန်းတစ်ခုကို အရိပ်က သူ၏စိတ်ထဲတွင် ဖန်တီးလိုက်သည်။ သို့သော်လည်း သေချာစစ်ဆေးကြည့်သည့် အခါတွင်မူ ဖုန်းပုစီး၏ ကိုယ်ပေါ်၌ မည်သည့် မျိုးဗီဇပြောင်းလဲမှုလက္ခဏာမှ မတွေ့ရသလို မည်သည့် ဆန်းကြယ်စွမ်းအားနှင့်မျှ ပေါင်းစပ်ထားခြင်း မရှိသည်ကို တွေ့လိုက်ရသည်။
ဖုန်းပုစီး လိမ်ပြောနေသည်များလား။ ညက တကယ်တော့ ဂေါ်ဘလင်တွေပဲ အချင်းချင်း သတ်ဖြတ်နေခဲ့ကြတာလား။
အရိပ်သည် သေဆုံးနေသော ဂေါ်ဘလင် အလောင်းများအား ဆက်လက် စစ်ဆေးကြည့်ရာ အလောင်းအများစု၏ သေဆုံးဒဏ်ရာမှာ တူညီနေသည်ကို တွေ့ရသည်။ ဦးခေါင်းခွံများ ကြေမွနေခြင်း သို့မဟုတ် လည်ပင်းများ ပြတ်တောက်နေခြင်းတို့ပင်။ တစ်နည်းအားဖြင့်ဆိုရသော် ဤဂေါ်ဘလင် အများစုကို လူတစ်ယောက်တည်းက သတ်ခဲ့ခြင်းပင်။
အရိပ် က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
“ဒါတွေအားလုံးကို မင်း သတ်ခဲ့တာလား။ အချင်းချင်း တိုက်ခိုက်တာလည်း မဟုတ်၊ ဆန်းကြယ်စွမ်းအားတွေလည်း မရထားဘဲနဲ့ ဒါကို ဘယ်လိုသတ်နိုင်ခဲ့တာလဲ။ ညဘက် မြူခိုးထဲက သားရဲတွေက ပိုပြီး ကြမ်းကြုတ်သလို သူတို့ရဲ့ ခွန်အားတွေကလည်း သိသိသာသာ တိုးလာတတ်တာကို..”
ဖုန်းပုစီးက သူ၏လက်ထဲမှ ငွေရောင်ပုဆိန်ကို သုတ်လိုက်ရင်း ပြောလိုက်၏။
“ဖြစ်နိုင်တာကတော့ ဒီပုဆိန်ကအရမ်းထက်လို့နေမယ်။ တကယ်လို့ ဒီပုဆိန်သာမရှိရင် တိုက်ပွဲက ဒီထက်ပိုပြီး ကြာသွားနိုင်သလို ဖေးချောင်နဲ့အတူ ဆုတ်ခွာရင်း တိုက်ရလောက်မှာ”
အရိပ်သည် မည်သည့် ဆန်းကြယ်စွမ်းအားမှ ကိန်းအောင်းမနေသော ဖုန်းပုစီး လက်ထဲရှိ ပုဆိန်ကို တစ်လှည့်၊ ဖုန်းပုစီးကို တစ်လှည့် ကြည့်ရင်း ပြောရန်စကား ဆွံ့အ,သွားလေတော့သည်....။