အခန်း (၁၈) - အမဲလိုက်မှီ ကြိုတင်ပြင်ဆင်ခြင်း
ဖေးချောင် သူ၏ ဓားမကြီးကို ကိုင်ကာ ဖုန်းပုစီး နောက်သို့ ဇဝေဇဝါဖြင့် လိုက်ပါလာခဲ့သည်။ မြို့ရိုးကို ကျော်ဖြတ်ပြီးနောက်တွင်တော့ မြို့၏ တောင်ဘက်ခြမ်းရှိ ကွင်းပြင်တစ်ခုသို့ ရောက်ရှိလာကြ၏။
တစ်နေ့လုံး အနားမရသေးသဖြင့် ဖေးချောင် သမ်းဝေလိုက်မိသည်။ အခန်းထဲတွင် အတွေးလွန်နေစဉ်က ဘာမှမဖြစ်သော်လည်း ယခုမူ ရုတ်တရက် အိပ်ငိုက်လာသလို ခံစားလိုက်ရ၏။ သတိပြန်ဝင်လာစေရန် ဖေးချောင် မိမိ၏ ပါးကို ခပ်ပြင်းပြင်း ရိုက်လိုက်လေသည်။
“ကဲ... အခု လေ့ကျင့်ဖို့ ပြင်ဆင်ကြရအောင်”
ကွင်းပြင်အနီးရှိ သဲနှင့် ကျောက်ခဲများကို ကြည့်ကာ ဖုန်းပုစီး ပြောလိုက်၏။
ဖေးချောင် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
“လေ့ကျင့်ဖို့လား... ဟို အစိမ်းရောင် လူပုလေးတွေကို သွားသတ်ကြမှာ မဟုတ်ဘူးလား။ ဆရာဖုန်းပဲ ထူးဆန်းတဲ့ ယဇ်ပလ္လင်တွေကို ရှာပြီး ထူးခြားတဲ့စွမ်းအားတွေ ရယူမယ်လို့ ပြောခဲ့တယ်မဟုတ်လား”
ဖုန်းပုစီးက ခေါင်းခါပြကာ ပြောလိုက်သည်။
“အရမ်း လောမနေနဲ့ဦး။ အခုက အဲ့ဒီစွမ်းအားတွေကို ရယူရမယ့်အချိန် မဟုတ်သေးဘူး။ ငါတို့ အခုလုပ်ရမှာက ခိုင်မာတဲ့ အခြေခံ တစ်ခုကို တည်ဆောက်ဖို့ပဲ။ အခြေခံ ကောင်းမှသာ အဲ့ဒီစွမ်းအားတွေကို ရရှိတဲ့အခါ ရှေ့ဆက်ပြီး ပိုဝေးဝေး သွားနိုင်မှာ”
ဖေးချောင် စဉ်းစားကြည့်ရာ ဆရာဖုန်း၏ စကားမှာ အဓိပ္ပာယ်ရှိနေသည်။
“ဒါဆို အခြေခံ ကောင်းအောင် ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ”
“ကျင့်ကြံပြီးရင် မြို့လယ်ရင်ပြင်က ကျောက်စာတိုင်မှာရှိတဲ့ [ အခြေခံကျင့်ကြံမှု အထောက်အကူ] ကို သုံးမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ အခြေခံအရည်အသွေးတွေကို တိုးတက်စေနိုင်တယ်။ မင်းက သွေးသားကန့်သတ်ချက်ကို ချိုးဖျက်တဲ့ ကျင့်စဉ်မျိုး မလုပ်နိုင်သေးပေမဲ့ ပုံမှန် ကိုယ်ကာယ ကျင့်စဉ်မျိုးကိုတော့ လုပ်လို့ရတယ်”
ဖုန်းပုစီး ရှင်းပြလိုက်သော်လည်းဖေးချောင်၏ မျက်နှာမှာ ကြောင်တောင်တောင် ဖြစ်နေဆဲပင်။
ဖုန်းပုစီး ဆက်ပြောလိုက်သည်။
“မင်း ပင့်ကူမျှင်တွေ စုထားတာ ရှိတယ်မလား။ အဲ့ဒါတွေကို ကြိုးအဖြစ် သုံးလို့ရတယ်။ ငါစုထားတဲ့ အဝတ်စတွေလည်း ရှိတယ်၊ အခု သဲအိတ်တွေ လုပ်ကြရအောင်”
ဖေးချောင် ခေါင်းညိတ်လိုက်သည်။ သူ ပင့်ကူမျှင်များကို ကျစ်ပြီး မီတာအတော်ရှည်သည့် ကြိုးအဖြစ် ပြုလုပ်ရုံသာမက ပင့်ကူမျှင် ချည်အလုံးလိုက်ကိုလည်း ဖန်တီးခဲ့သည်။
မကြာမီမှာပင် ဖုန်းပုစီးနှင့် ဖေးချောင်တို့ ဓားများသုံးကာ အဝတ်များအား ဖြတ်တောက်ပြီး သဲများ ထည့်သွင်းကြသည်။ အဝတ်စ များများစားစား မရှိသဖြင့် သူတို့သည် အပေါ်အင်္ကျီများကိုပင် ချွတ်၍ သဲနှင့် ကျောက်ခဲများအား အိတ်ထဲသို့ အတင်းထိုးထည့်ကြရသည်။
တစ်နာရီခန့် ကြာပြီးနောက် ဖုန်းပုစီးနှင့် ဖေးချောင်တို့၏ ခြေလက်များနှင့် ခါးတွင် အလေးများ ချည်နှောင်ပြီးသား ဖြစ်သွားသည်။ ထိုအလေးအိတ်များမှာ အဝတ်စုတ်ဖြင့် လုပ်ထားသဖြင့် အလွန်ပင် ကြမ်းတမ်းလှ၏။ အပ်နှင့်ချည် မရှိသောကြောင့် သဲများ ယိုထွက်နိုင်သဖြင့် ကျောက်ခဲကြီးများကိုသာ အဓိက ထည့်ထားရရာ ၎င်းတို့ကို ဝတ်ဆင်လိုက်သည့်အခါ ခြေလက်များမှာ နာကျင်လှပေသည်။
ဖေးချောင်မှာ မျက်နှာပျက်သွားသည်။ ဤကဲ့သို့ အလေးများကိုဆွဲကာ ကျင့်ကြံရခြင်းမှာ သေမင်းနှင့် ရင်ဆိုင်ရသလိုပင် ပင်ပန်းလှပေမည်။ သို့သော်လည်း ဖုန်းပုစီး၏ ကိုယ်ပေါ်တွင်လည်း အလားတူ အလေးများ ရှိနေသည်ကို မြင်သောအခါ သွားကြိတ်လျက် ဘာမှမပြောဘဲ သည်းခံလိုက်တော့သည်။
“ဆရာဖုန်း... အလေးတွေတော့ ပြင်ပြီးပြီ။ ဘယ်လိုကျင့်ရမှာလဲ... ပြေးရမှာလား”
ဖုန်းပုစီး ခပ်အေးအေးပင် ပြောလိုက်၏။
“အကောင်းဆုံး လေ့ကျင့်ခြင်းကတော့ တိုက်ပွဲအစစ်ထဲမှာ ပါဝင်တာပဲ။ အခု ငါတို့ မြူထဲက ဂေါ်ဘလင် တွေကို သွားတိုက်လိုက်ကြမယ်”
ဖေးချောင်မှာ တွေးကြည့်ပြီး လန့်သွားလေတော့သည်။
“ဒီလို အလေးကြီးတွေနဲ့ ဟိုအစိမ်းရောင်လူပုလေးတွေကို သွားသတ်မလို့လား။ ပြီးတော့ခုက ညဘက်ကြီးမှာ”
ဖေးချောင် ဘေးရှိ ဓားကိုကောက်ယူကာ အားကုန်လွှဲခုတ်ကြည့်၏။ ဓားလွှဲသည့်အရှိန်မှာ သိသိသာသာ နှေးကွေးသွားရုံမျှမက လက်မောင်းတွင် ချည်ထားသော ကျောက်ခဲများကြောင့် တစစ်စစ် နာကျင်မှုကို ခံစားလိုက်ရသည်။ ဤအလေးများကို ဝတ်ထားပါက သူ့ပင်ကိုယ်ခွန်အား၏ ခုနစ်ဆယ် ရာခိုင်နှုန်းပင် အသုံးချနိုင်ပါတော့မည်လော။
ထို့ပြင် ညဘက် မြူခိုးအတွင်းရှိ ဂေါ်ဘလင်များမှာ နေ့ဘက်ထက် ပို၍ပင် အန္တရာယ်များလှသည်။ ဖေးချောင် နောက်သို့ မသိမသာ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။ သူသည် သတ္တိမနည်းသော်လည်း ဤကဲ့သို့ အလဟဿ အသက်အသေမခံချင်ပေ။ ဆရာဖုန်းက တကယ်ကို သန်မာသော်လည်း အရမ်းကို ရူးသွပ်လွန်းနေပြီ။ ဖြစ်နိုင်သည်မှာ…. သူသည် ဆရာဖုန်းနှင့် မလိုက်ဖက်ဟု တွေးမိသွားသည်။
ဖေးချောင်သည် ခေါင်းခါလိုက်ပြီး စကားစလိုက်သည်။
“ဆရာဖုန်း... ကျွန်တော်...”
သူ စကားမဆုံးခင်မှာပင် ဖုန်းပုစီးက သူဘာပြောချင်သည်ကို သိသွားခဲ့ပြီ ဖြစ်သည်။
ဖုန်းပုစီးက သက်ပြင်းချလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ အမှန်တကယ်တော့ သူသည် ဤပင်လယ်ဓားပြကြီးအား ကူညီပေးကာ နောင်တွင် တပည့်အဖြစ်ပင် လက်ခံရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ယခုကြည့်ရသည်မှာ ဖေးချောင်တွင် ထိုသို့ ကံပါလာပုံမရပေ။
ဖုန်းပုစီး တစ်ယောက်တည်း မြူထုအတွင်းသို့ ဦးတည်ကာ လျှောက်လှမ်းသွားတော့သည်။ အခုအချိန်သည် ဂေါ်ဘလင်များအား အမဲလိုက်၍ ချောက်နက်အမှတ်များ စုဆောင်းရမည့် အချိန်ပင်။ ဖုန်းပုစီး၏ ပုံရိပ်မှာ မြူထုအတွင်း တဖြည်းဖြည်း ဝေဝါးပျောက်ကွယ်သွားသည်။
ဖေးချောင် ထိုနေရာတွင်ပင် ငေးကြောင်၍ ကျန်ရစ်ခဲ့သည်။ သူ၏ ဆင်ခြင်တုံတရားက ဤနေရာ၌ နေရစ်ခြင်းမှာ မှန်ကန်သည်ဟု ပြောနေသော်လည်း၊ သူ၏ စိတ်ထဲက စကားသံတစ်ခုကမူ ဖုန်းပုစီး နောက်သို့ လိုက်မသွားပါက အရေးကြီးသော အရာတစ်ခုခုကို လက်လွှတ်ရလိမ့်မည်ဟု သတိပေးနေသည်။
တစ်ချိန်က သူ ပထမဆုံးသင်္ဘောပေါ်တက်ပြီး သေခြင်းတရားနှင့် နီးကပ်စွာ ရှင်သန်ခဲ့ရသည့် ပင်လယ်ဓားပြဘဝ အစကို ပြန်လည်အမှတ်ရလာသည်။ ထိုစဉ်ကလည်း သူ၏ စိတ်မှာ ယခုကဲ့သို့ပင် ဝေခွဲမရ ဖြစ်ခဲ့ဖူးသည်။
“ကဲ... ကံတရားပဲ။ အဆိုးဆုံး သေရုံပေါ့ကွာ”
ဖေးချောင်သည် သွားကြိတ်လျက် ဓားကို တင်းတင်းဆုပ်ကာ မြူထုအတွင်းသို့ အပြေးဝင်သွားတော့သည်။
...
နောက်ဆုံးတွင် သူ့နောက်သို့ လိုက်လာသော ဖေးချောင်၏ ခိုင်မာသည့် မျက်လုံးများကို ကြည့်ကာ ဖုန်းပုစီးက ပြုံးလိုက်သည်။
“လိုက်လာပြီဆိုတော့... မင်း ဆုံးဖြတ်ချက် ခိုင်မာသွားပြီပေါ့”
ဖေးချောင်က ခေါင်းညိတ်လျက် ဆိုသည်။
“ဟုတ်ကဲ့... ကျွန်တော် ဆုံးဖြတ်ပြီးပြီ။ ဆရာဖုန်းနဲ့အတူ တိုက်ပွဲဝင်ပါ့မယ်”
ဖုန်းပုစီးက ပြောလိုက်သည်။
“ကောင်းပြီ။ ဒါဆိုရင် ခုကစပြီး ငါနဲ့အတူ လေ့ကျင့်ရတော့မယ်။ ငါပေးထားတဲ့ ဆေးရည်ဘူးကို မှတ်မိလား... အခု အဲ့ဒါကို သောက်လိုက်”
ဖေးချောင် ရေဘူးကို ဖွင့်လိုက်ပြီး ဖုန်းပုစီး လုပ်သကဲ့သို့ပင် လိုက်လံသောက်ကြည့်လိုက်သည်။
“ကော်ဖီခါးခါးလို အရသာပဲ”
ဆေးရည်များ သောက်ပြီးနောက်တွင်တော့ သူ၏ စိတ်ထဲ၌ ပျားအုပ်ကြီး ဝိုင်းအုံနေသကဲ့သို့ ထူးဆန်းသော ရေရွတ်သံများ ထွက်ပေါ်လာပြီး ခေါင်းမူးကာ မူးယစ်ရီဝေသော ခံစားချက်ဖြစ်လာသည်။
ဖေးချောင် သောက်လိုက်သော ဆေးရည်မှာ ဆေးရုံကလူနာများကို တိုက်သောဆေးနှင့် ဆင်တူပြီး ၁၀ မီလီလီတာခန့် ရှိသော်လည်း သူသည် စိတ်ကျင့်စဉ်၌ စိတ်စင်ကြယ်ခြင်း နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ ထိုထူးဆန်းသော အသံများကို ခုခံနိုင်စွမ်းမှာ သာမန်ထက် သာလွန်ပေသည်။ ထို့ကြောင့် သူသည် ထိုစိတ်ဖောက်သူများကဲ့သို့ သတိလွတ်မသွားဘဲ အရမ်းမူးနေသူတစ်ယောက်ကဲ့သို့သာ ခံစားနေရခြင်း ဖြစ်သည်။
ဖေးချောင် ခေါင်းကိုခါယမ်းကာ ဘေးရှိဖုန်းပုစီးကို ကြည့်လိုက်သည်။ ဖုန်းပုစီးသည် သူ့ထက်ပို၍သောက်ခဲ့သော်လည်း မည်သည့်ဝေဒနာမှ ခံစားရပုံမပေါ်ဘဲ တည်ငြိမ်နေဆဲ ဖြစ်၏။
“ဆရာဖုန်း... ခင်ဗျားရေဘူးထဲက ဆေးရည်ကလည်း ကျွန်တော့်ဟာနဲ့ အတူတူပဲလား”
“ငါ့ဘူးထဲမှာတော့ အဆိပ်ဓာတ် နည်းနည်းပိုပါတယ်၊ အရသာကလည်း ပိုဆိုးတယ်။ မင်း ထူးဆန်းတဲ့ အဆိပ်တွေကို ခံနိုင်ရည်ရှိအောင် ကျင့်ချင်ရင်တော့ စမ်းကြည့်လို့ရတယ်၊ ဒါပေမဲ့ အများကြီး မသောက်နဲ့”
ထိုသို့ပြောကာ ဖုန်းပုစီး သူ့ရေဘူးကို ကမ်းပေးလိုက်သည်။
ဖေးချောင်သည် သံသယဖြင့် ရေဘူးကို ဖွင့်လိုက်ရာ အလွန်ပြင်းထန်သော မှိုနံ့သို့ အနံ့ဆိုးကြီး ထွက်ပေါ်လာသဖြင့် ပျို့အန်ချင်စိတ်ပင် ပေါက်သွားသည်။ သတိကြီးစွာဖြင့် အနည်းငယ်မျှ စမ်းသောက်ကြည့်လိုက်ရာ မူးဝေသော ခံစားချက်မှာ ပိုမိုပြင်းထန်လာပြီး တစ်ချိန်တည်းမှာပင် ဝမ်းဗိုက်အတွင်းမှ စူးအောင့်သော ဝေဒနာမှာ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
“အာ့... တော်တော်ပြင်းတာပဲ... ဒါက...”
ဖေးချောင် နာကျင်စွာဖြင့် ထိုင်ကျသွားစဉ်မှာပင် ဖုန်းပုစီး၏ သတိပေးသံ နားထဲသို့ ရောက်ရှိလာသည်။
“ဂေါ်ဘလင် ငါးကောင် လာနေပြီ”
ဖေးချောင် သွားကြိတ်ကာ မတ်တတ်ထရပ်လိုက်ပြီး ဓားကို ဆုပ်ကိုင်လိုက်သည်။ ယခုအချိန်တွင် သူ၏ အခြေအနေမှာ အလွန်ဆိုးရွားနေ၏။ မူးဝေနေမှုကြောင့် ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ရှုပ်ထွေးနေတော့သည်။
သူ အာရုံစူးစိုက်ရန် အစွမ်းကုန် ကြိုးစားလိုက်စဉ်မှာပင် ဂေါ်ဘလင် တစ်ကောင်မှာ ရှေ့သို့ ရောက်ရှိလာပြီး သူ့အား ဓားမြှောင်ဖြင့် ထိုးနှက်လိုက်သည်။
“မင်းကများကွာ”
ဖေးချောင် အော်ဟစ်ကာ ဓားဖြင့် အားကုန် လွှဲခုတ်လိုက်ရာ ဂေါ်ဘလင် ၏ ခေါင်းမှာ ပြတ်ထွက်သွားသော်လည်း သူကိုယ်တိုင်လည်း ဒဏ်ရာအချို့ ရရှိသွားသည်။ ရင်ဘတ်ကို ထိကြည့်လိုက်ရာ ဂေါ်ဘလင် ၏ ဓားမြှောင်မှာ သူ့ရင်ဘတ်အား အနည်းငယ် ခြစ်မိသွားခဲ့ခြင်း ဖြစ်သည်။
သေမင်းနှင့် နီးကပ်သွားသော ထိုအတွေ့အကြုံကြောင့် စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်သွားပြီး မူးဝေနေမှုပင် အတန်ငယ် လျော့ပါးသွားသလို ခံစားလိုက်ရ၏။
ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သူသတ်လိုက်သော တစ်ကောင်အပြင် အခြား ဂေါ်ဘလင် အလောင်း လေးလောင်းမှာလည်း ဆရာဖုန်း၏ လက်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့လိုက်ရသည်။
ဖေးချောင် အလောင်းများကို ဆက်မကြည့်တော့ဘဲ ရှေ့သို့ မော့ကြည့်လိုက်ရာ မြူခိုးအတွင်းမှ စိမ်းဖန့်ဖန့် မျက်လုံးများစွာ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။ နောက်ထပ် ဂေါ်ဘလင် အုပ်ကြီး လာနေပြီ ဖြစ်သည်။
(ဘာသာပြန်သူ၏ မှတ်စု - လက်ရှိဖော်ပြခဲ့ပြီးသော စွမ်းအားစနစ်များ)
ကျင့်ကြံမှုအဆင့် (မြို့လယ်ရင်ပြင်ရှိ မြို့ပြကျောက်စာတိုင်မှ ဖော်ပြချက်)
( ၁ ) အဆင့်မသတ်မှတ်ရသေး
( ၂ ) ……….
ဝိညာဉ်အဆင့် (မြို့လယ်ရင်ပြင်ရှိ မြို့ပြကျောက်စာတိုင်မှ ဖော်ပြချက်)
( ၁ ) အဆင့်မသတ်မှတ်ရသေး
( ၂ ) ……….
စိတ်ကျင့်စဉ် အဆင့်
( ၁ ) စိတ်စင်ကြယ်ခြင်း နယ်ပယ်
( ၂ ) အနုစိတ်အာရုံ နယ်ပယ်