အခန်း (၁၇) – ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်
အဆင့် ၄ ဆေးရည် ပါးစပ်ထဲသို့ ရောက်ရှိသွားသည်နှင့် ခါးသက်သက်နှင့် မှိုနံ့ကဲ့သို့ အရသာမျိုး ပေးစွမ်းပြီးနောက် လျင်မြန်စွာပင် ပူလောင်သည့် ခံစားချက်အဖြစ် ပြောင်းလဲသွားသည် ။ ၎င်းသည် ပြင်းထန်သည့် အရက်နှင့် ဆင်တူသော်လည်း ခန္ဓာကိုယ်သာမက စိတ်ဝိညာဉ်ကိုပါ ထိခိုက်စေသည့် ပူလောင်မှုမျိုး ဖြစ်သောကြောင့် အလွန်ပင် ကွာခြားလှပေသည် ။
အဆင့် ၄ ဆေးရည်ကြောင့် ဖြစ်ပေါ်လာသည့် ထူးဆန်းသော ရေရွတ်သံများသည်လည်း သူ၏ စိတ်အာရုံထဲသို့ ဒီရေလား တိုးဝင်လာတော့သည် ။ ၎င်းဆေးရည်မှ ထွက်ပေါ်လာသော ရေရွတ်သံများမှာ အဓိပ္ပာယ်မရှိဘဲ ရှုပ်ထွေးပွေလီလှသည့် ဆူညံသံများကဲ့သို့ပင် ဖြစ်၏ ။
သို့သော်လည်း ထိုဆူညံသံများသည် ထူးခြားသည့် သံစဉ်တစ်ခုကို ဖြစ်ပေါ်စေပြီး လူကို ခေါင်းမူးဝေသွားစေနိုင်စွမ်း ရှိသည် ။ ထိုကဲ့သို့ ခေါင်းမူးဝေသွားသည့် ခံစားချက်ကြောင့်ပင် ဤရူးသွပ်နေသူများ ငြိမ်သက်သွားခြင်း ဖြစ်ပုံရသည် ။
“ဒီရေရွတ်သံတွေက အရမ်းကို ရှုပ်ထွေးလွန်းတယ်၊ အလောင်းတွေ အများကြီးကို ရောစပ်ထားလို့ ဖြစ်မယ်။ တကယ်လို့ အလောင်းတစ်လောင်းတည်းက ထွက်တာကိုသာ သုံးမယ်ဆိုရင် ပိုပြီးတော့ စည်းစနစ်ကျလာမလား မသိဘူး”
ဖုန်းပုစီး မှတ်ချက်ပေးလိုက်ရင်း ဒုတိယမြောက် အဆင့် ၄ ဆေးရည်ကို ကောက်ယူကာ တစ်ငုံ သောက်လိုက်ပြန်သည် ။
ပထမဆေးရည်နှင့် နှိုင်းယှဉ်လျှင် ဤဆေးရည်မှာ ခါးသက်မှု အနည်းငယ် လျော့နည်းသော်လည်း ပူလောင်မှုမှာမူ ပိုမိုပြင်းထန်လှသည် ။ ရေရွတ်သံများကြောင့် ဖြစ်ပေါ်လာသည့် ဆူညံသံမှာမူ ပထမတစ်ခုနှင့် အခြေခံအားဖြင့် ကွာခြားမှုမရှိဘဲ ခေါင်းမူးဝေမှု ပိုမိုပြင်းထန်လာခြင်းသာ ဖြစ်သည် ။
ဖုန်းပုစီးသည် တတိယ၊ စတုတ္ထနှင့် ပဉ္စမမြောက် အဆင့် ၄ ဆေးရည်များကို ဆက်တိုက်ဆိုသလို မြည်းစမ်းကြည့်လိုက်သည် ။ ထိုဆေးရည်များ၏ အကျိုးသက်ရောက်မှုမှာ ဆင်တူကြသော်လည်း စတုတ္ထမြောက်ဆေးရည်မှာ အရသာ အကောင်းဆုံးဖြစ်ပြီး ပဉ္စမမြောက်ဆေးရည်တွင်မူ အဆိပ်အတောက် အချို့ ပါဝင်နေသည် ။
ပဉ္စမမြောက် အဆင့် ၄ ဆေးရည်ကို သောက်ပြီးနောက် သူ၏ အစာအိမ်အတွင်း၌ ပြင်းထန်စွာ စူးအောင့်သည့် ဝေဒနာ ပေါ်ပေါက်လာပြီး ထိုဝေဒနာမှာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည် ။
ဒေါက်တာ နော်တန်၏ သုတေသနပြုချက်အရ ပုပ်ပွနေသော သွေးသားမှအရည်များကို စက်ဖြင့် ခွဲထုတ်ပြီးနောက် ကြည်လင်သောအပိုင်းမှာ အဆိပ်အတောက်ကင်းပြီး စိတ်ငြိမ်စေသော်လည်း နောက်ကျိနေသောအပိုင်းမှာမူ ပြင်းထန်သော အဆိပ်အတောက်များ ပါဝင်နေသဖြင့် သေဆုံးခြင်း ကိုပင် ဖြစ်စေနိုင်သည် ။
ပဉ္စမမြောက် အဆင့် ၄ ဆေးရည်တွင် အဆိပ်အတောက် အနည်းငယ် ရောနှောနေသည်မှာ သိသာလှသော်လည်း အဆိပ်မှာမူ သိပ်မပြင်းထန်လှပေ ။ အဆင့် ၄ ဆေးရည်အားလုံးကို မြည်းစမ်းကြည့်ပြီးနောက် ဖုန်းပုစီးသည် စတုတ္ထမြောက်ဆေးရည်ကို ပြန်ယူကာ နှစ်ငုံခန့် ဆက်တိုက် သောက်လိုက်ပြန်သည် ။
စတုတ္ထမြောက် အဆင့် ၄ ဆေးရည်၏ အရသာမှာ တကယ်ပင် ကောင်းမွန်လှ၏ ။ ခါးသက်မှုမှာ အနေတော်ဖြစ်ပြီး မှိုနံ့လည်း မရှိသည့်အပြင် မွှေးပျံ့သည့် ရနံ့လည်း ရှိနေသေးသည် ။ ဖုန်းပုစီးအနေဖြင့် ဖော်ပြရလျှင် ၎င်းမှာ ကော်ဖီအရသာနှင့် ဆင်တူပြီး နို့နှင့် သကြားသာ ထည့်လိုက်ပါက အလွန်ကောင်းမွန်သည့် ကော်ဖီဖျော်ရည်တစ်ခု ဖြစ်လာပေလိမ့်မည် ။
တစ်ခုတည်းသော အားနည်းချက်မှာ ဤအဆင့် ၄ ဆေးရည်များသည် အမှန်တကယ်တွင် ကုသခြင်း အာနိသင် မရှိခြင်းပင်။ ကုသမှု အာနိသင် မရှိရုံသာမက ကြီးမားသည့် ဘေးထွက်ဆိုးကျိုးများပင် ရှိနေနိုင်သေးသည်။ ဤဆေးရည်များကို သောက်ပြီးနောက် လူနာများသည် အပြင်ပန်းအားဖြင့် သိသိသာသာ တိုးတက်လာပုံရသော်လည်း အမှန်တကယ်တွင်မူ အဆင့် ၄ ဆေးရည်အတွင်းရှိ ထူးဆန်းသော သံစဉ်များ၏ လွှမ်းမိုးမှုကြောင့် ခဏတာ မူးဝေသည့် အခြေအနေသို့ ရောက်ရှိသွားခြင်းသာ ဖြစ်သည် ။
ဆေးရည်၏ အာနိသင် ကုန်ဆုံးသွားသည်နှင့် လူနာများသည် ဆေးရည်မှ ရေရွတ်သံများ၏ လှုံ့ဆော်မှုကြောင့် ယခင်ကထက် ပိုမို၍ ရူးသွပ်လာကြပေလိမ့်မည် ။ မှန်ပေသည်၊ ဤဆေးများအား သောက်လေလေ လူနာများ၏ ရောဂါလက္ခဏာမှာ လျော့ပါးမသွားဘဲ ပိုမိုဆိုးရွားလာလေလေ ဖြစ်၏ ။
သို့သော် ဤအဆင့် ၄ ဆေးရည်သည် ကုသရန်အတွက် မသင့်တော်သော်လည်း ကျင့်ကြံရန်အတွက်မူ အသုံးပြုနိုင်သည်။ အဆင့် ၄ ဆေးရည်ကို သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရေရွတ်သံများသည် အတန်ငယ် နူးညံ့လှသဖြင့် ၎င်းကို ထူးဆန်းသော ရေရွတ်သံများ ခုခံနိုင်စွမ်းရှိစေရန် လေ့ကျင့်ရာတွင် အသုံးပြုနိုင်သည် ။
ကံမကောင်းစွာဖြင့် သာမန်ရေရွတ်သံများမှာ သူ့အပေါ်တွင် သက်ရောက်မှု မရှိတော့ပေ ။ ဤအဆင့် ၄ ဆေးရည်သည် သူ့အပေါ် လုံးဝ အာနိသင် မရှိခြင်းမျိုး မဟုတ်ဘဲ ကီလိုဂရမ်ပေါင်းများစွာကို ဆက်တိုက် သောက်သုံးမှသာ အကျိုးသက်ရောက်မှု အနည်းငယ် ရှိမည် ဖြစ်သဖြင့် ထိုသို့ပြုလုပ်ရန်မှာ အဓိပ္ပာယ် မရှိတော့ပေ ။
သို့ရာတွင် ပဉ္စမမြောက် အဆင့် ၄ ဆေးရည်မှာမူ အလွန်သင့်တော်လှသည်။ ၎င်းကို [ အခြေခံကျင့်ကြံမှု အထောက်အကူ ] နှင့် တွဲဖက်၍ သူ၏ ခန္ဓာကိုယ်တွင် အဆိပ်အတောက်များကို ခုခံနိုင်စွမ်းရှိစေရန် လေ့ကျင့်ပေးနိုင်ပေမည်။
ဆက်လက်၍ မြည်းစမ်းခြင်း မပြုတော့ဘဲ ဖုန်းပုစီးသည် စတုတ္ထနှင့် ပဉ္စမမြောက် အဆင့် ၄ ဆေးရည်များအား ဒေါက်တာ နော်တန်၏ ရေဘူးနှစ်ခုအတွင်းသို့ ထည့်ကာ သိမ်းဆည်းလိုက်သည် ။ ပဉ္စမမြောက်ဆေးရည်ကို သူကိုယ်တိုင် သောက်သုံးမည်ဖြစ်ပြီး စတုတ္ထမြောက်ဆေးရည်ကိုမူ မုတ်ဆိတ်ဗလပွ ပင်လယ်ဓားပြ ဖေးချောင်အား ထူးဆန်းသော ရေရွတ်သံများ ခုခံနိုင်စွမ်းရှိလာစေရန် ကျင့်ကြံရာတွင် အသုံးပြုစေရန် ရည်ရွယ်ထားသည်။
ဆေးရည်ဘူးနှစ်ခုကို သိမ်းဆည်းပြီးနောက် ဖုန်းပုစီးသည် ပျက်စီးနေသော ဘုရားကျောင်း၏ နံရံပေါ်သို့ လျင်မြန်စွာ တက်သွားပြီးနောက် အပေါ်ဘက်ရှိ အပေါက်မှတစ်ဆင့် အပြင်သို့ တိုးထွက်လိုက်သည်။
အပြန်အလှန်ကူညီရေးအသင်းမှ တည်ထောင်ထားသော စိတ်ကျန်းမာရေးဆေးရုံကို စူးစမ်းစစ်ဆေးပြီးပြီ ဖြစ်ရာ နောက်ထပ် သူလုပ်ရမည့်အရာမှာ ချောက်နက်အမှတ်များ တတ်နိုင်သမျှ စုဆောင်းကာ [ အခြေခံကျင့်ကြံမှု အထောက်အကူ ] နှင့် [ တော်ဝင်ရိက္ခာ ] တို့ကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်ကို ကန့်သတ်ချက်သို့ ရောက်အောင် တွန်းပို့ရန် ဖြစ်သည် ။
[ အခြေခံကျင့်ကြံမှု အထောက်အကူ ] တစ်ကြိမ် အသုံးပြုရန်အတွက် ချောက်နက်အမှတ် ၂၅ မှတ် လိုအပ်ပြီး ၎င်းနှင့် တွဲဖက်စားသုံးရမည့် [ တော်ဝင်ရိက္ခာ ] နှစ်နပ်အတွက် ၅၀ မှတ် လိုအပ်သည် ။ သူ၏ ခန္ဓာကိုယ်ကို ကန့်သတ်ချက်အထိ ရောက်ရှိအောင် ကျင့်ကြံရန် အနည်းဆုံး အကြိမ် ၂၀ ခန့် ထပ်မံ လိုအပ်နေသေးသလို ကျင့်ကြံခြင်း မပြုရသေးသော ညာဘက်လက်မောင်းအတွက်ပါ ထည့်သွင်းစဉ်းစားမည်ဆိုပါက နောက်ထပ် အကြိမ်အနည်းငယ် ပို၍ လိုအပ်မည် ဖြစ်သည် ။
ထို့အပြင် အရေးပေါ် အခြေအနေများအတွက်လည်း ချောက်နက်အမှတ် အချို့ကို ချန်ထားရန် လိုအပ်သေးသည် ။ တစ်နည်းအားဖြင့်ဆိုရသော် သူသည် ချောက်နက်အမှတ် ၂၀၀၀ ခန့် စုဆောင်းရန် လိုအပ်ပြီး ပိုမိုစိတ်ချရစေရန်အတွက် ၃၀၀၀ ကျော်ခန့် စုဆောင်းနိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
... ...
မြို့၏ အရှေ့ဘက်ခြမ်းရှိ အိမ်တစ်လုံးအတွင်း၌ မုတ်ဆိတ်ဗလပွ ပင်လယ်ဓားပြ ဖေးချောင်သည် မျက်စိနှစ်လုံး ပြူးလျက်နှင့် အိပ်မပျော်နိုင်ဘဲ ဖြစ်နေ၏ ။ ယနေ့တွင် ကိစ္စရပ်များစွာ ဖြစ်ပျက်ခဲ့သည်။ နံနက်စောစောပိုင်းတွင် ပင့်ကူကြီး၏ ဖမ်းဆီးခြင်းကို ခံရကာ မျှော်လင့်ချက်မဲ့နေသည့် အခြေအနေမှ ဖုန်းပုစီး၏ ကယ်တင်မှုကို ခံခဲ့ရပြီး ‘ဆရာဖုန်း’ ဟု အသိအမှတ်ပြုခဲ့ပြီးနောက် ဝေဝေဝါးဝါးနှင့်ပင် အပြန်အလှန်ကူညီရေးအသင်းသို့ ဝင်ရောက်ခဲ့ကာ ဝမ်ချန်း၏ လက်အောက်ငယ်သား ဖြစ်လာခဲ့သည် ။
“တကယ်တော့ ဆရာဖုန်းက ဘာလို့ ဝမ်ချန်းရဲ့ ကုသမှုခံယူဖို့ အကြံပြုချက်ကို လက်ခံလိုက်တာလဲ”
“ဒါမှမဟုတ် ဆရာဖုန်းကိုယ်တိုင်လည်း သူ့စိတ်က နည်းနည်း ပုံမှန်မဟုတ်ဘူးလို့ ထင်နေလို့ ကုသမှု ခံယူချင်တာလား”
ဖေးချောင် မိမိဘာသာ တိုးတိုးလေး ရေရွတ်နေမိသည် ။
ဂူအတွင်း၌ ဖုန်းပုစီး သူ၏ လက်ချောင်းများကို ဓားသွားကဲ့သို့ သွေးနေပုံနှင့် ညဘက် မြို့လယ်ရင်ပြင်တွင် သွေးများ အန်နေရင်း [တော်ဝင် ရိက္ခာ]ကိုအငမ်းမရ စားနေခဲ့ပုံများအား သူ ပြန်လည် မြင်ယောင်လာမိသည်။
သေချာစဉ်းစားကြည့်လျှင် ဆရာဖုန်းမှာ တကယ်ပင် ပုံမှန်မဟုတ်ပေ ။ သို့သော်လည်း ဖုန်းပုစီးသည် ကုသမှုကို အလွယ်တကူ လက်ခံလိမ့်မည်မဟုတ်ကြောင်းနှင့် ထိုကိစ္စတွင် အကြောင်းရင်းတစ်ခုခု ရှိနေရမည်ဖြစ်ကြောင်း ဖေးချောင် ခံစားနေရသည် ။
ဖေးချောင် တစ်ယောက်တည်း တွေးတောနေစဉ်မှာပင် ထူးဆန်းသော အသံတစ်ခုကို ကြားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်သောအခါ ဖုန်းပုစီး ပြတင်းပေါက်နားတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။ ဖေးချောင်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“ဆရာဖုန်း.. ဘာလို့ ဒီကို ရောက်နေတာလဲ။ ကျွန်တော် ခုနက ပြောတာတွေကို ကြားသွားတာလား”
ဖုန်းပုစီး ပြန်ဖြေလိုက်သည်။
“နည်းနည်းတော့ ကြားလိုက်တယ်။ ဘာလို့ငါက ကုသမှုကို လက်ခံလိုက်တာလဲဆိုတာ မင်းတွေးပြီး တစ်ယောက်တည်း ရေရွတ်နေတာကိုပေါ့။ ဝမ်ချန်းအကြံပြုတာကို လက်ခံလိုက်တာက အဲ့ဒီ ထူးဆန်းတဲ့ဟာတွေရဲ့ လွှမ်းမိုးတာခံထားရတဲ့ လူနာတွေကို လေ့လာချင်လို့ပဲ”
ဖေးချောင် ထရပ်လိုက်ပြီး စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
“ဪ.. အဲ့ဒါကြောင့်ကိုး။ ဆရာဖုန်း ဝမ်ချန်းရဲ့ ကုသမှုကို လက်ခံတာက မြူတွေရဲ့ လွှမ်းမိုးမှုကို ခံထားရတဲ့လူတွေကို လေ့လာဖို့ပေါ့။ မဟုတ်ဘူးလေ.. တကယ်လို့ သူတို့ကို လေ့လာချင်တယ်ဆိုရင် ဝမ်ချန်းကို တိုက်ရိုက်တောင်းဆိုလို့ မရဘူးလား”
ဖုန်းပုစီးက ခေါင်းယမ်းလိုက်ပြီး ရှင်းပြလိုက်၏။
“ငါသာ တိုက်ရိုက်တောင်းဆိုခဲ့ရင် ဝမ်ချန်းက အဲဒီလောက် အလွယ်တကူ သဘောတူမှာ မဟုတ်ဘူး”
ဖေးချောင်သည် ယခင်ဘဝက ကာရေဘီယံပင်လယ်တွင် တွေ့ကြုံခဲ့ရသော ကောက်ကျစ်သည့် ကုန်သည်များအား သတိရသွားကာ ချက်ချင်းပင် နားလည်သွားခဲ့သည် ။
“ဟုတ်သားပဲ၊ တကယ်လို့ ဆရာဖုန်းသာ အဲ့အရူးတွေကို ကြည့်ချင်တယ်လို့ တိုက်ရိုက်ပြောရင် ဝမ်ချန်းက ဆင်ခြေအမျိုးမျိုး ပေးနေမှာ သေချာတယ်။ ဒါနဲ့ ဆရာဖုန်း.. ကိစ္စတစ်ခုခု ရှိလို့လား”
ဖုန်းပုစီးသည် အဆင့် ၄ ဆေးရည် ပါဝင်သော ရေဘူးကို ဖေးချောင်ထံသို့ ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။
“မြူခိုးတွေရဲ့ ရေရွတ်သံတွေကို ခုခံနိုင်အောင် ကျင့်ကြံလို့ရမယ့် နည်းလမ်းတစ်ခု ရှာတွေ့ခဲ့တယ်။ တကယ်တော့ ငါ အဲ့ဒီ လူနာ ခုနစ်ယောက်ရဲ့ သွေးကိုလည်း လေ့လာဖို့ စီစဉ်ထားပေမဲ့ အခွင့်အရေး မရခဲ့ဘူး။ ဒါပေမဲ့ အဲ့တာက သိပ်တော့ အရေးမကြီးပါဘူး” ။
“စိတ်ဖောက်သွားတဲ့သူတွေရဲ့ သွေးကို လေ့လာမလို့လား”
ဖေးချောင်က ဖုန်းပုစီး ပေးလိုက်သော ရေဘူးကို ကိုင်ရင်း ဇဝေဇဝါဖြင့် မေးလိုက်သည် ။
ဖုန်းပုစီးက ရှင်းပြလိုက်သည် ။
“ငါ့အထင်ကတော့ အဲ့ဒီလူနာတွေရဲ့ သွေးထဲမှာ မြူတွေဆီက ထူးဆန်းတဲ့ ရေရွတ်သံတွေ စိမ့်ဝင်နေလောက်ပြီ။ သူတို့ သွေးထဲက ရေရွတ်သံတွေရဲ့ အဓိပ္ပာယ်ကို နားထောင်ကြည့်မယ်ဆိုရင် သူတို့ နောက်ထပ် ဘယ်လိုတွေ ပြောင်းလဲလာမလဲဆိုတာကို ရှာတွေ့နိုင်ခြေရှိတယ်”
ဖေးချောင်သည် မျက်တောင်တခတ်ခတ်ဖြင့် ကြောင်တောင်တောင် ဖြစ်နေတော့သည် ။ ဖုန်းပုစီးက ဂရုမစိုက်ဘဲ လျင်မြန်စွာ ဆက်ပြောလိုက်၏။
“ဒီကမ္ဘာကြီးက အရင်လို ဝိညာဉ်စွမ်းအင် ခြောက်ခမ်းနေတဲ့ ကမ္ဘာမဟုတ်တော့ဘူး၊ အဲ့တော့ အင်အားရှိဖို့က ငါတို့ ရှင်သန်ဖို့အတွက် အခြေခံအုတ်မြစ်ပဲ ။ အခြေခံခိုင်မာအောင် လုပ်ဖို့အတွက် ငါ လေးငါးရက်လောက် အချိန်ပေးပြီး ဂေါ်ဘလင် ၁၀၀၀ ဒါမှမဟုတ် ပင့်ကူသားရဲ ၁၀၀ ကို သတ်ဖို့ စီစဉ်ထားတယ်။ အခုပဲ စလိုက်ရအောင်။”
“အစိမ်းရောင် လူပုလေး ၁၀၀၀ တောင်လား”
ဖေးချောင် အလွန်အမင်း အံ့အားသင့်သွားတော့သည်။ မြို့ထဲရှိ စူးစမ်းလေ့လာရေးအဖွဲ့ သုံးဖွဲ့လုံး ပေါင်းလိုက်လျှင်ပင် လွန်ခဲ့သော ခုနစ်ရက်အတွင်း သူတို့ သတ်ဖြတ်ခဲ့သော အစိမ်းရောင် လူပုလေး အရေအတွက်မှာ သုံးရာကျော်သာ ရှိသေးသောကြောင့်ပင်... ။