အခန်း (၁၆) - ဆေးရည်ငါးမျိုး
ဖုန်းပုစီး၏ ထူးဆန်းနေသော အပြုအမူများကြောင့် အစပျိုးမြို့၏ ဗဟိုရင်ပြင်တွင် လှုပ်လှုပ်ခတ်ခတ် အနည်းငယ် ဖြစ်သွားခဲ့သော်လည်း သက်ရောက်မှု သိပ်မရှိလှပေ။ အကြောင်းမှာ မှောင်ရီပျိုးစပြုချိန်တွင် ရိက္ခာလဲလှယ်ရန် ရင်ပြင်သို့ လာရောက်သူ နည်းပါးလှသောကြောင့်ပင်။ ရင်ပြင်ပတ်ဝန်းကျင်မှာ မကြာမီမှာပင် ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။
မုတ်ဆိတ်ဗလပွ ပင်လယ်ဓားပြ ဖေးချောင်သည် နောက်ဆုံးတွင် အပြန်အလှန်ကူညီရေးအသင်းသို့ ဝင်ရောက်ခဲ့၏။ သို့သော် ဝမ်ချန်းဖိတ်ခေါ်သကဲ့သို့ အသင်း၏ စူးစမ်းလေ့လာရေး အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ရန် သဘောမတူဘဲ လွတ်လပ်သော စူးစမ်းရှာဖွေသူတစ်ဦးအဖြစ်သာ နေထိုင်ရန် သဘောတူခဲ့သည်။ ဆိုလိုသည်မှာ သူသည် အသင်းဝင်အဖြစ် အမည်စာရင်း မသွင်းထားသော အဖွဲ့ဝင်တစ်ဦးသာ ဖြစ်သည်။
သူသည် မြူခိုးများအတွင်းသို့ စူးစမ်းလေ့လာရေးအဖွဲ့နှင့်အတူ လိုက်ပါရန် သို့မဟုတ် မလိုက်ပါရန် မိမိစိတ်ကြိုက် ရွေးချယ်ခွင့်ရှိသည်။ သို့သော် စူးစမ်းလေ့လာရေးအဖွဲ့နှင့်အတူ သွားလာချိန်တွင်မူ အဖွဲ့၏ စည်းကမ်းချက်များအား လိုက်နာရမည်ဖြစ်ပြီး မိမိသဘောအတိုင်း မဆင်မခြင် ပြုမူခွင့်မရှိပေ။ အပြန်အလှန်ကူညီရေးအသင်းသို့ ဝင်ရောက်သည့်အတွက် အကျိုးခံစားခွင့်အနေဖြင့် မြူခိုးများအတွင်းမှ ထူးဆန်းသော တီးတိုးရေရွတ်သံများ၏ သက်ရောက်မှုကို လျှော့ချရန်အတွက် ဒေါက်တာနော်တန်နှင့် ပရော်ဖက်ဆာ လီလင်းတို့ထံမှ နေ့စဉ် စိတ်ပိုင်းဆိုင်ရာ ကုသမှုတစ်ကြိမ် ခံယူခွင့်ရရှိမည် ဖြစ်သည်။
အမှန်စင်စစ် ဖေးချောင်သည် ဝမ်ချန်းကို ကြည့်မရသဖြင့် အပြန်အလှန်ကူညီရေးအသင်းသို့ ဝင်ရောက်ရန် အစီအစဉ်မရှိခဲ့ပေ။ သူ အသင်းဝင်ဖြစ်လာရခြင်းမှာ ဖုန်းပုစီးကြောင့်သာ ဖြစ်သည်။ ဝမ်ချန်း၏ အကြံပြုချက်ကို ဖုန်းပုစီး လက်ခံလိုက်ပြီး အပြန်အလှန်ကူညီရေးအသင်း၏ စိတ်ကျန်းမာရေးဆေးရုံတွင် ကုသမှုခံယူရန် ဆုံးဖြတ်လိုက်သည်ကို မြင်သောအခါ ဖေးချောင်မှာလည်း အသင်းသို့ ဝင်ရောက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
...
ဖုန်းပုစီး သူ၏ အသစ်ပြန်လည်ကုသထားသော ညာဘက်လက်မောင်းအား လှုပ်ရှားကြည့်ရင်း ဒေါက်တာနော်တန်၏ နောက်မှ လိုက်ပါလာခဲ့သည်။ သူ၏ ညာလက်မှာ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သော်လည်း ခန္ဓာကိုယ်နှင့် တစ်သားတည်း မကျသေးဘဲ ခွန်အားမှာလည်း များစွာ လျော့နည်းနေသေး၏။ အကြောင်းမှာ သူ၏ခန္ဓာကိုယ်သည် [ အခြေခံကျင့်ကြံမှု အထောက်အကူ ] ကို နှစ်ကြိမ်တိုင်တိုင် အသုံးပြုထားသော်လည်း၊ ယခု ပြန်လည်ကုသထားသော ညာလက်မှာမူ မူလအတိုင်းသာ ရှိသေးသောကြောင့် ခွန်အား မမျှတခြင်း ဖြစ်သည်။
“ငါ့ရဲ့ ညာလက်မောင်းက ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ပြန်ပြီး ကိုက်ညီသွားဖို့အတွက် [ အခြေခံကျင့်ကြံမှု အထောက်အကူ] ကို နှစ်ကြိမ်လောက် ထပ်သုံးဖို့ လိုမယ်ထင်တယ်”
ဖုန်းပုစီး တိုးတိုးလေး ရေရွတ်လိုက်သည်။
သိပ်မကြာခင်မှာပင် ဖုန်းပုစီးတို့လူစုသည် အပြန်အလှန်ကူညီရေးအသင်း၏ စိတ်ကျန်းမာရေးဆေးရုံသို့ ရောက်ရှိလာခဲ့၏။ ၎င်းကို ဆေးရုံဟု ခေါ်ဆိုသော်လည်း အမှန်တကယ်တွင်မူ စွန့်ပစ်ထားသော ပျက်စီးယိုယွင်းနေသည့် ဘုရားကျောင်းတစ်ခုသာ ဖြစ်ပြီး အခြေအနေမှာ အလွန်ပင် ရိုးရှင်းလှသည်။ ဆေးရုံကို အကြမ်းဖျင်းအားဖြင့် နေရာနှစ်ခု ခွဲခြားထား၏။
ရှေ့ဘက်နေရာသည် သာမန်အသင်းဝင်များအတွက် စိတ်ပိုင်းဆိုင်ရာ ကုသမှုများ ပေးရာနေရာဖြစ်သည်သည်။ ဖုန်းပုစီး ရောက်ရှိသွားချိန်တွင် လူအချို့မှာ အိပ်မွေ့ချကုထုံးနှင့် စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုများကို ခံယူနေကြသည်။ ဘုရားကျောင်း၏ နောက်ဘက်ခန်းမတွင်မူ စိတ်လွတ်နေသူများကို ထားရှိသည်။ မြူခိုးများကြောင့် စိတ်ဖောက်ပြန်နေသူ ခုနစ်ဦးကို မဆင်မခြင် မပြုမူနိုင်ရန် ကြိုးများဖြင့် တင်းကျပ်စွာ တုတ်နှောင်ထား၏။ ခန်းမ၏ ထောင့်တစ်နေရာတွင်တော့ လူသားအလောင်းများနှင့် ဂေါ်ဘလင်အလောင်းအချို့ ပုပ်ပွပျက်စီးနေသည်ကို တွေ့ရသည်။
“ဒေါက်တာ... ဖေးချောင် ထွက်သွားပြီ။ ကျွန်တော်တို့...” လက်ထောက်တစ်ဦးက နော်တန်၏ အနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်ပြီး သူ၏ အိတ်ကပ်ထဲမှ ကြိုးကို အရိပ်အယောင် ပြလိုက်သည်။ ဝမ်ချန်း၏ ညွှန်ကြားချက်အရ ဖေးချောင် ထွက်သွားသည်နှင့် ဖုန်းပုစီးကို ကြိုးဖြင့် တုတ်နှောင်ထားရန် ဖြစ်သည်။
ဒေါက်တာနော်တန်မှာ အသက် ၆၀ ခန့်ရှိပြီး အနည်းငယ် ဝဖြိုးကာ ဆံပင်တိုတို ရွှေရောင်နှင့် ဖြစ်သည်။ သူသည် နှစ်လကြာ ပြင်းထန်သော သုတေသနလုပ်ငန်းများကို လုပ်ဆောင်နေစဉ် အိပ်ပျော်သွားခဲ့ပြီး နိုးလာချိန်တွင် ဤထူးဆန်းသော မြို့ပျက်ကြီးထဲသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ထို့နောက် ဝမ်ချန်း တည်ထောင်ထားသော အပြန်အလှန်ကူညီရေးအသင်းသို့ ဝင်ရောက်ခဲ့၏။
နော်တန်က လက်ကာပြလိုက်ပြီး ပြောလိုက်သည်။
“မလိုပါဘူး။ သူ့ရဲ့ အပြုအမူတွေက ထူးဆန်းနေပေမဲ့ ရန်လိုတဲ့ အမူအရာတော့ မရှိသေးဘူး။ သူ့ကို ဒီလူတွေလို ဆက်ဆံဖို့ မလိုပါဘူး”
ထို့နောက် တုတ်နှောင်ခံထားရသော လူခုနစ်ဦးထံသို့ လျှောက်သွားလိုက်ရာ ၎င်းတို့မှာ သိသိသာသာ ဂဏာမငြိမ် ဖြစ်လာကြသည်။ လူတစ်ဦးမှာမူ ပါးစပ်မှ သွေးများထွက်နေရင်း တဟားဟားနှင့် ရယ်မောနေတော့သည်။
“သူ့ခေါင်းကို ငြိမ်အောင် ကိုင်ထားပေး”
နော်တန်က သူ၏လက်ထောက်ကို အမိန့်ပေးလိုက်ပြီး ထိုလူ၏ ပါးစပ်ကို ဖြဲကြည့်ကာ စစ်ဆေးလိုက်သည်။
“နံပါတ် ၂ လူနာ က ကိုယ့်လျှာကိုယ် ကိုက်ထားတဲ့ ဒဏ်ရာ ပြန်ပွင့်သွားပြီ။ လု... ဒီမနက်က အနယ်ထိုင်ထားတဲ့ ဆေးရည်ကို သွားယူခဲ့” ဟု ပြောလိုက်သည်။
လက်ထောက်ဖြစ်သူ လုခန်းက ခေါင်းညိတ်ကာ ဖန်အိုးတစ်လုံးကို သတိကြီးစွာဖြင့် သယ်လာခဲ့သည်။ ထိုဖန်အိုးထဲတွင် မှိုနံ့သင်းနေသည့် ကြည်လင်သော မီးခိုးရောင် အရည်များရှိပြီး အောက်ခြေတွင် အနည်အချို့ ထိုင်နေသည်။ နော်တန်က အိုးကိုဖွင့်ကာ ထိုမီးခိုးရောင်ဆေးရည် အနည်းငယ်ကို ဇွန်းဖြင့်ခပ်၍ နံပါတ် ၂ ၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။
ဆေးတိုက်ပြီး မကြာမီမှာပင် နံပါတ် ၂ မှာ တဖြည်းဖြည်း ငြိမ်သက်သွားကာ အသက်ရှူသံမှာလည်း မှန်ကန်လာပြီး မျက်လုံးများမှာမူ အသက်မရှိသကဲ့သို့ ဖြစ်သွားတော့သည်။
“ငါ ထင်ထားတာထက်တောင် အာနိသင် ပိုကောင်းနေပါလား။ လု... နံပါတ် ၃ နဲ့ နံပါတ် ၅ ကိုလည်း ၁၀ မီလီလီတာစီ တိုက်လိုက်ဦး၊ ပြီးရင် သူတို့ရဲ့ အခြေအနေကို မှတ်တမ်းတင်ထား”
နော်တန်သည် ဤအရူးများအပေါ် သုတေသနလုပ်နေသည်မှာ လေးရက်ခန့် ရှိပြီ ဖြစ်၏။ ဤဆေးရည်ကိုတော့ လွန်ခဲ့သော နှစ်ရက်ကမှ တိုက်ဆိုင်စွာ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆေးရည်ဖန်တီးရန် လိုအပ်သော ကုန်ကြမ်းမှာ ရိုးရှင်းလှပေသည်။ ၎င်းမှာ မြူခိုးများကြောင့် ပုပ်ပွနေသော အလောင်းများပင်။ ကိုယ်တိုင်လုပ် ဗဟိုခွာစက်ဖြင့် အလောင်းများအား ခွဲထုတ်ပြီး ရလာသော အပေါ်ယံအရည်ကို အနယ်ထိုင်စေခြင်းဖြင့် ဤမီးခိုးရောင်ဆေးရည်ကို ရရှိခြင်း ဖြစ်သည်။
လက်ရှိတွင် နော်တန်နှင့် လီလင်းတို့မှာ ဤဆေးရည်၏ အာနိသင်ကို စမ်းသပ်ဆဲဖြစ်ပြီး ဤအရူးအနည်းငယ်ပေါ်တွင်သာ အသေးစား စမ်းသပ်မှုများ ပြုလုပ်ရသေးသည်။ ဖုန်းပုစီးသည် လက်ထောက်လုခန်း၏ လက်ထဲမှ ဆေးရည်အိုးအား အဝေးမှ ခဏမျှ ကြည့်နေပြီးနောက် သူ၏ရှေ့တွင် တုတ်နှောင်ထားသော လူကို ဆက်လက်ကြည့်ရှုနေလိုက်သည်။ နော်တန်၏ သတ်မှတ်ချက်အရ ထိုသူမှာ နံပါတ် ၆ ဖြစ်သည်။
ဖုန်းပုစီး အနားသို့ ချဉ်းကပ်သွားသောအခါ ထိုလူ၏ စိတ်လှုပ်ရှားမှုမှာ အနည်းငယ် ငြိမ်ကျသွားပြီး တစ်စုံတစ်ခုကို ရင်းနှီးနေသကဲ့သို့ ဇဝေဇဝါ ဖြစ်သွားသည်။
“သူ ငါ့အဝတ်အစားတွေကို ရင်းနှီးနေတာလား”
ဖုန်းပုစီးသည် သူ၏ သွေးအလိမ်းလိမ်း ဖြစ်နေသော အဝတ်များကို ကြည့်လိုက်ပြီးနောက် နံပါတ် ၆ ဝတ်ထားသည့် လောရင့်ဇ် စိတ်ကျန်းမာရေးဆေးရုံ၏ လူနာဝတ်စုံကို ကြည့်လိုက်သည်။
ဤနံပါတ် ၆ သည် ဖုန်းပုစီးနှင့် ကိုယ်လုံးကိုယ်ပေါက် တူညီသူဖြစ်ပြီး ဖုန်းပုစီး အစပိုင်းတွင် အဝတ်အစားများ လုယူခဲ့သည့်သူပင် ဖြစ်သည်။ ထိုသူမှာလည်း မြူခိုးများကြောင့် စိတ်ဖောက်ပြန်သွားပုံရ၏။ နံပါတ် ၆ ၏ ဇဝေဇဝါ ဖြစ်နေမှုမှာ ကြာရှည်မခံဘဲ သူ့အဝတ်အစားများ ဖုန်းပုစီး ဝတ်ထားသည်ကို သိရှိသွားပုံရကာ ဒေါသတကြီးဖြင့် သားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်တော့သည်။
ထို့နောက် နံပါတ် ၆ မှာ အလွန်အမင်း စိတ်ဖောက်လာသဖြင့် လုခန်းက ဆေးရည် ၁၀ မီလီလီတာ အမြန်တိုက်လိုက်ရာ သူ၏ အမူအရာမှာလည်း မှိုင်တွေသွားတော့သည်။ ဖုန်းပုစီးမှာမူ အလွန်ပင် ငြိမ်သက်နေသဖြင့် နော်တန်က သူ့အား လုံးဝ မေ့လျော့နေပုံရသည်။ ဖုန်းပုစီးကို ဘုရားကျောင်းအတွင်းရှိ ကျောက်ကုလားထိုင်တစ်ခုတွင် နေရာချပေးပြီးနောက် နော်တန်သည် လူနာ ခုနစ်ဦးအပေါ် သုတေသနပြုရန်သာ အာရုံစိုက်နေတော့သည်။
အချိန်များ ကုန်ဆုံးလာပြီး ညနက်ပိုင်းသို့ ရောက်သောအခါ နော်တန်နှင့် သူ၏လက်ထောက်များ အနားယူသွားကြပြီး လူနာများမှာလည်း တဖြည်းဖြည်း ငြိမ်သက်သွားကြသည်။ နာရီအနည်းငယ်ကြာ စောင့်ကြည့်ပြီးနောက် ဖုန်းပုစီးသည် ဤဆေးရုံ၏ ဖွဲ့စည်းပုံကို နားလည်သွားခဲ့သည်။ ဆေးရုံတွင် ဒေါက်တာ နှစ်ဦးနှင့် လက်ထောက် ငါးဦး စုစုပေါင်း ခုနစ်ဦး ရှိသည်။
ပရော်ဖက်ဆာ လီလင်းမှာ သာမန်လူများကို စိတ်ပိုင်းဆိုင်ရာ ကုသပေးရန် တာဝန်ယူထားပြီး ဒေါက်တာနော်တန်ကမူ ဤပြင်းထန်စွာ စိတ်ဖောက်ပြန်နေသူများကို သုတေသနပြုနေခြင်း ဖြစ်သည်။ လုံးဝတိတ်ဆိတ်နေသော ဘုရားကျောင်းအတွင်း ဖုန်းပုစီးသည် ထရပ်လိုက်ကြီး နော်တန် ပြင်ဆင်ထားသော ဆေးရည်များရှိရာသို့ တိတ်တဆိတ် လျှောက်သွားလိုက်သည်။
နော်တန်သည် ဆေးရည် စုစုပေါင်း ငါးမျိုးကို ပြင်ဆင်ထားပြီး ယနေ့တွင် တစ်မျိုးကိုသာ အသုံးပြုခဲ့သေးသည်။ ထိုဆေးရည် ငါးမျိုးစလုံးမှာ ပုပ်ပွနေသော အလောင်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သော်လည်း ဖော်စပ်ပုံ အနည်းငယ်စီ ကွဲပြားသဖြင့် အာနိသင်မှာလည်း ကွာခြားနိုင်ပေသည်။ ဖုန်းပုစီးသည် ပထမဆုံး ဆေးရည်အိုးကို ကောက်ယူလိုက်ပြီး ပါးစပ်သို့ တေ့ကာ ငုံ့သောက်လိုက်လေတော့သည်။