အခန်း (၁၅) - ဆက်လက်သန်မာလာခြင်း
ဖုန်းပုစီး၏ သွေးများဖြင့် ပေကျံနေသော မိမိကိုယ်ပေါ်မှအဝတ်အစားများအား ကြည့်ရင်း ဝမ်ချန်း မှာအလွန်ဒေါသထွက်သွားပြီး ဖုန်းပုစီးကို နေရာတင် သွေးအန်ပြီး သေသွားစေချင်နေမိသည်။ သို့သော်လည်း ဝမ်ချန်းသည် သူ၏ ဟန်ဆောင်မှုကို ဆက်လက်ထိန်းသိမ်းထားဆဲပင် ဖြစ်၏။ ရွံရှာသော အရိပ်အယောင် လုံးဝမပြဘဲ၊ စိုးရိမ်ပူပန်ဟန်ဖြင့် ဖုန်းပုစီးနားတွင် ဆောင့်ကြောင့်ထိုင်ကာ ကူညီထူမပေးလိုက်သည်။
ဝမ်ချန်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။
“ဆရာဖုန်း အဆင်ပြေရဲ့လား၊ ဆရာဖုန်းမှာ ချောက်နက်အမှတ် ၁၀၀ ရှိတယ်ဆိုရင် အရင်ဆုံး [ ကုသခြင်း ] သုံးပြီးခန္ဓာကိုယ်ကို အရင်ကုသတာက ပိုကောင်းလိမ့်မယ်”
“ကိစ္စမရှိဘူး”
ဖုန်းပုစီးသည် ဝမ်ချန်းအား တစ်ချက်ကြည့်လိုက်ပြီး သူ၏ လေ့ကျင့်နေသော ပုံစံကို ဆက်လက်ထိန်းထားလိုက်သည်။ သွေးသားကန့်သတ်ချက်ကို ချိုးဖျက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ၊ သူ၏ ခန္ဓာကိုယ် ထပ်မံတောင့်မခံနိုင်တော့သည့် အခြေအနေရောက်မှသာ အကောင်းဆုံးသော ကျင့်ကြံမှု ရလဒ်ကို ရရှိမည်ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ အတန်ကြာအောင် ဆက်လက်တောင့်ခံနိုင်သေးသည်ဟု သူ ခံစားနေရဆဲပင်။
ဝမ်ချန်း၏ အမြင်တွင်မူ ရှေ့တွင် ထိုင်နေသော ဖုန်းပုစီးသည် တုန်ယင်လာပြီး မျက်စိ၊ နှာခေါင်းနှင့် နားများမှ သွေးများ စီးကျလာလေသည်။ ၎င်းမှာ အတွင်းဒဏ်ရာကြောင့်လား၊ သို့မဟုတ် စိတ္တဇဖြစ်နေခြင်းလား၊ သို့မဟုတ် မြူခိုးထဲက ကျိန်စာသင့်နေခြင်းလား ဝေခွဲမရခဲ့ပေ။
ဝမ်ချန်း အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ နောက်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။ “ချင်ချန်မင်း၊ မြန်မြန်သွားပြီး ဒေါက်တာနော်တန်ကို သွားခေါ်လိုက်။ သူ့အခြေအနေက မကောင်းတော့ဘူး။ ဒေါက်တာနော်တန်ပဲ ကယ်နိုင်တော့မှာ”
ဒေါက်တာနော်တန်သည် စိတ်ပညာနှင့် စိတ်ကုထုံးတွင် ကျွမ်းကျင်ရုံသာမက သာမန်ဆေးပညာပိုင်းတွင်လည်း ဗဟုသုတအချို့ ရှိသူဖြစ်သည်။
“ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ”
ချင်ချန်မင်းသည် အပြန်အလှန်ကူညီရေးအသင်း၏ ယာယီဆေးရုံဆီသို့ အမြန်ပြေးသွားတော့သည်။ ဤအချိန်တွင် ဒေါက်တာနော်တန်နှင့် ပရော်ဖက်ဆာ လီလင်းတို့မှာ မြူခိုးကြောင့် ရူးသွပ်နေသူများကို ဆက်လက်လေ့လာနေကြဆဲ ဖြစ်ပေလိမ့်မည်။
ချင်ချန်မင်း ထွက်သွားချိန်တွင် ဖုန်းပုစီး၏ အခြေအနေမှာ ပိုမိုဆိုးရွားလာသည်။ ဦးခေါင်းရှိ ဒွါရခုနစ်ပေါက်မှ သွေးများ ပိုမိုစီးကျလာရုံသာမက၊ တစ်ကိုယ်လုံး တုန်ခါသွားပြီးနောက် မြေပြင်ပေါ်သို့ လဲကျကာ အကြောဆွဲသကဲ့သို့ ဖြစ်နေသည်မှာ အလွန်ထူးဆန်းလှသည်။ ၎င်းကို မြင်သောအခါ ဝမ်ချန်းသည် ဆောင့်ကြောင့်ထိုင်ကာ ဖုန်းပုစီး၏ နှုတ်ခမ်းအထက် တည့်တည့်ရှိ အပ်စိုက်မှတ် ကို လက်မဖြင့် ဖိနှိပ်ပေးသော်လည်း၊ ဤရှေးဦးသူနာပြုနည်းက ဖုန်းပုစီး၏ အခြေအနေကို လုံးဝမသက်သာစေခဲ့ပေ။
မလှမ်းမကမ်းရှိ ဖေးချောင်မှာလည်း အနားသို့ လျင်မြန်စွာ ရောက်လာပြီး စိုးရိမ်တကြီး မေးလိုက်သည်။ “ဆရာဖုန်း... ခင်ဗျားရဲ့ ခန္ဓာကိုယ်က မသက်သာလာသေးဘူးလား။ တစ်ခုခု ဖြစ်လို့လား”
ဖုန်းပုစီးသည် ဖေးချောင်၏ မေးခွန်းကို ပြန်မဖြေခဲ့ပါ။ တိတိကျကျ ပြောရလျှင် သူသည် ဖေးချောင်၏ မေးခွန်းကိုပင် မကြားရတော့ခြင်း ဖြစ်သည်။ သူသည် ကန့်သတ်ချက် ချိုးဖျက်သည့် အခြေအနေမှ ထွက်လာသည်နှင့်အမျှ သူ၏ စိတ်ထဲတွင် ကျယ်လောင်သော ခေါင်းလောင်းသံကြီး ပြန်လည်ပေါ်ထွက်လာပြီး သူ၏ မျက်လုံးများမှာလည်း မျက်စိပိတ်ထားသကဲ့သို့ ဖြစ်သွားပြန်သည်။
ကျောက်စာတိုင် တည်ရှိရာနေရာကို မှတ်မိနေသဖြင့် ဖုန်းပုစီးသည် သူ၏ တုန်ယင်နေသော ဘယ်ဘက်လက်မောင်းကို ထိန်းချုပ်ကာ ကျောက်စာတိုင်အား ထပ်မံထိတွေ့လိုက်ပြီး [အခြေခံကျင့်ကြံမှု အထောက်အကူ]ကို ရွေးချယ်လိုက်သည်။ မကြာမီမှာပင် တည်ငြိမ်သွားသော ခံစားချက် ထပ်မံပေါ်လာပြန်သည်။
ကန့်သတ်ချက်များ ချိုးဖျက်ခြင်း၏ ဘေးထွက်ဆိုးကျိုးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး၊ သူ၏ အမြင်အာရုံနှင့် အကြားအာရုံများ ပြန်လည်ကောင်းမွန်လာကာ၊ တစ်ချိန်တည်းမှာပင် ပြင်းထန်သော ဆာလောင်မှုနှင့် အားအင်ကုန်ခမ်းမှု ခံစားချက်များက သူ၏ တစ်ကိုယ်လုံးကို လွှမ်းမိုးလာတော့သည်။
ဖုန်းပုစီးသည် သူ၏ မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်ပြီး၊ လျင်မြန်စွာပင် တင်ပုလ္လင်ခွေ ပြန်ထိုင်လိုက်ကာ ကျောက်စာတိုင်အား ဆက်လက်ထိတွေ့၍ [တော်ဝင်ရိက္ခာ]ကို နှစ်ကြိမ် ဆက်တိုက် လဲလှယ်လိုက်သည်။ ချောက်နက်အမှတ် စုစုပေါင်း ၇၅ မှတ် အသုံးပြုခဲ့သဖြင့် ဖုန်းပုစီး၏ လက်ကျန် ချောက်နက်အမှတ်မှာ ၂၃၈ မှတ် ဖြစ်သွားသည်။
ဤတစ်ကြိမ်တွင် ဖုန်းပုစီးမှာ ဆူရှီတစ်ပွဲ၊ ဝိုင်နီတစ်ပုလင်းနှင့် ရနံ့သင်းနေသော အမဲသားကင် တစ်ပွဲကို ရရှိခဲ့သည်။ ဘေးပတ်ဝန်းကျင်ရှိ လူများ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ဖုန်းပုစီးသည် ဝိုင်နီကို အရင်ဆုံး သောက်လိုက်ပြီးနောက် အစားအစာများအား ဆက်လက် စားသောက်နေလိုက်သည်။
ပေကျင်းဘဲကင်၊ သိုးကင်၊ ဆူရှီနှင့် စတိတ်အမဲသားကင်။ ဤကဲ့သို့ ၂၅ မှတ်တန် [တော်ဝင် ရိက္ခာ] များကို လေးကြိမ်ဆက်တိုက် လဲလှယ်စားသောက်နိုင်ခြင်းမှာ ဖုန်းပုစီး၌ ချောက်နက်အမှတ် ၁၀၀ ကျော် ရှိနေကြောင်း သေချာစေပြီး၊ သူ၏ ဒဏ်ရာများအား ကုသရန် [ ကုသခြင်း ] လုပ်ဆောင်ချက်ကို အသုံးပြုနိုင်စွမ်း ရှိနေသည်မှာ အထင်အရှားပင်။
သို့သော်လည်း ဖုန်းပုစီးသည် ကုသရန် မရွေးချယ်ခဲ့ပေ။ တစ်ခဏအတွင်းမှာပင် သူသည် ဦးခေါင်းရှိ ဒွါရခုနစ်ပေါက်သွေးများထွက်ကာ အကြောဆွဲနေသော်လည်း၊ နောက်တစ်ခဏတွင်မူ [တော်ဝင်ရိက္ခာ] ကို ပြန်လည်စားသောက်နေပြန်သည်။
“သူ ဒီလောက်တောင် [တော်ဝင် ရိက္ခာ]တွေကို လဲလှယ်နေတာဆိုတော့၊ ချောက်နက်အမှတ် ၁၀၀ လောက်တော့ ကုန်သွားလောက်ပြီ မဟုတ်လား”
“ဒီလူက တကယ်ကို ကျပ်မပြည့်တာပဲ ။ မြို့ပြင်က မြူတွေက တကယ်ကြောက်ဖို့ကောင်းချက်။ ငါတို့တွေသာ စိတ်လွတ်သွားမယ်ဆိုရင် ချောက်နက်အမှတ်တွေ ဘယ်လောက်ပဲရှိရှိ ဒဏ်ရာရခဲ့ရင် ကုသနိုင်တော့မှာ မဟုတ်ဘူး”
“သူ ဒီလောက် အစားအသောက်တွေ အများကြီးကို ဘယ်လို စားနေတာလဲ ။ ဒီလောက်စားနေတာ သပိုးနင့်ပြီး သေမှာမစိုးဘူးလား”
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ ပြောဆိုငြင်းခုံနေသော်လည်း ဖုန်းပုစီးသည် အစားမပျက်ပေ။ မကြာမီမှာပင် အသစ်လဲလှယ်ထားသော အစားအစာများမှာ ကုန်ခါနီးနီး ဖြစ်သွားသည်။ ဖုန်းပုစီးအတွက်မူ ဤအစားအစာ နှစ်မျိုးမှာ အလွန်ကောင်းမွန်လှ\။
တော်ဝင် ရိက္ခာတစ်ခုချင်းစီတွင် ပါဝင်သော အစားအစာအမျိုးအစားနှင့် ပမာဏမှာ လုံးဝကျပန်းဖြစ်သော်လည်း၊ ၎င်းတို့တွင် ပါဝင်သော အာဟာရဓာတ်များမှာမူ အတူတူပင် ဖြစ်သည်။ ဆိုလိုသည်မှာ သေးငယ်သော တော်ဝင် ရိက္ခာတစ်ခုမှာ ပိုမိုစားရလွယ်ကူပြီး စွမ်းအင်နှင့် အာဟာရဓာတ် ရရှိမှုမှာ အတူတူပင် ဖြစ်သည်။ ဆူရှီတစ်ပွဲနှင့် အမဲသားကင်မှာ ထိုကဲ့သို့ပင် စားရလွယ်ကူပြီး၊ သိုးကင်တစ်ပိုင်းလုံးကို အကုန်စားရန်မှာ ပို၍ ခက်ခဲလှသည်။
ခဏအကြာတွင် ဖုန်းပုစီးသည် ဆူရှီနှစ်ခုကို ချန်ထားကာ ရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်များမှာ ပြည့်စုံသွားပြီဖြစ်ရာ၊ ဆက်လက်စားသုံးနေခြင်းမှာ အာဟာရဓာတ်များကို ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
ဖုန်းပုစီး လက်သီးကို အသာအယာ ဆုပ်ကြည့်လိုက်ပြီး သူ၏ ခွန်အားများ တိုးလာသည်ကို ခံစားလိုက်ရသည်။ သူ့ ခန္ဓာကိုယ်၏ မူလခွန်အားမှာ ၁၂ ဖြစ်သည်။ ပထမအကြိမ် [အခြေခံကျင့်ကြံမှု အထောက်အကူ] ကို အသုံးပြုပြီးနောက် ခွန်အားမှာ ၁၅ ခန့် ဖြစ်သွားပြီး၊ ဒုတိယအကြိမ်တွင်မူ ၁၇.၅ ခန့်သို့ တိုးလာခဲ့သည်။ ပထမအကြိမ်တွင် ၃ မှတ် တိုးလာသော်လည်း၊ ယခုတစ်ကြိမ်တွင် ၂.၅ မှတ်သာ တိုးလာခြင်း ဖြစ်သည်။ ဤသို့သာ ဆက်သွားမည်ဆိုလျှင် [အခြေခံကျင့်ကြံမှု အထောက်အကူ] ၏ အကျိုးသက်ရောက်မှုမှာ တဖြည်းဖြည်း နည်းပါးသွားပေလိမ့်မည်။
ထို့အပြင် သွေးသားကန့်သတ်ချက်ကို ချိုးဖျက်ခြင်းကြောင့် ခံစားရသော ဒဏ်မှာလည်း ပိုမိုနည်းပါးလာသည်။ အမှန်စင်စစ် သူသည် [အခြေခံကျင့်ကြံမှု အထောက်အကူ] သုံးပြီး ကန့်သတ်ချက်များအား ပထမဆုံးအကြိမ် ချိုးဖျက်စဉ်ကပင် ထိုဒဏ်မှာ အနည်းငယ် လျော့နည်းသွားသည်ကို သတိပြုမိခဲ့သည်။ ယခု ဒုတိယအကြိမ် [အခြေခံကျင့်ကြံမှု အထောက်အကူ] ကို အသုံးပြုပြီးချိန်တွင်မူ ထိုဒဏ်မှာ ပို၍ပင် နည်းပါးသွားဟန် တူသည်။
ဖုန်းပုစီးသူ၏ ဘယ်ဘက်လက်မောင်းကို ကန့်သတ်ချက် ချိုးဖျက်မှု စမ်းသပ်ကြည့်လိုက်ရာ သူ၏ ထင်မြင်ချက်မှာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ယခင်ကဆိုလျှင် ကန့်သတ်ချက်ကို အချိန်တိုလေး ချိုးဖျက်ရုံဖြင့်ပင် သူ၏ ခန္ဓာကိုယ်မှာ မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေတတ်သော်လည်း၊ ယခုတစ်ကြိမ်တွင်မူ သူ၏ ဘယ်ဘက်လက်မောင်းမှာ တုန်ယင်ခြင်း မရှိတော့ဘဲ ထုံကျဉ်အားနည်းသော ခံစားချက်ကိုသာ ခံစားရတော့သည်။
“သွေးသားကန့်သတ်ချက် ချိုးဖျက်ခြင်းရဲ့ ခွန်အားတိုးပေးတာက နည်းသွားပုံရတယ်၊ အဲဒါကြောင့် ငါ့ခန္ဓာကိုယ်အပေါ် သက်ရောက်တဲ့ ဒဏ်ကလည်း လျော့နည်းသွားတာပဲ”
ဖုန်းပုစီး မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ၏ ပုံမှန် ကန့်သတ်ချက်ချိုးဖျက်ခြင်း ခွန်အားတိုးနှုန်းမှာ သုံးဆ ဖြစ်သည်။ မူလက သူ၏ ခွန်အားမှာ ၁၂ ဖြစ်ရာ ကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် ခွန်အား ၃၆ အထိ ရှိခဲ့သည်။ သို့သော် ယခုအခါ သူ၏ ခွန်အားမှာ ၁၇.၅ ဖြစ်ပြီး ကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက်တွင်မူ ၄၁ ခန့်သာ တိုးလာခဲ့သည်။
ခွန်အားမှာ ၃၆ ထက် ပိုများလာသော်လည်း၊ သုံးဆဖြစ်သည့် ၅၂.၅ နှင့် နှိုင်းယှဉ်လျှင်မူ အလွန်ကွာခြားနေဆဲပင် ဖြစ်သည်။ ဤသည်မှာ [အခြေခံကျင့်ကြံမှု အထောက်အကူ] ကို နှစ်ကြိမ်သာ အသုံးပြုရသေးသည့် အခြေအနေဖြစ်သည်။ ကျင့်ကြံမှုအကြိမ်ရေ ပိုမိုများပြားလာသည်နှင့်အမျှ ကန့်သတ်ချက်ချိုးဖျက်ခြင်း၏ ခွန်အားတိုးနှုန်းမှာလည်း ပိုမိုလျော့နည်းလာပေလိမ့်မည်။
ထိုအကြောင်းကို တွေးတောရင်း ဖုန်းပုစီးသည် စိတ်ကိုတည်ငြိမ်စေကာ မျက်လုံးကိုမှိတ်ပြီး တွက်ချက်မှုအချို့ ပြုလုပ်လိုက်သည်။ တစ်မိနစ်ခန့် ကြာပြီးနောက်တွင်မူ သူသည် အဖြေတစ်ခုကို ရရှိခဲ့သည်။
အကယ်၍ သူသည် [အခြေခံကျင့်ကြံမှု အထောက်အကူ] ကို အကြိမ်ပေါင်း ၂၀ ခန့် ထပ်မံပြုလုပ်မည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်သည် ကျင့်ကြံမှု၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထိုအချိန်တွင် သူ၏ သာမန်ခွန်အားမှာ ၃၀ ခန့် ဖြစ်နေမည်ဖြစ်ပြီး၊ ကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက်တွင်မူ ခွန်အား ၅၀ ခန့်အထိ ရှိလာပေလိမ့်မည်။
ထိုအချိန်တွင် ကန့်သတ်ချက်ချိုးဖျက်ခြင်း၏ အကျိုးသက်ရောက်မှုမှာ ၂ ဆမှ ၀.၆ ဆ အထိ လျော့ကျသွားမည် ဖြစ်သော်လည်း၊ ၎င်း၏ ဘေးထွက်ဆိုးကျိုးများမှာလည်း များစွာ လျော့နည်းသွားမည်ဖြစ်ရာ၊ သူသည် ထိုစွမ်းအားကို စိတ်အလိုရှိသလို အချိန်မရွေး အသုံးပြုနိုင်သော စွမ်းရည်တစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
ဖုန်းပုစီးသည် ဆက်လက်မစဉ်းစားတော့ဘဲ ရင်ပြင်လယ်ရှိ ကျောက်စာတိုင်အား ထိတွေ့ကာ [ ကုသခြင်း ] လုပ်ဆောင်ချက်ကို ရွေးချယ်လိုက်သည်။
လက်ကျန် ချောက်နက်အမှတ် - ၁၃၈ မှတ်။
နောက်တစ်ခဏတွင် ကျောက်သလင်းတုံးမှ ဖြူစင်သော အလင်းတန်းများ ထွက်ပေါ်လာ၏။ ဖုန်းပုစီး၏ ပြတ်တောက်နေသော လက်မောင်းတစ်ဝက်မှာ ပြန်လည်ထွက်ပေါ်လာပြီး၊ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အခြားသော ဒဏ်ရာများမှာလည်း မူလအတိုင်း ပြန်လည်ကောင်းမွန်သွားတော့သည်။