အခန်း (၁၂) - ဝမ်ချန်း
“ဇွတ်တိုးမဝင်နဲ့၊ မင်း...”
“ရပ်စမ်း၊ အဲ့ကောင်ကို တားလိုက်”
“ဒီကောင်ကတော့....”
စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ပြီး ဇွတ်အတင်း ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်နှင့် မြို့လယ်ရင်ပြင်ကို စောင့်ကြပ်နေသည့် အပြန်အလှန်ကူညီရေးအသင်း အဖွဲ့ဝင်အချို့က သူ့ကိုတားဆီးရန် အော်ဟစ်လိုက်ကြသည်။
သို့သော်လည်း ညာဘက်လက်မောင်း ပြတ်တောက်နေပြီး သွေးအလိမ်းလိမ်းဖြစ်နေသည့် ဒဏ်ရာရလူနာတစ်ဦးကို ဖေးချောင်က ကျောပိုးထားသည်ကို မြင်လိုက်ရသောအခါ သူတို့၏ အော်ဟစ်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားတော့သည်။
“အပြန်အလှန်ကူညီရေးအသင်းက စည်းကမ်းသတ်မှတ်ထားပြီးသားပါ။ ဒဏ်ရာရနေတဲ့သူဆိုရင် တန်းစီစရာမလိုဘဲ တိုက်ရိုက်ဝင်လို့ရတယ်။ ဒါတင်မကဘူး၊ ငါတို့က လမ်းကိုတောင် ဖယ်ပေးဦးမှာ။ မင်း ဒီလိုဇွတ်အတင်း တိုးဝင်နေစရာ မလိုပါဘူး”
မနေ့ကမှ ဝမ်ချန်း၏ ရာထူးတိုးမြှင့်ပေးခြင်းခံရသော အသင်းခေါင်းဆောင် ချင်ချန်မင်းရောက်လာကာ ပြောလိုက်သည်။
ဖေးချောင် ချင်ချန်မင်းအား တစ်ချက်ကြည့်ပြီး နှာခေါင်းရှုံ့လိုက်၏။
“လမ်းမပိတ်နဲ့”
ထိုသို့ပြောပြီးနောက် ဖေးချောင်သည် ချင်ချန်မင်းကို ဘေးသို့တွန်းဖယ်ကာ ရင်ပြင်အလယ်ရှိ ကျောက်စာတိုင် ဆီသို့ ဖုန်းပုစီးအား အမြန်သယ်ဆောင်သွားပြီး ချပေးလိုက်သည်။
အနားသို့ ဝိုင်းလာကြသော အပြန်အလှန်ကူညီရေးအသင်းဝင်များကို ကြည့်ကာ ဖေးချောင် ကြိမ်းမောင်းလိုက်လေသည်။
“ငါတို့ဆီကနေ ရိက္ခာလာကောက်ဖို့ စိတ်တောင်မကူးနဲ့။ မင်းတို့လိုချင်ရင် ဟိုလူတွေဆီက သွားကောက်ချေ။ မြို့ပြင်ထွက်ပြီး စူးစမ်းဖို့ကျတော့ ကြောက်နေပြီးတော့ ဒီထဲမှာပဲ အလကားအလုပ်တွေ လာလုပ်နေကြတယ်”
ဖေးချောင် ပြောရင်းနှင့်ပင် အနီးအနားတွင် တန်းစီနေသည့် လူတန်းကြီးကို ညွှန်ပြကာ ထိုလူများဆီကနေသာ ရိက္ခာသွားကောက်ရန် အရိပ်အယောင်ပြလိုက်ခြင်း ဖြစ်၏။
ယခင် အတွေ့အကြုံများအရ ဖေးချောင် ဤကဲ့သို့ ပြတ်ပြတ်သားသား ပြောလိုက်လျှင် ထိုအဖွဲ့ဝင်များမှာ မျက်နှာငယ်လေးဖြင့် ထွက်သွားကြစမြဲ ဖြစ်သည်။ သို့သော် ယနေ့တွင်တော့ အခြေအနေက အနည်းငယ် ကွဲပြားနေ၏။ ဖေးချောင်၏ စကားအဆုံးတွင် ချင်ချန်မင်းက နောက်မဆုတ်ဘဲ ရှေ့သို့ တိုးလာသည်။
ဝမ်ချန်း၏ စီမံခန့်ခွဲမှုအောက်တွင် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အပြန်အလှန်ကူညီရေးအသင်းမှာ ပိုမိုစည်းလုံးလာပြီး အရာအားလုံး လမ်းမှန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။
ချင်ချန်မင်း ပြန်ရောက်လာကာ ရှင်းပြလိုက်၏။
“ငါတို့က အရေးပေါ်အခြေအနေအတွက် သိုလှောင်ရလွယ်တဲ့ ရိက္ခာတချို့ကိုပဲ စုဆောင်းချင်တာပါ။ လူတိုင်းလှူဒါန်းတဲ့ ရိက္ခာတွေကိုလည်း စနစ်တကျ မှတ်တမ်းတင်ထားတာ ဖြစ်လို့ စိတ်ချရတယ်။ အပြန်အလှန်ကူညီရေးအသင်းရဲ့ ရည်ရွယ်ချက်က အချင်းချင်း ကူညီဖို့ပါ၊ မင်းက...”
ချင်ချန်မင်း စကားပင် မဆုံးသေးခင် ဖေးချောင်က သူ၏ ကော်လာကို ဆွဲမ၍ မထီမဲ့မြင်ပြုစွာဖြင့် မေးလိုက်၏။
“နားထောင်လို့တော့ ကောင်းသားပဲ။ ဘာလို့ ငါတို့က မင်းတို့နဲ့ အချင်းချင်း ကူညီရမှာလဲ။ ငါ အပြင်မှာ ဂေါ်ဘလင်တွေနဲ့ သတ်ပုတ်နေရချိန်မှာ မင်းတို့က ဒီထဲမှာ ကြောက်ကြောက်လန့်လန့်နဲ့ ပုန်းနေပြီးတော့ ဒီလို အရေမရအဖတ်မရ လုပ်နေလို့လား”
ဖေးချောင်၏ စကားကြောင့် ချင်ချန်မင်းမှာ ဘာပြန်ပြောရမှန်းမသိဘဲ ခဏမျှ ဆွံ့အသွားတော့သည်။ ထိုအချိန်တွင်ပင် သူ၏ နောက်ကွယ်မှ လက်ခုပ်သံများ ထွက်ပေါ်လာသည်။ အပြန်အလှန်ကူညီရေးအသင်း၏ အကြီးအကဲ ဝမ်ချန်းပင် ဖြစ်၏။ ဝမ်ချန်းမှာ အသက် ၃၀ ကျော်အရွယ်ရှိပြီး ခန့်ညားထည်ဝါသော ရုပ်ရည်ရှိကာ ယုံကြည်အားကိုးထိုက်သော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
သို့သော် ဖေးချောင်ကမူ ဤအရှိန်အဝါမျိုးကို မနှစ်သက်ပါ။ ကာရေဘီယံတွင် သူ ရိက္ခာများ ရှာဖွေရရှိလာချိန်တိုင်း ဤသို့သော အရှိန်အဝါမျိုးရှိသည့် လူလိမ်ကုန်သည်များ၏ လိမ်လည်လှည့်ဖြားခြင်းကို ခံရကာ ငွေအမြောက်အမြား ဆုံးရှုံးခဲ့ရဖူးသောကြောင့်ပင်။
“မင်းပြောတာ မှန်ပါတယ်။ မင်းတို့က ထူးဆန်းတဲ့ မြူနှင်းတွေထဲမှာ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေကြရပေမဲ့ ငါတို့ကတော့ မြို့ထဲမှာ သက်သောင့်သက်သာ နေနေကြတာ။ မင်းတို့ရသင့်တဲ့ အခွင့်အရေးက ငါတို့နဲ့ မတူသင့်ဘူး။ မဟုတ်ရင် ဒါဟာ မတရားရာ ကျလိမ့်မယ်”
ဝမ်ချန်းက ဖေးချောင်၏ စကားကို ထောက်ခံလိုက်သော်လည်း ချက်ချင်းပင် စကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည်။
“ဒါပေမဲ့ လူသားဆိုတာ အဖွဲ့အစည်းနဲ့နေရတဲ့ သတ္တဝါတွေပါ။ လူတိုင်းမှာ အားသာချက်၊ အားနည်းချက်တွေ ကိုယ်စီရှိကြတယ်။ လူတိုင်းမှာ မကျွမ်းကျင်တဲ့ ဆိုတာလည်း ရှိကြတာပဲ။ မင်းကော တခြားသူတွေရဲ့ အကူအညီကို ဘယ်တော့မှ မယူဘူးလို့ အာမခံနိုင်လား”
ဝမ်ချန်း၏ စကားကို ကြားသောအခါ ရိက္ခာလက်ခံရန် တန်းစီနေသည့် လူများကလည်း ဝိုင်း၍ ပြောကြတော့သည်။
“တောထဲမှာ သားရဲအနည်းငယ် သတ်ရုံနဲ့ စည်းကမ်းတွေကို ချိုးဖောက်လို့ရတယ် ထင်နေတာလား”
“သူကိုယ်သူ ဟုတ်လှပြီ ထင်နေတာ”
“ဘရို... မင်းကို အကြံပေးချင်တာကတော့ သိပ်မြောက်ကြွမြောက်ကြွမနေဖို့ပဲ”
ဘေးပတ်ဝန်းကျင်မှ လူများ၏ စကားသံများကို ကြားသောအခါ ဝမ်ချန်း၏ မျက်နှာတွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာ၏။ သူ လက်နှစ်ဖက်ကို အောက်သို့ချကာ အချက်ပြလိုက်ရာ ဆူညံနေသော လူအုပ်ကြီးမှာ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။
ဝမ်ချန်းက ဖြောင့်မတ်မှန်ကန်သော လေသံဖြင့် ပြောလိုက်သည်။
“လွန်ခဲ့တဲ့ ခုနစ်ရက်က ငါတို့လူပေါင်း နှစ်သောင်းလောက် ဒီထူးဆန်းတဲ့ ကမ္ဘာကြီးထဲကို ရောက်လာခဲ့ကြတယ်။ စိုးရိမ်ထိတ်လန့်မှုတွေကြားမှာ ငါတို့ရဲ့ လူသားတွေရာနဲ့ချီ သေဆုံးခဲ့ရပြီးပြီ၊ နောင်မှာလည်း ဒီထက်မက သေဦးမှာပဲ။ ငါတို့ရဲ့ ရန်သူက ဘယ်သူလဲ၊ ငါတို့ ဘာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ငါ မသိဘူး။ ဒါပေမဲ့ ငါသိတာ တစ်ခုကတော့ ငါတို့ဟာ ဒီလိုမျိုး အလဟဿ မသေဆုံးသင့်တော့ဘူး ဆိုတာပဲ။ ဒီနှစ်သောင်းထဲမှာ လူတိုင်းက စစ်သည်တော် ဖြစ်လာဖို့ မသင့်တော်ဘူး။ သူတို့မှာ ကိုယ်စီ ထူးချွန်တဲ့ အရာတွေ ရှိကြတယ်။ ငါတို့ လုပ်သင့်တာကတော့ အတူတကွ ရပ်တည်ပြီး အခက်အခဲတွေကို ကျော်လွှားဖို့ပါပဲ။ ဒါဟာ ငါ အပြန်အလှန်ကူညီရေးအသင်းကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်လည်း ဖြစ်တယ်”
ဝမ်ချန်း၏ စကားကို အနီးနားရှိ လူများက လက်ခုပ်တီးကာ အားပေးကြသည်။ ယခင်က အသင်းဝင်မဟုတ်သေးသူ အချို့ပင်လျှင် ထိုနေရာ၌ပင် အသင်းသို့ ဝင်ချင်ကြောင်း ထုတ်ဖော်ပြောဆိုကြတော့သည်။ ဝမ်ချန်းက ပြုံးလျက် ဖေးချောင်၏ မျက်နှာအမူအရာကို အကဲခတ်နေသည်။ အမှန်စင်စစ် ဝမ်ချန်းသည် ဖေးချောင်ကို ဤနေရာ၌ စောင့်နေသည်မှာ ကြာပြီဖြစ်သည်။
မနေ့က ဖေးချောင်နှင့် ကျောက်ကန်းတို့အဖွဲ့ စကားများခဲ့ကြပြီးနောက် ဝမ်ချန်းက သတင်းရရှိခဲ့ပြီး၊ ဖေးချောင် ရိက္ခာလာလဲမည့်အချိန်ကို စောင့်ကာ အပြန်အလှန်ကူညီရေးအသင်းသို့ ဝင်ရောက်ရန် စည်းရုံးရန် ပြင်ဆင်ထားခြင်းပင်
ကာရေဘီယံ ပင်လယ်ဓားပြတစ်ယောက်အနေဖြင့် ဖေးချောင်သည် အလွန် အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းရည် ရှိသည်။ ဝမ်ချန်း စုဆောင်းထားသော သတင်းအချက်အလက်များအရ ဖေးချောင်၏ ခွန်အားမှာ ကျောက်ကန်းထက်ပင် အနည်းငယ် သာလွန်နေသေးသည်။ ကျောက်ကန်း ဦးဆောင်သော အဖွဲ့မှာလည်း ဤမြို့ရှိ အသင်းသုံးခုတွင် အင်အားအကောင်းဆုံး ဖြစ်သည်။
ထို့အပြင် ယုံကြည်စိတ်ချရသော သတင်းများအရ ဖေးချောင်သည် မြို့ပြင်ရှိ မြူခိုးများအတွင်းမှ ထူးဆန်းသော ရေရွတ်သံများကို ခံနိုင်ရည် အလွန်မြင့်မားသည်ဟု သိရသည်။ သာမန်လူများမှာ မြူခိုးထဲတွင် မိနစ်အနည်းငယ် ကြာလျှင်ပင် မခံမရပ်နိုင် ဖြစ်တတ်သော်လည်း ဖေးချောင်မှာမူ နာရီပေါင်းများစွာ နေသော်လည်း ထူးခြားမှု မရှိပေ။
အချို့သော သတင်းများအရ ဖေးချောင်သည် ဤမြို့၏ ထိပ်တန်းပညာရှင်ဟုပင် ဆိုနိုင်သည်။ တစ်ခုတည်းသော အားနည်းချက်မှာ ဖေးချောင်၏ ခေါင်းမာသော စရိုက်ဖြစ်ပြီး ထိန်းချုပ်ရန် ခက်ခဲပုံပေါ်သည်။ သို့သော် ဝမ်ချန်း၏ အမြင်တွင်မူ ဖေးချောင်သည် ရိုးအေးပြီး လှည့်စားရန် လွယ်ကူသူ တစ်ယောက်သာ ဖြစ်၏။
ထိုသို့တွေးရင်း ဝမ်ချန်း ဆက်၍ ပြောလိုက်သည်။
“ဒီအကျပ်အတည်းကို ပိုပြီး ကောင်းကောင်း ကျော်လွှားနိုင်ဖို့ အပြန်အလှန်ကူညီရေးအသင်းက အထူးချွန်ဆုံး အဖွဲ့ဝင်တွေကို ရွေးချယ်ပြီး စူးစမ်းရေးအဖွဲ့ နှစ်ဖွဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်ထားတယ်။ အဲ့ဒီအဖွဲ့နှစ်ဖွဲ့ထဲက တစ်ဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် မင်းကို ဖိတ်ခေါ်ချင်ပါတယ်။ နောက်တစ်ဖွဲ့ရဲ့ ခေါင်းဆောင်ကတော့...”
ဝမ်ချန်း စကားပြောနေစဉ်မှာပင် စစ်ဝတ်စုံဝတ်ထားသည့် ဆံပင်ရွှေဝါရောင်နှင့် အမျိုးသားတစ်ဦး လျှောက်လာသည်။ သူသည် ရောက်စကတည်းက စက်သေနတ်နှင့် လက်ပစ်ဗုံးများ ပါလာသော၊ မရိန်းရေတပ်သား ရိုင်ယန်ပင် ဖြစ်သည်။
ဖေးချောင်နှင့် ရိုင်ယန်တို့သည် အကြိမ်အနည်းငယ် ဆုံဖူးသော်လည်း စကားပြောဖူးခြင်း မရှိပေ။ ဤမြို့ငယ်လေးသို့ ရောက်လာသူများ၏ ၉၀ ရာခိုင်နှုန်းမှာ တရုတ်လူမျိုးများ ဖြစ်ကြပြီး ကျန် ၁၀ ရာခိုင်နှုန်းမှာ အခြားမျိုးနွယ်စုများ ဖြစ်ကြသည်။ ထိုသူများသည်လည်း သဘာဝအလျောက် စုဖွဲ့မိနေကြ၏။
မြို့ငယ်လေးရှိ စူးစမ်းရေးအဖွဲ့ သုံးဖွဲ့အနက် တစ်ဖွဲ့မှာ မျိုးနွယ်စုပေါင်းစုံဖြင့် ဖွဲ့စည်းထားပြီး ရိုင်ယန်မှာ ထိုအဖွဲ့ဝင် တစ်ယောက် ဖြစ်သည်။ ရိုင်ယန်သည် ဝမ်ချန်း၏ စည်းရုံးမှု ခံလိုက်ရခြင်း ဖြစ်ပုံရသည်။
လွန်ခဲ့သော ရက်အနည်းငယ်ကပင် ဝမ်ချန်း၏ အပြန်အလှန်ကူညီရေးအသင်းနှင့် ပဋိပက္ခဖြစ်ခဲ့သော ရိုင်ယန်က ဘာကြောင့် ဝမ်ချန်းဘက်သို့ ပါသွားသည်ကို ဖေးချောင် ဇဝေဇဝါ ဖြစ်နေမိသည်။
ဖေးချောင်၏ ဇဝေဇဝါဖြစ်မှုကို သတိပြုမိသွားကာ ဝမ်ချန်းက ပြုံးလျက် ပြောလိုက်သည်။
“လွန်ခဲ့တဲ့ ရက်ပိုင်းက ကိစ္စတွေကို မင်းစဉ်းစားနေတာထင်တယ်။ အပြန်အလှန်ကူညီရေးအသင်းနဲ့ ရိုင်ယန်ကြားက ပဋိပက္ခတွေက ပြေလည်သွားပါပြီ။ ရိုင်ယန်ကလည်း ငါတို့အသင်းရဲ့ ဝါဒကို လက်ခံသွားပြီလေ။ လူအနည်းငယ်ပဲရှိတဲ့ အဖွဲ့က အတိုင်းအတာတစ်ခုအထိပဲ လုပ်နိုင်မှာ။ အဖွဲ့အစည်းရဲ့ အထောက်အပံ့မပါရင် သတင်းအချက်အလက်လိုမျိုး အားနည်းချက်တွေ ရှိလာလိမ့်မယ်။ မြူခိုးထဲမှာ စွမ်းအားတွေ ရနိုင်တယ်ဆိုတာ မင်းသိလား”
ဝမ်ချန်း စကားပြောနေစဉ်မှာပင် ရိုင်ယန် သူ၏ လက်မောင်းနှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ထူးဆန်းသော အနက်ရောင် မြူခိုးများက လက်မောင်းကို ဖုံးလွှမ်းသွားတော့သည်။ အပြန်အလှန်ကူညီရေးအသင်းဝင် အချို့က အုတ်ခဲတစ်ခဲကို ယူလာပေးကြ၏။ ရိုင်ယန်က အုတ်ခဲကို လေထဲသို့ မြှောက်လိုက်ပြီး လက်သီးဖြင့် ထိုးလိုက်ရာ အုတ်ခဲမှာ အပိုင်းပိုင်း ကွဲထွက်သွားတော့သည်။
ရိုင်ယန်၏ အုတ်ခဲခွဲသည့် အကွက်ကို မြင်သောအခါ ဖေးချောင်က လှောင်ပြောင်လိုက်၏။
“မင်းပြောတဲ့ သတင်းအချက်အလက်ဆိုတာ ငါ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက သိပြီးသားပါ။ အဲ့ဒီနေရာကို ကျောက်ကန်းက အရင်ဆုံး ရှာတွေ့ခဲ့တာ၊ ငါလည်း သူ့ဘေးမှာ ရှိနေတာပဲ။ ကျောက်ကန်းက လျှို့ဝှက်ထားဖို့ မပြောခဲ့လို့ တစ်ယောက်ယောက်က သတင်းပေးလိုက်တာ ဖြစ်မှာပါ”
မြို့၏ အရှေ့ဘက် လေးကီလိုမီတာခန့်တွင် မြူများ ပို၍ ထူထပ်ကာ ဝင်္ကပါတစ်ခုကဲ့သို့ ဖြစ်နေပြီး ထိုဝင်္ကပါ၏ အလယ်တွင် ထူးဆန်းသော ယဇ်ပလ္လင်ကဲ့သို့ အဆောက်အအုံတစ်ခု ရှိသည်။ ထိုယဇ်ပလ္လင်မှာ ၎င်းကို ထိတွေ့သူတိုင်း စွမ်းအားများ ရရှိနိုင်ကြောင်း ပြောပြနေသကဲ့သို့ပင်။
ကျောက်ကန်း၏ သတိပေးမှုကြောင့် ကျောက်ကန်းအဖွဲ့မှ လူအများစုမှာ ထိုယဇ်ပလ္လင်ကို မထိတွေ့ဘဲ အချို့သာ စမ်းသပ်ကြည့်ခဲ့ကြ၏။ နာရီအနည်းငယ်ကြာ သတိလစ်သွားပြီးနောက် သူတို့ စွမ်းအားအချို့ ရရှိလာခဲ့ကြသည်။
ယဇ်ပလ္လင်ကို ထိတွေ့ခဲ့သူ ခြောက်ဦးအနက် တစ်ဦးမှာ ညာဘက်လက်ကို ရေခဲပြင်များဖြင့် ဖုံးအုပ်နိုင်လာပြီး၊ တစ်ဦးမှာ လက်မောင်းများ ပျော့ပျောင်းနိုင်ကာ၊ နောက်သုံးဦးမှာ ခြေထောက်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ ကျန်တစ်ဦးမှာမူ ပခုံးတွင် အချို့သော ပြောင်းလဲမှုများ ရှိသော်လည်း စွမ်းရည်မှာ ပေါ်ထွက်မလာဘဲ သည်းမခံနိုင်လောက်သော နာကျင်ယားယံမှုများကိုသာ ခံစားနေရသည်။
ခွန်အားအရ ဆိုရလျှင် ထိုသူများသည် ထူးခြားသော စွမ်းအားအချို့ ရရှိခဲ့သော်လည်း လက်ရှိ တိုးတက်မှုမှာ သိသာထင်ရှားခြင်း မရှိလှပေ။ သတိရလာပြီးနောက် သူတို့၏ ပြောပြချက်အရ သတိလစ်နေစဉ်အတွင်း သူတို့၏ စိတ်အာရုံမှာ အဆုံးမဲ့ချောက်နက် ဟုခေါ်သော နေရာသို့ ရောက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော ထူးဆန်းသည့် အတွေ့အကြုံများကို ခံစားခဲ့ရသည်ဟု ဆိုသည်။
ထို့အပြင် ထိုစွမ်းရည်များကို အသုံးပြုသည့်အခါတွင်လည်း ထူးဆန်းသော ပုံရိပ်များနှင့် အသံများကို ကြားရကာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရသကဲ့သို့ ဖြစ်ပြီး စိတ်အာရုံများ ဝေဝါးသွားတတ်သည်။ ထိုယဇ်ပလ္လင်ကို ထိတွေ့ခြင်းမှာ ဘေးထွက်ဆိုးကျိုး အလွန်များပြားသဖြင့် ကျောက်ကန်းအဖွဲ့မှ လူအများစုမှာ စောင့်ကြည့်ရန်သာ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
ဖေးချောင်သည်လည်း ထိုယဇ်ပလ္လင်အား မထိတွေ့ခဲ့ပါ။ ဘေးထွက်ဆိုးကျိုးများအား စိုးရိမ်၍ မဟုတ်ဘဲ သူနှင့် ပိုမိုသင့်တော်သော ယဇ်ပလ္လင်တစ်ခု ရှိနေလိမ့်မည်ဟု ဝေဝါးသော ခံစားချက်ကို ရနေသောကြောင့်ပင်...
အမှန်စင်စစ် ယနေ့မနက်တွင် ဖေးချောင် တစ်ဦးတည်း မြူခိုးထဲသို့ ဝင်ရောက်လာခြင်းမှာ ထိုခံစားချက်နောက်သို့ လိုက်ရင်း သူ စွမ်းအားရရှိမည့် အခြားနေရာတစ်ခုကို ရှာဖွေရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။