အခန်း (၁၁) - ငါ့မှာ နာမည်နှစ်ခုရှိတယ်
“ငါ့မှာ နာမည်နှစ်ခုရှိတယ်။ တစ်ခုက ဖုန်းပုစီး၊ နောက်တစ်ခုကတော့ တာမို”
ဖုန်းပုစီးသည် ပြန်လည်ဝင်စားသူ ဖြစ်ကြောင်း တမင်ဖုံးကွယ်ထားခြင်းမျိုး မရှိပေ။ သူကိုယ်တိုင်ဖြစ်စေ၊ တာမိုဖြစ်စေ ဤအရာများအား လျှို့ဝှက်ထားရန် မလိုဟု ယူဆထားပြီး ဖြစ်သည်။ အထူးသဖြင့် ဖေးချောင်မှတစ်ဆင့် ဤလောကီကမ္ဘာကို တွေ့ကြုံခံစားရန် သူ ဆုံးဖြတ်ထားသောကြောင့်ပင်။
“ဖုန်းပုစီး... တာမို...”
ဖေးချောင်သည် ဖုန်းပုစီးပြောလိုက်သော နာမည်နှစ်ခုကို အံ့အားသင့်စွာဖြင့် တီးတိုးရေရွတ်နေမိသည်။
သူ ဘာကြောင့် နာမည်နှစ်ခု ရှိနေရသနည်း။ ထို့ပြင် တာမို ဆိုသည့်နာမည်မှာလည်း တစ်နေရာရာတွင် ကြားဖူးသလိုလိုဖြင့် ရင်းနှီးနေသလိုပင်။ ဖေးချောင်သည် တရုတ်လူမျိုးဖြစ်သော်လည်း ငယ်စဉ်ကတည်းက မိဘနှစ်ပါး ကွယ်လွန်ခဲ့ပြီး ယဉ်ကျေးမှုအမွေများ မဆက်ခံခဲ့ရသဖြင့် ‘တာမို’ ဟူသော အမည်နှင့် ကျွမ်းဝင်မှု သိပ်မရှိလှပေ။
ဖေးချောင် စဉ်းစားရင်း မျက်မှောင်ကြုတ်နေစဉ်မှာပင် ဖုန်းပုစီးက ထပ်မံ၍ ပြောလိုက်သည်။
“ဖုန်းပုစီးဆိုတာက ဒီဘဝရဲ့ နာမည်၊ တာမိုဆိုတာကတော့ ငါ့ရဲ့ အရင်ဘဝက နာမည်ပေါ့”
ဖုန်းပုစီး တာမို၏ အတိတ်အကြောင်းများကို အကျဉ်းချုပ် ရှင်းပြလိုက်၏။ တာမိုသည် မြင့်မြတ်သော လမ်းစဉ်များကို မည်သို့ ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ကြောင်းနှင့် လောကအနှံ့ လှည့်လည်ကာ မည်သို့ ကျင့်ကြံအားထုတ်ခဲ့ကြောင်းတို့ကို ပြောပြလေသည်။ ပြောပြပြီးနောက် ဖုန်းပုစီးသည် ‘‘မဟာပညာ ဗလာနယ်မြေ၏ နှလုံးသားကျမ်း”မှ နိယာမအချို့အား ရွတ်ဆိုပြလိုက်ရာ မုတ်ဆိတ်ဗလပွ ပင်လယ်ဓားပြကြီးမှာ ကြက်သီးမွေးညင်းများပင် ထသွားတော့သည်။
မှန်ပေသည်၊ ဖုန်းပုစီး ရှင်းပြပြီး ကျမ်းစာများ ရွတ်ဆိုနေသော်လည်း ဖေးချောင်မှာတော့ ဝေခွဲမရဖြစ်နေဆဲပင်။ ဖုန်းပုစီးပြောနေသည့် အရာများမှာ တစ်ခုခုလွဲချော်နေသကဲ့သို့ ခံစားနေရသော်လည်း ဘယ်အရာကမှားနေမှန်း သူအတိအကျ မပြောတတ်ပေ။ အလွန်ပင် ထူးဆန်းပြီး အနေရခက်သော ခံစားချက်မျိုး ဖြစ်နေသည်။ သို့သော်လည်း တစ်ဖက်မှ ပြန်စဉ်းစားကြည့်လျှင်မူ အလွန်ပင် ကျိုးကြောင်းဆီလျော်လှပေသည်။ အကယ်၍ ဆရာဖုန်း သည် တန်ခိုးကြီးသော ပုဂ္ဂိုလ်တစ်ဦး၏ ပြန်လည်ဝင်စားခြင်းသာ ဖြစ်မည်ဆိုပါက ဖုန်းပုစီး၏ ထူးဆန်းသော အပြုအမူများမှာ အဓိပ္ပာယ်ရှိသွားပေလိမ့်မည်။ တာမိုဆိုသည့် အမည်နှင့် ပတ်သက်၍သာ သူ မဖော်ပြတတ်သော ခံစားချက်မျိုး ဖြစ်နေရခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဆရာဖုန်း အနေဖြင့် သူ့ကို လိမ်ညာနေစရာ အကြောင်းမရှိဟု တွေးလိုက်မိပြီးနောက် ဖေးချောင် ပြောလိုက်၏။
“ဆရာဖုန်း.. ကျွန်တော်တို့ မြန်မြန်သွားရအောင်။ အစပျိုးမြို့ထဲက ကျောက်စာတိုင် ဆီသွားပြီး ဆရာဖုန်းရဲ့ လက်မောင်းနဲ့ ဒဏ်ရာတွေကို အရင်ဆုံးကုရမယ်”
ရှေ့တွင် မြို့ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ဖေးချောင် ခြေလှမ်းကို သွက်လိုက်တော့သည်။
မိနစ်အတန်ကြာပြီးနောက် ဖေးချောင် ဖုန်းပုစီးကို ပိုးလျက် အစပျိုးမြို့၏ အရှေ့ဘက် ဝင်ပေါက်အနီးသို့ ရောက်ရှိလာသည်။ မြို့ကို မြို့ရိုးများဖြင့် ဝန်းရံထားပြီး အရှေ့နှင့် အနောက်ဘက်တွင်သာ ထွက်ပေါက်ဝင်ပေါက်များ ရှိသည်။ ဖေးချောင် ဝင်ပေါက်အနီးမှ မီးရောင်များကို ကြည့်ပြီး ပြောလိုက်၏။
“ဆရာဖုန်း... ဟိုမှာ အစာင့်တချို့ စောင့်နေကြလိမ့်မယ် ။သူတို့ကို ဂရုစိုက်နေစရာ မလိုဘူး၊ ကျွန်တော်ပြမယ်”
ဖေးချောင်သည် ပြောပြောဆိုဆိုဖြင့် အရှိန်တင်လိုက်ရာ မကြာမီ မီးရောင်များရှိရာသို့ ရောက်ရှိသွားသည်။
ဖေးချောင် ပြောခဲ့သည့်အတိုင်း မြို့တံခါးဝတွင် လူအချို့ စောင့်ကြပ်နေကြသည်။ ဖေးချောင် ပေါ်လာသည်ကို မြင်သောအခါ ထိုလူစုသည် မြို့တံခါးဝင်ပေါက်ကို ပိတ်ဆို့လိုက်ကြ၏။ ဖေးချောင် သူတို့ရှေ့သို့ တည့်တည့်လျှောက်သွားပြီး မျက်နှာထား ခပ်ထန်ထန်ဖြင့် အော်လိုက်သည်။
“ဖယ်စမ်း”
လူစုထဲမှ အချို့မှာ ဖေးချောင်ကိုမှတ်မိသွားပုံရပြီး ကြောက်ရွံ့တုန်လှုပ်သွားကြဟန် ရှိ၏။ ထို့နောက် ဖေးချောင်က အစောင့်တစ်ယောက်ကို တွန်းဖယ်ကာ ဖုန်းပုစီးကို ပိုးလျက် မြို့ထဲသို့ တိုက်ရိုက် ဝင်သွားတော့သည်။
“သူတို့က အပြန်အလှန် ကူညီရေးအသင်းက လူတွေပဲ။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကစပြီး သူတို့က စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းမယ်ဆိုလား ဘာဆိုလား လုပ်နေကြတာ။ တစ်ယောက်တည်း သွားလာနေတဲ့ လူတွေကိုတွေ့ရင် သူတို့က စစ်ဆေးမေးမြန်းတတ်သေးတယ်။ မြို့လယ်ရင်ပြင်က ကျောက်စာတိုင်နားမှာလည်း သူတို့က ရိက္ခာ တွေ စုဆောင်းနေကြတာ။ အလယ်က ကျောက်စာတိုင်ကို သုံးချင်ရင် လူတိုင်းအတွက် အရေးပေါ်ရိက္ခာ ဆိုပြီးတော့ ခွဲပေးရတယ်”
လွန်ခဲ့သော ငါးရက်ခန့်က ဝမ်ချန်း ဟုအမည်ရသော လူတစ်ဦး၏ ဟောပြောမှုအပြီးတွင် ‘အပြန်အလှန် ကူညီရေးအသင်း’ ဟုခေါ်သော အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ အခက်အခဲများမှ လွတ်မြောက်ရန် အချင်းချင်း ကူညီကြရန် ဖြစ်၏။ ဝမ်ချန်သည်လည်း ထိုအသင်း၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ကုန်လွန်ခဲ့သော ရက်များအတွင်း ဤမြို့လေးထဲမှ လူပေါင်း ရာနှင့်ချီ၍ သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများ ကြုံတွေ့ခဲ့ရသည်။ လက်ရှိတွင် ဤမြို့၌ လူပေါင်း ၁၉,၀၀၀ ကျော် ကျန်ရှိနေပြီး ထိုအထဲမှ ထက်ဝက်ခန့်မှာ အဆိုပါအသင်းသို့ ဝင်ရောက်ပြီး ဖြစ်၏။ ဝမ်ချန်း၏ နည်းဗျူဟာများကြောင့် ငါးရက်အတွင်းမှာပင် ထိုအသင်းမှာ ချောမွေ့စွာ လည်ပတ်လာနိုင်ပြီး တဖြည်းဖြည်းနှင့် ပိုမိုခိုင်မာ အားကောင်းလာခဲ့သည်။
ဖုန်းပုစီးမှာမူ ဤအကြောင်းများကို လုံးဝ မသိရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ပထမဆုံးနေ့တွင် မြို့ထဲ၌ စူးစမ်းခဲ့သည်မှလွဲ၍ ကျန်ရှိသော အချိန်များအားလုံးကို သူသည် မြို့ပြင်တောရိုင်းထဲ၌ ပြန်လည်ဝင်စားခြင်း မှတ်ဉာဏ်များ နိုးထရန်ကြိုးစားရင်းသာ ကုန်ဆုံးခဲ့သောကြောင့်ပင်။ အမှန်စင်စစ် ဖေးချောင်ကိုယ်တိုင်လည်း ထိုအသင်းအကြောင်း အများကြီး မသိလှပါ။
ဖေးချောင်သည်လည်း လွန်ခဲ့သော ရက်များအတွင်း အချိန်အတော်များများကို မြို့ပြင်၌သာ ကုန်ဆုံးခဲ့ခြင်း ဖြစ်သည်။ သူ မြို့ထဲသို့ ခဏတဖြုတ် ပြန်လာတတ်သည်မှာ [တော်ဝင်ရိက္ခာ] စားရန်အတွက်သာ ဖြစ်၏။ သို့သော်လည်း အချိန်အတော်များများတွင် ကျောက်ကန်းအဖွဲ့ဝင်များကသာ သူ့အတွက် စားစရာများကို ယူဆောင်လာပေးလေ့ ရှိကြသည်။
မြို့ပြင်ရှိ မြူခိုးများ၏ ဘေးအန္တရာယ်နှင့် ကြောက်မက်ဖွယ်ကောင်းမှုကို တွေ့မြင်ခဲ့ရသော်လည်း လူတိုင်း နောက်ဆုတ်သွားကြသည်တော့ မဟုတ်ပေ။ မြို့ပြင်ထွက်ရန်အတွက် လူပေါင်း ဒါဇင်ချီပါဝင်သော အဖွဲ့သုံးဖွဲ့ ဖွဲ့စည်းထားကြသည်။ အကြီးဆုံးအဖွဲ့တွင် လူ ၅၀ ခန့်ရှိပြီး ကျန်နှစ်ဖွဲ့တွင် လူ ၃၀ ကျော်နှင့် ၂၀ ကျော်စီ အသီးသီး ရှိကြ၏။ ဤအဖွဲ့သုံးဖွဲ့မှာ မြို့ထဲရှိ လူနှစ်ထောင်ခန့်ထဲမှ အထက်တန်းလွှာလူတန်းစား ဖြစ်ကြသည်ဟု ဆိုနိုင်သည်။
ဖေးချောင်သည် တိုက်ဆိုင်မှုတစ်ခုကြောင့် ကျောက်ကန်း၏ အဖွဲ့ထဲသို့ ဝင်ရောက်ခဲ့ပြီး လူ ၃၀ ကျော်ထဲတွင် အသန်မာဆုံးဟု သတ်မှတ်ခံခဲ့ရသည်။ သူ့အနေအထားဖြင့် လုပ်ပိုင်ခွင့်နှင့်နေရာရသော်လည်း အဖွဲ့၏လုပ်ပုံလုပ်နည်းများမှာ သူနှင့် မကိုက်ညီသောကြောင့် အလွန်ပင် နေရခက်ခဲ့၏။ သူ့အမြင်တွင်တော့ သားရဲများကို တွေ့လျှင် တိုက်ခိုက်ဖို့သာ လိုပြီး အသုံးမကျသော နည်းဗျူဟာများအား စဉ်းစားနေစရာ မလိုဟု ယူဆထားသည်။
ထို့ကြောင့်ပင် မနေ့ညက သူသည် ကျောက်ကန်းနှင့် စကားများကာ တစ်ကိုယ်တော် လှုပ်ရှားသူ ဖြစ်လာခဲ့ခြင်းပင်။ ထို့နောက် ယနေ့နံနက်တွင်တော့ ပင့်ကူနက်ကြီး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဖုန်းပုစီးနှင့် ဆုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
...
ဖေးချောင် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သတိပေးလိုက်၏။
“ဪ... ဆရာဖုန်း၊ တစ်ခု ပြောဖို့ ကျန်သေးတယ်။ ဒီမြို့ထဲမှာ လူသတ်လို့ မရဘူးနော်.. ပြဿနာတစ်ခုခု ရှိရင် မြို့အပြင်ဘက်မှာ ဖြေရှင်းတာ အကောင်းဆုံးပဲ”
ဖုန်းပုစီးက မြို့ပြင်၌ ခုနစ်ရက်တိုင်တိုင် နေခဲ့သည်ဟု ပြောပြထားသဖြင့် ဆရာဖုန်းအနေဖြင့် ဤအကြောင်းကို သိဦးမည်မဟုတ်ဟု ဖေးချောင် တွေးမိသည်။ ပြောရင်းဆိုရင်းနှင့် ဖေးချောင်၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာ၏။ လွန်ခဲ့သော ရက်အနည်းငယ်က သူ ဒေါသမထိန်းနိုင်ဘဲ လူတစ်ယောက်ကို လက်စသတ်ခဲ့ဖူးသော်လည်း ကံကောင်းထောက်မစွာဖြင့် ထိုစဉ်က မြို့ပြင်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။
ဖုန်းပုစီးလည်း စူးစမ်းစွာ မေးလိုက်၏။
“ဒီမြို့ထဲမှာ လူသတ်ရင် ဘာဖြစ်တတ်လို့လဲ”
ဖေးချောင်က စိုးရိမ်တကြီး လေးနက်သော လေသံဖြင့် ရှင်းပြလိုက်သည်။
“မြို့ထဲမှာ လူသတ်မိရင် မြို့လယ်က မြို့ပြကျောက်စာတိုင် ဆီကနေ အနီရောင်အလင်းတန်းတွေ ထွက်လာပြီး လူသတ်သမားရဲ့ ကိုယ်ထဲကို ဝင်သွားလိမ့်မယ်။ ပြီးရင် ကြောက်စရာကောင်းတဲ့ အာရုံချောက်ခြားမှုတွေကို မြင်ရပြီးတော့ မြို့ပြင်ကို ထွက်တာနဲ့ မြူခိုးထဲက သားရဲတွေက သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဝိုင်းအုံတိုက်ခိုက်တာခံရမှာ”
“နာမည်နီ ဖြစ်သွားတာပေါ့” ဖုန်းပုစီး အံ့အားသင့်စွာ ပြောလိုက်သည်။
ဖေးချောင်လည်း ခေါင်းကိုဆက်တိုက်ညိတ်လိုက်ပြီး ထောက်ခံလိုက်၏။
“ဟုတ်တယ်၊ အဲ့ဒီ နာမည်ပဲ။ သူတို့က ‘နာမည်နီကျိန်စာ’ လို့ ခေါ်ကြတယ်။ ကျောက်ကန်း ပြောတာကတော့ ဒါဟာ အွန်လိုင်းဂိမ်းတွေထဲက အသုံးအနှုန်းတဲ့။ ကျွန်တော်ကတော့ ဂိမ်းမကစားဖူးလို့ အဲ့ဒါ ဘာလဲဆိုတာ သေချာမသိဘူး”
ဖေးချောင်သည် လမ်းလျှောက်ရင်း သူမြင်တွေ့ခဲ့သမျှ အကြောင်းများကို ပြောပြနေသည်။ ညဘက်တွင် သွားလာလှုပ်ရှားသူ နည်းပါးသွားသော်လည်း အသက်ရှင်ရန်အတွက် မရှိမဖြစ်လိုအပ်သော ရိက္ခာအစားအစာ များမှာ မြို့လယ်ရင်ပြင်တွင် ရှိနေသဖြင့် ရင်ပြင်နားသို့ ချဉ်းကပ်လာသည်နှင့်အမျှ လမ်းပေါ်တွင် လူများ ပိုမိုများပြားလာသည်။
မြို့လယ်ရင်ပြင်သို့ ရောက်သောအခါ လူများမှာ တန်းစီနေကြလေပြီ။ ရင်ပြင်အလယ်မှာ ယခင်ကကဲ့သို့ မရှုပ်ထွေးတော့ဘဲ ‘အပြန်အလှန် ကူညီရေးအသင်း’ မှ အဖွဲ့ဝင်များက စနစ်တကျ ထိန်းသိမ်းထားသဖြင့် အလွန်ပင် စည်းကမ်းရှိပြီး အေးချမ်းနေပုံရ၏ ။
သို့သော်လည်း ထိုအချိန်တွင် မဖိတ်ခေါ်ဘဲ ရောက်ရှိလာသည့် ဧည့်သည်တစ်ယောက် ပေါ်လာခဲ့သည်။ ထိုသူမှာ ဖေးချောင်ပင် ဖြစ်၏။ ဖေးချောင်သည် တန်းစီနေသော လူတန်းကြီးကိုလည်း ဂရုမစိုက်၊ အမိန့် ထိန်းသိမ်းနေသော အသင်းဝင်များကိုလည်း နှုတ်မဆက်ဘဲ ဖုန်းပုစီးကို ပိုးလျက် လမ်းပိတ်ထားသော နေရာအား ကျော်ဖြတ်ကာ ရင်ပြင်အလယ်ရှိ မြို့ပြကျောက်စာတိုင်ဆီသို့ လျှောက်လှမ်းသွားလေတော့သည်။