အခန်း (၁၀) - မုတ်ဆိတ်ဗလပွ ပင်လယ်ဓားပြ၏ သစ္စာခံမှု (အပိုင်း ၂)
ဖေးချောင် စကားများ မရပ်မနား ပြောဆိုနေမိသည်။ သူ၏ ပင်ကိုယ်စရိုက်မှာ ပွင့်လင်းရဲတင်းသူ တစ်ယောက်ဖြစ်သော်လည်း၊ ဤကဲ့သို့ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာသစ်ထဲသို့ ရောက်ရှိနေရချိန်တွင် အနည်းငယ် စိုးရိမ်ပူပန်နေမိပြီး ရင်ဖွင့်စရာ လူတစ်ယောက်ကိုလည်း ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဖုန်းပုစီးသည် သူ ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တကယ့်ကို လေးစားအားကျမိသည့် လူသားတစ်ယောက်လည်း ဖြစ်ပေသည်။
“ဟမ်... တွေ့ပြီဟေ့... ဟားဟား”
ဖေးချောင်သည် ဝမ်းသာအားရဖြစ်သွားပြီး ဖုန်းပုစီးကို ပိုးထားလျက်ပင် ရှေ့သို့ အမြန်လျှောက်သွားကာ သူပျောက်ဆုံးနေသည့် ဓားမကြီးကို ကောက်ယူ၍ အားရပါးရ ရယ်မောလိုက်သည်။
ဤဓားမကြီးမှာ သူနှင့်အတူ ဆယ်စုနှစ်တစ်ခုကျော်ကြာ လက်တွဲလာခဲ့ခြင်း ဖြစ်သဖြင့် လက်သားကျကာ ကျွမ်းကျင်စွာ အသုံးပြုနိုင်သည့် လက်နက်တစ်ခု ဖြစ်သည်။
ဖုန်းပုစီး : “ဟိုဘက်က ဂေါ်ဘလင် အလောင်းနှစ်လောင်းက မင်းသတ်ထားတာလား”
ဖေးချောင် : “အော်... အဲ့အလောင်းတွေလား။ ဟုတ်တယ် ကျွန်တော် ဒီနေ့ပဲ သတ်ထားတာ”
ဖုန်းပုစီး : “အဲဒီ ဂေါ်ဘလင်တွေကို ဘယ်အချိန်က သတ်ခဲ့တာလဲ”
ဖေးချောင် : “ဒီနေ့မနက်ပိုင်းလောက်က ထင်တာပဲ၊ ဘာဖြစ်လို့လဲ ”
ဖုန်းပုစီး : “အလောင်းတွေရဲ့ အခြေအနေကို ငါ တစ်ချက်လောက် အတည်ပြုဖို့ လိုတယ်။ ငါ့ကို အဲဒီ အလောင်းတွေဆီ ခေါ်သွားပေးလို့ရမလား”
ဖေးချောင် အလောင်းနှစ်လောင်းရှိရာသို့ အမြန်လျှောက်သွားပြီး ဖုန်းပုစီးကို အောက်သို့ ညင်သာစွာ ချပေးလိုက်သည်။ ဂေါ်ဘလင် အလောင်းနှစ်လောင်းအနက် တစ်လောင်းမှာ ခေါင်းမရှိတော့ပေ။ ဖေးချောင်မှတ်မိသလောက် သူသည် ထိုဂေါ်ဘလင်ကို ဓားဖြင့် တစ်ချက်တည်း ခုတ်ကာ ခေါင်းဖြတ်လိုက်ပြီးနောက် ခေါင်းကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ခြင်း ဖြစ်သည်။
သူ မည်သည့်ဘက်သို့ ကန်လိုက်မိသည်ကိုတော့ သေချာမမှတ်မိတော့ပေ။ ဖေးချောင် အနီးအနားတွင် ရှာဖွေကြည့်သော်လည်း ခေါင်းကို ရှာမတွေ့တော့သဖြင့် အတော်လေး ဝေးဝေးကို ရောက်သွားပုံရသည်။ အခြားအလောင်းတစ်လောင်းမှာမူ ညာဘက်ရင်အုပ်တွင် အပေါက်ကြီးတစ်ခုသာ ရှိနေသည်မှလွဲ၍ အတော်အတန် နဂိုအတိုင်း ကျန်ရှိနေသေးသည်။
ဖုန်းပုစီး၏ ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်း မတ်တပ်မရပ်နိုင်၊ လမ်းမလျှောက်နိုင်သေးသော်လည်း တုန်ခါနေခြင်းမျိုးတော့ မရှိတော့ပေ။ အားအလွန်အကျွံ မစိုက်ရသရွေ့ သူ၏ လက်မောင်းများကို လှုပ်ရှားနိုင်နေပြီ ဖြစ်သည်။
သူအလောင်းပေါ်သို့ လက်တင်လိုက်သောအခါ နူးအိနေသော အသားပုပ်များကဲ့သို့ ခံစားလိုက်ရပြီး သူ ဖိလိုက်သည့် နေရာမှာ အတွင်းသို့ ချိုင့်ဝင်သွားသည်။ ဆယ်နာရီကျော်အတွင်းမှာပင် ဂေါ်ဘလင်အလောင်း၏ သွေးသားများမှာ အမှတ်မထင်လောက်အောင် ပုပ်သိုးနေခဲ့ပြီ ဖြစ်သည်။ ဖုန်းပုစီး အခြားဂေါ်ဘလင်အလောင်းကိုလည်း ဆက်လက်စစ်ဆေးကြည့်ရာ ပုပ်သိုးမှုအခြေအနေမှာ အတူတူပင် ဖြစ်နေသည်။
ဖေးချောင်သည် ဤအခြေအနေကို ယခင်ကတည်းက မြင်တွေ့ခဲ့ဖူးသဖြင့် ပြောပြလိုက်သည်။
“မြူခိုးထဲမှာ သေတဲ့သူတွေက တော်တော်လေး မြန်မြန် ပုပ်သိုးသွားတတ်တာပဲ၊ နာရီပိုင်းအတွင်းမှာပဲ အလောင်းတွေက ပျက်စီးကုန်ရော။ အရင်ရက်တွေတုန်းက သေနေတဲ့ အစိမ်းရောင် လူပုလေးတွေကိုလည်း ကျွန်တော်တွေ့ဖူးတယ်၊ သူတို့ အလောင်းကို သွားထိလိုက်ရုံနဲ့တင် ရွှံ့နွံတွေလိုမျိုး အရည်ပျော်ကျသွားတာ”
ဖေးချောင်သည် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ တည်ကြည်သော မျက်နှာထားဖြင့် ဆက်ပြော၏။
“တကယ်တော့ ဒီအစိမ်းရောင် လူပုလေးတွေတင် မဟုတ်ဘူး၊ လူသားတွေလည်း အတူတူပဲ။ ဒီနေရာမှာ သေရင် ခဏလေးအတွင်းမှာတင် ပုပ်သိုးသွားကြတာ”
ဖုန်းပုစီး ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
“ဒီမြူခိုးတွေမှာ ရှိတဲ့ စွမ်းအင်တွေက အလောင်းတွေ ပုပ်သိုးတာကို ပိုမြန်အောင် လုပ်ပေးနေတာ ဖြစ်ရမယ်”
ဖုန်းပုစီးသည် ပြောနေရင်းပင် ပုပ်သိုးနေသည့် အသားစတစ်ခုကို ဆွဲဖဲ့ကာ နှာခေါင်းနားသို့ ကပ်၍ အနံ့ခံလိုက်သည်။ မြူခိုးထဲတွင် ရှိနေသည့် သက်ရှိများဖြစ်စေ၊ အလောင်းများဖြစ်စေ ထူးဆန်းသော တီးတိုးရေရွတ်သံများက အမြဲတမ်း ဝန်းရံနေတတ်သည်။
ဖုန်းပုစီး တောအုပ်အတွင်း၌ ကြောက်လန့်တကြား သေဆုံးနေသည့် လူသားအလောင်းကို မြင်တွေ့ခဲ့စဉ်က အခြေအနေကို ပြန်လည်စဉ်းစားမိသည်။ သူ ထိုအလောင်းကို ထိလိုက်စဉ် အလောင်းမှာ နံစော်နေသော ရွှံ့နွံပုံအဖြစ် ပြောင်းလဲသွားခဲ့ပြီး ထိုအချိန်တွင် တီးတိုးရေရွတ်သံများ၏ ပဲ့တင်ထပ်သံများလည်း ပျောက်ကွယ်သွားခဲ့သည်။
“ဒါဆို အလောင်းက အပြင်းအထန် ပျက်စီးသွားပြီဆိုရင် အဲဒီ ထူးဆန်းတဲ့ အရာတွေကို ဆွဲဆောင်နိုင်စွမ်း မရှိတော့ဘူးပေါ့”
ဖုန်းပုစီးသည် သူ၏ယူဆချက်ကို အတည်ပြုရန်အတွက် ဂေါ်ဘလင်၏ ပုပ်သိုးနေသော အသားများအတွင်းသို့ လက်ထည့်ကာ အပိုင်းပိုင်းပြတ်တောက်သွားအောင် မွှေနှောက်ကြည့်နေသည်။ မနီးမဝေးတွင်ရှိနေသော ဖေးချောင်သည် ဖုန်းပုစီး၏ လုပ်ရပ်ကို မြင်သောအခါ မျက်နှာရှုံ့မဲ့သွားတော့သည်။
သူသည် ဤအစိမ်းရောင် လူပုလေးများကို သတ်ဖြတ်ရန် သို့မဟုတ် အပိုင်းပိုင်းခုတ်ထစ်ရန် ဝန်မလေးသော်လည်း ၊ ဤကဲ့သို့ ပုပ်သိုးနေသော အသားများကို ကိုင်တွယ်ရန်မှာမူ အလွန်ပင် ရွံရှာဖွယ်ကောင်းလှသည်။ ဖုန်းပုစီးသည် အဘယ်ကြောင့် ဤပုပ်သိုးနေသော အသားပုံကြီးအား စိတ်ဝင်တစား လုပ်ဆောင်နေသည်ကို သူ တကယ်ပင် နားမလည်နိုင်တော့ပေ။
“ဓားလည်း ရှာတွေ့ပြီဆိုတော့ မြန်မြန်သွားကြရအောင်။ အစပျိုးမြို့ ကို ပြန်ဖို့က အတော်လေး လိုသေးတယ်၊ ပြီးတော့ ညဘက်က နေ့ဘက်နဲ့ မတူဘူး။ ကျွန်တော် ဒီအစိမ်းရောင် လူပုလေးတွေကို သတ်နိုင်တယ်ဆိုပေမဲ့ ညဘက်မှာ သူတို့က ပိုပြီး လျင်မြန်ကြသလို အရေအတွက်လည်း ပိုများလာတတ်တယ်”
ထိုမြင်ကွင်းအား ဆက်မမြင်လိုတော့သောဖေးချောင်က တိုက်တွန်းလိုက်သော်လည်း ဖုန်းပုစီး ပြန်မဖြေဘဲ ဂေါ်ဘလင်အလောင်းကိုသာ ဆက်လက် မွှေနှောက်နေခဲ့၏။
ဂေါ်ဘလင်၏ ပုပ်သိုးနေသော အသားများကို အပိုင်းပိုင်း ခွဲထုတ်လိုက်သည့်အခါ အလောင်းအနီးတွင် ပတ်ဝန်းကျင်၌ ရှိနေသော တီးတိုးရေရွတ်သံများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ဖုန်းပုစီး ထူးခြားချက်တစ်ခုကို တွေ့ရှိခဲ့သည်။ နဂိုအတိုင်းရှိနေသည့် အလောင်းများသာလျှင် မြူခိုးထဲရှိ တီးတိုးရေရွတ်သံများကို ဆွဲဆောင်နိုင်ခြင်း ဖြစ်သည်။
အလောင်းတစ်လောင်း၏ မည်မျှသော အချိုးအစားက နဂိုအတိုင်း ရှိနေခြင်းဟု သတ်မှတ်သနည်း ဆိုသည်ကိုမူ နောက်ထပ် စမ်းသပ်မှုများ လုပ်ဆောင်ရန် လိုအပ်ပေဦးမည်။
မွှေနောက်ပြီးသွားသော ဖုန်းပုစီးက ပြောလိုက်သည်။
“အခု ငါလာခဲ့တဲ့ လမ်းအတိုင်း ပြန်တော့မယ်။ မင်း ငါ့ကို ဆက်ကူညီနေဖို့ မလိုတော့ဘူး၊ ငါ့ဘာသာ ငါ ပြန်လို့ရပြီတယ်”
ဖေးချောင်မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်၏။
“ဘာတွေ ပြောနေတာလဲ၊ မင်းကို ငါပိုးပြီး ပြန်ခေါ်သွားမယ်လို့ ပြောပြီးသားပဲ၊ အထူးသဖြင့် မင်းက ငါ့အသက်ကို ကယ်ခဲ့တာပဲလေ”
ထိုသို့ပြောပြီး ဖုန်းပုစီးအား ကျောပေါ်သို့ ပြန်လည် တင်လိုက်သည်။
“ပြော... ကျွန်တော်တို့ ဘယ်ဘက်ကို သွားကြမလဲ”
ဖုန်းပုစီး၏ လမ်းညွှန်မှုအောက်တွင် တစ်နာရီကျော် ခရီးနှင်ပြီးနောက် ဖုန်းပုစီး အစောပိုင်းက ဂေါ်ဘလင် လေးကောင်အား သတ်ဖြတ်ခဲ့သည့် နေရာသို့ ရောက်ရှိလာခဲ့သည်။
ဒီမနက် ဖေးချောင် သတ်ခဲ့သည့် ဂေါ်ဘလင် နှစ်ကောင်နှင့် နှိုင်းယှဉ်လျှင် ဖုန်းပုစီး သတ်ခဲ့သည့် ဤဂေါ်ဘလင် လေးကောင်မှာ သေဆုံးချိန် နောက်ကျသဖြင့် ပို၍ လတ်ဆတ်နေသေးပြီး ပုပ်သိုးမှု အခြေအနေမှာလည်း အနည်းငယ် လျော့နည်းနေသေးသည်။
အလောင်းများမှာ ပုပ်သိုးနေပြီ ဖြစ်သော်လည်း အနည်းဆုံးတော့ လက်နှင့် ထိလိုက်ရုံဖြင့် အရည်ပျော်ကျသွားသည့် အဆင့်ထိတော့ မရောက်သေးပေ။
နှိုင်းယှဉ်ချက်များ ပြုလုပ်ပြီးနောက်တွင် ဖုန်းပုစီးသည် အလောင်းများ ပုပ်သိုးမှုကို မြန်ဆန်စေသည့် တရားခံမှာ တောအုပ်အတွင်း ဖုံးလွှမ်းနေသည့် ထူးဆန်းသော မြူခိုးများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
စဉ်းစားစရာရှိသည်မှာ တီးတိုးရေရွတ်သံများ ဝန်းရံနေသော ဤအလောင်းများအား မနှောင့်ယှက်ဘဲ ထားရှိပါက မည်သို့ ဖြစ်လာမည်နည်း ဟူသည်ပင်။
၎င်းတို့သည် မြူခိုးထဲရှိ ရေရွတ်သံများကြားတွင် လုံးဝ ပုပ်သိုးသွားပြီး နောက်ဆုံးတွင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ ဤတောအုပ်၏ မြေဆီလွှာ ဖြစ်သွားမည်လော၊ သို့မဟုတ် ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး သားရဲများကဲ့သို့ တစ်စုံတစ်ခု ဖြစ်လာမည်လော။ ဖုန်းပုစီး ထိုမေးခွန်းအတွက် အဖြေကိုတော့ မရှာဖွေနိုင်ခဲ့ပေ။
အချိန်မဆွဲတော့ဘဲ ဖေးချောင်သည် ဖုန်းပုစီးကို ပိုးကာ ခရီးဆက်ခဲ့သည်။ မကြာမီမှာပင် သူတို့သည် ဘုဇပတ်တောအုပ်တစ်ခုသို့ ရောက်ရှိလာကြ၏။ ဖေးချောင်သည် တောအုပ်အတွင်းရှိ ဘုဇပတ်ပင်များကို ကြည့်ကာ စိတ်သက်သာရာရသော အမူအရာဖြင့် ပြောလိုက်သည်။
“ဆရာဖုန်း၊ ဒါ ဘုဇပတ်တောပဲ ကျွန်တော်တို့ မကြာခင် မြို့ ကို ပြန်ရောက်တော့မှာ။ ဟော... ဒီသစ်ပင်စောင်းစောင်းကြီး။ ကျွန်တော် ဒီနေရာကို ရောက်ဖူးတယ်။ အခု ဘယ်လိုသွားရမလဲဆိုတာ သိပြီ။ အရှေ့မြောက်ဘက်ကို တန်းတန်းမတ်မတ် သွားလိုက်ရင် ခဏနေရင် လမ်းကလေးတစ်ခု ပေါ်လာလိမ့်မယ်။ အဲဒီလမ်းအတိုင်း လိုက်သွားရင် မြို့ကို ပြန်ရောက်ပြီ”
နာရီပေါင်းများစွာ ခရီးသွားနေစဉ်အတွင်း ကာရေဘီယံ ပင်လယ်ဓားပြကြီးမှာ ဖုန်းပုစီးကို မသိမသာပင် 'ဆရာဖုန်း' ဟု ပြောင်းလဲခေါ်ဝေါ်နေခဲ့ပြီ ဖြစ်သည်။
ဖုန်းပုစီးသည်လည်း ထိုခေါ်ဆိုမှုကို မတားဆီးခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူ ဤလောကီကမ္ဘာထဲတွင် စိတ်ကျင့်စဉ်ကို လေ့ကျင့်ပျိုးထောင်ရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ ဖေးချောင်သည် သူ၏ လောကီလူသားများကြား ပေါင်းသင်းဆက်ဆံရေးအတွက် ကောင်းမွန်သော သင်ခန်းစာတစ်ခု ဖြစ်သောကြောင့်ပင်။
'ဆရာဖုန်း' ဟု အကြိမ်အနည်းငယ် ခေါ်ပြီးနောက် ဖေးချောင်သည်လည်း ထိုခေါ်ဝေါ်မှုကို နှုတ်ကျိုးသွားခဲ့ပြီး ဖုန်းပုစီးအား ခေါင်းဆောင်တစ်ယောက်အဖြစ် တကယ်ပင် သတ်မှတ်လိုက်ပုံရသည်။
မြူခိုးထဲမှ ပဲ့တင်ထပ်သံများကို နားစွင့်ရင်း ဖုန်းပုစီး ပြောလိုက်သည်။
“အရှေ့မြောက်ဘက်ကို မသွားနဲ့။ ငါတို့ အရှေ့တောင်ဘက်ကို သွားကြမယ်”
ဖေးချောင် ဇဝေဇဝါဖြင့် မေးလိုက်၏။
“အရှေ့မြောက်ဘက်ကို တန်းတန်းမတ်မတ်သွားတာက ပိုမမြန်ဘူးလား”
ဖုန်းပုစီးလည်း အကြောင်းရင်းကို ရှင်းပြလိုက်သည်။
“မြောက်ဘက်ကို ဆက်သွားရင် ဂေါ်ဘလင်တွေရဲ့ ချုံခိုတိုက်ခိုက်တာကို ခံရလိမ့်မယ်။ သွားနေဖို့ မလိုဘူး”
“အော်... ဟုတ်ကဲ့ ဆရာဖုန်း”
ဖေးချောင် စဉ်းစားရင်း ခေါင်းညိတ်လိုက်၏။ ပင့်ကူဂူထဲတွင် ရှိနေစဉ် ဖုန်းပုစီး ပြောခဲ့သည့် မြူခိုးထဲက တီးတိုးရေရွတ်သံများအား ဂရုတစိုက် နားထောင်ခြင်းဖြင့် အနီးနားရှိ သားရဲများကို သိရှိနိုင်သည်ဆိုသော စကားကို သူ ပြန်လည် သတိရသွားသည်။
အမှန်စင်စစ် သေသေချာချာ ပြန်စဉ်းစားကြည့်လျှင် သူတို့ ပြန်လာသည့် လမ်းတစ်လျှောက် အစိမ်းရောင် လူပုလေး တစ်ကောင်ကိုမျှ မတွေ့ခဲ့ရခြင်းမှာ သိသိသာသာ ထူးဆန်းနေပေသည်။ ညဘက်တွင် တောအုပ်အတွင်း၌ နေ့ဘက်ထက် သားရဲများ ပိုမိုများပြားသည် မဟုတ်ပါလား။
လမ်းတစ်လျှောက်လုံးတွင် တောအုပ်အတွင်းရှိ သားရဲများနှင့် မတိုးမိစေရန် ဖုန်းပုစီးက လမ်းပြပေးနေခဲ့ခြင်း ဖြစ်ပုံရသည်။ ဖေးချောင် စဉ်းစားနေစဉ်မှာပင် ဖုန်းပုစီး၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။
“ဒါနဲ့... မင်းကို ငါ့နာမည်မပြောရသေးဘူးပဲ”