အခန်း (၁) ပြန်လည်မွေးဖွားခြင်း
မီးခိုးရောင် မြူခိုးများ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး အနောက်တိုင်း အလယ်ခေတ်ဟန်ရှိသော မြို့ဟောင်းကြီးမှာ ချောက်ချားဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်ခြောက်ကပ်နေ၏။ ဤမြို့ပျက်ကြီးအတွင်းတွင် ရှိုက်သံလိုလို၊ ညည်းတွားသံလိုလို ထူးဆန်းသော အသံများက လေထဲတွင် လွင့်ပျံနေသည်။
မြို့၏ ထောင့်တစ်နေရာတွင်တော့ ဖုန်းပုစီး တစ်ယောက် သတိပြန်ဝင်လာခဲ့ပြီး ရှုပ်ထွေးလှသော အတိတ်မှတ်ဉာဏ်များက သူ့ဦးနှောက်ထဲသို့ ဒီရေလား တိုးဝင်လာ၏။
သူ၏ မှတ်ဉာဏ်ထဲတွင်တော့ သူသည် လောရင့်ဇ်မြို့ စိတ်ကျန်းမာရေးဆေးရုံ၌ ကလီစာများ ပေါက်ထွက်ကာ သွေးလွန်ပြီး သေဆုံးသွားခဲ့ရပြီ မဟုတ်ပါလား။ သေဆုံးခါနီးတွင် ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ လွင့်ထွက်သွားသည့် ထူးခြားသော ခံစားချက်ကိုပင် သူ ကောင်းကောင်း မှတ်မိနေသေးသည်။
သူသည် အသက် ငါးနှစ်သားအရွယ်ကတည်းက မသေမျိုးလမ်းစဉ်ကို ရှာဖွေရန် နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန် ကြိုးစားခဲ့သူဖြစ်သည်။
နောက်ပိုင်းတွင် သူ့အား လောရင့်ဇ်မြို့ စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ခဲ့ကြ၏။ ထိုဆေးရုံ၌ ဆရာဝန်များနှင့် စကားပြောရသည်မှအပ သူ့အတွက် သုတေသနလုပ်ရန် အားလပ်ချိန်များစွာ ရရှိခဲ့လေသည်။ သူ့၏ ထူးဆန်းလွန်းသော လေ့လာမှုများကြောင့်လည်း မည်သူကမှ မနှောင့်ယှက်ရဲကြပေ။
တခါတရံတွင် လောကနိယာမများ ဆင်ခြင်သုံးသပ်ရန် ဆေးရုံအပြင်ဘက်ရှိ တောရိုင်းမြေများဆီသို့ ထွက်သွားတတ်သော်လည်း အချိန်အကြာကြီး ပျောက်မသွားသရွေ့ ဆရာဝန်များကလည်း သူ့အား လွှတ်ထားပေးတတ်ကြ၏။
ထို့ကြောင့်ပင် သူသည် ထိုစိတ်ကျန်းမာရေးဆေးရုံကို အိမ်ကဲ့သို့ သဘောထားကာအခြေချနေထိုင်ခဲ့ခြင်းပင်။ ဤသို့ဖြင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ အဆက်မပြတ် သုတေသနပြုခဲ့ပြီးနောက် လူသားတို့၏ ကန့်သတ်ချက်ဘောင်ကို ကျော်ဖြတ်နိုင်မည့် ပထမဆုံးခြေလှမ်းအား သူ စတင်တွေ့ရှိခဲ့လေသည်။
သို့သော် ကံကြမ္မာကမျက်နှာသာမပေးခဲ့ချေ.. ။မိမိခန္ဓာကိုယ်၏ ကြံ့ခိုင်မှုအား ဖုန်းပုစီး မှားယွင်းခန့်မှန်းခဲ့မိသည်။လူသားတို့၏ ကန့်သတ်ချက်ဘောင်ကို ကျော်ဖြတ်လိုက်သည့် ခဏ၌ စိတ်နှင့်ခန္ဓာမှာ အတိုင်းအဆမရှိ တက်ကြွလှုပ်ရှားလာပြီး မသေမျိုးလမ်းစဉ်ပေါ် ခြေတစ်လှမ်းမျှ မလှမ်းရသေးမီမှာပင်သေမင်းထံအရှုံးပေးခဲ့ရ၏။
အမှန်စင်စစ် ယခင်ဘဝက ကမ္ဘာမြေသည် ဝိညာဉ်စွမ်းအင် ဆိတ်သုဉ်းနေသည့် ကာလဖြစ်ပြီး သူကိုယ်တိုင်သည်လည်း အောင်မြင်မှုအတွက် အလောတကြီး ဖြစ်ခဲ့မိသည် မဟုတ်ပါလား။
ဖုန်းပုစီး မတ်တပ်ရပ်လိုက်သည်။ မြို့ဟောင်းကြီး၏ ကောင်းကင်ယံမှာ အုံ့မှိုင်းနေပြီး အအေးဓာတ်များက စိမ့်ဝင်နေ၏။ ယခုအချိန်၌ သူ ဝတ်ဆင်ထားသည်မှာ လောရင့်ဇ်မြို့ စိတ်ကျန်းမာရေးဆေးရုံမှ အဖြူ အပြာကျား လူနာဝတ်စုံ ဖြစ်သည်။ ဝတ်စုံမှာ အနည်းငယ် ပါးလွှာသော်လည်း သေဆုံးစဉ်က သွေးစွန်းခဲ့သည့် အစအနလေးပင် မရှိဘဲ အသစ်စက်စက်အတိုင်း ဖြစ်နေ၏။
ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သောအခါ အနီးအနားရှိ မြေပြင်ပေါ်တွင်လည်း အခြားလူများ လဲကျနေကြသည်ကို တွေ့လိုက်ရသည်။ သူ့နည်းတူပင် သူတို့၏ အဝတ်အစားများမှာလည်း အသစ်စက်စက်အတိုင်းပင် ဖြစ်နေသည်။
"သူတို့လည်း ငါ့လိုပဲ ဒီကမ္ဘာကို ရောက်လာကြတာ ထင်တယ်။ အဝတ်အစားတွေရော၊ ပါလာတဲ့ ပစ္စည်းတွေရော အားလုံးက အသစ်အတိုင်းပဲ။ ငါက သူတို့ထက် နည်းနည်း စောနိုးလာတာပဲ ရှိတာ။"
"သူတို့ရော ငါ့လိုပဲ သေဆုံးပြီးမှ ရောက်လာတာလား၊ ဒါမှမဟုတ် တခြားအကြောင်းကြောင့်များလား...."
ဖုန်းပုစီးတစ်ယောက်တည်း ရေရွတ်ရင်း မုတ်ဆိတ်နှင့် လူတစ်ယောက်၏ ကိုယ်အောက်မှ 'ဓားမ' တစ်လက်ကို ဆွဲထုတ်လိုက်၏။ ထိုဓားမှာလည်း အသစ်စက်စက်ပင်ဖြစ်သည်။ ဓားကို အသေအချာ စစ်ဆေးကြည့်ပြီးနောက် မူလနေရာမှာ ပြန်ထားလိုက်ကာ ဘေးပတ်ဝန်းကျင်က လူများအား ဆက်လက် စစ်ဆေးကြည့်မိသည်။
ထိုလူများ၏ နှလုံးခုန်နှုန်းနှင့် သွေးခုန်နှုန်းမှာ ပုံမှန်အတိုင်းရှိနေသည်။ သူတို့သည် သတိလစ်နေခြင်းထက် နှစ်ခြိုက်စွာ အိပ်မောကျနေသည့်အတိုင်းပင်။ ဖုန်းပုစီး ဆက်လက် စူးစမ်းမနေတော့ဘဲ မိမိကိုယ်ပေါ်ရှိ စိတ်ကျန်းမာရေးလူနာဝတ်စုံကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။
"ဘာပဲဝတ်ဝတ်ရပေမဲ့ ဒီလူနာဝတ်စုံကြီး ဆက်ဝတ်ထားဖို့ကတော့ တကယ်ကို အဆင်မပြေဘူး"
လူအများစုသည် စိတ်ကျန်းမာရေးဝတ်စုံအပေါ်တွင် အမြဲတမ်း အမြင်စောင်းတတ်ကြသည်မို့ သာမန်အဝတ်အစား အမြန်လဲရန်သာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။ မကြာမီမှာပင် ဖုန်းပုစီး အိပ်ပျော်နေသောသူတစ်ဦး၏ အဝတ်အစားများကို ချွတ်ယူလိုက်တော့သည်။ မိနစ်အနည်းငယ်အကြာတွင် ဝတ်စုံသစ်တစ်စုံအား လဲလှယ်ပြီးပြီဖြစ်သည်။
အပြာရောင် အားကစားဝတ်စုံ၊ လည်ပင်းတွင် ချိတ်ဆွဲထားသော နားကြပ်ဖြူဖြူနှင့် အိတ်ကပ်ထဲတွင် သီချင်းဖွင့်စက်တစ်ခု။ ချောမောခန့်ညားသော ရုပ်ရည်၊ ပြုံးရွှင်နေသော မျက်နှာထားတို့နှင့် ပေါင်းစပ်လိုက်သောအခါ သူသည် တက်ကြွဖော်ရွေသော လူငယ်လေးတစ်ဦးနှင့်ပင် တူနေတော့သည်။
အဝတ်အစားများအား သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက် ဖုန်းပုစီးသည် တေးဂီတစာရင်းအား အကြိမ်အနည်းငယ် လှန်လှောကြည့်ကာ "နောက်ထပ် နှစ်ပေါင်းငါးရာလောက် ဆက်အသက်ရှင်ချင်တယ်" ဆိုသည့် သီချင်းကို ရွေးချယ်ပြီး ထပ်တလဲလဲ နားဆင်နေလိုက်၏။
"မသေမျိုးလမ်းစဉ်ကို မရရှိသရွေ့တော့ လူဆိုတာ နောက်ဆုံးမှာ မြေပုံအောက်က ဝါကျင်ကျင် မြေကြီးပဲ ဖြစ်သွားကြရတာပဲ။ နှစ်ပေါင်းငါးရာဆိုတာ တကယ်တော့ အရမ်းတိုတောင်းလွန်းပါသေးတယ်..."
သီချင်းနားထောင်ရင်း ဖုန်းပုစီး သက်ပြင်းချကာ မိမိခန္ဓာကိုယ်၏ အခြေအနေကို ပြန်လည်စစ်ဆေးကြည့်သည်။ သူသည် ကိုယ်ကာယလေ့ကျင့်ခန်းကို အထူးတလည် မလုပ်ဆောင်ခဲ့သဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ သာမန်အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးထက် အနည်းငယ်သာ ပိုကောင်းလေသည်။
အရပ် ၁.၈၅ မီတာရှိသော သူသည် အမြင့်ခုန်ရာ၌ ဘတ်စကတ်ဘောခြင်းထဲကို အပေါ်ကစီးကနေ အသာလေး ရိုက်သွင်းနိုင်ရုံမျှသာ ရှိပြီး၊ ခံနိုင်ရည်ပိုင်းတွင်တော့ ဒိုက်အကြိမ်တစ်ထောင် ဆက်တိုက်ထိုးနိုင်ကာ မာရသွန်ပြေးပွဲတစ်ခုကို အေးအေးဆေးဆေး ပြေးနိုင်သည့် အဆင့်မှာသာ ရှိသည်။ အမြန်နှုန်းတွင်တော့ မီတာ ၁၀၀ ကို ၁၁ စက္ကန့်အောက် အနည်းငယ်အတွင်း ပြေးနိုင်ရုံမျှသာ။
သို့သော်လည်း ယခင်ဘဝ သေခါနီးအချိန်၌ သူသည် လူသားမျိုးနွယ်၏ သွေးသားကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်မည့် နည်းလမ်းအား ရှာဖွေတွေ့ရှိခဲ့သည်။ အကယ်၍ ယခုအချိန်၌ ထိုကန့်သတ်ချက်ကို ကျော်ဖြတ်လိုက်မည်ဆိုပါက သူသည် ဘတ်စကတ်ဘောတိုင်ထက်ပင် ကျော်အောင် ခုန်နိုင်မည်ဖြစ်ပြီး မီတာ ၁၀၀ အပြေးကမ္ဘာ့စံချိန်ကိုပင် အလွယ်တကူ ချိုးဖျက်နိုင်ပေလိမ့်မည်။
လူသားတို့သည် အရေးကြုံလာသည့် အခိုက်အတန့်များတွင် မိမိတို့၏ ပုံမှန်စွမ်းအားထက် ကျော်လွန်သော ခွန်အားများအား ဖော်ထုတ်နိုင်တတ်ကြသည်။ ဥပမာ တောင်တက်သမားတစ်ဦး အသက်အန္တရာယ်ကြုံချိန်တွင် မိမိကို ဖိထားသော ကျောက်တုံးကြီးအား တွန်းဖယ်နိုင်ခြင်း၊ အရက်သမားတစ်ဦးက ဝက်ဝံကြီးကို ပြန်လည်တိုက်ခိုက်နိုင်ခြင်းနှင့် စစ်သည်အချို့ သေရေးရှင်ရေး တိုက်ပွဲများအတွင်း အချိန်စီးဆင်းမှု နှေးကွေးသွားသကဲ့သို့ ခံစားရခြင်းတို့ ဖြစ်သည်။
ယခုအခါ ဖုန်းပုစီးသည် လူသားခန္ဓာကိုယ်အတွင်း ဖုံးကွယ်နေသော ထိုစွမ်းအားများအား လှုံ့ဆော်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ အကယ်၍ သာမန်လူတစ်ဦး၏ ခွန်အားကို (၁၀) ဟု သတ်မှတ်လျှင် သူ၏ ခွန်အားမှာ (၁၂) ခန့် ရှိမည်ဖြစ်သော်လည်း သွေးသားကန့်သတ်ချက်ကို ကျော်ဖြတ်လိုက်သည့် ခဏ၌ သူ၏ ခွန်အားမှာ (၃) ဆခန့် ချက်ချင်း မြင့်တက်သွားကာ (၃၆) သို့မဟုတ် ထိုထက်မက မြင့်တက်သွားနိုင်၏။
ခွန်အားတင်မကဘဲ အမြန်နှုန်း၊ အာရုံငါးပါးနှင့် တုံ့ပြန်မှုများပါ ထိုနည်းတူပင် ဖြစ်သည်။ ကန့်သတ်ချက်များအားလုံးကို အကုန်အစင် ဖွင့်ထုတ်လိုက်နိုင်သည့်အခါ သူသည် လူသားထက်သာလွန်သော စွမ်းရည်များကို ရရှိပေလိမ့်မည်။
ယခင်ဘဝက သူသည် ဤကဲ့သို့သော စွမ်းအားရှင်ခံစားချက်၌ နှစ်မြောနေခဲ့မိသဖြင့် မိမိကိုယ်မိမိ အရာရာကို တတ်စွမ်းနိုင်သည်ဟု မှားယွင်းစွာ ယုံကြည်ခဲ့မိသည်။ ထိုအမှားကြောင့်ပင် သူ၏ အားနည်းသော ခန္ဓာကိုယ်ကို လျစ်လျူရှုမိကာ နောက်ဆုံးတွင် သေဆုံးခဲ့ရခြင်း ဖြစ်၏။
အမှန်စင်စစ် ထိုစဉ်က သူ အလောတကြီး မလုပ်ဆောင်ခဲ့လျှင်ပင် ကန့်သတ်ချက်များး ချိုးဖျက်လိုက်သည့်အတွက် ခန္ဓာကိုယ်၏ တန်ပြန်ရိုက်ခတ်မှုက်ု ခံစားရမည်ဖြစ်ကာ ပြန်လည်နာလန်ထူရန် လပေါင်းများစွာ ကြာမြင့်နိုင်ပေသည်။
သွေးသားကန့်သတ်ချက်ကို ကျော်ဖြတ်ပြီး မကြာမီ ဖုန်းပုစီး၏ ထိန်းချုပ်မှုအောက်တွင် သူ၏ ညာဘက်လက်မောင်းမှာ ပြင်းထန်စွာ တုန်ခါလာပြီး ကြွက်သားများနှင့် သွေးကြောများ ဖောင်းကားလာတော့သည်။ တစ်ချိန်တည်းမှာပင် ညာဘက်လက်မောင်းတစ်ခုလုံးကို အပ်ပေါင်းထောင်သောင်းချီ၍ ထိုးဆွနေသကဲ့သို့ ပြင်းထန်သော နာကျင်မှု ရောက်ရှိလာ၏။ သာမန်လူသားတစ်ဦး မခံမရပ်နိုင်လောက်သော ဝေဒနာကို ရင်ဆိုင်နေရသော်လည်း ဖုန်းပုစီးမှာ နွေဦးလေပြေကို ခံစားနေရသကဲ့သို့ တောက်ပသော အပြုံးဖြင့် ပြုံးနေခဲ့သည်။
ဤနာကျင်မှုထက် အဆပေါင်းများစွာ ပိုပြင်းထန်လျှင်ပင် သူသည် တည်ငြိမ်စွာဖြင့် ခံနိုင်ရည်ရှိပေသည်။ ဝိညာဉ်စွမ်းအင် ဆိတ်သုဉ်းနေသော ခေတ်ကာလတွင် မည်သည့် ကျင့်စဉ်ကိုမျှ ကျင့်ကြံရန် မဖြစ်နိုင်သော်လည်း စိတ်ကျင့်စဉ် ကိုတော့ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။
သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှာ မယုံနိုင်လောက်အောင်ပင် မြင့်မားလှ၏။ စမ်းသပ်မှု ပြုလုပ်ပြီးနောက် ဤကမ္ဘာတွင်လည်း လူသားခန္ဓာကိုယ်၏ ကန့်သတ်ချက်ဘောင်များကို ချိုးဖျက်နိုင်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ဖုန်းပုစီးအတွက်တော့ ထိုအတားအဆီးကို ဖွင့်ရန်မှာ မခက်ခဲလှဘဲ နည်းလမ်းကို ရှာဖွေတွေ့ရှိရန်သာ အခက်ခဲဆုံးဖြစ်သည်။
ထိုအရာသည် အချို့သောသူများက မိမိနားရွက်ကို လှုပ်ရှားနိုင်သော်လည်း အချို့က မည်သို့မျှ မသင်ယူနိုင်ခြင်းနှင့် တူညီသည်။ နည်းလမ်းကို သိရှိသွားပြီဆိုပါက မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို မိမိ၏ စိတ်ဆန္ဒဖြင့် ကန့်သတ်ချက်ကို ချိုးဖျက်နိုင်မည်ဖြစ်သည်။
အထူးသဖြင့် မိမိ၏ စိတ်အာရုံကို အသားမျှင်များ၊ အာရုံကြောများနှင့် သွေးသားများအပေါ် သက်ရောက်စေကာ ချိတ်ဆက်မှုတစ်ခု ဖန်တီးယူခြင်းပင်။ ၎င်းသည် မိမိကိုယ်မိမိ အိပ်မွေ့ချခြင်းနှင့် ဆင်တူသော်လည်း စိတ်အာရုံကို အမြဲတမ်း တည်ငြိမ်နေအောင် ထိန်းထားရမည်ဖြစ်၏။
ဤကန့်သတ်ချက် ချိုးဖျက်ခြင်း နည်းလမ်းကို ရရှိရန် သူသည် သေမင်းနှင့် စစ်ခင်းကာ အကြိမ်ပေါင်းများစွာ မိမိကိုယ်မိမိ လှုံ့ဆော်ခဲ့ရသည်။ ဆေးရုံခေါင်မိုး၏ နံရံအစွန်း၌ ခန္ဓာကိုယ်က လက်မခံနိုင်တော့သည့်အထိ လက်တွဲခိုလေ့ကျင့်ခြင်း၊ သံချောင်းများဖြင့် ပြုလုပ်ထားသော မြားထောင်ချောက်များဖြင့် မိမိကိုယ်မိမိ ပစ်ခတ်ကာ တုံ့ပြန်မှုစွမ်းရည်ကို အစွမ်းကုန် မြှင့်တင်ခြင်းနှင့် တခြားလူနာများ၏ ဆေးဝါးများကို အလွန်အကျွံ သောက်သုံးကာ ဆေးယဉ်ပါးမှုကို စမ်းသပ်ခြင်း စသည်တို့ဖြစ်သည်။ လောရင့်ဇ်စိတ်ကျန်းမာရေးဆေးရုံတွင် နေထိုင်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်အတွင်း သူ ဤကဲ့သို့သော စမ်းသပ်မှုများအား အကြိမ်ပေါင်း ထောင်ချီ၍ လုပ်ဆောင်ခဲ့သည်။
ကန့်သတ်ချက် ချိုးဖျက်ရန် စမ်းသပ်နေမှုကို ဖုန်းပုစီး ချက်ချင်းရပ်တန့်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် အချိန်ခဏအတွင်းမှာပင် သူ၏ ညာဘက်လက်မောင်းမှာ အကြီးအကျယ် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ လက်မောင်းတစ်ခုလုံး နီရဲရောင်ကိုင်းလာကာ လက်ကောက်ဝတ်နှင့် တံတောင်ဆစ်ရှိ ကြွက်သားများ မထိန်းချုပ်နိုင်အောင် တုန်ခါနေပြီး အားအင်ကုန်ခမ်း၍ လှုပ်ရှားရန်ပင် ခက်ခဲသွားတော့သည်။
အကြောင်းရင်းမှာ သူ၏ ကန့်သတ်ချက်ချိုးဖျက်ခြင်း နည်းလမ်းသည် အခြေခံအဆင့်မှာသာ ရှိသေး၍ဖြစ်သည်။ ခန္ဓာကိုယ်၏ မည်သည့်နေရာကိုမဆို ရွေးချယ်၍ ကန့်သတ်ချက် ချိုးဖျက်နိုင်သော်လည်း ထွက်ပေါ်လာမည့် စွမ်းအားပမာဏကိုတော့ မထိန်းချုပ်နိုင်သေးပေ။ တစ်ခါချိုးဖျက်လိုက်သည်နှင့် အမြင့်ဆုံးစွမ်းအားသာ ထွက်ပေါ်လာသောကြောင့် ခန္ဓာကိုယ်အပေါ်၌ ဖိအား အလွန်ကြီးမားလှသည်။
"ငါ့ရဲ့ အရင်ဘဝမှတ်ဉာဏ်တွေ အမြန်ဆုံးပြန်ရနိုင်ရင်တော့ အကောင်းဆုံးပဲ..."
ဖုန်းပုစီး တိုးတိုးလေး ရေရွတ်လိုက်လေတော့သည်။
မှတ်ချက်။ ။ ဇာတ်လိုက်သည် စိတ်ဝေဒနာတစ်မျိုးကို ခံစားနေရ၍ သူ့ကိုယ်သူ အတိတ်ဘဝက ပြန်လည်ဝင်စားလာသူလို့ အခိုင်အမာ ယုံကြည်နေသူ ဖြစ်သည်။ (အတိတ်ဘဝဆိုသည်မှာ စာဖတ်သူတို့ ကမ္ဘာနှင့်ဆင်သော အပြာရောင်ဂြိုလ်တစ်ခုပေါ်က ဘဝ၏ အရင်က ဘဝကိုဆိုလိုခြင်းဖြစ်သည်။)