အရုဏ်ဦး၏ ပထမဆုံး အလင်းတန်းမှာ ဧည့်ခန်းအတွင်းသို့ ဖြတ်သန်းဝင်ရောက်လာသည်။ လင်းကျိုးသည် တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏ အရှိန်အဝါကို အစွမ်းကုန် ထိန်းချုပ်ထားသည်။ သို့သော် သူ၏ ဒန်တျန် အတွင်း၌မူ သူ၏ ဝိညာဉ်စွမ်းအားများသည် ကမ္ဘာမြေကို တုန်ဟိန်းစေမည့် အသွင်ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့နေရသည်။
ချီသန့်စင်ခြင်း အဆင့် ၁၂ အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်စွမ်းအားများသည် မူလက ဒန်တျန် အတွင်း၌ ထူထပ်သော မြူခိုးများကဲ့သို့ ပြည့်နှက်နေခဲ့သော်လည်း ယခုအခါ 'မီးတောက်လောင်ကျွမ်းခြင်း ကျင့်စဉ်' ၏ အထွတ်အထိပ် အဆင့် လမ်းညွှန်မှုအောက်တွင် မမြင်ရသော အင်အားတစ်ခုဖြင့် ဖိသိပ်ခြင်း၊ ခဲစေခြင်းနှင့် အသွင်ပြောင်းခြင်းများကို ခံနေရသည်။
"ဝုန်း"
သူ၏ ခန္ဓာကိုယ်အတွင်းမှ တိုးညှင်းသော ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ဒန်တျန် ၏ အလယ်ဗဟိုတွင် အလွန်တရာ သန့်စင်သော အရည်ကြည် ဝိညာဉ်စွမ်းအား တစ်စက်မှာ ဖြည်းဖြည်းချင်း ပုံဖော်လာသည်။ လင်းကျိုး၏ စိတ်မှာ တည်ငြိမ်နေပြီး ကျင့်စဉ်ကို ဆက်လက် လည်ပတ်နေသည်။ သူလေ့ကျင့်ထားသော 'မီးတောက်လောင်ကျွမ်းခြင်း ကျင့်စဉ်' မှာ ကြာမြင့်စွာကပင် နက်ရှိုင်းဆန်းပြားသော နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ယခု အခြေခံအုတ်မြစ် တည်ဆောက်စဉ်တွင် ထိုကျင့်စဉ်၏ ထူးခြားသော ဝိသေသလက္ခဏာများမှာ အပြည့်အဝ ထွက်ပေါ်လာနေပြီ ဖြစ်သည်။
ဒုတိယတစ်စက်၊ တတိယတစ်စက်...
အရည်ကြည် ဝိညာဉ်စွမ်းအားများသည် ဒန်တျန် အတွင်း၌ နက်ရှိုင်းသော ရေကန်တစ်ခုထဲသို့ မိုးစက်များ ကျလာသကဲ့သို့ ဆက်တိုက် ခဲလာကြသည်။ အစက်တိုင်းတွင် သန့်စင်သော မီးဓာတ် ဝိညာဉ်စွမ်းအားများ ပါဝင်နေပြီး ရွှေနီ (ကြက်သွေး)ရောင် အလင်းဖျော့ဖျော့ တောက်ပလျက် ချီပင်လယ်အတွင်းသို့ ဖြည်းဖြည်းချင်း စီးဝင်သွားသည်။
တစ်ပြိုင်နက်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှာလည်း အပြောင်းအလဲများ စတင် ဖြစ်ပေါ်လာသည်။ အမည်းရောင် အညစ်အကြေးများမှာ သူ၏ အရေပြားပေါ်မှ စိမ့်ထွက်လာသည် ၎င်းတို့မှာ နှစ်ပေါင်းများစွာအတွင်း ခန္ဓာကိုယ်ထဲတွင် စုပုံနေခဲ့သော အညစ်အကြေးများ ဖြစ်သည်။ ယခုအခါ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း၏ ရိုးတွင်းခြင်ဆီ ဆေးကြောမှုဖြင့် ၎င်းတို့အားလုံးကို ခန္ဓာကိုယ်ပြင်ပသို့ တွန်းထုတ်နေခြင်း ဖြစ်သည်။
သူ့အတွင်းပိုင်းမှ "တဖြောက်ဖြောက်" မြည်သံလေးများ ထွက်လာသည်။ ၎င်းမှာ သူ၏ ကြွက်သားများနှင့် အရိုးများ ပြန်လည် ပုံဖော်နေခြင်းပင်။ အရည်ကြည် ဝိညာဉ်စွမ်းအားများ၏ ဆေးကြောမှုအောက်တွင် သူ၏ သွေးကြော များမှာ ပိုမို ပျော့ပျောင်း ကျယ်ပြန့်လာသည်။ သူ၏ အရိုးများပေါ်တွင် ကျောက်စိမ်းကဲ့သို့ အလင်းဖျော့ဖျော့ ပေါ်လာပြီး သူ၏ ရိုးတွင်းခြင်ဆီ နက်နက်ရှိုင်းရှိုင်းမှ သက်စောင့်အားသစ်များ ဝေဖြာလာသည်။
အသိသာဆုံး အပြောင်းအလဲမှာ ဒန်တျန် တွင် ဖြစ်သည်။ ၎င်းမှာ ဖြည်းဖြည်းချင်း ကျယ်လာသည် နှစ်ဆ၊ သုံးဆ... နောက်ဆုံးတွင် မူလအရွယ်အစား၏ ဆယ်ဆအထိ ရောက်ရှိသွားသည်။ ကျယ်ပြောလှသော ဒန်တျန် အတွင်း၌ အရည်ကြည် ဝိညာဉ်စွမ်းအားများသည် ရွှေနီရောင် ရေကန်တစ်ခုကဲ့သို့ တိတ်ဆိတ်စွာ စီးဆင်းနေသည်။ သူ၏ သိစိတ်ပင်လယ် မှာလည်း ရုတ်တရက် ဆယ်ဆမျှ မြင့်တက်လာသည်။
သူသည် မိမိခန္ဓာကိုယ်အတွင်းမှ အပြောင်းအလဲများကို ခံစားနေရသည်။ ဝိညာဉ်စွမ်းအား စုစုပေါင်း ပမာဏမှာ ချီသန့်စင်ခြင်း အထွတ်အထိပ်တွင် ရှိစဉ်ကထက် ဆယ်ဆ ပိုများလာသည်။
သို့သော် ၎င်းမှာ ပမာဏပြောင်းလဲမှုသာ ဖြစ်သည်။ အရည်အသွေး ပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှုမှာ ပို၍ပင် ထိတ်လန့်စရာ ကောင်းသည်၊ ယခုအခါ အရည်ကြည် ဝိညာဉ်စွမ်းအား တစ်မျှင်တွင် ပါဝင်သော စွမ်းအင်မှာ ယခင်က ဓာတ်ငွေ့အသွင် ဝိညာဉ်စွမ်းအား ဆယ်မျှင်နှင့် ညီမျှသည်။
ခြုံငုံကြည့်လျှင် သူ၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းအားမှာ ဆယ်ဆမက တိုးတက်လာခဲ့ပြီ ဖြစ်သည်။
ရိုးတွင်းခြင်ဆီ ဆေးကြောပြီး အညစ်အကြေးများ ဖယ်ရှားပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ မွေးကင်းစကလေးငယ် တစ်ဦးကဲ့သို့ သန့်စင်သွားသည်။
သူ၏ သွေးကြောများသည် ပိုမိုပြင်းထန်သော ဝိညာဉ်စွမ်းအား လည်ပတ်မှုကို ခံနိုင်ရည်ရှိလာသည်။ သူ၏ အရိုးများမှာ ကျောက်စိမ်းကဲ့သို့ ဖြစ်လာပြီး သူ၏ သက်တမ်းမှာလည်း အနည်းဆုံး နောက်ထပ် ၁၅၀ နှစ် တိုးလာရာ သူ၏ စုစုပေါင်း သက်တမ်းမှာ အနှစ် ၃၀၀ ခန့် ဖြစ်လာသည်။
သာမန် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အာရုံမှာ တစ်မိုင်ပတ်လည်သာ ရှိနိုင်သော်လည်း ယခုအခါ လင်းကျိုး၏ ဝိညာဉ်အာရုံမှာ ဆယ်မိုင်အထိ ရောက်ရှိသွားပြီ ဖြစ်သည်။ လင်းကျိုးသည် လေကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်။
အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အစောပိုင်းအဆင့် (၁/၁၀၀)
အခြေခံအုတ်မြစ် တည်ဆောက်ခြင်း... ပြီးဆုံးသွားပြီ။
အခြေခံအုတ်မြစ် တည်ဆောက်ပြီးနောက် ဝိညာဉ်စွမ်းအားမှာ ဖိသိပ်သွားသည်၊ ဝိညာဉ်စွမ်းအား တစ်ခါတိုးရန် ကျင့်စဉ်ကို ဆယ်ကြိမ်တိုင်တိုင် လည်ပတ်ရပြီး အဆင့်မြင့် ဝိညာဉ်စုစည်းဆေးလုံးများ၏ အာနိသင်မှာလည်း သိသိသာသာ လျော့နည်းသွားပြီ ဖြစ်သည်။
ထားလိုက်ပါတော့၊ အဲဒါကို အခု လောလောဆယ် စိတ်မပူသေးဘူး။
လင်းကျိုး ထရပ်လိုက်ရာ သူ၏ အရိုးများမှာ ကြာမြင့်စွာ အိပ်စက်ရာမှ နိုးထလာသူကဲ့သို့ တဂျောက်ဂျောက် မြည်သွားသည်။ သူ၏ လက်များကို ကြည့်လိုက်ရာ အရေပြားမှာ ကျောက်စိမ်းကဲ့သို့ နူးညံ့ စိုပြည်နေပြီး ၎င်းပေါ်တွင် ရတနာတစ်ခုကဲ့သို့ အလင်းဖျော့ဖျော့လေးများ စီးဆင်းနေသည်။ သူ လက်သီးကို အသာအယာ ဆုပ်လိုက်ရာ ဖိအားကြောင့် လေထဲတွင် တိုးညှင်းသော ပေါက်ကွဲသံလေး ထွက်လာသည်။
ခွန်အား…မကြုံစဖူးသော ခွန်အားများမှာ သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသည်။ သို့သော် သူ သာယာမနေပေ။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းမှာ အစသာ ရှိသေးသည်၊ မသေမျိုးလမ်းစဉ်မှာ ရှည်လျားလှပြီး သူသည် စစ်မှန်သော ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်ရုံသာ ရှိသေးသည်။
သူ၏ လက်ကို ဝေ့ယမ်းလိုက်ရာ သန့်စင်ခြင်းမန္တန်တစ်ခုဖြင့် ခန္ဓာကိုယ်မှ ထွက်လာသော အညစ်အကြေးများ အားလုံး ကွယ်ပျောက်သွားသည်။ သန့်ရှင်းသော ဝတ်ရုံဖြူကို လဲလှယ်ပြီးနောက် လင်းကျိုးသည် ဧည့်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ နံနက်ခင်း အလင်းရောင်မှာ ဝင်းအတွင်းသို့ ကျရောက်နေပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဝမ်မိသားစု စံအိမ်၌ ဖြစ်သည်။
အစည်းအဝေးခန်းမအတွင်းရှိ အခြေအနေမှာ သံမဏိကဲ့သို့ လေးလံနေသည်။ ဝမ်လီရှန်းသည် ခန်းမအလယ်တွင် မျက်နှာဖြူလျော့လျက် ရပ်နေသည်။ သူ၏ ဘယ်ဘက်ပခုံးမှ ဒဏ်ရာမှာ ပြန်မကောင်းသေးဘဲ အဆင့်မြင့် ကုသရေးဆေးလုံး သောက်သော်လည်း မထူးခြားပေ။ သူ၏ရှေ့တွင် မိသားစုအကြီးအကဲ ဝမ်ရှိုရန်သည် အဓိကထိုင်ခုံတွင် ထိုင်နေပြီး သူ၏ အမူအရာမှာ တည်ကြည်လှသည်။ ဝမ်မိသားစု အကြီးအကဲ ငါးဦးမှာ ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေကြပြီး အားလုံးမှာ မကျေမနပ် ဖြစ်နေကြသည်။
"ရှစ်ယောက်သွားတာ၊ ခုနစ်ယောက် ဒဏ်ရာနဲ့ ပြန်လာတယ်၊ တစ်ယောက် သေတယ်"
ဝမ်ရှိုရန်၏ အသံမှာ အေးစက်လှသည်။
"ဝမ်လီရှန်း၊ မင်း ငါ့ကို ရှင်းပြချက်တစ်ခု ပေးသင့်တယ် မထင်ဘူးလား"
ဝမ်လီရှန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး ခြောက်ကပ်သောအသံဖြင့် ပြောသည်
"မိသားစုအကြီးအကဲ၊ အဲဒီ လင်းကျိုး ဆိုတဲ့လူက... သာမန် ကျိုးကြောင်းဆင်ခြင်မှုနဲ့ တိုင်းတာလို့ မရတဲ့သူပါ"
"ချီသန့်စင်ခြင်း အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်ကို သာမန် ကျိုးကြောင်းဆင်ခြင်မှုနဲ့ တိုင်းလို့မရဘူး ဟုတ်လား"
အကြီးအကဲတစ်ဦးက နှာခေါင်းရှုံ့လိုက်သည် "ဝမ်လီရှန်း၊ မင်း အရမ်း ကြောက်သွားလို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလား"
ဝမ်လီရှန်း ရုတ်တရက် မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုများ ရောပြွမ်းနေသည်
"အဓိပ္ပာယ်မရှိတာ ဟုတ်လား မင်းတို့ အဲဒီမြင်ကွင်းကို မမြင်လိုက်လို့ပါ။ သူ လက်တစ်ချက် ဝေ့ယမ်းလိုက်တာနဲ့ ဝမ်(၁၇) ရဲ့ ကိုယ်ပေါ်မှာ မီးတွေ တောက်လာတာ။ ချီသန့်စင်ခြင်း အဆင့် ၈ ကျင့်ကြံသူက အသက်တစ်ချက်ရှူတဲ့ အချိန်အတွင်းမှာပဲ ပြာဖြစ်သွားတာ …သူ အော်ဖို့တောင် အချိန်မရလိုက်ဘူး"
အစည်းအဝေးခန်းမအတွင်း ခေတ္တမျှ တိတ်ဆိတ်သွားသည်။
"ဘယ်လို မီးမျိုးလဲ" အခြားအကြီးအကဲတစ်ဦးက မျက်မှောင်ကြုတ်သည်
"ရွှေဖျော့ရောင် ခန္ဓာကိုယ်အတွင်းပိုင်းကနေ လောင်တာ" ဝမ်လီရှန်း၏ အသံ တုန်ရီနေသည် "ဝိညာဉ်စွမ်းအား လှုပ်ခတ်မှုလည်း မရှိဘူး၊ မန္တန်ရွတ်တဲ့ အရိပ်အယောင်လည်း မရှိဘူး။ လက်တစ်ချက် ဝေ့ရုံနဲ့ လူက စလောင်တာပဲ"
သူ ခေတ္တရပ်ကာ ဆက်ပြောသည်
"ပြီးတော့ အဲဒီ အလင်းဓား ခုနစ်စင်း။ အနီရောင်၊ ပူပြင်းတဲ့ ဓားဆန္ဒတွေ ပါတာ။ ငါတို့ရဲ့ ကာကွယ်ရေး မှော်ပစ္စည်းတွေနဲ့ ဝိညာဉ်စွမ်းအား ဒိုင်းတွေက အဲဒီဓားတွေရှေ့မှာ စက္ကူလိုပဲ။ ဓားတွေက ကာကွယ်မှုကို ထိုးဖောက်သွားချိန်မှာ မှော်ပစ္စည်းတွေရဲ့ ဝိညာဉ်အလင်းက တစ်ချက်တောင် တုန်မသွားဘူး"
ဝမ်ရှိုရန် မျက်မှောင်ကြုတ်လိုက်သည် "ဆိုလိုတာက... သူ့ရဲ့ မန္တန်တွေက ကာကွယ်မှုကို လျစ်လျူရှုနိုင်တယ် ပေါ့"
"လျစ်လျူရှုတာ မဟုတ်ဘူး" ဝမ်လီရှန်း ခေါင်းခါသည် "ဒါက... အဆင့်အတန်း မတူတဲ့ အရာတစ်ခုပဲ။ အဲဒီ အလင်းဓားတွေက မှော်ပစ္စည်းတွေကို ဖြတ်သွားတဲ့အချိန်မှာ ငါခံစားရတာက... အဲဒီ မှော်ပစ္စည်းတွေက မရှိသလိုပဲ။ အဲဒါတွေကို ဖျက်ဆီးတာ မဟုတ်ဘူး၊ အဲဒါတွေကို လုံးဝ ဂရုမစိုက်ဘဲ ကျော်သွားတာ"
ဤစကားများက ခန်းမအတွင်းရှိ လူတိုင်းကို အတွေးနက်သွားစေသည်။ ကျင့်ကြံခြင်းလောကတွင် မန္တန်ပေါင်း ထောင်ချီရှိသည်၊ အချို့မှာ ကာကွယ်မှုကို ဖျက်ဆီးရန် အထူးပြုသည်၊ အချို့မှာ အစွမ်းထက်သည်၊ သို့သော် ကာကွယ်မှုကို 'ဂရုမစိုက်ဘဲ ကျော်သွားနိုင်သော' မန္တန်မျိုး ဘယ်သူမှ မကြားဖူးပေ။
"သူ့ရဲ့ မန္တန်အဆင့်က မှော်ပစ္စည်းတွေရဲ့ အဆင့်ထက် အများကြီး သာလွန်နေလို့ပဲ ဖြစ်ရမယ်" ဆံပင်ဖြူ အကြီးအကဲတစ်ဦးက ဖြည်းဖြည်းချင်း ပြောသည်။
"ဒါပေမဲ့ သူက ချီသန့်စင်ခြင်း အဆင့်မှာပဲ ရှိသေးတာလေ" တစ်ယောက်က ပြန်ချေပသည်။
"ဒါကြောင့်ပဲ သူ့ကို သာမန် ကျိုးကြောင်းဆင်ခြင်မှုနဲ့ တိုင်းလို့မရဘူးလို့ ငါပြောတာ" ဝမ်လီရှန်း ခါးသီးစွာ ပြုံးလိုက်သည် "ပြီးတော့ သူက ဆေးဆရာလို့ ပြောတယ်။ ဒါပေမဲ့ ဘယ်လို ဆေးဆရာမျိုးက ဒီလောက် တိုက်ခိုက်ရေးစွမ်းအား ရှိမှာလဲ။ ဘယ်လို ဆေးဆရာမျိုးက မန္တန်တွေကို ဒီအဆင့်အထိ လေ့ကျင့်နိုင်မှာလဲ"
ဝမ်ရှိုရန် အကြာကြီး တိတ်ဆိတ်နေပြီးမှ ရုတ်တရက် မေးသည် "သူ နောက်ဆုံး ဘာပြောသွားလဲ"
"ချင်ရွမ်းနန်းဆောင်က ဒီနေ့ကစပြီး တရားဝင် ဖွင့်ပြီလို့ ပြောတယ်။ ငါတို့ ဝမ်မိသားစုဆီကနေ တောင်းပန်မှုနဲ့ လျော်ကြေး လိုချင်တယ်၊ အသေးစိတ် အချက်အလက်တွေကို လူလွှတ်ပို့မယ်တဲ့။ ပြီးတော့..." ဝမ်လီရှန်း ခေတ္တ တွန့်ဆုတ်သွားသည် "အကယ်၍ နောက်တစ်ကြိမ် ရှိလာရင် သူကိုယ်တိုင် ဝမ်မိသားစု စံအိမ်ကို လာပြီး မိသားစုအကြီးအကဲနဲ့ 'ကောင်းကောင်း စကားပြောမယ်' တဲ့"
"မောက်မာလှချည်လား" စိတ်တိုတတ်သော အကြီးအကဲတစ်ဦး စားပွဲကို ရိုက်ကာ ထရပ်လိုက်သည်။
"မောက်မာတာ ဟုတ်လား" ဝမ်ရှိုရန် သူ့ကို ကြည့်လိုက်သည် "ဝမ်လီရှန်းက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အစောပိုင်းအဆင့် ရှိတာတောင် သူ့ရှေ့မှာ တစ်ကွက်တောင် မခံနိုင်ဘူး။ ဒါက မောက်မာတာလို့ မင်းထင်လား၊ ဒါမှမဟုတ် အမှန်တရားလား"
ထိုအကြီးအကဲ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထိုင်သွားသည်။ ခန်းမအတွင်း တိတ်ဆိတ်မှု ပြန်လည် စိုးမိုးသွားပြန်သည်။
အချိန်အတော်ကြာပြီးနောက် ဝမ်ရှိုရန် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
"လက်ဆောင်တွေ ပြင်ပါbငါကိုယ်တိုင် ဖုယွမ်ခန်းမကို သွားမယ်"
"မိသားစုအကြီးအကဲ" အကြီးအကဲများ အားလုံး ပြိုင်တူ ထရပ်လိုက်ကြသည်။
"ဒီကိစ္စကို ဖြေရှင်းရမယ်" ဝမ်ရှိုရန် လက်ကာပြလိုက်သည်၊ သူ၏ အမူအရာမှာ ခိုင်မာလှသည် "အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ကျွမ်းကျင်သူကို အလွယ်တကူ သတ်နိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ဟာ သူ့ရဲ့ ကျင့်ကြံမှုက ဘယ်လောက်ပဲ နိမ့်နေပါစေ ငါတို့ ဝမ်မိသားစု ရန်စသင့်တဲ့သူ မဟုတ်ဘူး။ သူ လာပြီး 'စကားပြော' တာကို စောင့်နေမယ့်အစား ကိုယ့်ဘက်ကနေ အရင်သွားပြီး ဒါကို ဖြေရှင်းတာ ပိုကောင်းတယ်"
သူ ခေတ္တရပ်ကာ ဝမ်လီရှန်းကို ကြည့်သည်
"မင်း ငါနဲ့ လိုက်ခဲ့ တောင်းပန်ဖို့ လိုရင် တောင်းပန်မယ်၊ လက်ဆောင်ပေးဖို့ လိုရင် ပေးမယ်။ ဝမ်မိသားစုက ဒီစျေးကွက်မှာ မျိူးဆက်သုံးဆက်တိုင်တိုင် ရပ်တည်နိုင်ခဲ့တာက ခေါင်းမာလို့ မဟုတ်ဘူး၊ အခြေအနေကို သေချာ သုံးသပ်နိုင်လို့ပဲ"
"ဒါပေမဲ့ ဒီလိုလုပ်ရင် ဝမ်မိသားစုရဲ့ မျက်နှာက..." အကြီးအကဲတစ်ဦးက မကျေမနပ် ပြောသည်။
"မျက်နှာ ဟုတ်လား" ဝမ်ရှိုရန် ပြုံးလိုက်သည်၊ ၎င်းမှာ နာကျင်မှုများ ပါဝင်သော အပြုံးမျိုး ဖြစ်သည် "ကျင့်ကြံခြင်းလောကမှာ ခွန်အားက မျက်နှာပဲ။ အကယ်၍ ဒီည သေတဲ့သူက ငါသာဆိုရင် မနက်ဖြန်မှာ ဝမ်မိသားစုကို တခြားမိသားစုတွေက ဝါးမြိုပစ်ကြလိမ့်မယ်။ အဲဒီအချိန်ကျရင် ဝမ်မိသားစုမှာ မျက်နှာရှိမရှိ ဘယ်သူက ဂရုစိုက်မှာလဲ"
သူ နောက်ထပ် မပြောတော့ဘဲ အစည်းအဝေးခန်းမအတွင်းမှ ထွက်သွားတော့သည်။
ချန်ယွမ်စျေးအုပ်ချုပ်သူ၏ စံအိမ်၊ စာကြည့်ခန်း။
ကျောက်ထျန်းရှုန်းသည် သူ၏ လက်အောက်ငယ်သား သတင်းပို့သည်ကို နားထောင်ပြီးနောက် သူ၏ လက်ထဲမှ လက်ဖက်ရည်ခွက်မှာ "ခရက်" ဟု မြည်ကာ အက်ကြောင်းလေးတစ်ခု ပေါ်သွားသည်။
"ဝမ်ရှိုရန် ကိုယ်တိုင် သွားပြီး တောင်းပန်တာလား"
သူ၏ အသံမှာ တည်ငြိမ်နေသော်လည်း မျက်လုံးထဲတွင် အမူအရာများ ပြောင်းလဲနေသည်။
"ဟုတ်ကဲ့" လက်အောက်ငယ်သားက ဦးညွှတ်သည် "သူက တတိယ အကြီးအကဲ ဝမ်လီရှန်းကို ခေါ်ပြီး လက်ဆောင်တွေနဲ့ ဖုယွမ်ခန်းမဆီ သွားနေပါပြီ"
ကျောက်ထျန်းရှုန်း ပျက်စီးသွားသော ခွက်ကို ချလိုက်ပြီး ပြတင်းပေါက်နားသို့ လျှောက်သွားကာ ဖုယွမ်ခန်းမရှိရာဘက်သို့ ကြည့်လိုက်သည်။ သူသည် ကျားကို မောင်းထုတ်ပြီး ဝံပုလွေကို ဝါးမြိုခိုင်းသည့် ထောင်ချောက်ကို ဆင်ခဲ့ခြင်း ဖြစ်သည်၊ မူလက ဝမ်မိသားစုနှင့် လျိုမိသားစုကို ထိုလျှို့ဝှက်အင်အားစုနှင့် တိုက်ခိုင်းပြီး နှစ်ဖက်လုံး အင်အားကုန်သွားချိန်တွင် သူက ကြားကနေ အမြတ်ထုတ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ဝမ်မိသားစုက တစ်ညတည်းနှင့် ရှုံးနိမ့်သွားပြီး မိသားစုအကြီးအကဲကိုယ်တိုင် သွားတောင်းပန်ရလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
အဲဒီ လင်းကျိုး... သူက တကယ့်ကို ဘယ်သူလဲ။
"လျိုမိသားစုကော ဘယ်လိုလဲ" သူ မေးလိုက်သည်။
"လျိုကျန့်ဟိုင်က ဒီမနက်မှာ 'သွားတွေ့ဖို့' စီစဉ်ထားတာပါ၊ ဒါပေမဲ့ ဝမ်မိသားစု သတင်းကို ကြားပြီးနောက် အစီအစဉ်ကို ဖျက်လိုက်ပါတယ်။ အခု လျိုမိသားစု စံအိမ်က တံခါးတွေကို တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး အခြေအနေကို စောင့်ကြည့်နေပုံရပါတယ်"
ကျောက်ထျန်းရှုန်း ခေါင်းညိတ်လိုက်သည်၊ သူ၏ စိတ်ထဲတွင် တွက်ချက်မှုများစွာ ဖြစ်ပေါ်နေသည်။ သူ ဝမ်ရှိုရန်ကို သိသည်၊ ထိုလူမှာ အရာရာကို သေချာ မတွက်ချက်ဘဲ မလုပ်တတ်သော မြေခွေးအိုကြီး ဖြစ်သည်။ သူ့ကို ခေါင်းငုံ့သွားအောင် လုပ်နိုင်သည်ဆိုခြင်းမှာ လင်းကျိုး ပြသခဲ့သော ခွန်အားက မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေသည်ဟု ဆိုလိုခြင်းပင်။ ဤတစ်ကြိမ်တွင် သူ အခြေအနေကို မှားယွင်းစွာ သုံးသပ်မိပုံရသည်။
"စျေးအုပ်ချုပ်သူ၊ ကျွန်တော်တို့ကော..." လက်အောက်ငယ်သားက အကဲခတ်မေးသည်။
"မလိုဘူး"
ကျောက်ထျန်းရှုန်း လက်ကာပြသည်
"စောင့်ကြည့်ရုံပဲ မှတ်ထား၊ အခုကစပြီး ဖုယွမ်ခန်းမကို ထပ်ပြီး မစုံစမ်းနဲ့တော့၊ ချင်ရွမ်းနန်းဆောင်ကိုလည်း သွားပြီး ရန်မစနဲ့။ ဘာမှ မဖြစ်ခဲ့သလိုမျိုးပဲ နေလိုက်"
"ဟုတ်ကဲ့"
လက်အောက်ငယ်သား ထွက်ခွာသွားပြီးနောက် ကျောက်ထျန်းရှုန်းသည် ပြတင်းပေါက်နားတွင် တစ်ယောက်တည်း အကြာကြီး ရပ်နေခဲ့သည်။ အခင်းအကျင်းမှာ ယနေ့မှစ၍ ပြောင်းလဲတော့ပေလိမ့်မည်။ သူ တိုးညှင်းစွာ သက်ပြင်းချလိုက်သည်၊ ၎င်းမှာ နောင်တလား သို့မဟုတ် စိတ်သက်သာရာ ရမှုလား သူကိုယ်တိုင်ပင် မဝေခွဲနိုင်ပေ။
အဆင့်အမြင့်ဆုံး ဆေးလုံးတွေရဲ့ အရင်းအမြစ်ကို ထိန်းချုပ်နိုင်မယ့် အခွင့်အရေးကို လက်လွတ်လိုက်ရလို့ နောင်တရတာလား။ ဒါမှမဟုတ် သူကိုယ်တိုင် အဆင်ခြင်မဲ့စွာ မလှုပ်ရှားခဲ့လို့ အခုသွားပြီး တောင်းပန်ရမယ့်သူက သူကိုယ်တိုင် မဖြစ်ခဲ့တာကို စိတ်သက်သာရာ ရတာလား။
ကျင့်ကြံခြင်းလမ်းစဉ်မှာ ရှည်လျားလှသည်၊ တစ်ခါတစ်ရံတွင် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ခြင်းကသာ အရာရာကို ပိုပြီး ရှင်းလင်းစွာ မြင်နိုင်စေသည်။ သူသည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သူ၏ စားပွဲဆီသို့ ပြန်သွားကာ ထိုနေ့အတွက် စျေးကွက်ရေးရာများကို စတင် ကိုင်တွယ်တော့သည်။