အခန်း ၃၆ - အရုဏ်ဦး
အခန်းအတွင်း၌ လင်းကျိုး၏ စိတ်သည် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း၏ အဆုံးအဖြတ်ပေးမည့် အရေးကြီးသော အချိန်အတွင်းသို့ နစ်မြုပ်နေသည်။ နောက်ထပ် နာရီအနည်းငယ်မျှ စိတ်ရှည်လက်ရှည် ကြိုးစားလိုက်ရုံဖြင့် သူသည် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ကို အောင်မြင်တော့မည် ဖြစ်သည်။
ထိုစဉ် ဝင်းပြင်ပမှ ဆူညံသံများကြောင့် သူ၏ အာရုံများ နိုးကြားလာသည်။ ဝင်းအတွင်း၌ လူစိမ်းများ ရောက်နေသည်၊ တစ်ယောက်တည်း မဟုတ်ပေ။
သူ၏ ဝိညာဉ်အာရုံ မှာ မမြင်ရသော လှိုင်းလုံးများကဲ့သို့ အပြင်ဘက်သို့ ပျံ့နှံ့သွားသည်။ ဝင်းအတွင်းမှ မြင်ကွင်းမှာ သူ၏ အသိစိတ်ပင်လယ် အတွင်း၌ ရှင်းလင်းစွာ ပေါ်ပေါက်လာသည်။
အနက်ရောင်ဝတ် ကျင့်ကြံသူ ရှစ်ယောက်၊ သူတို့ကို ဦးဆောင်လာသူမှာ ရက်စက်သော အမူအရာရှိသည့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အစောပိုင်းအဆင့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ ဆိုင်ရှင်ချန်မှာ လူနှစ်ယောက်၏ ဖိနှိပ်ထားမှုကြောင့် ကျောက်စားပွဲပေါ်တွင် ကပ်နေသည်၊ သူ၏ မျက်နှာတွင် ထိတ်လန့်မှုများ ရှိနေသော်လည်း တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေသည်။
"ချန်ဖု၊ စကားအများကြီး မပြောနဲ့"
အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ကျင့်ကြံသူ၏ အသံမှာ အေးစက်လှသည်။
"အဲဒီ ဆေးဆရာ ဘယ်မှာလဲ။ သူ့ကို အပ်စမ်း၊ ဒါဆိုရင် မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်"
ဆိုင်ရှင်ချန် အသက်ပြင်းပြင်း ရှူလိုက်ပြီး မော့ကြည့်သည်
"အကြီးအကဲဝမ် ပြောနေတဲ့ ဆေးဆရာအကြောင်းကို ဒီအဖိုးကြီး ဘာမှမသိပါဘူး"
"မသိဘူး ဟုတ်လား"
ဝမ်မိသားစု အကြီးအကဲ ဝမ်လီရှန်းက နှာခေါင်းရှုံ့လိုက်ပြီး သူ၏ လက်ချောင်းကို တစ်ချက် ခါလိုက်ရာ ချီစွမ်းအား တစ်ခုမှာ ဆိုင်ရှင်ချန်၏ ပခုံးကို ထိမှန်သွားသည်။ ဆိုင်ရှင်ချန် တိုးညှင်းစွာ ညည်းညူလိုက်ရပြီး သူ၏ နားထင်မှ ချွေးစေးများ ထွက်လာသည်၊ သို့သော် သူ သွားကြိတ်ခံထားပြီး အော်ဟစ်ခြင်း မပြုပေ။
ထိုစဉ် ဝင်းပြင်ပမှ ခြေသံများ ထပ်မံ ကြားလိုက်ရသည်။ အနက်ရောင်ဝတ် ကျင့်ကြံသူ လေးဦးမှာ လူနှစ်ယောက်ကို ဖမ်းဆီးလာကြသည်၊ ၎င်းတို့မှာ ဝမ်ရှီဟဲနှင့် လျိုဝမ်ကျောက် တို့ ဖြစ်ကြသည်။ ဝမ်ရှီဟဲ၏ လက်တစ်ဖက်မှာ နောက်ပြန် အချုပ်ခံထားရပြီး သူ၏ နှုတ်ခမ်းထောင့်တွင် သွေးစများ ပေကျံနေသည်။ လျိုဝမ်ကျောက်၏ ဝတ်စုံမှာ ဖုန်များ ပေကျံနေပြီး ဆံပင်ထုံးမှာလည်း အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော်လည်း သူမ၏ အကြည့်များမှာမူ အေးစက် တည်ငြိမ်နေဆဲ ဖြစ်သည်။
"သူတို့အားလုံးကို ဖမ်းမိပါပြီ"
အနက်ရောင်ဝတ် ကျင့်ကြံသူတစ်ဦးက အစီရင်ခံသည် "ဒီနှစ်ယောက်က လမ်းခွဲပြီး ပြေးဖို့ ကြိုးစားပေမဲ့ ကျွန်တော်တို့ ကြားဖြတ် ဖမ်းလိုက်နိုင်ပါတယ်"
ဝမ်လီရှန်းက သူတို့ သုံးယောက်လုံးကို ကြည့်လိုက်ရာ မျက်လုံးထဲတွင် ကျေနပ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်
"ကဲ... အခုတော့ ကောင်းကောင်း စကားပြောလို့ ရပြီ။ အဆင့်မြင့် ဆေးလုံးတွေက ဘယ်ကလာတာလဲ။ ဆေးဆရာက ဘယ်သူလဲ …သူ ဘယ်မှာလဲ"
ဝမ်ရှီဟဲက သွေးစများ ပါသော သလိပ်ကို ထွေးထုတ်လိုက်သည်
"ဝမ်မိသားစုက တကယ့်ကို အစွမ်းထက်တာပဲ၊ ညဉ့်နက်သန်းခေါင်မှာ သူတစ်ပါး အိမ်ထဲကို အတင်းဝင်လာကြတယ်။ ဒါက စျေးကွက်ထဲက မိသားစုကြီး တစ်ခုရဲ့ အပြုအမူလား"
"အပြုအမူ ဟုတ်လား" ဝမ်လီရှန်းက လှောင်ပြောင်လိုက်သည်
"ဝမ်ရှီဟဲ၊ မင်းလည်း လောကဓံကို နားလည်တဲ့သူပဲ၊ ကျင့်ကြံခြင်းလောကရဲ့ စည်းမျဉ်းကို သိသင့်ပါတယ် အားသန်သူက အားနည်းသူကို အနိုင်ကျင့်တာပဲ။ ချီသန့်စင်ခြင်း အဆင့်ရှိတဲ့ မင်းတို့ သုံးယောက်က ဒီလောက်ကြီးမားတဲ့ အမြတ်အစွန်းတွေကို စောင့်ကြပ်နေတာက စည်ကားတဲ့ စျေးထဲမှာ ကလေးတစ်ယောက်က ရွှေတွေကို ပိုက်ပြီး လျှောက်သွားနေသလိုပဲ"
ဝမ်လီရှန်း၏ အသံမှာ တဖြည်းဖြည်း နှေးကွေးသွားပြီး ဖျောင်းဖျသည့် လေသံသို့ ပြောင်းသွားသည်
"ဆေးဆရာ ရှိတဲ့နေရာကို ပြောပြစမ်း၊ ငါ့ရဲ့ ဝမ်မိသားစုက မင်းတို့ကို ဒုက္ခမပေးရုံတင်မကဘဲ အကျိုးကျေးဇူးတွေ အများကြီး ပေးဦးမှာပါ။ ဝိညာဉ်ကျောက်တွေ၊ ဆေးလုံးတွေ၊ ကျင့်စဉ်တွေတောင် ပါသေးတယ်... အဲဒီ ဆေးဆရာက ငါ့ရဲ့ ဝမ်မိသားစုအတွက် အလုပ်လုပ်ပေးဖို့ သဘောတူမယ်ဆိုရင် မင်းတို့ သုံးယောက်က သူရဲကောင်းတွေ ဖြစ်လာမှာပဲ"
လျိုဝမ်ကျောက်က ရုတ်တရက် ဝင်ပြောသည်၊ သူမ၏ အသံမှာ တည်ငြိမ်လှသည်
"အကယ်၍ ကျွန်မတို့က ငြင်းမယ်ဆိုရင်ကော"
ဝမ်လီရှန်း သူမကို လှည့်ကြည့်လိုက်ရာ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်
"ဒါဆိုရင်တော့ ငါ ဝမ်လီရှန်းက ရက်စက်တယ်လို့ အပြစ်မတင်နဲ့။ ဝိညာဉ်ရှာဖွေခြင်းအတတ် က အန္တရာယ်ရှိတယ်ဆိုပေမဲ့ အမြဲတမ်း ဖော်ထုတ်နိုင်တာပဲ"
ဝင်းအတွင်းရှိ အခြေအနေမှာ ရုတ်တရက် အေးခဲသွားသည်။ ဝိညာဉ်ရှာဖွေခြင်း ဆိုသည်မှာ ကျင့်ကြံသူများကြားတွင် အယုတ်မာဆုံးသော နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်၊ အကောင်းဆုံး အခြေအနေတွင် ဝိညာဉ် ထိခိုက်ပြီး လူအ ဖြစ်သွားနိုင်ကာ အဆိုးဆုံး အခြေအနေတွင် ဝိညာဉ် ပျက်စီးသွားနိုင်သည်။
ဘေးခန်းအတွင်း၌ လင်းကျိုး တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။ သူသည် မူလက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ပြီးဆုံးသည်အထိ အပြင်က ကိစ္စတွေကို စောင့်ချင်ခဲ့သော်လည်း ယခုမူ ထပ်စောင့်၍ မရတော့ပုံရသည်။
ကောင်းပြီလေ။
သူသည် ကျင့်ကြံနေခြင်းကို ဖြည်းဖြည်းချင်း ရုပ်သိမ်းလိုက်သည်။ သူ၏ ဒန်တျန် အတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ သူဘာသာသူ ဆက်လက် လည်ပတ်နေပြီး အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အတားအဆီးကို ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သော်လည်း အရှိန်မှာမူ နှေးကွေးသွားသည်။ ဤနှုန်းအတိုင်းဆိုလျှင် မိုးလင်းချိန်တွင် သူသည် နောက်ဆုံး အောင်မြင်မှုကို ရရှိပေလိမ့်မည်။ ထိုမျှဆိုလျှင် လုံလောက်ပါသည်။
လင်းကျိုး ထရပ်ကာ ဘေးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
"ကျွီ"
တံခါးဖွင့်သံမှာ တိတ်ဆိတ်နေသော ဝင်းအတွင်း၌ အလွန် ရှင်းလင်းစွာ ကြားလိုက်ရသည်။ လူတိုင်း တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
လရောင်အောက်တွင် လင်းကျိုးသည် အစိမ်းရောင် ဝတ်စုံဖြင့် တံခါးဝတွင် ရပ်နေပြီး သူ၏ အမူအရာမှာ ပုံမှန်အတိုင်း တည်ငြိမ်နေသည်။ သူ၏ အကြည့်မှာ ဆိုင်ရှင်ချန်တို့ သုံးဦးပေါ်သို့ ကျရောက်သွားပြီး သူ၏ မျက်နှာပေါ်တွင် အကူအညီမဲ့နေသည့် အရိပ်အယောင်လေး ရှိနေဆဲ ဖြစ်သည်
"ပြဿနာရှိရင် ငါ့ကို လာရှာပါလို့ ပြောထားသားပဲ မင်းတို့ကတော့ တစ်မျိုးပဲ၊ ကိုယ့်အိမ်ထဲမှာ ပိတ်မိနေမှ သတင်းပို့ဖို့ စဉ်းစားကြတယ်ပေါ့"
သူသည် ရှေ့တွင် ရှိနေသော ကျင့်ကြံသူ ရှစ်ယောက်နှင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ဖိအားများမှာ မရှိသကဲ့သို့ ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်း ဖြစ်သည်။ ဝမ်လီရှန်းသည် လင်းကျိုးကို စိုက်ကြည့်ကာ အထက်အောက် အကဲခတ်နေသည်။
ချီသန့်စင်ခြင်း အထွတ်အထိပ် လား…
သူ၏ အရှိန်အဝါမှာ ထူထပ်ပြီး ရှည်လျားလှရာ အဆင့်တူ သူများထက် များစွာ သာလွန်နေသည်။ သို့သော် အဆုံးတွင်မူ သူသည် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်သို့ မရောက်သေးပေ။
"မင်းက အဲဒီ ဆေးဆရာလား"
ဝမ်လီရှန်းက စစ်ဆေးမေးမြန်းသည့် လေသံဖြင့် ပြောသည်။ လင်းကျိုးသည် ထိုအခါမှသာ သူ့ကို သတိထားမိသည့်အဟန်ဖြင့် ခေါင်းလှည့်ကြည့်လိုက်ပြီး ဝမ်လီရှန်းကို ခေတ္တ စိုက်ကြည့်သည်
"ဝမ်မိသားစုက လူလား"
"ဝမ်မိသားစုရဲ့ တတိယမြောက် အကြီးအကဲ ဝမ်လီရှန်း ပဲ"
ဝမ်လီရှန်းက သူ၏ အမည်ကို အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ကျင့်ကြံသူတစ်ဦး၏ မာန်မာနဖြင့် ပြောလိုက်သည်။
"ရောင်ရင်းလေး၊ မင်းက မကြာသေးခင်က စျေးကွက်ထဲမှာ အားလုံးပြောနေကြတဲ့ အဲဒီ ဆေးဆရာ ဖြစ်ရမယ်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို အောင်မြင်မှု ရှိတာက ရှားပါတယ်"
သူ ခေတ္တရပ်ကာ ရင်းနှီးသော မျက်နှာပေးဖြင့် ပြောသည်
"ငါ့ရဲ့ ဝမ်မိသားစုက ပါရမီရှင်တွေကို အမြဲတမ်း တန်ဖိုးထားတယ်။ အကယ်၍ မင်းက ငါတို့ ဝမ်မိသားစုထဲ ဝင်ချင်တယ်ဆိုရင် အကြီးအကဲ ရာထူးက မင်းကို စောင့်ကြိုနေပါတယ်။ ဝိညာဉ်ကျောက်တွေ၊ ဆေးပင်တွေ၊ ဆေးနည်းတွေ... မင်းတောင်းသမျှကို ဝမ်မိသားစုက အပြည့်အဝ ထောက်ပံ့ပေးမယ်"
လင်းကျိုး ပြန်မဖြေဘဲ ဆိုင်ရှင်ချန်ကို ကြည့်လိုက်သည်
"ဒဏ်ရာတွေ ပြင်းသလား"
ဆိုင်ရှင်ချန် ခေါင်းခါလိုက်သည်
"အရေပြား ဒဏ်ရာလေးတွေပါ၊ ဘာမှ မဖြစ်ပါဘူး"
လင်းကျိုးသည် ဝမ်ရှီဟဲနှင့် လျိုဝမ်ကျောက် တို့ကို ဆက်ကြည့်သည်။ ထိုနှစ်ဦးမှာ အချုပ်ခံထားရသော်လည်း သူတို့၏ မျက်လုံးများမှာ တောက်ပနေဆဲဖြစ်ပြီး သူ့ကို အသာအယာ ခေါင်းညိတ်ပြကြသည်။ သုံးဦးသား ခေတ္တမျှ ဘေးကင်းကြောင်း အတည်ပြုပြီးနောက် လင်းကျိုးသည် နောက်ဆုံးတွင် ဝမ်လီရှန်းကို ပြန်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းသော အမူအရာ ပေါ်လာသည်
"အကြီးအကဲဝမ် ခုနက ပြောလိုက်တာ... အားကြီးသူက အားနည်းသူကို အနိုင်ကျင့်တာ ပုံမှန်ပဲလို့ ဆိုတာလား"
ဝမ်လီရှန်း မျက်မှောင်ကြုတ်သွားသည် "ဘာကို ဆိုလိုတာလဲ"
"ဘာမှ မဟုတ်ပါဘူး"
လင်းကျိုး ခေါင်းခါလိုက်သည်
"အကြီးအကဲဝမ် ပြောတာက အရမ်း ကျိုးကြောင်းဆီလျော်တယ်လို့ ကျွန်တော် ထင်လို့ပါ။ ကျင့်ကြံခြင်းလောကမှာ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်တာ မှန်ပါတယ်"
သူ၏ အသံ မဆုံးမီမှာပင် သူ၏ ညာဘက်လက်ကို ပေါ့ပေါ့ပါးပါး ဝေ့ယမ်းလိုက်သည်။ မန္တန် ရွတ်ဆိုခြင်း မရှိ၊ လက်ဟန်ပြခြင်း မရှိ၊ ဝိညာဉ်စွမ်းအား လှိုင်းထန်ခြင်းပင် မရှိပေ။ ၎င်းမှာ အင်္ကျီလက်ပေါ်က ဖုန်ကို ခါထုတ်လိုက်သကဲ့သို့ နူးညံ့သော ဝေ့ယမ်းမှုလေးသာ ဖြစ်သည်။
သို့သော် ထိုဝေ့ယမ်းမှု တစ်ခုတည်းဖြင့် ဝမ်လီရှန်း နောက်ကွယ်မှ အနက်ရောင်ဝတ် ကျင့်ကြံသူတစ်ဦးမှာ မည်သည့် သတိပေးချက်မှ မရှိဘဲ မီးဟုန်းဟုန်း တောက်လောင်သွားသည်။ ၎င်းမှာ သာမန် မီးမဟုတ်ပေ။ မီးတောက်များမှာ ရွှေဖျော့ရောင် ဖြစ်ပြီး နွေးထွေးကာ တောက်ပနေသော်လည်း ရင်ခုန်တုန်လှုပ်ဖွယ် ဖျက်ဆီးခြင်း အရှိန်အဝါများ ပါဝင်နေသည်။ ၎င်းမှာ ကျင့်ကြံသူ၏ ခန္ဓာကိုယ်အတွင်းမှ လောင်ကျွမ်းခြင်းဖြစ်ပြီး ချက်ချင်းပင် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ ထိုကျင့်ကြံသူမှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ မီးတောက်ထဲတွင် ပြာအနည်းငယ် အဖြစ်သို့ ပြောင်းလဲသွားပြီး တဖွဲဖွဲ လွင့်ကျသွားတော့သည်။ မီးစတင်လောင်ကျွမ်းချိန်မှ ပြာဖြစ်သွားသည်အထိ အသက်ရှူတစ်ချက်စာလောက်ပင် မကြာလိုက်ပေ။
ဝင်းအတွင်း၌ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်သွားသည်။ ကျန်ရှိနေသော အနက်ရောင်ဝတ် ကျင့်ကြံသူ ခုနစ်ဦးမှာ မျက်နှာများ ဖြူလျော့သွားပြီး ကာကွယ်ရေး မှော်ပစ္စည်းများကို တစ်ပြိုင်နက်တည်း ထုတ်ယူကာ ဝိညာဉ်စွမ်းအား ဒိုင်းများကို အသက်သွင်းလိုက်ကြသည်။ ခေတ္တမျှအတွင်း ဝိညာဉ်အလင်းရောင် မျိုးစုံမှာ တဖျတ်ဖျတ် တောက်ပသွားပြီး ဝင်းတစ်ခုလုံးကို လင်းထိန်သွားစေသည်။
ဝမ်လီရှန်း၏ သူငယ်အိမ်များ ကျုံ့သွားပြီး သူ၏ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ဝိညာဉ်စွမ်းအားကို အပြည့်အဝ အသုံးချကာ သူ၏ ရှေ့တွင် ထူထဲသော ဝိညာဉ်စွမ်းအား ဒိုင်းတစ်ခုကို တည်ဆောက်လိုက်သည်။ သူသည် လင်းကျိုးကို စိုက်ကြည့်ကာ အသံတုန်တုန်ဖြင့် မေးသည်
"မင်း... ဒါက ဘာ မှော်စွမ်းအားကျင့်စဉ်လဲ"
လင်းကျိုး ပြန်မဖြေဘဲ သူ၏ ဘယ်ဘက်လက်ကို မြှောက်ကာ လေထဲတွင် လက်ညှိုးဖြင့် တစ်ချက် တို့လိုက်သည်။ ဟင်းလင်းပြင် အတွင်းမှ ကြက်သွေးရောင် ဝိညာဉ်စွမ်းအား အလင်းဓားတစ်စင်း ထွက်ပေါ်လာသည်။ ဓားအလင်းမှာ သုံးပေခန့် ရှည်ပြီး ချော်ရည်များကဲ့သို့ တစ်စင်းလုံး ကြက်သွေးရောင် တောက်နေကာ ပူပြင်းသော အရှိန်အဝါနှင့် ထက်မြက်သော ဓားဆန္ဒ တို့ကို ထုတ်လွှတ်နေသည်။ ၎င်းမှာ 'ကြက်သွေးရောင် နေမင်းဓားဆန္ဒ' ဖြစ်ပြီး အင်အားကြီးမားကာ ကာကွယ်မှုမှန်သမျှကို ဖျက်ဆီးမည့်ဟန်ရှိသည်။
အလင်းဓား ခုနစ်စင်းမှာ လေထဲတွင် ဝဲပျံနေပြီး ၎င်းတို့၏ ဓားဦးများမှာ အနည်းငယ် တုန်ခါနေကာ တိုးညှင်းသော အသံများကို ထုတ်လွှတ်နေသည်။
"သွားတော့"
လင်းကျိုး တစ်ခွန်းတည်း ပြောလိုက်သည်။
ဓားခုနစ်စင်းလုံး တစ်ပြိုင်နက်တည်း ထွက်ခွာသွားသည်။ လေတိုးသံ မရှိ၊ ဝိညာဉ်စွမ်းအား လှုပ်ခတ်မှု မရှိပေ။ အလင်းဓားများမှာ ရေထဲတွင် ကူးခတ်နေသော ငါးများကဲ့သို့ပင် ခိုင်မာလှပါသည်ဆိုသော ကာကွယ်ရေး မှော်ပစ္စည်းများနှင့် ဝိညာဉ်စွမ်းအား ဒိုင်းများကို တိတ်ဆိတ်စွာ ထိုးဖောက်သွားကြသည်။
"ဖု" "ဖု" "ဖု" …စွပ် …စွပ်…စွပ်
ဓားများ အသားထဲသို့ တိုးဝင်သွားသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ဝမ်လီရှန်းနှင့် အနက်ရောင်ဝတ် ကျင့်ကြံသူ ခြောက်ဦးမှာ တစ်ပြိုင်နက်တည်း ညည်းညူလိုက်ကြပြီး သူတို့၏ ဘယ်ဘက်ပခုံးများကို အလင်းဓားများက ထိုးဖောက်သွားကာ တစ်ကိုယ်လုံးကို ဓား၏ အရှိန်ဖြင့် မြေပြင်ပေါ်တွင် ကပ်လျက်သား ဖြစ်သွားစေသည်။ အလင်းဓားများမှာ မြေကြီးထဲသို့ သုံးလက်မခန့် ဝင်သွားပြီး ဓားသွားများမှာ အနည်းငယ် တုန်ခါနေကာ ၀မ်မိသားစုကျင့်ကြံသူများကို ထိုနေရာတွင်ပင် ခိုင်မြဲစွာ ချုပ်နှောင်ထားလိုက်သည်။
ထူးဆန်းသည်မှာ ဒဏ်ရာများမှ သွေးတစ်စက်မျှ ထွက်မလာဘဲ မီးလောင်ထားသော အမာရွတ် အလွှာတစ်ခု ဖြစ်ပေါ်နေခြင်းပင်။ ၎င်းမှာ ကြက်သွေးရောင် နေမင်းဓားဆန္ဒကြောင့် သွေးတိတ်သွားအောင် ဒဏ်ရာကို ချက်ချင်း မီးအပူတိုက်လိုက်ခြင်း၏ ရလဒ်ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျင့်ကြံသူ ရှစ်ယောက်အနက် တစ်ယောက်သေပြီး ခုနစ်ယောက် ဒဏ်ရာရသွားသည်။
ဝမ်လီရှန်း၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော့နေပြီး နဖူးမှ ချွေးစေးများ စီးကျနေသည်။ ခုနက အခိုက်အတန့်တွင် သူ ရှင်းလင်းစွာ မြင်လိုက်ရသည်။ ထိုအလင်းဓားများက ကာကွယ်မှုများကို ထိုးဖောက်သွားချိန်တွင် ကာကွယ်ရေး မှော်ပစ္စည်းများ၏ ဝိညာဉ်အလင်းမှာ တစ်ချက်ကလေးမျှ မှိန်မသွားခဲ့ပေ၊ ထိုပစ္စည်းများ မရှိသကဲ့သို့ပင် ဖြစ်သည်။
ဒါက ဘာအဆင့်လဲ။ ဒါက ဘယ်လို နည်းလမ်းလဲ။
ချီသန့်စင်ခြင်း အဆင့် ဟုတ်လား…
လုံးဝ မဖြစ်နိုင်ဘူး…
ထိုအခါမှသာ လင်းကျိုးသည် အခန်းအတွင်းမှ ထွက်ကာ ဝင်းအတွင်းသို့ လျှောက်လာသည်။ သူသည် ဆိုင်ရှင်ချန်၏ အနားသို့ လျှောက်သွားပြီး သူ၏ ပခုံးပေါ်သို့ လက်ကို အသာအယာ တင်လိုက်သည်။ နူးညံ့သော ဝိညာဉ်စွမ်းအားများ စီးဝင်သွားပြီး ၎င်းမှာ သစ်သားဓာတ် ကုသခြင်းမန္တန် ဖြစ်သည်။ ဆိုင်ရှင်ချန်၏ ဒဏ်ရာများမှာ ချက်ချင်းပင် သက်သာပျောက်ကင်းသွားသည်။
"အခု အဆင်ပြေသွားပါပြီ"
လင်းကျိုး တိုးညှင်းစွာ ပြောသည်။ ဆိုင်ရှင်ချန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဤစကားသာ ပြောနိုင်ခဲ့သည်
"ဒီအဖိုးကြီးက အသုံးမကျလို့ နန်းဆောင်အရှင်ရဲ့ ဂူအောင်းမှု(တံခါးပိတ်ကျင့်ကြံမှူ)ကို နှောင့်ယှက်မိပါပြီ"
"မင်းကို အပြစ်မတင်ပါဘူး"
လင်းကျိုး ခေါင်းခါလိုက်ပြီး ဝမ်ရှီဟဲနှင့် လျိုဝမ်ကျောက် တို့ဆီသို့ လျှောက်သွားကာ သူတို့၏ အချုပ်အနှောင်များကို ဖြေပေးလိုက်သည်။
"ဒါက ငါ့ရဲ့ ပေါ့ဆမှုပါ"
သူ၏ လေသံမှာ အေးဆေးတည်ငြိမ်နေဆဲဖြစ်ပြီး ခုနက ပြင်းထန်သော နည်းလမ်းများကို သူလုပ်ခဲ့သည်ဟုပင် မထင်ရပေ။
ဝမ်လီရှန်းသည် နောက်ဆုံးတွင် ထိတ်လန့်မှုမှ သတိပြန်ဝင်လာသည်၊ သူသည် လင်းကျိုးကို စိုက်ကြည့်ကာ အသံတုန်တုန်ဖြင့် မေးသည်
"မင်း... မင်းရဲ့ ကျင့်ကြံမှု အဆင့်က တကယ်တမ်း ဘယ်လောက်လဲ"
လင်းကျိုး လှည့်ကြည့်လိုက်သည်
"အဲဒါက အရေးကြီးလို့လား"
"ငါက ဝမ်မိသားစုရဲ့ တတိယ အကြီးအကဲပဲ"
ဝမ်လီရှန်း သွားကြိတ်ပြောသည်
"မင်း ငါ့ကို သတ်ရဲရင် ဝမ်မိသားစုက မင်းနဲ့ အသေအလဲ တိုက်လိမ့်မယ်"
"အသေအလဲ ဟုတ်လား"
လင်းကျိုးက ထပ်ပြောပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်
"အကြီးအကဲဝမ်၊ တစ်ခုခု မှားနေပြီ ထင်တယ်"
သူသည် ဝမ်လီရှန်း အနားသို့ လျှောက်သွားပြီး သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်သည်
"ငါ့နေရာကို အတင်းဝင်လာတာက မင်းတို့ ဝမ်မိသားစု၊ ငါ့လူတွေကို ဒဏ်ရာပေးတာက မင်းတို့၊ ငါ့ရဲ့ လျှို့ဝှက်ချက်တွေကို စစ်ဆေးမေးမြန်းတာကလည်း မင်းတို့ပဲ။ ဘာလို့ ငါက မင်းတို့ကို အနိုင်ကျင့်နေသလိုမျိုး ဖြစ်နေရတာလဲ"
ဝမ်လီရှန်း ခေတ္တမျှ စကားဆွံ့သွားသည်။
"ဒါပေမဲ့ စိတ်ချပါ"
လင်းကျိုးက လေသံပြောင်းလိုက်သည်
"ငါ မင်းကို မသတ်ပါဘူး"
ဝမ်လီရှန်း သက်ပြင်းချလိုက်ရုံရှိသေး လင်းကျိုးက ဆက်ပြောသည်
"မင်းကို အသက်ချမ်းသာပေးတာက ဝမ်မိသားစုဆီ သတင်းတစ်ခု ပြန်ပါးဖို့အတွက်ပဲ"
သူက လက်ညှိုးသုံးချောင်း ထောင်ပြသည်
"ပထမအချက်၊ ချင်ရွမ်းနန်းဆောင်ကို ဒီနေ့ကစပြီး တရားဝင် ဖွင့်လှစ်ပြီ၊ ငါကတော့ နန်းဆောင်သခင်ပဲ။ ဒုတိယအချက်၊ ဒီညကိစ္စနဲ့ ပတ်သက်ပြီး ဝမ်မိသားစုက တောင်းပန်မှုနဲ့ လျော်ကြေးပေးရမယ်၊ အသေးစိတ် အချက်အလက်တွေကို ငါ လူလွှတ်ပြီး ပို့လိုက်မယ်။ တတိယအချက်..."
လင်းကျိုး ခေတ္တရပ်ကာ တည်ငြိမ်စွာ ပြောသည်
"အကယ်၍ နောက်တစ်ကြိမ် ရှိလာဦးမယ်ဆိုရင် ငါကိုယ်တိုင် ဝမ်မိသားစု စံအိမ်ကို လာခဲ့ပြီး မင်းတို့ မိသားစုအကြီးအကဲနဲ့ ကောင်းကောင်း စကားပြောပေးမယ်"
ဝမ်လီရှန်း၏ မျက်နှာမှာ ဖြူလိုက် ပြာလိုက် ဖြစ်နေသည်၊ သူက ပြန်ပြောချင်သည်၊ ဝမ်မိသားစုက အလွယ်တကူ ခြောက်လှန့်လို့မရကြောင်း၊ ချီသန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက်က ဒီလောက်အထိ မောက်မာရဲသလားဟု ပြောချင်သည်။ သို့သော် မြေပြင်ပေါ်က ပြာပုံနှင့် ကြက်သွေးရောင် အလင်းဓား ခုနစ်စင်းကို မြင်လိုက်ရသောအခါ သူ၏ စကားလုံးအားလုံးမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားသည်။ နောက်ဆုံးတွင် သူသည် သွားကြားထဲမှ ဤတစ်ခွန်းသာ ထွက်လာနိုင်ခဲ့သည်
"ငါ... မှတ်ထားပါ့မယ်"
"မှတ်ထားရင် ကောင်းတာပေါ့"
လင်းကျိုး ခေါင်းညိတ်ပြပြီး လက်ကို ဝေ့ယမ်းကာ အလင်းဓား ခုနစ်စင်းကို ဖျောက်လိုက်သည်။ အလင်းဓားများမှာ အနီရောင် အလင်းစက်များ အဖြစ်သို့ ပြောင်းလဲကာ ကွယ်ပျောက်သွားသည်။
ထိုအခါမှသာ ကျင့်ကြံသူ ခုနစ်ဦးမှာ နာကျင်စွာ အော်ဟစ်ရဲကြပြီး သူတို့၏ ပခုံးဒဏ်ရာများကို ဖိထားကာ ကြောက်လန့်တကြား မျက်လုံးများဖြင့် လင်းကျိုးကို ကြည့်ကြသည်။
"မင်းရဲ့လူတွေကို ခေါ်ပြီး သွားတော့"
လင်းကျိုးက လက်ကာပြလိုက်သည်
"မိုးမလင်းခင် ဝမ်မိသားစုရဲ့ ရိုးသားမှုကို ငါ မြင်ချင်တယ်။ မဟုတ်ရင်တော့..."
သူ စကားကို အဆုံးမသတ်သော်လည်း အဓိပ္ပာယ်မှာ ရှင်းလင်းနေပြီ ဖြစ်သည်။
ဝမ်လီရှန်း နောက်ထပ် မပြောရဲတော့ဘဲ မြေပြင်ပေါ်က ပြာပုံကို အလျင်အမြန် သိမ်းကာ ဒဏ်ရာရနေသော ကျင့်ကြံသူ ခုနစ်ဦးကို ခေါ်ပြီး ဝင်းအတွင်းမှ သုတ်ခြေတင် ထွက်ခွာသွားတော့သည်။ ခြေသံများမှာ အဝေးသို့ ပျောက်ကွယ်သွားသည်။
ဝင်းအတွင်း၌ တိတ်ဆိတ်မှု ပြန်လည် စိုးမိုးသွားသည်။ လင်းကျိုးသည် ဆိုင်ရှင်ချန်တို့ သုံးဦးကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပြန်လည် ပေါ်လာသည်
"မင်းတို့ ထိတ်လန့်သွားကြပြီ မဟုတ်လား"
သုံးဦးသား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ပြိုင်နက် ဦးညွှတ်လိုက်ကြသည်
"ကျွန်တော်တို့ကို အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နန်းဆောင်အရှင်"
"မလိုပါဘူး"
လင်းကျိုး လက်ကာပြလိုက်ရာ နူးညံ့သော လေပြေတစ်ခုက သူတို့ကို ထူပေးလိုက်သည်။
"ဒါက ငါ့ရဲ့ အစီအစဉ် တွက်ချက်မှု အားနည်းလို့ပါ"
သူ ခေတ္တရပ်ကာ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းဆီသို့ ကြည့်လိုက်သည်။ အဖြူရောင် အလင်းတန်းလေး တစ်ခု ပေါ်လာနေပြီ ဖြစ်သည်။
"မိုးလင်းတော့မယ်"
လင်းကျိုး တိုးညှင်းစွာ ပြောသည်
"ငါလည်း အထဲပြန်ဝင်ပြီး နောက်ဆုံးကျန်တဲ့ ကိစ္စလေးကို အပြီးသတ်ရဦးမယ်"
သူ ပြောနေသည်မှာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ဖြစ်ကြောင်း သုံးဦးသား သဘာဝကျကျ နားလည်လိုက်ကြသည်။ ဝမ်ရှီဟဲက အလျင်အမြန် ပြောသည်
"နန်းဆောင်အရှင်၊ ကြွပါ…ကျွန်တော်တို့ အပြင်ကနေ စောင့်နေပါ့မယ်၊ ဘယ်သူ့မှ ထပ်ပြီး မနှောင့်ယှက်စေရပါဘူး…"
လင်းကျိုး ခေါင်းညိတ်ပြပြီး အခန်းအတွင်းသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။